feature-image

တိုက်စစ်မှူးတွေ မပါနိုင်ခဲ့ပေမယ့် ရှိတာလေးနဲ့ လှအောင်ဆင်ခဲ့တဲ့ ‘သောမတ်စ် တူခယ်လ်’.…

ချယ်လ်ဆီးအသင်းဟာ အခုပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) မှာ နယူးကာဆယ် ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ သုံးဂိုးပြတ်အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်.။ နယူးကာဆယ် ယူနိုက်တက် အသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ နိုင်ပွဲတစ်ပွဲမှ မရရှိသေးပဲ ရလဒ်ပိုင်းဆိုးရွားနေပေမယ့် ချယ်လ်ဆီးအသင်းဟာ ဌက်ကျားတို့ရဲ့ စိန့် ဂျိမ်းစ် ပါ့ခ်ကွင်းမှာ အခက်တွေ့တတ်တဲ့ အစဉ်အလာရှိခဲ့ပါတယ်..။ ဒါ့အပြင် ရိုမီလူ လူကာကူ နဲ့ တီမို ဗာနာ တို့ မပါဝင်နိုင်သေးသလို ခရစ်စ်တီယန် ပူလီဆစ် ကလည်း မပါဝင်နိုင်သေးပါဘူး..။

အဲ့ဒါကြောင့်နည်းပြ တူခယ်လ် အတွက် တိုက်စစ်ပိုင်းမှာ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း၊ ကိုင် ဟာဗာ့ဇ် နဲ့  ဟာကင် ဇီးယက်ခ်ျ တို့ကိုပဲ ရွေးချယ်ရစရာ ရှိတော့တဲ့အချိန် ကြားရက်လေ့ကျင့်ခန်းမှာ ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ မက်တီယို ကိုဗာဆစ် ဒဏ်ရာရခဲ့ပြန်ပါတယ်..။ ဒ့ါအပြင် ကန်မယ့်နေ့ကျမှ မေဆန် မောင့် ကလည်း ရုတ်တရက် နေမကောင်းဖြစ်ခဲ့ပြန်ပါတယ်..။ ဒ့ါကြောင့်အရန်လူစာရင်းမှာ တိုက်စစ်ကစားသမားတွေ ထည့်သွင်းနိုင်ဖို့ ခက်ခဲခဲ့တဲ့ အနေအထားမှာ နည်းပြသောမတ်စ် တူခယ်လ် ဘယ်လိုဖြေရှင်းခဲ့ပါသလဲ..?



အခုအပေါ်က ပူးတွဲပုံ (၁) မှာ ချယ်လ်ဆီးအသင်းရဲ့ နယူးကာဆယ်အသင်းနဲ့ပွဲ လူအခင်းအကျင်းကို တွေ့နိုင်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ထုံးစံအတိုင်း ၃- ၄- ၃ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး အဲဒီပွဲမှာ ထူးခြားချက်ကတော့ wing backs တွေဖြစ်တဲ့ ဘင် ချီးဝဲလ် နဲ့ ညာတောင်ပံက ရိစ် ဂျိမ်းစ် တို့ဟာ တောင်ပံကစားသမားတွေဖြစ်တဲ့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း၊ ဟာကင် ဇီးယက်ခ်ျ တို့နဲ့ အလှည်းသင့်သလို နေရာအပြောင်းလုပ် ကစားသွားခဲ့တာပဲဖြစ်ပါတယ်..။ တူခယ်လ် ဟာ ဘင် ချီးဝဲလ် နဲ့ ရိစ် ဂျိမ်းစ် တို့ကို inverted wing back တွေအဖြစ် ကွင်းလယ်ကစားသမားတွေနဲ့ တွဲဖက်ကစားစေခြင်းဖြင့် ကွင်းလယ်ခံစစ်ကို အားဖြည့်နိုင်ဖို့ ရည်ရွယ်ခဲ့သလို သူ့ရဲ့တောင်ပံ ကစားသမားတွေဖြစ်တဲ့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း၊ ဟာကင် ဇီးယက်ခ်ျ ကို ဘေးစည်းတစ်လျှောက် down the line ဆွဲတက်ပြီး ဖြတ်တင်ဘောတွေ ပေးပို့နိုင်စေမှာ ဖြစ်ပါတယ်..။

တူခယ်လ် ဟာ ဘင် ချီးဝဲလ် ကို ပြန်လည်အားကိုးလာခဲ့တဲ့ အချိန်ကစပြီး သူ့ရဲ့ wing back တွေဖြစ်တဲ့ ချီးဝဲလ်၊ ရိစ် ဂျိမ်းစ် တို့ကို inverted wing back တွေအဖြစ် တစ်ယောက်က အတွင်းကိုဝင်ပြီး ကွင်းလယ်နဲ့တွဲဖက်ချိန်မှာ နောက်တစ်ယောက် အပြင်ကိုထွက်၊ တောင်ပံမှာ နေရာယူခဲ့တဲ့ အခင်းအကျင်းကို သုံးစွဲခဲ့ပါတယ်..။ အဲဒီလို ပြောင်းလဲလာတဲ့ build up play ပုံစံကို ဒီပွဲမှာ သေသေချာချာ လေ့လာချင်ခဲ့ပေမယ့် နယူးကာဆယ် အသင်းဟာ ဘောလုံးပါသွားတာနဲ့ အကုန်လုံးနောက်ကိုပြေးဆင်းပြီး ‘လေးယောက်တန်းနှစ်ထပ် ခံစစ်ပုံစံ (two bench of fours)’ နဲ့ အသင်းကလူကုန် ခံစစ်ဆင်းထိုင်ခဲ့တာကြာင့် ချယ်လ်ဆီးအသင်းဟာ first phase of play မှာ အခက်မတွေ့ခဲ့ပါဘူး..။ left center back အန်တိုနီယို ရူဒီဂါ နဲ့ right center back အန်ဒရီယက်စ် ခရစ်စ်တီယန်ဆန် တို့ဟာ ကွင်းလယ်အထိ ဘောလုံးနဲ့အတူ အေးအေးဆေးဆေး ဆွဲတက်နိုင်ခဲ့ပြီး ရူဒီဂါ ဟာ တိုက်စစ်ဇုန် (final third) အထိ ဘောလုံးနဲ့အတူ (၅) ကြိမ် ဆွဲတက်နိုင်ခဲ့သလို (ball carries into final third) ခရစ်စ်တီယန်ဆန် ဟာ နယူးကာဆယ် ကွင်းဘက်ကို ဘောလုံးနဲ့အတူ (၇) ကြိမ်အထိ ဆွဲတက်နိုင်ခဲ့ပါတယ်..။ ဒါဆိုရင် final third မှာ ဘယ်လိုပုံစံ တိုက်စစ်ဆင်မလဲ..?



“ရိုမီလူ နဲ့ တီမို တို့ မပါဝင်နိုင်တာကြောင့် သူတို့ရဲ့ကိုယ်စား တခြားကစားသမားတွေက ဂိုးတွေသွင်းပေးနိုင်ဖို့ လိုအပ်ပါတယ်..။ ဒ့ါကြောင့်ကစားသမားတွေဟာ ဂိုးရနိုင်မယ့် နေရာတွေကို အချိန်ကိုက် ရောက်ရှိရမှာဖြစ်ပြီး သူတို့အသင်းရဲ့ ဂိုးဧရိယာထဲကို ကျွန်တော်တို့လူတွေ များများရောက်ရှိနိုင်အောင် စီမံရပါမယ်..။ ဂိုးရနိုင်မယ့် အခွင့်အရေး ပိုပြီးရရှိအောင်  သူတို့ဂိုးဧရိယာထဲမှာ လူများများရောက်ရှိနိုင်ဖို့ ရဲရဲဝံ့ဝံ့ တိုက်စစ်ဆင်ရမယ်..၊ ကစားသမားတွေကို လွတ်လွတ်လပ်လပ် ရွှေ့လျားကစားစေနိုင်ရပါမယ်..။”
- သောမတ်စ် တူခယ်လ်

နည်းပြသောမတ်စ် တူခယ်လ် ဟာ ရိုမီလူ လူကာကူ နဲ့ တီမို ဗာနာ တို့ မပါဝင်နိုင်တဲ့ အခြေအနေမှာ ဂိုးသွင်းခွင့်တွေ ရရှိဖို့ သူ့ရဲ့ပွဲကြိုအစီအမံကို နယူးကာဆယ်အသင်းနဲ့ပွဲမတိုင်ခင် အခုလိုကြိုတင်၊ ပြောကြားခဲ့ပါတယ်..။ အဲဒီလို ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာထဲကို သူ့ရဲ့ကစားသမားတွေ ပိုမိုရောက်ရှိစေဖို့ အဓိကအရေးပါလာတာဟာ wing back နှစ်ယောက်ဖြစ်တဲ့ ဘင် ချီးဝဲလ် နဲ့ ရိစ် ဂျိမ်းစ် တို့ပါပဲ..။ နယူးကာဆယ်နဲ့ပွဲမှာ သူဟာ wing back နှစ်ယောက်စလုံးကို ဂိုးဧရိယာထဲထိ ဝင်ရောက်စေခဲ့ပြီး (အောက်တွင်ဖော်ပြထားသည့် ပူးတွဲပုံ- ၂ တွင် ကြည့်ရှုနိုင်ပါသည်..။) goal scoring position မှာ ရှိနေဖို့၊ တိုက်စစ်ကစားသမားတွေဆီက ပြန်လျံထွက်လာတဲ့ ဘောလုံးတွေကို ပိတ်သွင်းနိုင်ဖို့ ညွှန်ကြားထားတဲ့အကြောင်း ရိစ် ဂျိမ်းစ် က အခုလို ပြောပြပါတယ်..။
“ဒီနေ့ပွဲက အသင်းရဲ့ ကစားဟန်ဟာ ကျွန်တော်နဲ့ ဘင် ချီးဝဲလ် တို့ကို အချိန်ပြည့် တိုက်စစ်ကို လိုက်ပါဖို့ ညွန်ကြားထားပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဂိုးမရလည်း သူရပါလိမ့်မယ်..။”
- ရိစ် ဂျိမ်းစ်



ဒါပေမယ့် ဒီနေ့ပွဲသူ့ရဲ့ တိုက်စစ်အစီအမံမှာ ပြဿနာတက်ခဲ့တာက ‘ဟာကင် ဇီးယက်ခ်ျ’ ပါ..။ ဟာကင် ဇီးယက်ခ်ျ ဟာ ဘယ်တောင်ပံက ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း လို down the line တစ်ယောက်ချင်း ဆွဲထွက်မှုတွေ မပြုလုပ်နိုင်ခဲ့သလို သူ့ရဲ့ညာတောင်ပံက ခုတ်တင်တဲ့ဘောလုံးတွေလည်း မထိရောက်ခဲ့ပါဘူး..။ ဒါ့အပြင်အတွင်းကိုဝင်ပြီး ဂိုးရဖို့နိုင်မယ့် နေရာတွေကို ရောက်လာချိန်မှာလည်း ချိန်သားကိုက် လှုပ်ရှားမှုတွေ အားနည်းခဲ့တာကြောင့် မကြာခဏ လူကျွံဘော မိနေခဲ့ပါတယ်..။  ဒ့ါကြောင့်သောမတ်စ် တူခယ်လ် ဟာ ဒုတိယပိုင်းအစမှာ သူ့ရဲ့တိုက်စစ် ကစားပုံကို အခုလိုအပြောင်းအလဲ ပြုလုပ်ခဲ့ပြန်ပါတယ်..။

အခုအောက်က ပူးတွဲပုံ (ပုံ- ၃) မှာ ပြထားတဲ့အတိုင်း သူဟာ ဘယ်ခြမ်းကစားပုံကို အပြောင်းအလဲ မလုပ်ခဲ့ပေမယ့် ညာဘက်ခြမ်းမှာတော့ တောင်ပံကစားသမား ဟာကင် ဇီးယက်ခ်ျ နဲ့ အန်ဂိုလို ကန်တေး တို့ကို အတွင်းမှာပဲ နေရာယူကစားစေခဲ့ပြီး ရိစ် ဂျိမ်းစ် ကို အစွန်မှာပိုပြီး နေရာယူစေခဲ့ပါတယ်..။ အထူးသဖြင့် ဟာကင် ဇီးယက်ခ်ျ ကို ‘No.10’ အနေနဲ့ ကိုင် ဟာဗာ့ဇ် နဲ့ အနီးကပ်တွဲဖက်ပြီး ဂိုးဧရိယာထိပ်မှာ လှုပ်ရှားစေခဲ့ပါတယ်..။ အဲဒီအပြောင်းအလဲကြောင့် ကစားပုံသိသိသာသာ တက်မလာခဲ့ပေမယ့် ဟာကင် ဇီးယက်ခ်ျ ဟာ ဂိုးဧရိယာထိပ်ကနေ အဝေးကန်သွင်းခွင့် နှစ်ကြိမ်ရရှိခဲ့ပြီး အသင်းခေါင်းဆောင် လက်စ်ကာလက်စ် ကိုထိပြီး လမ်းကြောင်းပြောင်းသွားတဲ့ ဂိုးတိုင်ထိသွားတဲ့ ကန်ချက်ဟာ ဂိုးရဖို့နီးစပ်ခဲ့ပါတယ်..။



ဒါပေမယ့် အန်ဂိုလို ကန်တေး ကို ညာတောင်ပံဘက်ကနေ တိုက်စစ်ကိုပိုမိုလိုက်ပါစေပြီး အသင်းရဲ့တိုက်စစ်ကို ထပ်မြှင့်ခဲ့တဲ့ အပြောင်းအလဲကြောင့် ကွင်းလယ်အဖျက်ပိုင်း အားနည်းသွားခဲ့ရပြီး နယူးကာဆယ်အသင်းဘက်က တန်ပြန်တိုက်စစ်တွေ စတင်နိုင်ဖို့ တစ်ဦးချင်းကျော်ဖြတ်မှုတွေ ပြုလုပ်နိုင်ပါတယ်..။ ဒ့ါကြောင့်ရိုင်ယန် ဖရေဇာ ကို တားဆီးရင်း အန်ဂိုလို ကန်တေး အဝါကတ်ဒ် ထိခဲ့သလို စိန့် မက်စ်ဆီမင်း ကို တားဆီးခဲ့တဲ့ ဟာကင် ဇီးယက်ခ်ျ လည်း အဝါကတ်ဒ် ထိခဲ့ပါတယ်..။ အဲဒီအချိန်မှာ သောမတ်စ် တူခယ်လ် ဟာ ကစားကွက်အပြောင်းအလဲကို ခပ်မြန်မြန်ပဲ ပြုလုပ်ခဲ့ပါတယ်…။

သူဟာအဝါကတ်ဒ်ထိသွားတဲ့ ဟာကင် ဇီးယက်ခ်ျ နဲ့ အန်ဂိုလို ကန်တေး တို့နေရာမှာ ရော့စ် ဘာကလေနဲ့ ရူဘင် လော့ဖ်တပ်စ် ချိခ် တို့ကို ထည့်သွင်းခဲ့ပါတယ်..။ ဒါပေမယ့် အင်္ဂလန်ကွင်းလယ် ကစားသမား နှစ်ယောက်စလုံးရဲ့ လှုပ်ရှားမှုများဟာ ထွက်သွားတဲ့ နှစ်ယောက်နဲ့ အတူတူပဲဖြစ်ပြီး ရော့စ် ဘာကလေ က ဇီးယက်ခ်ျ ရဲ့ ကစားပုံအတိုင်း ဂိုးဧရိယာထိပ်မှာ လှုပ်ရှားမယ်..၊ ဒါပေမယ့်သူကတော့  တိုက်စစ်အားသန်တဲ့ ‘No.10’ ဆန်ဆန် ကွင်းလယ်ကစားသမား ‘No.8’ ပုံစံနဲ့ ကစားပါမယ်..။ ရူဘင် လော့ဖ်တပ်စ် ချိခ် ကတော့ ညာဘက်ခြမ်းကနေ အဝေးတိုင်ကို (far post) တိုက်စစ်ဆင်ဖို့ပဲ ဖြစ်ပါတယ်..(ပူးတွဲပုံ- ၄)။ ဒါ့ကြောင့် ယေဘူယျအားဖြင့် like to like လူစားလဲမှုလို့ ပြောနိုင်ပါတယ်..။



သူ့ရဲ့အပြောင်းအလဲဟာ မြန်မြန်ဆန်ဆန်ပဲ အလုပ်ဖြစ်ခဲ့ပြီး ရော့စ် နဲ့ ရူဘင် တို့လူစားဝင်ပြီး သိပ်မကြာခင်မှာပဲ လိုအပ်တဲ့ အဖွင့်ဂိုးကို ရိစ် ဂျိမ်းစ် က သွင်းယူပေးခဲ့ပါတယ်..။ အဲဒီပွဲရဲ့အလှည့်အပြောင်း ဖြစ်ခဲ့တဲ့ ပထမဂိုးရသွားတဲ့ set up အကြောင်းကို နည်းပြသောမတ်စ် တူခယ်လ် က ပွဲပြီးပြီးချင်းမှာ အခုလို ပြောခဲ့ပါတယ်..။
"တောင်ပံတွေက ခုတ်တင်ပြီဆိုရင် အနီးတိုင်မှာ ကိုင် ဟာဗာ့ဇ် ရှိတယ်..၊ အလယ်မှာ ရော့စ် ဘာကလေ စောင့်နေပြီး ရူဘင် လော့ဖ်တပ်စ် ချိခ် က အဝေးတိုင်ကနေ အသင့်စောင့်နေပါတယ်..။ ဒ့ါကြောင့်ကျွန်တော့်အသင်းမှာ တိုက်စစ်မှူးတွေဟာ တခါတလေမှာ တခြားသူတွေအတွက် ဂိုးသွင်းခွင့်တွေ ဖန်တီးပေးဖို့၊ နေရာလွတ်တွေ ဖန်တီးပေးဖို့ စွန့်လွှတ်မှုတွေ လုပ်ရပါတယ်..။" (ပူးတွဲပုံ- ၅)
- သောမတ်စ် တူချယ်



ဒ့ါကြောင့်အဲဒီဂိုးဟာ သူ့ရဲ့ ကြိုတင်ဇာတ်တိုက်ထားတဲ့ ပွဲအစီအမံထဲက တစ်ခုပါ..။ ဘယ်တောင်ပံက တင်မယ်..၊ Kai က အနီးတိုင် နဲ့ RLC က အဝေးတိုင်ကို ပြေးမယ်..။ သူတို့ဆီက အန်ထွက်လာရင် ပြန်ကျလာမယ့် ဘောလုံးကို အပီကျိတ်မယ့် ရော့စ် ဘာကလေ နဲ့ ရိစ် ဂျိမ်းစ် တို့က နောက်ကနေ စောင့်နေမယ်..။ ညာဘက်က cross တင်ရင်ကျတော့ Kai နဲ့ RLC တို့ကပြေးပိတ်..၊ သူတို့ရဲ့နောက်က ရော့စ် ဘာကလေ နဲ့ ဘင် ချီးဝဲလ် တို့ အသင့်စောင့်နေမယ်..။ ဒါတွေဟာ တကယ့်အဆင့်မှီ နည်းပြတစ်ယောက်ရဲ့ အသေးစိတ် စီမံနိုင်မှု (micro-management နဲ့ detail planning တွေ) ပါပဲ..။

နယူးကာဆယ်အသင်းဟာ ချယ်လ်ဆီးအသင်းကို မိနစ် (၆၀) ကျော်ထိ စုပြုံပိတ်ဆို့၊ ခံစစ်ဆင်ပြီး ချယ်လ်ဆီးဘက်က ဂိုးရလိုစိတ်ဇောတွေ များလာမယ့်အချိန်ကျမှ တန်ပြန်တိုက်စစ်တွေနဲ့ ဒုက္ခပေးနိုင်ဖို့ ကြံရွယ်ထားတဲ့အကြောင်း နောက်ခံလူ ကလာရန် ကလာ့ခ် က ပြန်ပြောပြခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းရဲ့ အဖွင့်ဂိုးဟာ အဲဒီပွဲရဲ့ အဓိကအသက် ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ဘင် ချီးဝဲလ် ကို ကွင်းလယ်ကို အဓိကကူစေခဲ့ပြီး ခံစစ်လုံခြုံဖို့ အာရုံစိုက်ခဲ့ပါတယ်..(ပူးတွဲပုံ- ၆) ။ ဒါဟာလည်း ၃- ၄- ၃ အထိုင်ကို မပြောင်းလဲပဲ ကွင်းလယ်မှာ စိန်ပွင့်ပုံ (diamond) ပဲဖြစ်ဖြစ်၊ စတုဂံပုံစံပဲဖြစ်ဖြစ် (two No.6- ချီးဝဲလ်၊ ဂျော်ဂင်ဟို နဲ့ two No.8- ရော့စ်၊ ရူဘင်) လိုအပ်သလို ပြောင်းလဲ ထိန်းချုပ်သွားခဲ့ပါတယ်..။ ပွဲပြီးခါနီးမှာတော့ ဆာအူးလ် ကို ကစားချိန်ပေးဖို့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ လူစားလဲပြီး ဘင် ချီးဝဲလ် ကို တောင်ပံပြန်ထုတ်ခဲ့ပါတယ်..။



သုံးသပ်ချက်များ

(၁) နယူးကာဆယ်အသင်းနဲ့ပွဲမှာ သောမတ်စ် တူခယ်လ် ဟာ ကစားကွက် အပြောင်းအလဲ ပြုလုပ်မယ်လို့ ကြိုတင်ပြောခဲ့ပေမယ့် သူဟာ ၃- ၄- ၃ ကစားကွက်အထိုင်ကို မပြောင်းလဲခဲ့ပေမယ့် ကစားသမားများ တစ်ဦးစီရဲ့ လုပ်ဆောင်ချက်၊ ရွှေ့လျားမှုတွေအပေါ် မူတည်ပြီး တိုက်စစ်ဆင်ချိန်မှာ ၃- ၂- ၅၊ ရူဒီဂါ ကွင်းလယ်အဖျက် နေရာကို တက်သွားချိန်မှာ ၂- ၃- ၅၊ ဦးဆောင်ဂိုးတွေ ရသွားချိန်မှာ wing back တွေ မပါတော့တဲ့ ၃- ၄- ၃  စသဖြင့် ပြောင်းလဲကစားသွားခဲ့ပါတယ်..။ တူခယ်လ် ဟာ အခုနောက်ပိုင်းပွဲစဉ်တွေမှာ wing back တွေကို ကွင်းလယ်ကိုဝင်ပြီး ကူရတဲ့ inverted wing back ပုံစံကို တဖြည်းဖြည်း ပြောင်းလဲလာခဲ့တဲ့အပြင် ဒီနေ့ပွဲမှာ wing back နှစ်ယောက်စလုံးကို နယူးကာဆယ်အသင်းရဲ့ ဂိုးဧရိယာထဲထိတက်ပြီး အဆုံးသတ်ဂိုးသွင်းယူရမယ့် တာဝန်ကိုပါ ယူစေခဲ့ပါတယ်..။

(၂) အခုလို wing back တွေကို ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာထဲထိ တက်ပြီးကစားခဲ့တာကြောင့် အသင်းရဲ့ဟန်ချက်ကို (balance) ဘယ်လိုထိန်းညှိမှာလဲ..? တစ်ဘက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို ဘယ်လိုတားဆီးမှာလဲ? လို့ မေးစရာ ရှိလာပါတယ်..။ တူခယ်လ် ဟာ ညာဘက်မှာဆိုရင် ရိစ် ဂျိမ်းစ် ရှေ့တက်သွားချိန်မှာ ကန်တေး နဲ့ ခရစ်စ်တီယန်ဆန် တို့က ရိစ် ဂျိမ်းစ် ရဲ့နောက်က နေရာလွတ်တွေကို ကာကွယ်ထားပြီး ဘင် ချီးဝဲလ် ရဲ့နောက်မှာ ဂျော်ဂင်ဟို နဲ့ အန်တိုနီယို ရူဒီဂါ အပြင် သီယာဂို ဆေးလ်ဗား ကိုပါ ဘယ်ဘက်ကို ပိုမိုအာရုံစိုက်ဖို့ ညွန်ကြားထားခဲ့ပါတယ်..(ပုံ- ၁ ကို ပြန်ကြည့်ရန်..)။

(၃) ဒါ့အပြင်အခုပွဲမှာ သူဟာ high defence line နဲ့ ခံစစ်ထိုင်ခဲ့ပြီး ဘောလုံးဆုံးသွားတာနဲ့ နယူးကာဆယ် ကွင်းဘက်ခြမ်းမှာတင် အတင်းလိုက်ပြီး မရရအောင် ဖျက်ထုတ်ခဲ့တဲ့ aggressive pressing ကစားဟန်ကို သုံးစွဲခဲ့ပါတယ်..။ ဒ့ါကြောင့်လည်း ဘောလုံးပိုင်ဆိုင်မှု (၇၇%) ကျော်အထိ ရရှိခဲ့သလို ဒီနေ့ပွဲမှာ ကစားသွားတဲ့ ကွင်းလယ်ကိုဝင်ပြီး အားဖြည့်ခဲ့တဲ့ inverted wing back တွေ၊ high defence line နဲ့ aggressive press ကစားပုံတွေဟာ ပက်ပ် ဂွာဒီယိုလာ ရဲ့ ပုံစံနဲ့ ခပ်ဆင်ဆင်ပါပဲ..။ ပက်ပ် က အဆုံးသတ်ဂိုးသွင်းနိုင်မယ့် နေရာတွေကို ကွင်းလယ်ကစားသမားတွေ လိုက်ပါခိုင်းပေမယ့် တူခယ်လ် ကတော့ wing back တွေကို ရဲရဲရင့်ရင့် လိုက်ပါခိုင်းခဲ့တာပဲ ကွာပါတယ်..။



ဒါပေမယ့်အဲဒီပွဲမှာ နယူးကာဆယ်အသင်းရဲ့  ဂိုးဧရိယာထဲမှာ စုပြုံခံစစ်ဆင်ဖို့ကိုပဲ အာရုံစိုက်ခဲ့တဲ့ ပွဲအစီအမံနဲ့ ကစားသမားတွေကလည်း ကိုယ့်ရဲ့ခြေထဲက ဘောလုံးကိုထိန်းထားနိုင်ဖို့၊ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းကို ဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့ခြင်း မရှိခဲ့တာကြောင့် တူခယ်လ် ရဲ့ ကစားသမားတွေဟာ အခုလိုတရစပ် တိုက်စစ်ဆင် ကစားနိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်..။

အဆုံးသတ်အနေနဲ့ ပြောရမယ်ဆိုရင် နည်းပြ သောမတ်စ် တူခယ်လ် ဟာ အဓိကတိုက်စစ် ကစားသမားတွေ မပါဝင်နိုင်ခဲ့ပေမယ့် ကိုယ့်ဆီမှာရှိနေတဲ့ ကစားသမားတွေနဲ့ အဆင်ပြေနိုင်မယ့် ကစားကွက်ကို ခင်းကျင်းသွားနိုင်ခဲ့သလို  တစ်ယောက်ချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို အသင်းရဲ့ကစားကွက်မှာ အဆင်ပြေပြေ ပေါင်းစပ်နိုင်တာကြောင့် အခုလိုရလဒ်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ခဲ့ပါတယ်..။ ဒ့ါကြောင့် ‘နည်းစနစ်ပိုင်း ပုသင်ညို’ ဆိုတဲ့ နာမည်နဲ့ ထိုက်တန်လွန်းလှပါကြောင်း တင်ဆက်လိုက်ပါတယ်..။