feature-image

အစွမ်းကုန် တောက်ပနေဆဲ ‘ရိစ် ဂျိမ်း’ နှင့် ယခုနှစ်ဘောလုံးရာသီ၏ အမြင့်ပျံ Full Backs များ..

အိုလေ ဂန်းနား ဆိုးလ်ရှား မှာ မုန်တိုင်းထန်ခဲ့သည့် မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဘ၀ နောက်ဆုံးနေ့ရက်များအတွင်း အသင်းကောင်းများနှင့် ရင်ဆိုင်ခဲ့ရသည့် ပွဲစဉ်များတွင် ‘သုံးယောက်တန်း ခံစစ်ကြောင်း (Three Back System)’ကို ပြောင်းလဲပြီး ယိုင်နဲ့နေသော ခံစစ်ကြောင်းကို မြှင့်တင်နိုင်အောင် ကြိုးစားခဲ့သည်..။ ဗီလာရီးရဲလ် အသင်းနှင့် ပွဲဦးထွက် တာထွက်ကောင်းခဲ့သည့် မိုက်ကယ် ကားရစ်ခ် မှာလည်း ချယ်လ်ဆီးအသင်းနှင့် ယနေ့ညပွဲစဉ်တွင် သွားလေသူ နည်းပြဟောင်း၏ လမ်းစဉ်အတိုင်း ဆက်လက် လိုက်ပါဦးမလား..? ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်..။

ယခုနှစ်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းမှာ သုံးယောက်တန်း ခံစစ်ကြောင်းကို သုံးစွဲခဲ့သည့် ပြိုင်ဘက်အသင်း ငါးသင်းနှင့် ရင်ဆိုင်ခဲ့ရပြီး သွင်းဂိုး (၁၇) ဂိုး၊ ပေးဂိုးခွင့်ပြုခဲ့ရခြင်း မရှိခဲ့ပေ..။ အဆိုပါပွဲစဉ်များတွင် ပြိုင်ဘက်အသင်းများမှာ ချယ်လ်ဆီးအသင်း ခံစစ်ကစားသမားများနှင့် တစ်ဦးချင်းရင်ဆိုင်ရန် ဆိုသည့် အစီအမံဖြင့် ချဉ်းကပ်ခဲ့ခြင်း ဖြစ်သော်လည်း အပြာရောင်တို့ ပြသခဲ့သည့် အရည်အသွေး၊ အာရုံစူးစိုက်မှု၊ လုပ်အားနှုန်း၊ အတွေ့အကြုံနှင့် အချိတ်အဆက် ကောင်းမွန်မှုများကို မယှဉ်နိုင်ခဲ့ပေ..။ ထို့အပြင် အန်ဂိုလို ကန်တေး၊ ဂျော်ဂင်ဟို နှင့် မတ်တီယို ကိုဗာဆစ် တို့လို ကွင်းလယ် ကစားသမားများ၏ မာကျော၊ ကျစ်လျစ်မှုကလည်း ခိုင်မာနေပြီးသား ခံစစ်ကြောင်းကို ပိုမိုတောင့်တင်းလာအောင် တစ်ဘက်တစ်လမ်းမှ ပံ့ပိုးခဲ့ပြန်ပါသည်..။

သို့သော်လည်း ကြယ်ပွင့်အပေါင်းနှင့် ခညောင်းနေသည့် လက်ရှိအမြင့်ပျံ ချယ်လ်ဆီးအသင်းတွင် တိုက်စစ်မှူး ရိုမီလူ လူကာကူ နှင့် တီမို ဗာနာ တို့ မပါဝင်နိုင်ခဲ့သည့် ကာလအတွင်း အတောက်ပဆုံး ခြေစွမ်းပြနိုင်ပြီး အသင်းကို မောင်းနှင်ပေးခဲ့သူတွေကတော့ ဘယ်တောင်ပံ၊ ညာတောင်ပံ ‘Wing Backs’ များပဲ ဖြစ်ခဲ့သည်..။



Full Backs တို့၏ အမြင့်ပျံနှစ်..

အတောက်ပဆုံးနှင့် အကောင်းဆုံး ခြေစွမ်းကို ပြသနေသည့် မိုဟာမက် ဆာလာ ကို ခေတ္တဖယ်ထား လိုက်မည်ဆိုလျှင် ယခုနှစ်ဘောလုံးရာသီမှာ ‘Full Backs များ တာစားနေသည့် ခုနှစ်’ များ ဖြစ်လာမလား.. ထင်မှတ်စရာ ရှိနေခဲ့သည်..။ ထရန့် အလက်ဇန်းဒါး အာနိုးလ် မှာ မို ဆာလာ ပြီးလျှင် လီဗာပူးလ် အသင်း၏ အတောက်ပဆုံး ကစားသမား ဖြစ်နေသလို မန်ချက်စတာ စီးတီးအသင်းကို ကြည့်မည်ဆိုလျှင်လည်း ဂျာအို ကန်ဆယ်လို မှာ ကီဗင် ဒီ ဘရိုင်း ၏ ဂိုးဖန်တီးမှု တာဝန်များကို အကောင်းဆုံး ထမ်းရွက်ထားနိုင်သည်ကို တွေ့နိုင်ပေလိမ့်မည်..။

လက်ရှိပရီးမီးယားလိဂ်၏ (ယခုအပါတ် ပွဲစဉ်များမတိုင်မီ အချက်အလက်များအရ) ဂိုးကန်သွင်းမှု (shots) နှင့် အခွင့်အရေး ဖန်တီးပေးနိုင်မှု (chances created) အများဆုံး ပြုလုပ်ပေးနိုင်သည့် နောက်တန်းခံစစ် ကစားသမားများကို ကြည့်မည်ဆိုလျှင် ထရန့် အလက်ဇန်းဒါး အာနိုးလ် က shots အကြိမ် (၂၀)၊ chances created အကြိမ် (၃၄) ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ကန်ဆယ်လို က ဂိုးကန်သွင်းမှု (၂၇) ကြိမ်၊ အခွင့်အရေး ဖန်တီးပေးနိုင်မှု (၁၂) ကြိမ်ဖြင့် ဒုတိယနေရာတွင် ရှိနေခဲ့သည်..။ သို့သော် သူတို့နှစ်ဦးစလုံးမှာ ‘အမှန်တကယ် ဂိုးရရှိ/ဂိုးဖန်တီး ပေးနိုင်မှု (direct goals involvement) အပိုင်းတွင် ‘ရိစ် ဂျိမ်းစ်’ ကို မမှီခဲ့ပေ..။ ယခုနှစ် ဘောလုံးရာသီတွင် အပြာရောင် လူငယ်အကယ်ဒမီ ညာနောက်ခံလူမှာ (၄) ဂိုးသွင်း၊ (၄) ဂိုး ဖန်တီးပေးထားပြီး direct goals involvement အပိုင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေသလို ဂိုးကန်သွင်းမှု (၁၂) ကြိမ်၊ အခွင့်အရေး ဖန်တီးပေးနိုင်မှု (၁၇) ကြိမ် ပြုလုပ်ပေးထားခဲ့သည်..။

ထို့အပြင် ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီတွင် နှစ်ဂိုးနှင့်အထက် ဂိုးရရှိထားသည့် နောက်ခံလူ (၆) ဦး ရှိထားရာ (ယခုအပါတ် ပွဲစဉ်များမတိုင်မီ အချက်အလက်များအရ) ချယ်လ်ဆီးအသင်းမှ (၄) ဦးပါဝင်နေပြီး အဆိုပါလေးယောက်ထဲတွင် ‘ရိစ် ဂျိမ်းစ်’ နှင့် ‘ဘင် ချီးဝဲလ်’ တို့ ပါဝင်လျှက်ရှိသည်..။ သွင်းဂိုး (၃) ဂိုးနှင့်အထက် ရရှိထားသည့် နောက်ခံလူ ကစားသမားများ စာရင်းတွင်တော့ သူတို့နှစ်ဦးထဲသာ ပြတ်ပြတ်သားသား ဦးဆောင်၊ ပါဝင်လျှက်ရှိပါသည်…။ တကယ်တမ်းတော့ ဘင် ချီးဝဲလ် နှင့် ရိစ် ဂျိမ်းစ် တို့နှစ်ဦးမှာ အသင်း၏ ဘယ်၊ ညာတောင်ပံများတွင် အတူတကွ ပါဝင်ကစားခွင့် ရခဲ့သည်မှာ လေးပွဲသာ ရှိနေခဲ့သေးသည်..။ သို့သော် ဘင် ချီးဝဲလ် မှာ ဂျူဗင်တပ်စ် အသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် အချိန်အတော်ကြာ အနားယူရမည့် အလားအလာနှင့် ကြုံတွေ့လျှက် ရှိနေပါသည်..။



“ဘင် ချီးဝဲလ် ဟာ ရိစ် ဂျိမ်းစ် ရဲ့ တစ်ဘက်တစ်ချက်ကနေ အခုလိုအကောင်းဆုံးခြေစွမ်း ပြသနေတဲ့အချိန် ကြီးမားတဲ့ ဒဏ်ရာရရှိခဲ့တဲ့အပေါ် ကျွန်တော်အင်မတန် စိုးရိမ်မိသလို စိတ်မကောင်းလည်း ဖြစ်မိပါတယ်..။ သူတို့နှစ်ယောက်စလုံးဟာ အရမ်းကိုမာကျော၊ ကျစ်လျစ်ကြသလို အရည်အသွေးပိုင်း၊ ယုံကြည်မှုအပိုင်းနဲ့ ခြေစွမ်းပိုင်းတွေမှာပါ အပြစ်ပြောစရာ မရှိတဲ့ အနေအထားပါ” ဟူ၍ နည်းပြ သောမတ်စ် တူခယ်လ် က ဘင် ချီးဝဲလ် ၏ ဒဏ်ရာအနေအထားအပေါ် မှတ်ချက်ပေးခဲ့ပါသည်..။

သို့သော်လည်း နည်းပြကြီးမှာ အဆိုပါဒဏ်ရာ အနေအထားအပေါ် ပြောသလောက်ရော စိုးရိမ်ရဲ့လား..? ထင်မှတ်စရာ ရှိပါသည်..။ ချီးဝဲလ် ၏ နေရာကို တိုက်ရိုက်အစားထိုးနိုင်သည့် ‘မားကို့စ် အလွန်ဆို’ မှာ မနှစ်ဘောလုံးရာသီအတွင်း ဂိုးကန်သွင်း/အခွင့်အရေး ဖန်တီးမှု စုစုပေါင်း (၂၃) ကြိမ် ပြုလုပ်ထားနိုင်ပြီး ဖြစ်သလို ၂၀၁၆/၁၇ ဘောလုံးရာသီတွင် (၆) ဂိုး၊ ၂၀၁၇/၁၈ ဘောလုံးရာသီတွင် (၇) ဂိုးသွင်းယူပြီး အဆိုပါ ဘောလုံးရာသီများတွင် ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံး ရရှိခဲ့သည့် နောက်တန်းကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီးဖြစ်သည်..။

မားကို့စ် အလွန်ဆို မှာ ၂၀၁၆ ခုနှစ်က နည်းပြ အန်တိုနီယို ကွန်တီ ၃- ၄- ၃ ကစားကွက်ကို ပြောင်းလဲသုံးစွဲရာတွင် အကျိုးအရှိခဲ့ဆုံး ကစားသမားများထဲတွင် ပါဝင်ခဲ့သည်..။ ထို့အပြင် စပိန်လက်ရွေးစင် ဘယ်နောက်ခံလူမှာ ဖရန့် လမ်းပတ် လက်ထက်တွင် (၂၂၅) မိနစ်သာ ကစားခွင့် ရခဲ့သော်လည်း နည်းပြတူခယ်လ် တာဝန်ယူပြီးနောက်ပိုင်း ကစားချိန် (၇၃၄) မိနစ် ရရှိထားခဲ့ပြီးဖြစ်သည်..။

နည်းပြအန်တိုနီယို ကွန်တီ နှင့်သောမတ်စ် တူခယ်လ် တို့မှာ ‘Wing Backs’ များကို အားကိုးသည့် ၃- ၄- ၃ ကစားကွက် သုံးစွဲရာတွင် တူညီမှုရှိသော်လည်း အီတလီနည်းပြကြီးမှာ သူ၏ ‘Wing Backs’ များကို အီဒင် ဟာဇက်၊ ဒီယေဂို ကော်စတာ တို့အား ပံ့ပိုးရန် သုံးစွဲခဲ့သည်..။ ဂျာမန်နည်းပြကြီးမှာ သူ၏ ‘Wing Backs’ များကို အသင်း၏အဓိက တိုက်စစ်လမ်းကြောင်းများအဖြစ် ပုံဖော်၊ ဖန်တီးခဲ့သည်..။ ထို့ကြောင့် တူခယ်လ် ၏ ကစားကွက်တွင် ဂျိမ်းစ် နှင့် ချီးဝဲလ် တို့မှာ wingers များအဖြစ် နေရာယူကစားပြီး ကန်တေး၊ ဂျော်ဂင်ဟို၊ အန်တိုနီယို ရူဒီဂါ နှင့် ခံစစ်ကြောင်းကို စီမံခန့်ခွဲနေသည့် သီယာဂို ဆေးလ်ဗား တို့က ဂျိမ်းစ် နှင့် ချီးဝဲလ် တို့ တိုက်စစ်အစွမ်းကုန် လိုက်ပါနိုင်အောင် အကောင်းဆုံး ဖြည့်စွက်၊ ကစားပေးခဲ့ကြသည်..။



ထို့ကြောင့် အချက်အလက်များအရ ကြည့်မည်ဆိုလျှင် ပရီးမီးယားလိဂ်၏ မိနစ်ပေါင်း (၅၀၀) ကျော် ကစားခဲ့ပြီးသည့် နောက်ခံလူများအနက် ‘ပြိုင်ဘက်အသင်း၏ ဂိုးဧရိယာထဲတွင် ဘောလုံးထိချက်အများဆုံး’ ရရှိခဲ့သည့် (touches in opposition box)’ နောက်ခံလူများစာရင်းတွင် ဘင် ချီးဝဲလ် (ထိချက်စုစုပေါင်း၏ ၅.၉%) နှင့် ရိစ် ဂျိမ်းစ် (ထိချက်စုစုပေါင်း၏ ၅.၆%) တို့မှာ ထိပ်ဆုံးက ပါဝင်နေခဲ့သည်..။

တိုက်စစ်ပိုင်း ပံ့ပိုးမှု ထိရောက်မှုကို ဆန်းစစ်သည့် အချက်အလက်ဖြစ်သည့် ‘ပြိုင်ဘက်အသင်းဘက်သို့ ကန်သွင်းနိုင်ခဲ့သည့် တွဲလုံးများတွင် ပါဝင်နိုင်မှု (involvements in shot-ending open-play sequences)’ အပိုင်းတွင် ရိစ် ဂျိမ်းစ် မှာ တစ်ပွဲလျှင် ပျမ်းမျှ (၇.၀၆) ကြိမ် ဖြင့် ဂျက်ခ် ဂရေးလစ်ခ်ျ (၇.၉၉ ကြိမ်) နှင့် မိုဟာမက် ဆာလာ (၇.၆၇ ကြိမ်) တို့ပြီးလျှင် တတိယနေရာ ရောက်ရှိနေခဲ့သည်..။ ဘယ်တောင်ပံမှ ဘင် ချီးဝဲလ် နှင့် မားကို့စ် အလွန်ဆို တို့၏ involvements in shot-ending open-play sequences အချက်အလက်များမှာ (၆.၅၀) ကြိမ်  နှင့် (၆.၀၄) ကြိမ် အသီးသီးဖြင့် တိုက်စစ်ပိုင်း ပံ့ပိုးမှုများ ကောင်းမွန်ခဲ့သည်ကို တွေ့နိုင်ပါသည်..။



ပရီးမီးယားလိဂ် ကစားသမားများ၏ ‘ဂိုးရရှိခဲ့သည့် တွဲလုံးများတွင် ပါဝင်နိုင်မှု (involvements in goal-ending open-play sequences)’ အချက်အလက်တွင် ရိစ် ဂျိမ်းစ် မှာ တစ်ပွဲလျှင် ပျမ်းမျှ (၁.၃၁) ကြိမ် ဖြင့် မိုဟာမက် ဆာလာ (၁.၈၃ ကြိမ်) နှင့် ထရန့် အလက်ဇန်းဒါး အာနိုးလ် (၁.၃၄ ကြိမ်) တို့ပြီးလျှင် တတိယနေရာ၌ ရှိနေပြန်ပါသည်..။ ထို့အပြင် အောက်ပါပူးတွဲပုံအရ ရိစ် ဂျိမ်းစ်၊ ဘင် ချီးဝဲလ် နှင့် တို့မှာ ချယ်လ်ဆီးအသင်း၏ တိုက်စစ်ပိုင်း ပံ့ပိုးမှုကို ဦးဆောင် ဖော်ဆောင်နေသည့် ကစားသမားများ ဖြစ်နေကြသည်ကိုလည်း တွေ့နိုင်ပါသည်..။ ထို့ကြောင့် Wing Backs များ၏ တိုက်စစ်ပိုင်း ပံ့ပိုးမှု အခန်းကဏ္ဍမှာ နည်းပြ သောမတ်စ် တူခယ်လ် ၏ ချယ်လ်ဆီးအသင်းတွင် အရေးပါသည့်နေရာမှာ ပါဝင်နေကြောင်း အချက်အလက်များက သက်သေပြသလျှက် ရှိပါသည်..။



ရိစ် ဂျိမ်းစ် နှင့် ပရီးမီးယားလိဂ်၏ အကောင်းဆုံးများ နှိုင်းယှဉ်ကြည့်ခြင်း..

ယခုလက်ရှိအချိန် ပရီးမီးယားလိဂ်၏ အတောက်ပဆုံး Full Backs များဖြစ်နေကြသည့် ဂျိမ်းစ် နှင့် ထရန့် အလက်ဇန်းဒါး အာနိုးလ် တို့နှစ်ဦးအား နှိုင်းယှဉ်မှုများ ကျယ်လောင်လာခြင်းအပေါ် နည်းပြသောမတ်စ် တူခယ်လ် က အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့ပါသည်..။

“ဂျိမ်းစ် ဟာ ကမ္ဘာ့အကောင်းဆုံးလား..? အင်္ဂလန်ရဲ့ အကောင်းဆုံးလား..? ဥရောပရဲ့ အကောင်းဆုံးလား.? ဆိုတဲ့ နှိုင်းယှဉ် ပြောကြားချက်တွေအပေါ် ကျွန်တော်တို့ အချိန်တွေကုန်ပြီး သာယာနေစရာ အကြောင်းမရှိပါဘူး..။ အဲဒီပြောကြားချက်တွေဟာ ကျွန်တော်တို့အတွက် ဘာမှအထောက်အကူ မဖြစ်ပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာဆက်လက် တိုးတက်ဆဲ ကစားသမားတစ်ယောက် ဖြစ်နေတာကြောင့်ပါပဲ..။”

သို့သော်လည်း လက်ရှိအချိန်တွင် ပြသနေသည့် ရိစ် ဂျိမ်းစ် ၏ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် အချက်အလက်များမှာ ပရီးမီးယားလိဂ် တစ်ခုလုံးတွင် ထိပ်ဆုံးမှပြေးနေသည့် မို ဆာလာ၊ ထရန့် အလက်ဇန်းဒါး အာနိုးလ် တို့နှင့် မတိမ်းမယိမ်း ဖြစ်နေသလို ရိစ် ဂျိမ်းစ် မှာ မို ဆာလာ၊ ဆာဒီယို မာနေး တို့လို ထိပ်တန်းတိုက်စစ်မှူးများ မပါဝင်နိုင်သည့် ချယ်လ်ဆီးအသင်း၏ တိုက်စစ်ပိုင်းကို ဦးဆောင်နေနိုင်ခြင်းပဲ ဖြစ်သည်..။

လက်ရှိအချိန်ထိ ချယ်လ်ဆီးအသင်း ရရှိထားသည့် သွင်းဂိုး (၃၀) ထဲတွင် နောက်ခံလူများမှ သွင်းယူထားသည့်ဂိုး (၁၃) ဂိုး ပါဝင်နေပြီး တိုက်စစ်မှူးများမှာ သွင်းဂိုး (၆) ဂိုးနှင့် သွင်းဂိုးစုစုပေါင်း၏ (၂၀%) ရာခိုင်နှုန်းသာ ရရှိထားသေးသည်..။ (မန် စီးတီးအသင်း၏ တိုက်စစ်မှူးများမှာလည်း သွင်းဂိုးစုစုပေါင်း၏ (၁၆%) ရာခိုင်နှုန်းသာ ရရှိထားသည်) ထိုသို့တိုက်စစ်မှူးများမှာ အကြောင်းအမျိုးမျိုးဖြင့် ဂိုးမိုးခေါင်နေချိန်တွင် အခြားကစားသမားများက ဂိုးသွင်းယူပေးသည့် တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်နေပြီး ယခုနှစ်ရာသီ ချယ်လ်ဆီးအသင်းတွင် သွင်းဂိုးရရှိထားသည့် ကစားသမား (၁၅) ဦး (ပရီးမီးယားလိဂ် အချက်အလက်များသာဖြစ်သည်..) ရှိနေခဲ့သည်..။ ထို့အပြင် ကစားသမား (၁၈) ဦးမှာ ကိုယ်တိုင်ဂိုးသွင်း (သို့မဟုတ်) အသင်း၏ သွင်းဂိုးများကို ဖန်တီးပေးနိုင်မှုများတွင် ပါဝင်နိုင်ခဲ့သည်..။ ထိုသို့တစ်သင်းလုံး စွမ်းအားဖြင့် စုပေါင်းညီညာ ရှေ့ဆက်နေသည့် ချယ်လ်ဆီးအသင်းတွင် တစ်ဦးတည်းက (၄) ဂိုးသွင်း၊ (၄) ဂိုးဖန်တီး.. ဆိုသည့် အချက်အလက်မှာ ရိစ် ဂျိမ်းစ် တစ်ယောက်ထဲ ထမ်းပိုးပေးထားသည့် တိုက်စစ်ပိုင်းပံ့ပိုးမှု အနေအထားကို အထင်အရှား ပြသနေခြင်းလည်း ဖြစ်ပါသည်..။



ထို့အပြင် လူကာကူ မပါဝင်နိုင်သည့် ပရီးမီးယားလိဂ် (၄) ပွဲအတွင်း ရိစ် ဂျိမ်းစ် မှာ ချယ်လ်ဆီးအသင်း၏ တိုက်စစ်ပိုင်း ပံ့ပိုးမှုအများဆုံး ပြုလုပ်နိုင်ခဲ့သည့် ကစားသမားအဖြစ် (၃) ဂိုးသွင်း (goals)၊ (၂) ဂိုးဖန်တီး (assists) ပေးနိင်ခဲ့ပြီး အခွင့်အရေး ဖန်တီးပေးနိုင်မှု (chances created) (၁၂) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်..။ ထိုမျှသာမက ချယ်လ်ဆီးအသင်း၏ ‘ပြိုင်ဘက်အသင်းဘက်သို့ ကန်သွင်းနိုင်ခဲ့သည့် တွဲလုံးများတွင် ပါဝင်နိုင်မှု (involvements in shot-ending open-play sequences)’ အချက်အလက် အပိုင်းတွင် ရိစ် ဂျိမ်းစ် မှာ (၃၁) ကြိမ်၊ ဘင် ချီးဝဲလ် မှာ (၂၈) ကြိမ်ဖြင့် ထိပ်ဆုံးမှ အသီးသီး ရပ်တည်နိုင်ခဲ့ပါသည်..။

သို့သော် ဘင် ချီးဝဲလ် မှာ ဒူးဒဏ်ရာကြောင့် သူ၏ခြေစွမ်းကောင်း ရရှိနေမှုနှင့် အကောင်းဆုံးတိုက်စစ် ပံ့ပိုးနိုင်မှုများ ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်..။ သို့သော် ရိစ် ဂျိမ်းစ် မှာ လက်ရှိစွမ်းဆောင်ရည်အတိုင်း ဆက်လက် ချီတက်သွားနိုင်ပါက အသင်း၏သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာမလား..? ထင်မှတ်စရာ ရှိလာခဲ့ပါသည်..။

“ရိုးရိုးသားသား ပြောရမယ်ဆိုရင် အခုလက်ရှိ ပြသနေတဲ့ သူ့ရဲ့ခြေစွမ်းနဲ့ သူ့ဆီရောက်လာတဲ့ ဘောလုံးကို လှလှပပ တစ်ချက်ထိန်းပြီး ကန်လိုက်ကတည်းက ဂိုးဝင်သွားလိမ့်မယ်လို့ ကျွန်တော်ထင်လိုက်ပါတယ်..။ ဒ့ါကြောင့် ကျွန်တော့်အနေနဲ့ လုံးဝအံ့အားသင့်ခဲ့ခြင်း မရှိပါဘူး..။” ဟူ၍ သူ၏အသင်းဖော်ဖြစ်သူ ခရစ်စ်တီယန် ပူလီဆစ် က ဂျူဗင်တပ်စ် အသင်းနှင့်ပွဲတွင် ရရှိခဲ့သည့် ရိစ် ဂျိမ်းစ် ၏ သွင်းဂိုးအပေါ် ချီးကျူးစကား ပြောကြားခဲ့ပါသည်..။


ယခုနောက်ပိုင်းတွင် လူကာကူ နှင့် တိုက်စစ်ကစားသမားများ ပြန်လည်စုံညီလာပြီ ဖြစ်သောကြောင့် ရိစ် ဂျိမ်းစ် မှာ အသင်း၏ သွင်းဂိုးအများဆုံး ရရှိသည့်ကစားသမား ဖြစ်လာနိုင်ရန် အခွင့်အရေး နည်းပါးလာပြီဖြစ်သည်..။ သို့သော် လူငယ်အကယ်ဒမီ ညာနောက်ခံ ကစားသမားမှာ နည်းပြ တူခယ်လ် ၏ နည်းစနစ်ပိုင်း အပြောင်းအလဲတွင် တိုက်စစ်ပိုင်းပံ့ပိုးသည့် အခန်းကဏ္ဍမှ အဓိကတိုက်စစ် အဆုံးအဖြတ်များကို ဖန်တီးပေးနိုင်ခဲ့သူအဖြစ် ပြောင်းလဲလာခဲ့သည်ကို အထင်အရှား တွေ့နိုင်နေပေသည်..။

ယခုနှစ်ရာသီတွင် ရိစ် ဂျိမ်းစ် နှင့် လူကာကူ နှင့် တွဲဖက်ကစားခဲ့သည့် ပွဲစဉ်သုံးပွဲကို ကြည့်မယ်ဆိုပါက အင်္ဂလန်လူငယ် ကစားသမားမှာ အာဆင်နယ် အသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သလို လူကာကူ ၏ ယခုနှစ်ရာသီ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်..။ သို့သော် လီဗာပူးလ် အသင်းနှင့်ပွဲတွင် ထုတ်ပယ်ခံခဲ့ရသလို မန်ချက်စတာ စီးတီးအသင်းနှင့်ပွဲတွင် ချယ်လ်ဆီးအသင်းမှာ ဂိုးကန်သွင်းချက် တစ်ကြိမ်မှ မရရှိခဲ့ပေ…။

သို့သော်အသက် (၂၁) နှစ်အရွယ် ညာနောက်ခံလူမှာ အဆိုပါပွဲစဉ်များနောက်ပိုင်း ချယ်လ်ဆီးအသင်း၏ ရာသီအစပိုင်း ပွဲကျပ်ကာလ လွန်မြောက်ချိန်မှစတင်ပြီး တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းပိုမိုတိုးတက် ကောင်းမွန်လျှက် ရှိနေပါသည်..။ ထို့ကြောင့် အစွမ်းကုန်တောက်ပနေသည့် အင်္ဂလန်လူငယ် ညာနောက်ခံလူ နှင့် ပတ်သက်ပြီး ဘယ်အချိန်ထိ ဆက်လက်တိုးတက်နေဦးမှာလဲ..? အကောင်းဆုံး ညာနောက်ခံလူအဖြစ် ပေါ်ထွက်လာရန် အတိုင်းအဆမရှိ ဆက်လက်တိုးတက် နေဦးမှာလား..? မှန်းဆရန် ခက်ခဲနေပါကြောင်း တင်ဆက်လိုက်ရပါသည်..။

(The Analyst မှ ဆောင်းပါးရှင် Ben Spratt ၏ ‘How Reece James Has Shone in the Year of the Full Back’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)