ခေတ်ကာလ ရွေ့လျားလာတာနဲ့အမျှ ‘ပင်နယ်တီ ကန်သွင်းခြင်း၊ ပင်နယ်တီ ကန်ချက်များကို ကာကွယ်ခြင်း’ ဟာ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုနဲ့ တဖြည်းဖြည်းပိုပြီး တူလို့လာနေပါပြီ..။ ကစားသမား တစ်ယောက်ဟာ ကိုယ့်ရဲ့ကန်ချက်အပေါ် ယုံကြည်စိတ်ချမှု ဘယ်လောက်ရှိလဲ..? သူတို့ကြိုတင် စဉ်းစားထားတဲ့ အစီအမံအတိုင်း ဘယ်လောက်အတိုင်းအတာထိ အကောင်အထည် ဖော်နိုင်မှာလဲ..? စတဲ့ မေးခွန်းတွေဟာ ပင်နယ်တီ ကန်သွင်းမယ့် သူတစ်ယောက်အတွက် အဓိကကျတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်..။
အခုခေတ်မှာဆိုရင် နည်းပညာတွေ အဆင့်မြင့်မားလာတာကြောင့် ကိုယ့်ရဲ့အနီးနား ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အချက်အလက် သုံးသပ်သူများ (data analysts) ဆီကနေ လိုချင်တဲ့အချက်အလက်တွေ၊ ဒေတာတွေ၊ ကိန်းဂဏန်းတွေ အလွယ်တကူ ရယူ၊ လေ့လာနိုင်လာပါပြီ..။ ဒ့ါကြောင့် ပင်နယ်တီ ကန်သွင်းမယ့် ကစားသမား တစ်ယောက်ဟာ တစ်ဘက်ပြိုင်ဘက် ကစားသမားတွေ၊ ဂိုးသမားတွေအကြောင်း ‘အူမချေးခါးမကျန်’ သိရှိပြီး ဖြစ်သလို ပင်နယ်တီကို ကာကွယ်မယ့် ဂိုးသမားကိုလည်း သူရင်ဆိုင်ရမယ့် ကစားသမားတွေရဲ့ အမူအကျင့်၊ အချက်အလက် အကုန်အစင်ကို သူ့အသင်း analysts တွေက ပြောပြပြီးဖြစ်ပါတယ်..။
ဒ့ါကြောင့် ကန်သွင်းသူနဲ့ ကာကွယ်သူတို့ရဲ့ စီးချင်းတိုက်ပွဲဟာ တစ်ယောက်ရဲ့အကြောင်းကို တစ်ယောက် အကုန်အစင် သိပြီးတဲ့ ရင်ဆိုင်တိုက်ပွဲတစ်ခု ဖြစ်နေခဲ့ပါတယ်..။ ဒါပေမယ့် မှန်းထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင် ဘာဆက်လုပ်မှာလဲ..? ဆိုတဲ့ နောက်ဆက်တွဲ မေးခွန်း (second guessing) တွေ ရှိနေဆဲပါပဲ..။ တကယ်လို့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ဆီမှာ သံသယမြူခိုး ပိုမိုများပြား လာမယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု အပိုင်းမှာ အားနည်းသွားမှာဖြစ်ပြီး သူ့ရဲ့အကောင်အထည်ဖော်တဲ့ စွမ်းဆောင်ရည်ပိုင်း (execution) ကို ထိခိုက်ပါလိမ့်မယ်..။ ဒါဆိုရင် ကျွန်တော်တို့ခေတ်တွေတုန်းက ဘယ်လိုတွေများ ကျော်ဖြတ်ကြတာလဲ..?
ပင်နယ်တီကန်သွင်းမှုကို ရင်ဆိုင်ခဲ့တဲ့ ဂိုးသမားတွေရဲ့နည်းဗျူဟာ…
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကဆိုရင် ကျွန်တော့်ဆီမှာ ကိုယ်ကြည့်ဖူးတဲ့ ပြိုင်ဘက်ကစားသမားတွေ ကန်သွင်းတတ်တဲ့ အမူအကျင့်တွေကို မှတ်တမ်းတင်ထားတဲ့ Note book စာအုပ်လေးတစ်အုပ် ရှိပါတယ်..။ ဒါ့အပြင် တစ်ချို့ကစားသမားတွေရဲ့ အကြောင်းကို ဗွီဒီယိုခွေတွေကနေ ပြန်ကြည့်ပါမယ်..။ အဲဒီခေတ်က ဗွီဒီယိုခွေတွေဟာ တစ်ပွဲလုံးကို မှတ်တမ်းတင်ထားတာ ဖြစ်တဲ့အတွက် ကိုယ်လိုချင်တဲ့နေရာကို ကြည့်ဖို့ဆိုရင် ကျော်လိုက်၊ ရစ်လိုက်.. လုံးလည်လိုက်နေတာပါပဲ..။ အခုခေတ်မှာတော့ လုံးဝကိုခြားနားသွားပါပြီ..။ ကိုယ်လိုချင်တဲ့အရာတွေကို အတိအကျ ထုတ်နှုတ်ပေးမယ့် ပစ္စည်းကိရိယာတွေ အများအပြား ရှိနေပြီဖြစ်သလို အချက်အလက် သုံးသပ်သူတွေ (analysts) ဆိုတာ အမြင့်ဆုံးအဆင့် အသင်းတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်နေပါပြီ..။
တကယ်တော့ ပင်နယ်တီကန်သွင်းသူပဲဖြစ်ဖြစ် ပင်နယ်တီ ကာကွယ်သူပဲဖြစ်ဖြစ်.. တစ်ဦးတစ်ယောက်ချင်းစီမှာ ကိုယ်အားသန်တဲ့ အကျင့်စရိုက်ကိုယ်စီ ရှိကြပါတယ်..။ ဒ့ါကြောင့်ဘယ်သူမဆို ကိုယ့်ဆီကအားသန်တဲ့ အချက်တွေနဲ့ ပြိုင်ဘက်ကိုအသာရအောင် ကြိုးပမ်းရတယ်၊ တစ်ဘက်လူကို အသာစီးရအောင် ဘယ်လိုလုပ်မလဲ.. စဉ်းစား၊ ဆုံးဖြတ်ရပါတယ်..။ အဲဒါကြောင့် ကျွန်တော့်ရဲ့ကစားပွဲ.. ဒါမှမဟုတ် ကျွန်တော့်ရဲ့ စီးချင်းတိုက်ပွဲမှာ အဓိကအရေးပါတာက တစ်ဘက်လူရဲ့ အသေးစိတ် အချက်အလက်တွေ၊ အမူအကျင့်တွေကို အမြန်ဆုံး အပြန်ပြန်အလှန်လှန် လေ့လာသုံးသပ်ပြီး နောက်ဆုံးတဒင်္ဂ အခိုက်အတန့်မှာ မှန်ကန်တဲ့ အဆုံးအဖြတ်ကို မှန်ကန်တဲ့ အချိန်အတွင်းမှာ ချမှတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်..။
ဥပမာအားဖြင့် ကက်ပါ အရီဇာဘာလာဂါ တို့လို ဂိုးသမားမျိုးဟာ လျှင်မြန်မှု၊ သွက်သွက်လက်လက် လှုပ်ရှားနိုင်မှုကို အားကိုးပါတယ်..။ ပြိုင်ဘက်ကစားသမား မကန်သွင်းခင် သူကဦးအောင် လှုပ်ရှားတတ်ပါတယ်။ တစ်ချို့ကတော့ ကန်မယ့်သူ ဘောလုံးမထိမချင်း လုံးဝမလှုပ်ရှားပဲ စောင့်နေတတ်ပါတယ်..။ အဲဒီလိုနည်းနဲ့ ကန်မယ့်သူဟာ ဂိုးသမား ဘာဆက်လုပ်မယ်ဆိုတာ မှန်းဆမရတာကြောင့် နောက်ဆုံးအချိန်မှာ ဇဝေဇဝါ ဖြစ်သွားတတ်ပါတယ်..။ ဘယ်နည်းက ပိုကောင်းတယ်ဆိုတာ မရှိသလို ကိုယ့်ရဲ့အမူအကျင့်ကို မှန်းဆလို့မရအောင် နည်းမျိုးစုံကို လှည့်ပတ်သုံးစွဲတာမျိုးလည်း ရှိတတ်ပါတယ်..။
ကန်သွင်းမယ့်သူရဲ့ ပင်နယ်တီကန်သွင်းပုံ အမူအကျင့်များ၊ ချိန်သားကိုက်လှုပ်ရှားမှုများ..
ကျွန်တော်ကတော့ ဂိုးသမား တစ်ယောက် ဖြစ်တာကြောင့် ပြိုင်ဘက်ကစားသမားတွေ ဘယ်လိုပုံစံနဲ့ ကန်သွင်းတတ်လဲ.. ဆိုတာကိုပဲ ဦးစားပေးပြီး လေ့လာပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကစားသမား တစ်ယောက်ချင်းစီရဲ့ အမူအကျင့်ပေါ် မူတည်ပြီး ကိုယ့်ဘက်က တုံ့ပြန်ရမယ့်နည်းလမ်း၊ နည်းဗျူဟာ ကွဲပြား၊ ခြားနားမှုရှိပါတယ်..။ ဂိုးသမားကိုမကြည့်ပဲ ခေါင်းကြီးငုံ့၊ အမြန်ဆုံးပြေးပြီး ကန်သွင်းတတ်တဲ့ ကစားသမားမျိုးနဲ့ ရင်ဆိုင်ချိန်မှာ ကျင့်သုံးရမယ့် နည်းဗျူဟာဟာ ဂိုးသမား လှုပ်ရှားတဲ့အထိ စောင့်ကြည့်ပြီးမှ ပင်နယ်တီ ကန်သွင်းတတ်တဲ့ ဂျော်ဂင်ဟို လို ကစားသမားမျိုးနဲ့ ခြားနားပါတယ်..။ အဲဒီလိုဂိုးသမားရဲ့ လှုပ်ရှားမှုကို လုံးဝဂရုမစိုက်တတ်တဲ့ ကစားသမားတွေဟာ ကန်သွင်းမယ့်နေရာမှာ ဘောလုံးတည်ပြီးကတည်းက သူဘယ်လိုကန်မယ်ဆိုတာ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်ပါလိမ့်မယ်..။ ဒ့ါကြောင့်အဲဒီလို ကစားသမားမျိုးနဲ့ ရင်ဆိုင်ရပြီဆိုရင် ကိုယ့်ရဲ့လှုပ်ရှားမှု (movement) က အရေးမကြီးတော့ပဲ ဘယ်အချိန်မှာ ကိုယ်ကလှုပ်ရှားသင့်လဲ.. ဆိုတဲ့ အချိန်ကိုက် အဆုံးအဖြတ် (timing) က အရေးကြီးသွားပါတယ်…။
တစ်ဘက်ငါးလုံးစီ ကန်သွင်းပြီး အနိုင်အရှုံး ဆုံးဖြတ်ရတဲ့ penalty shoot-out မှာပဲဖြစ်ဖြစ်၊ ပင်နယ်တီ ကန်သွင်းရမှာပဲဖြစ်ဖြစ် နောက်ထပ်အရေးပါတဲ့ အချက်တစ်ခုက အဲဒီကန်သွင်းမယ့်အချိန်မှာ ကိုယ့်ရဲ့စိတ်ခံစားမှု (feeling) ပဲ ဖြစ်ပါတယ်..။ ကိုယ်လှုပ်ရှားရမယ့်အချိန် (timing) အပေါ် ခံစားချက်၊ တစ်ဘက်လူရဲ့ ခံစားချက်ကို ထိုးထွင်းသိခြင်း (intuition) ဟာ အရေးကြီးပါတယ်..။ တခါတလေကျ အချက်အလက်တွေ၊ သုံးသပ်ချက်တွေ၊ အမူအကျင့်တွေအပေါ် လုံးဝတွက်ချက်ထားတာမရှိပဲ စိတ်ထဲမှာပေါ်လာတဲ့အတိုင်း ဆုံးဖြတ်တယ်..၊ ကာကွယ်နိုင်ခဲ့တယ်… ဆိုတာမျိုးလည်း ရှိတတ်ပါတယ်..။ အဲဒါမျိုးကတော့ ဘုရားသခင်ရဲ့ လက်ဆောင်ပဲလို့ ပြောရမှာပါ..။ ခြုံငုံပြီး ပြောရမယ်ဆိုရင် လူတိုင်းမှာ ကွဲပြားခြားနားတဲ့ ချဉ်းကပ်ပုံတွေ၊ အကျင့်စရိုက်တွေ ရှိနေတာကြောင့် ကိုယ်နဲ့လိုက်လျောညီထွေရှိမယ့် နည်းလမ်းကိုရှာဖွေပြီး အောင်မြင်မှုတွေ ရရှိလာအောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်..။
ပုံစံတူ လေ့ကျင့်လို့မရနိုင်တဲ့ အခိုက်အတန့်များ…
တကယ့်အဆုံးအဖြတ်၊ သေရေးရှင်ရေး ပင်နယ်တီကန်သွင်းရတဲ့ အခြေအနေကို ပုံစံတူလေ့ကျင့်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ စိတ်လှုပ်ရှားမှုတွေ၊ ဖိအားတွေ၊ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပုံတူကူးချဖို့ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့်ပါပဲ..။ လေ့ကျင့်ကွင်းတွေက ကျွန်တော်တို့ရဲ့ ပင်နယ်တီကန်သွင်းခြင်း လေ့ကျင့်ခန်းတွေဟာ ဘာဖိအားမရှိပါဘူး..။ ရိုးရှင်းလှပါတယ်..။ ပင်နယ်တီ မဝင်ရင် သူများစားပြီးသား ပန်းကန်တွေ ဆေးပေးရမယ်.. စတဲ့ ဆုပေး၊ ဒဏ်ပေးတွေ ပါခဲ့ရင်တောင် အဲဒီလို မလုပ်ချင်တဲ့စိတ်ဟာ တကယ့်ပွဲမှာ ကြုံတွေ့ရတဲ့ ဖိအားနဲ့ မတူညီပါဘူး..။
ဒ့ါကြောင့်ဖိအားတွေ ပေါ်ထွက်လာအောင် ရှုံးတဲ့အသင်းက ညစာလိုက်ကျွေးရမယ်.. စတဲ့ ဆုကြေး၊ ဒဏ်ကြေးတွေ ထည့်သွင်းခဲ့ကြပေမယ့် တကယ့်ပွဲက ပေါ်ထွက်လာတဲ့ ဖိအားတွေ၊ အခြေအနေတွေကို မမှီပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ တကယ့်အဆုံးအဖြတ် ပွဲကြီးတစ်ပွဲမှာ ပင်နယ်တီကန်ချက် လွဲချော်ခဲ့တဲ့ ခံစားချက်ဟာ ကိုယ့်ရဲ့စိတ်ထဲကနေ လွယ်လွယ်နဲ့ မပျောက်ပျက်တတ်တာကြောင့် ဖြစ်ပါတယ်..။
ဒ့ါအပြင် ခန္ဓာကိုယ်ရဲ့ ရှိသမျှ စွမ်းအားတွေကို မိနစ် (၉၀)၊ မိနစ် (၁၂၀) လုံးလုံး လက်နှီးစုပ် အဝတ်စ ရေညှစ်ထားသလို ထုတ်နှုတ်သုံးစွဲထားပြီး သကာလ ကွင်းလယ်စက်ဝိုင်းကနေ ပင်နယ်တီကန်သွင်းမယ့် နေရာအထိ လျောက်လှမ်းရတဲ့ ခြေလှမ်းတွေဟာ မလွယ်ကူလှပါဘူး..။ ပရိသတ်တွေက အဲဒီခြေလှမ်းတွေကို လျော့တွက်ကြပေမယ့် ပွဲကြီးရင်ကြီးသလို ကိုယ်ကန်သွင်းရမယ့် ဂိုးပေါက်ဆီ လျှောက်လှမ်းရတဲ့ ခြေလှမ်းတိုင်းဟာ ဖိအားကြီးမားလှပါတယ်..။ စဉ်းစားစရာတွေ များလွန်းတာကြောင့် ခြေလှမ်းတစ်လှမ်းတိုင်း၊ ခြေလှမ်းဆယ်လှမ်းတိုင်း စိတ်ထဲမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာနိုင်ပါတယ်..။ အဲဒီလိုဖိအားတွေ၊ အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ မခံစားဖူးသရွေ့ အဲဒီလိုအခိုက်အတန့်မှာ ကစားသမားတွေရဲ့ ပခုံးထက်က ဝန်ထုတ်ဝန်ပိုး၊ ဖိအားတွေကို နားလည်နိုင်ဖို့ မလွယ်ကူပါဘူး..။
ဒါ့အပြင် ကွင်းလုံးပြည့်ပရိသတ်ကြီးဟာ ပင်နယ်တီကန်သွင်းမယ့်သူတွေအတွက် နောက်ထပ်အပို ဖိအားပါပဲ..။ ကျွန်တော်တို့ ဂိုးသမားတွေဟာ ကိုယ့်ရဲ့နောက်က ပရိသတ်ကို ကျောပေးထားတာကြောင့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို မမြင်ရပါဘူး..။ ဒ့ါကြောင့်ပင်နယ်တီ ကန်ခါနီးကျမှ ပရိသတ်ထဲက တစ်ယောက်ယောက်က ဘောင်းဘီချွတ်ချလိုက်ပြီဆိုရင် ကျွန်တော်ကတော့ ဘာမှမြင်လိုက်မှာ မဟုတ်ပါဘူး..! ဒါပေမယ့် ကန်သွင်းမယ့်သူရဲ့ စိတ်ထဲမှာ ဘယ်လိုဖြစ်သွားမလဲ.. ဟားဟား…
ဒ့ါကြောင့်လည်း တကယ့်ပြိုင်ပွဲကြီးတွေ၊ တကယ့်ပွဲကြီးပွဲကောင်းတွေမှာ ထိပ်တန်းကစားသမားတွေ မကြာခဏ ပင်နယ်တီလွဲချော်ခဲ့ခြင်း ဖြစ်ပါတယ်..။ ကစားသမားဟာ ခြေစွမ်းကောင်းမွန်လေလေ၊ သူ့အပေါ် ဖိအားများလေလေပါပဲ..၊ ဘာကြောင့်လဲဆိုတော့ လူတိုင်းက သူဂိုးသွင်းနိုင်ဖို့ မျှော်လင့်ထားကြတာကိုး…။ ၁၉၉၄ ခုနှစ်၊ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်က ရော်ဘတ်တို ဘက်ဂီယို ကိုပဲ တွေးကြည့်လိုက်ပါ..။ သူဟာအဲဒီပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမား ဖြစ်တာနဲ့အညီ ရင်ဆိုင်ခဲ့ရတဲ့ ဖိအားကလည်း ကြီးမားခဲ့ရပါတယ်..။
ကျွန်တော်ကန်ဖူးခဲ့သမျှ ပင်နယ်တီကန်ချက်များ…
ကျွန်တော်ဟာ ချက်လူငယ် (အသက် ၁၆ နှစ်အောက်) အသင်းမှာတော့ ပင်တိုင် ပင်နယ်တီကန်သွင်းတဲ့သူ တစ်ယောက်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်..။ နောက်တော့နည်းပြ အပြောင်းအလဲ ဖြစ်သွားချိန်မှာ နည်းပြသစ်က ဂိုးသမားကို ရှေ့ထိတက်ပြီး ကန်ခိုင်းတာကို မနှစ်သက်ပါဘူး..။ တကယ်လို့ ကျွန်တော်သာ ဂိုးမဝင်ခဲ့ရင် အဲဒီဘောလုံးကနေ ကောင်တာ မိသွားနိုင်တာကြောင့် ဖြစ်ပါတယ်..။
အသက် (၁၆) နှစ်သားတုန်းကတော့ ကျွန်တော်ဟာ ဂိုးတိုင်ရဲ့ဘယ်ဘက် အပေါ်ထောင့်ကိုပဲ ကန်သွင်းလေ့ ရှိပါတယ်..။ ကျွန်တော့်ရဲ့စိတ်ထဲမှာ အဲဒီလိုကန်သွင်းရတာ ဂိုးဝင်နိုင်ဖို့ ယုံကြည်မှုပိုပြီးရသလိုပါပဲ..။ ဒါ့အပြင် ကျွန်တော်ဟာ ခြေခွင်နဲ့ကန်သွင်းတာကို စိတ်မချပဲ အပြင်းကန်သွင်းရတာကို ပိုပြီးအားသန်ပါတယ်..။
ဒါပေမယ့် အသင်းကြီးကို ရောက်သွားချိန်ကစပြီး ပင်နယ်တီ တစ်ခါမှမကန်ခဲ့ဖူးပါဘူး..။ ရန်းန်အသင်းနဲ့ ပွဲတစ်ပွဲမှာတော့ ကျွန်တော့်ကို ခြောက်ယောက်မြောက် ပင်နယ်တီကန်သွင်းမယ့်သူအဖြစ် နံပါတ်စဉ် တပ်ထားပါတယ်..။ ဒါပေမယ့် ငါးလုံးမြောက်မှာ တစ်ဘက်အသင်းရဲ့ ကန်ချက်ကို ကျွန်တော်ကာကွယ် နိုင်ခဲ့တာကြောင့် ခြောက်လုံးမြောက်အထိ မရောက်ခဲ့ပါဘူး..။ တစ်ဘက်အသင်းက ငါးလုံးမြောက် ကန်သွင်းမယ့်အချိန်မှာ ကျွန်တော့်ရဲ့စိတ်ထဲမှာ ဒီတစ်လုံးတော့ ရအောင်ကာကွယ်နိုင်မှ ဖြစ်မယ်..၊ ဒါမှမဟုတ်ရင် ပင်နယ်တီ ကန်နေရဦးမယ်.. ဆိုတဲ့အတွေး ဖြစ်ပေါ်ခဲ့ပါတယ်..။ ကျွန်တော်ဟာ ပင်နယ်တီ ကန်သွင်းဖို့ထက် ပင်နယ်တီ ကာကွယ်ဖို့ကိုပဲ ပိုပြီးအားသန်ပါတယ်…။
ဒ့ါကြောင့်နောက်ဆုံးအနေနဲ့ ကျွန်တော်ဟာ ဂိုးသမား တစ်ယောက် ဖြစ်တာနဲ့အညီ ‘ပင်နယ်တီကန်သွင်းမှုတွေကို ကာကွယ်ရတာဟာ’ စိတ်လှုပ်ရှားဖို့ ကောင်းသလို ကိုယ့်ရဲ့စိတ်ဓါတ်ကြံ့ခိုင်မှု၊ ကိုယ်ကာယ ကြံ့ခိုင်မှုတွေကို စမ်းသပ်နိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(Chelsea Official website မှ ဆောင်းပါးရှင် Petr Cech ၏ ‘Petr Cech column: How to win a penalty shoot-out’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)