ချယ်လ်ဆီးအသင်း Official website မှာ ကစားသမား တစ်ယောက်ချင်းအတွက် မေးခွန်း (၁၀) ခု အမေးအဖြေ အခန်းကဏ္ဍကို တင်ဆက်လျှက်ရှိပါသည်..။ ယခုအစီအစဉ်တွင် စပိန်ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ နှင့် တွေ့ဆုံခဲ့ရာတွင် ဂိုးသမား ကက်ပါ က သူ၏ ပင်နယ်တီကန်ချက်များကို ကာကွယ်နိုင်ခဲ့သည့် စံချိန်များအကြောင်း၊ လိုအပ်လာပါက အက်ဒ်ဒွပ် မန်ဒီ ၏ နေရာကို အသင့်ဝင်နိုင်ရန် ပြင်ဆင်ထားသည့် အခြေအနေနှင့် အသင်း၏ အောင်မြင်မှုတွင် အသင်းသားတိုင်း၏ အခန်းကဏ္ဍမှာ အရေးပါသည့် နေရာမှ ပါဝင်နေသည့်အကြောင်းကို ယခုလို ပြောပြခဲ့ပါသည်..။
မေး - ပထမဆုံးအနေနဲ့ အခုနှစ်ဘောလုံးရာသီမှာပဲ ခင်ဗျားရရှိခဲ့တဲ့ အနိုင်အရှုံး ဆုံးဖြတ်တဲ့ ပင်နယ်တီကန်ချက် (shoot outs)တွေကို အများဆုံး ကာကွယ်နိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်း ဂိုးသမား ဆိုတဲ့ စံချိန်မှတ်တမ်းအပေါ် ဦးဆုံးဂုဏ်ပြုလိုက်ပါတယ်နော..။ ခင်ဗျားဟာ အခုအချိန်ထိ shoot out ပင်နယ်တီကန်ချက်ရှစ်ကြိမ် ကာကွယ်ထားနိုင်ခဲ့သလို shoot out ကန်သွင်းရာမှာ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တယ်နော်..
shoot out ပင်နယ်တီကန်ချက်ရှစ်ကြိမ် နဲ့ shoot out ကန်သွင်းရာမှာ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့မှုတွေဟာ ချယ်လ်ဆီးအသင်းရဲ့ စံချိန်တွေမှန်း အခုမှကျွန်တော်သိရတာပါ..။ အဲဒီလိုအသင်းရဲ့ သမိုင်းဝင်မှတ်တမ်းတွေကို စိုက်ထူနိုင်ခဲ့တဲ့အပေါ် ဝမ်းသာ၊ ဂုဏ်ယူမိပါတယ်..။ အခုရရှိခဲ့တဲ့ သုံးကြိမ်ဆက်တိုက် shoot out အနိုင်ပွဲမှာ ပထမဆုံးအကြိမ်က ဆုဖလားရရှိဖို့ဖြစ်ခဲ့ပြီး နောက်ထပ်နှစ်ကြိမ်ကော့ ဖလားပွဲတွေမှာ နောက်ထပ်တစ်ဆင့် တက်ရောက်နိုင်ဖို့ ဖြစ်ခဲ့ပါတယ်..။
အရေးကြီးတာက အသင်းအတွက် အကောင်းဆုံး ကူညီပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်..။ ကျွန်တော်ကတော့ အသင်းအတွက် အကောင်းဆုံး ကူညီပေးနိုင်ခဲ့ရင် ကျေနပ်ပါတယ်..၊ စံချိန်တွေ၊ မှတ်တမ်းတွေဆိုတာ အသင်းရဲ့နိုင်ပွဲလောက် အရေးမကြီးပါဘူး..။ အရေးကြီးတာက ဆုဖလားဆွတ်ခူးနိုင်ဖို့၊ ဒါမှမဟုတ် နောက်ထပ်တစ်ဆင့် တက်ရောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်..။
မေး- ခင်ဗျားဟာ ဂိုးသမားကြီး ပီတာ ချက် တင်ထားတဲ့ စံချိန်တွေကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်..။ သူသာစံချိန်တွေ၊ မှတ်တမ်းတွေကို အင်မတန်မှ နှစ်သက်၊ တန်ဖိုးထားတတ်တဲ့သူ ဖြစ်တာကြောင့် အခုလိုသူ့ရဲ့ စံချိန်တွေကို ချိုးဖျက်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ပီတာ နဲ့ ဆွေးနွေးဖြစ်ခဲ့သေးလား..?
သူဟာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာ အမြဲတမ်းရှိနေတာကြောင့် သူနဲ့နေ့တိုင်း တွေ့ဆုံဖြစ်၊ စကားပြောဖြစ်ပါတယ်..။ သူဟာကျွန်တော်တို့ ဂိုးသမားတွေနဲ့ အမြဲတမ်းရှိနေတာကြောင့် သူနဲ့ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေ အစုံပါပဲ..။ ဒါပေမယ့် အဲဒီစံချိန်မှတ်တမ်း နှစ်ခုအကြောင်း တစ်ခါမှ မပြောဖြစ်ပေမယ့် သူ့ရဲ့စံချိန်တွေ အချိုးခံလိုက်ရတာ ပြဿနာရှိလိမ့်မယ် မထင်ပါဘူး..။ အခုစံချိန်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်ဟာ သူ့ကိုပြန်ပြီး ပြောပြမှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီစံချိန်တွေဟာ ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်တဲ့ စံချိန်တွေဖြစ်သလို ကျွန်တော်တို့နှစ်ယောက်စလုံးဟာ အသင်းအတွက် အကောင်းဆုံး ဖြစ်စေချင်တဲ့သူတွေ ဖြစ်ကြပါတယ်..။
ဒါပေမယ့် ကျွန်တော်ကတော့ အချက်အလက်တွေကို ကြည့်တဲ့အခါမှာ အဲဒီလိုစံချိန်တွေ၊ မှတ်တမ်းတွေအတွက် ရည်ရွယ်ပြီး လေ့လာလေ့မရှိပါဘူး..။ ကျွန်တော်ဟာ ပြိုင်ဘက်ကစားသမားတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ကိုယ်နဲ့ရင်ဆိုင်ရနိုင်ဖို့ရှိတဲ့ ကစားသမားတွေရဲ့ အချက်အလက်တွေကိုပဲ အာရုံစိုက်ပြီး သုံးသပ်၊ လေ့လာတာ များပါတယ်..။ နောင်တစ်ချိန် အနားယူတဲ့အချိန်ကျရင် အတိတ်တုန်းက စွမ်းဆောင်ခဲ့တဲ့ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည် ကိန်းဂဏန်းတွေကို ပြန်ပြီးလေ့လာဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်ဟာ တခြားကစားသမားတွေရဲ့ အချက်အလက်တွေကို လေ့လာတဲ့နေရာမှာ သူတို့ရဲ့ ထိုးဖောက်မှုတွေကို ဘယ်လို ကာကွယ်၊ တားဆီးနိုင်မလဲ ဆိုပြီး ဦးစားပေး၊ လေ့လာပါမယ်..။
မေး - ခင်ဗျားဟာ ပင်နယ်တီကန်ချက်တွေကို ကာကွယ်တဲ့နေရာမှာ ပင်ကိုယ်ပါရမီ ကောင်းမွန်ခဲ့ပုံ ရပါတယ်..။ အဲဒီလိုပင်နယ်တီကန်ချက်တွေကို ကာကွယ်နိုင်ဖို့ ခင်ဗျားဆီမှာ ဘယ်လိုအားသာချက်တွေ ရှိနေတယ်လို့ ထင်မိလဲဗျ..?
အဲဒါတော့ မပြောတတ်ဘူးဗျ..။ ကျွန်တော်ဟာ ပင်နယ်တီကန်ချက်တွေကို ကာကွယ်ရတာ နှစ်သက်သလို အခုအချိန်ထိလည်း ပင်နယ်တီကန်ချက် အတော်များများ ကာကွယ်နိုင်ခဲ့ပါတယ်..။ အဲဒီလိုကာကွယ်နိုင်ခဲ့မှုတွေရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ မရှိပါဘူး…။ ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင် မသိတာ..၊ သတိမထားမိတာလည်း ဖြစ်နိုင်ပါတယ်..။ ဒါမှမဟုတ် တချို့ကစားသမားတွေလို free kick ကန်ရမှာ စိတ်အားထက်သန်တဲ့သူတွေ၊ ဂျော်ဂင်ဟို လို ပင်နယ်တီကန်သွင်းရမှာ စိတ်အားထက်သန် တဲ့သူတွေလိုလည်း ဖြစ်နိုင်ပါတယ်..။ တကယ်လို့ ကျွန်တော်ဟာ ပင်နယ်တီ ကန်ချက်တွေကို ကာကွယ်ရာမှာ ထူးချွန်တယ်ဆိုရင် အဲဒီစွမ်းရည်ဟာ အသင်းအတွက် လက်နက်ကောင်းတစ်ခု ဖြစ်စေချင်ပါတယ်..။
ဂိုးသမားတစ်ယောက် အနေနဲ့ ပင်နယ်တီကန်ချက်တွေကို ကာကွယ်နိုင်ဖို့ နေရာစုံ၊ ဘက်စုံကောင်းမွန်နေဖို့ လိုအပ်တယ်လို့ ထင်မိပါတယ်..။ ပြင်ဆင်မှုပိုင်းမှာလည်း ကောင်းမွန်ဖို့ လိုအပ်သလို ကံကောင်းဖို့၊ အာရုံစူးစိုက်မှုနဲ့ စိတ်ဓါတ် ခိုင်မာမှုတွေလည်း မာကျော၊ ကောင်းမွန်ဖို့ လိုအပ်တာကြောင့် ဘက်စုံ၊ ထောင့်စုံ ပြည့်စုံနေဖို့ လိုအပ်ပါလိမ့်မယ်..။
အခုဆိုရင် အသင်းတိုင်း၊ ကစားသမားတိုင်းဟာ ပြိုင်ဘက်ကစားသမားတွေအကြောင်း အချက်အလက်တွေ အကုန်လုံးသိထားနှင့်ပြီး ဖြစ်ပါတယ်..။ ဒ့ါကြောင့်အဲဒီအချက်အလက်တွေကို ဘယ်လိုအသုံးချမလဲ.. ဆိုတာ အရေးကြီးပါတယ်..။ ဒါဟာ နှစ်ကိုနှစ်နဲ့ပေါင်းရင် လေး အဖြေရတယ်.. ဆိုတဲ့ သင်္ချာပညာရပ် မဟုတ်ပါဘူး..။ ကိန်းဂဏန်းတွေအပေါ် ဘယ်လိုထိုးထွင်းသိမလဲ.. ပင်နယ်တီကန်ချက်တွေကို ဘယ်လိုချဉ်းကပ်မလဲ.. ဆိုတဲ့အပေါ် မူတည်ပါတယ်..။
ကျွန်တော်ဟာ ပင်နယ်တီ shoot out တွေကို ကာကွယ်ရတာ နှစ်သက်ပါတယ်..။ ဒါပေမယ့် အရေးအကြီးဆုံးက အသင်းအတွက် အကူအညီပေးနိုင်ဖို့ ဖြစ်သလို ကျွန်တော့်ရဲ့စွမ်းဆောင်ရည်နဲ့ အသင်းရဲ့ရလဒ်ကောင်းမွန်အောင် ကူညီပေးနိုင်ခဲ့ရင် ကျေနပ်ပါတယ်..။
မေး - ပွဲပြီးဖို့နီးကပ်လာပြီး ပင်နယ်တီကန်ချက်တွေနဲ့ အဆုံးအဖြတ်ရယူဖို့ နီးကပ်တဲ့အချိန်မှာ ဂိုးသမားတစ်ယောက်အနေနဲ့ ဘယ်လိုတွေ စဉ်းစားခဲ့လဲဗျ..? အဲဒီလို shoot out တွေ မစခင်မှာ စိတ်လှုပ်ရှားမှုတွေ အရင်ဖြစ်လာလား…? ဒါမှမဟုတ် သူတို့ရဲ့ကန်ချက်တွေကို ကာကွယ်ချင်တဲ့ စိတ်အားထက်သန်မှုက အရင်ဖြစ်ပေါ်လာလေ့ ရှိလားဗျ..?
No.. ပွဲမပြီးမချင်း ပင်နယ်တီ shoot out အကြောင်း လုံးဝမစဉ်းစားပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ပြီးခဲ့တဲ့ ဆောက်ပ်သမ်တန် အသင်းနဲ့ပွဲမှာဆိုရင် ပွဲပြီးခါနီးမှာ set pieces နှစ်ကြိမ်ကနေ ကျွန်တော်တို့ကို ဒုက္ခပေးခဲ့ပါသေးတယ်..။ ဒါ့ကြောင့်ပွဲမပြီးမချင်း ပင်နယ်တီတွေအကြောင်း စဉ်းစားဖို့ အချိန်မရှိပါဘူး..။
ကျွန်တော်တို့ဟာ ပွဲအပေါ်မှာပဲ အပြည့်အ၀ အာရုံစိုက်ထားရပါတယ်..။ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်မှာလည်း အရေးပါတဲ့ ကာကွယ်မှုတွေ ပြုလုပ်နိုင်ရဖို့ ရှိနိုင်တာကြောင့် ပွဲချိန်မိနစ် (၉၀) အပြည့် အာရုံစိုက်ထား ရပါတယ်..။ ပွဲပြီးခရာသံ ကြားပြီးမှသာ ‘Ok.. ပင်နယ်တီတွေ ကန်ရတော့မယ်..’ ဆိုပြီး အဲဒီဘက်ကိုစပြီး စဉ်းစားရပါတယ်..။ ဒါပေမယ့် ပွဲကန်နေတဲ့အချိန်မှာ ပြိုင်ဘက်ကစားသမားတွေ ကန်သွင်းလာမယ့် ကန်ချက်တွေကို ကာကွယ်နိုင်ဖို့ကိုပဲ အပြည့်အ၀ အာရုံစိုက်ထားမှသာ စိတ်ပျံ့လွင့်မှု မဖြစ်မှာပါ..။
ပွဲပြီးလို့ ပင်နယ်တီကန်ချက်တွေ မစခင်မှာ အသင်းရဲ့ဂိုးနည်းပြနဲ့ ဆွေးနွေးရတယ်..၊ တခြားဂိုးသမားတွေဆီက အကြံဉာဏ်တွေ ရယူရပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ပွဲချိန်မိနစ် (၉၀).. ဒါမှမဟုတ် မိနစ် (၁၂၀) ပြည့်ပြီးတဲ့အချိန်မှာ အရန်ခုံကလူတွေက တခြားအသင်းအကြောင်း ပိုပြီးသိထားနိုင်တဲ့အတွက် ဖြစ်ပါတယ်..။ နောက်ပြီးလူစားလဲမှုတွေ ပြုလုပ်ပြီးလည်း ဖြစ်တာကြောင့် ပင်နယ်တီကန်သွင်းမယ့်သူတွေ ဘယ်သူတွေ ဖြစ်နိုင်မယ်ဆိုတာ စဉ်းစားရင်း ဂိုးပေါက်မှာ အသင့်ဖြစ်နေအောင် စတင်ပြင်ဆင်ရပါပြီ..။ ဒါပေမယ့် အရမ်းကြီး အချိန်ရတာတော့ မဟုတ်ပါဘူး..။
မေး - ချယ်လ်ဆီးအသင်းကိုရောက်ပြီး ခင်ဗျားအကြိုက်ဆုံး ပင်နယ်တီ shoot out ကို ပြောပြနိုင်မလား..?
သိပ်တော့ မသေချာဘူး..။ ဒါပေမယ့် ဗီလာရီးရဲလ် အသင်းကို အနိုင်ရခဲ့တဲ့ ပင်နယ်တီ shoot out ဖြစ်ပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ shoot out ဟာ ကျွန်တော်တို့ကို ဥရောပ စူပါဖလား ရရှိစေခဲ့တာကြောင့် ဖြစ်ပါတယ်..။ ကျွန်တော်တို့ဟာ ဆုဖလားဆွတ်ခူးတာကို နှစ်သက်ကြတာကြောင့် အဲဒီ shoot out ဟာ အကောင်းဆုံး shoot out ဖြစ်ပါလိမ့်မယ်..။
ဒါ့အပြင်အခုအချိန်မှာ ဆုဖလားတစ်လုံး ဆွတ်ခူးနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး..။ ဒ့ါကြောင့်ကျွန်တော့်ရဲ့ ကာကွယ်မှု တစ်ကြိမ်ဟာ ဆုဖလားကို ရရှိနိုင်တယ်ဆိုတဲ့ ခံစားချက်ဟာ သိပ်ကိုကောင်းပါတယ်..။ နောက်ပြီးကျွန်တော့်ရဲ့ ကာကွယ်မှုဟာ ပြိုင်ပွဲနောက်တစ်ဆင့်ကို တက်ရောက်နိုင်တယ်ဆိုတာလည်း စိတ်လှုပ်ရှားဖို့ ကောင်းလှပါတယ်..။ ဒါပေမယ့် ဆုဖလားဆွတ်ခူးနိုင်တယ်ဆိုတာ ကျွန်တော်တို့အတွက် အကောင်းမွန်ဆုံးအရာ၊ အကောင်းမွန်ဆုံး ပျော်ရွှင်မှုလို့ ပြောရမှာပါ..။
မေး - အက်ဒ်ဒွပ် မန်ဒီ ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့ပြီးနောက်ပိုင်း ခင်ဗျားဟာ အစောပိုင်း ကာလတွေကလို သိပ်ပြီးကစားခွင့် မရတော့ပါဘူး…။ အဲဒီလိုအသင်းရဲ့ အပြင်ဘက်ကို ရောက်နေတဲ့ အခြေအနေကနေ လိုအပ်တဲ့အချိန်မှာ အသင်းအတွက် အသင့်ဖြစ်နေအောင် ကိုယ့်ကိုယ်ကို ဘယ်လိုပြင်ဆင်ခဲ့လဲ.. ဆိုတာ ပြောပြနိုင်မလား..?
ကျွန်တော်တို့တွေအတွက် အချိန်အခါမရွေး အမြဲတမ်းအသင့်ဖြစ်နေဖို့ဆိုတာ သိပ်ကိုအရေးကြီးပါတယ်..။ အသင်းအတွက် အမြဲတမ်း အသင့်ရှိနေရမယ်..၊ ကိုယ့်ကိုယ်ကို အမြဲတမ်း အသင့်ရှိနေရပါမယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ရဲ့ အလုပ်သဘောသဘာဝအရကိုက အမြဲတမ်း အသင့်ဖြစ်နေဖို့ လိုအပ်နေတာပဲ မဟုတ်ဘူးလားဗျ.. No..?
လူတိုင်းဟာ ကစားခွင့်ရချင်ပါတယ်..၊ ဒါပေမယ့် ကစားခွင့် မရတဲ့အချိန်မှာ အသင့်ဖြစ်နိုင်ဖို့ဆိုတာ သိပ်ပြီးမလွယ်ကူပါဘူး..။ ဒ့ါကြောင့်နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကို အကောင်းဆုံးအနေအထားမှာ ရှိနေအောင် အမြဲတမ်း တွန်းအားပေး လေ့ကျင့်နေရပါတယ်..။ ကိုယ့်ကိုယ်ကို အမြဲတမ်းအကောင်းမြင်ပြီး နေ့စဉ်ပြုလုပ်နေတဲ့ လေ့ကျင့်ခန်းတွေမှာ တွန်းအားပေး လေ့ကျင့်နေရပါတယ်.။ ဒ့ါကြောင့်တခါတလေမှာ မလွယ်ကူမှန်း သိပေမယ့် စိတ်ပိုင်းဆိုင်ရာအရ မာကျောနေအောင်ပါ ဆင်ခြင်၊ လေ့ကျင့်ရပါတယ်..။
ဒါ့အပြင် ဖလားတွေမှာပဲဖြစ်ဖြစ်၊ တော့တင်ဟမ် နဲ့ လိဂ်ပွဲစဉ်မှာပဲဖြစ်ဖြစ် ကိုယ့်အတွက် အခွင့်အရေး ရလာတဲ့အချိန်မှာ အကောင်းဆုံး လက်စွမ်းကို ပြသနိုင်ရမှာဖြစ်ပြီး မန်နေဂျာအတွက် ဆုံးဖြတ်ရ ခက်ခဲအောင် စွမ်းဆောင်နိုင်ဖို့ လိုအပ်ပါတယ်..။
မေး - တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရိုးသား၊ ပွင့်လင်းမှုရှိဖို့ အရေးကြီးတယ်.. လို့ သောမတ်စ် တူခယ်လ် က ပြောခဲ့ဖူးပါတယ်.။ ဒါ့ကြောင့်ချယ်လ်ဆီးအသင်းလို တောင့်တင်းတဲ့အသင်းကြီးမှာ နေရာတစ်နေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မယ်ဆိုတာ နားလည်ထားဖို့ လိုအပ်လိမ့်မယ်.. ဆိုတဲ့ ပြောကြားချက်ကို သဘောတူလားဗျ..?
ကျွန်တော်တို့အသင်းရဲ့ နေရာတိုင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ အများကြီးရှိနေပါတယ်..။ ကျွန်တော်တို့အသင်းဟာ အင်အားတောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်..။ အသင်းရဲ့ ပွဲစဉ်တိုင်းမှာ ထိပ်တန်းကစားသမားကြီးတွေ ပါဝင်နေသလို အရန်ခုံမှာလည်း ထိပ်တန်းကစားသမားတွေ၊ လက်ရွေးစင်အဆင့် ကစားသမားတွေ အပြည့်ပါပဲ..။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ အဲဒီလို အရည်အသွေးမြင့် ကစားသမားတွေ ရှိနေဖို့ လိုအပ်ပါတယ်..။
ဒါ့အပြင်ဒီနှစ် ဘောလုံးရာသီမှာ ကျွန်တော်တို့ဟာ ပွဲတွေအများကြီး ယှဉ်ပြိုင်ရပါမယ်..။ ဒါ့ကြောင့်အသင်းက ကစားသမားတိုင်းဟာ အခြေအနေတိုင်းအတွက် အသင့်ရှိနေဖို့ လိုအပ်သလို အသင်းသားတိုင်းဆီက အကောင်းဆုံးခြေစွမ်း ပြသနိုင်ဖို့ လိုအပ်နေပါတယ်..။ ဒ့ါကြောင့်လေ့ကျင့်ခန်းတွေမှာ ကစားသမားတိုင်းကို အဆုံးစွန်ထိ မောင်းနှင်နေရသလို ကစားသမားတိုင်းကလည်း တစ်ယောက်နဲ့တစ်ယောက် တွန်းအားပေးနေဖို့ လိုအပ်ပါတယ်..။ ကျွန်တော်တို့ဟာ အခုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံး ဖိအားပေး၊ တွန်းအားပေးနေနိုင်တယ်လို့လည်း ယူဆထားပါတယ်..။
အခုလက်ရှိ အသင်းသားတွေကြားမှာ ဆက်ဆံရေး ကောင်းမွန်နေပါတယ်..။ ဒါပေမယ့် လူတိုင်းဟာ ကစားခွင့် ရချင်တယ်.၊ ကစားသမားတိုင်းဟာ စနေနေ့တိုင်း အသင်းရဲ့ လူစာရင်းမှာ ပါဝင်ချင်နေပေမယ့် မန်နေဂျာရဲ့ ဆုံးဖြတ်ချက်ကို လက်ခံနိုင်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် တွန်းအားပေးနေရင်း ကိုယ့်အတွက် အခွင့်အရေး ရလာတဲ့အချိန်မှာ အကောင်းဆုံးအသုံးချနိုင်ဖို့ကလည်း အရေးကြီးပါတယ်..။
မေး - အသင်းမှာ နေရာမရပေမယ့် အခွင့်အရေး ရလာတဲ့အချိန်မှာ အသင်းအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့တဲ့ ကစားသမားတွေကို အရင်နှစ်မှာရော၊ အခုနှစ်ဘောလုံးရာသီမှာပါ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်..။ ဒါ့ကြောင့်သူ့ဆီမှာ တစ်ဦးတစ်ယောက်ကို ပိုပြီးဦးစားပေးတယ်.. ဆိုတဲ့ အစွဲမျိုးမရှိသလို အခွင့်အရေးကိုသာ ရအောင်ယူနိုင်မယ်ဆိုရင် ကစားသမားတိုင်းအတွက် အခွင့်အရေးဆိုတဲ့ တံခါးဟာ ပွင့်နေဆဲဖြစ်တယ်.. ဆိုတဲ့ သတင်းစကားဟာ ခင်ဗျားတို့အတွက် သတင်းကောင်းလို့ ပြောနိုင်ရဲလားဗျ..?
ကျွန်တော်တို့အသင်းမှာ ထိပ်တန်းကစားသမားတွေ အများကြီးရှိနေတယ်ဆိုတာ သိထားပါတယ်..။ ဒ့ါကြောင့် စနေနေတိုင်းမှာ ကျွန်တော်တို့အတွက် အသင့်ဖြစ်နေဖို့.. ဆိုတဲ့ စိတ်တစ်ခုတည်း ရှိနေပါတယ်..။ ဒါ့အပြင် အသင်းရဲ့ နေရာတိုင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိနေတဲ့အတွက် ကျွန်တော်တို့ဟာ အကောင်းဆုံး အခြေအနေမှာ အမြဲတမ်းရှိနေဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးရင်း အခွင့်အရေးရတဲ့အချိန် မလွတ်တမ်း ဖမ်းဆုတ်နိုင်ဖို့ပဲ ရှိပါတယ်..။
ကျွန်တော်တို့ဟာ မနှစ်က ဘောလုံးရာသီမှာလည်း ရှိတဲ့ကစားသမားတွေရဲ့ အောင်မြင်မှုတွေ ရယူနိုင်စွမ်း ရှိတယ်ဆိုတာ ပြသနိုင်ခဲ့သလို ဒီနှစ်ဘောလုံးရာသီမှာလည်း ဒဏ်ရာပြဿနာတွေကြားကနေ အသင်းဟာ အကောင်းဆုံး စွမ်းဆောင်နိုင်စွမ်း ရှိနေတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ဘောလုံးရာသီ တစ်ရာသီဟာ ကာလအရှည်ကြီး ဖြစ်တာကြောင့် ကစားသမားတိုင်းအတွက် ခြေစွမ်းအတက်အကျဆိုတာ ရှိပါတယ်.။ ဒါ့ကြောင့်ကျွန်တော်တို့ဟာ အမြဲတမ်းအသင့်ဖြစ်နေဖို့ ကိုယ့်ကိုယ်ကို အကောင်းဆုံး ပြင်ဆင်ထားရပါမယ်..။
ကျွန်တော်တို့အသင်းမှာ ထိပ်တန်းကစားသမားတွေ အများကြီးရှိနေသလို ပွဲတွေလည်း အများကြီးယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ ပန်းဝင်မယ့် နောက်ဆုံးလတွေမှာ ကစားသမားတိုင်းဟာ အကောင်းဆုံးခြေစွမ်းမှာ ရှိနေရပါမယ်..။
မေး - ဒီနှစ်ဘောလုံးရာသီမှာ ခင်ဗျားကစားခွင့်ရခဲ့တဲ့ ပွဲစဉ်တိုင်းမှာ မန်နေဂျာနဲ့ အသင်းဖော်တွေရဲ့ ချီးကျူးမှုတွေ အများကြီးရရှိခဲ့ပါတယ်..။ အဲဒီလိုချီးကျူးခံရမှုတွေဟာ ခင်ဗျားအတွက် ကျေနပ်စရာ ဖြစ်ခဲ့တယ် မဟုတ်ဘူးလားဗျ…?
မှန်ပါတယ်..။ ကိုယ့်ရဲ့အသင်းဖော်တွေနဲ့ မန်နေဂျာဆီက အဲဒီလိုချီးမွမ်းပြောဆိုမှုတွေခံရတာ အထူးကျေနပ်ဖို့ ကောင်းပါတယ်..။ သူတို့ရဲ့ အသိအမှတ်ပြု ချီးကျူးမှုတွေဟာ ကျွန်တော့်အတွက် ဆက်လက်ကြိုးစား၊ အားထုတ်ဖို့ တွန်းအားတွေ ဖြစ်စေသလို ကစားခွင့်မရတဲ့အချိန်မှာလည်း အကောင်းမြင်စိတ်နဲ့ အသင်းအတွက် အကောင်းဆုံး ဘယ်လိုပံ့ပိုးနိုင်မလဲဆိုတာ အမြဲတမ်းစဉ်းစားနိုင်ခဲ့ပါတယ်..။ ကျွန်တော်တို့အနေနဲ့ ဆန္ဒရှိသလောက် ကစားခွင့်မရပေမယ့် အသင်းအတွက် အကောင်းဆုံးကူညီ ပေးနိုင်ရမယ်ဆိုတဲ့စိတ် ရှိနေဖို့က အရေးကြီးပါတယ်..။ ဒါ့ကြောင့်ကျွန်တော်ဟာ ကိုယ့်ရဲ့အကောင်းဆုံးအနေအထားမှာ ရှိနေအောင် အမြဲတမ်းကြိုးစား၊ အားထုတ်နေရင်း ကျွန်တော့်လို ကစားခွင့်မရတဲ့ အသင်းဖော်တွေကိုလည်း အစွမ်းကုန် ကြိုးစားလေ့ကျင့်ဖို့ တွန်းအားပေးနေရပါတယ်..။
မေး - ခင်ဗျားဟာ ပြင်ပက ချီးကျူးမှုတွေလည်း ရရှိနေတာ တွေ့မိပါတယ်…။ အင်္ဂလန်ဂိုးသမားဟောင်း ဒေးဗစ် ဂျိမ်းစ် က ခင်ဗျားဟာ ပရီးမီးယားလိဂ်မှာ အလျှင်မြန်ဆုံး ဂိုးသမားလို့ ပြောဆို၊ ချီးမွမ်းသွားခဲ့တယ်နော..
သူဟာကျွန်တော့်အကြောင်း ပြောတယ်ဆိုတာ သိပါတယ်..။ ဒါပေမယ့် အဲဒီလိုသူပြောလိုက်တာကို မသိလိုက်ဘူးဗျ..။ သူပြောခဲ့တဲ့အချက်ကို ကျွန်တော်သဘောတူပါတယ်..။ လျှင်မြန်မှုဟာ ကျွန်တော့်ရဲ့ အားသာချက်တစ်ခု ဖြစ်နိုင်ပါတယ်..။ ကျွန်တော်ဟာ တုံ့ပြန်မှုလျှင်မြန်တယ်..၊ ဂိုးစည်းပေါ်မှာ လှုပ်ရှားမှု မြန်ဆန်ပါတယ်..။ အဲဒီမြန်ဆန်မှုကြောင့်ပဲ ကျွန်တော်ဟာ အကောင်းဆုံးလက်စွမ်းကို ရရှိနိုင်တာ ဖြစ်ပါမယ်..။
ဒါပေမယ့် ပရီးမီးယားလိဂ်က တခြားဂိုးသမားတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုနေမလဲ.. ကျွန်တော်မသိပါဘူး..။ အသင်းတိုင်းက ဂိုးသမားတိုင်းမှာ ထူးခြားတဲ့ အရည်အသွေးကိုယ်စီ ရှိကြပါတယ်..။ ဒ့ါကြောင့်ခင်ဗျားဟာ အရပ်အမောင်း နှစ်မီတာလောက် ရှည်မယ်ဆိုရင် ပီတာ ချက် လို ဂိုးသမားမျိုး ဖြစ်နိုင်သလို (၁.၈၈) မီတာလောက်ပဲ အရပ်အမောင်း ရှိမယ်ဆိုရင် ကျွန်တော့်လို ဂိုးသမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်..။ တစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံပေါ်မူတည်ပြီး ဂိုးပေါက်မှာ ကာကွယ်ပုံ ခြားနားသွားနိုင်ပါတယ်..။
တစ်ချို့ဂိုးသမားတွေဟာ လျှင်မြန်မှုအပိုင်းကို အားထားမယ်..၊ တစ်ချို့ကတော့ ခြေထောက်နဲ့ ကစားရာမှာ..၊ ဘောလုံးအထိန်းအသိမ်း၊ ပေးပို့ရာမှာ ကောင်းမွန်ပါမယ်..။ တစ်ချို့ဂိုးသမားတွေကတော့ ဆုံးဖြတ်ချက် အရမ်းရဲရင့်ပါတယ်..။ ဂိုးသမားတိုင်းဟာ ကိုယ့်ရဲ့အကောင်းဆုံး အရည်အချင်းကို အသင်းအတွက် လက်နက်ကောင်းတစ်ခု ဖြစ်လာအောင် ပံ့ပိုးပေးနိုင်ဖို့ လိုအပ်ပါတယ်..။ ဒ့ါကြောင့်ကျွန်တော်တို့ဟာ ကိုယ့်ရဲ့အရည်အသွေးကို ပြသပြီး အသင်းအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်ဖို့ လိုအပ်ပါတယ်..။