ချယ်လ်ဆီးအသင်းမှ လူငယ်ကွင်းလယ် ကစားသမား မေဆန် မောင့် မှာ Sky Sports သတင်းဌာနမှ အင်္ဂလန်အသင်း ကွင်းလယ် ကစားသမားဟောင်း ဂျေမီ ရက်ဒ်နပ် နှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းတွင် နည်းပြ သောမတ်စ် တူခယ်လ် နှင့် လက်တွဲရသည့် အတွေ့အကြုံများ အပါအဝင် ကစားသမားဘ၀ ဖြတ်သန်းခဲ့ရသည့် အကြောင်းများ၊ လက်ရှိကစားနေရသည့် ကစားဟန်နှင့် ဆက်လက်တိုးတက်ရန် လိုအပ်သည့် အခြေအနေများကို ယခုလို ပြောပြခဲ့ပါသည်..။
မေး - ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းနဲ့ အခုနှစ်ဘောလုံးရာသီ ဖြတ်သန်းခဲ့ရတဲ့ အနေအထားကို ပြောပြပေးပါလား..?
Yes.. ယေဘူယျအားဖြင့်တော့ ကျွန်တော်တို့ဟာ အခုနှစ်ဘောလုံးရာသီကို အကောင်းမွန်ဆုံး ဖြတ်သန်းနေနိုင်တယ်လို့ပဲ ပြောရမှာပါ...။ မနှစ်ကဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကြီးကို ဆွတ်ခူးခဲ့ပြီးတဲ့နောက်ပိုင်း အခုနှစ်ဘောလုံးရာသီမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးရရှိနိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်..။
ကျွန်တော်တို့ဟာ ရာသီအစ ပထမဆုံးပွဲမှာ ကတည်းက မနှစ်တုန်းက ရရှိခဲ့တဲ့ခြေစွမ်းနဲ့ အရှိန်အဟုန်အတိုင်း ဆက်လက်သယ်ဆောင် သွားချင်ခဲ့ပါတယ်…။ ဒ့ါကြောင့်ကျွန်တော်တို့ဟာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အကောင်းဆုံး ကြိုးစား၊ ဖြတ်ကျော်နိုင်ဖို့၊ ရရှိထားတဲ့ အရှိန်အဟုန်ကောင်းတွေကို တတ်နိုင်သမျှ ဆက်လက်သယ်ဆောင် သွားနိုင်ဖို့ အထူးအာရုံစိုက်၊ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်..။
မေး - အင်းပေါ့.. မင်းတို့ဟာ မနှစ်က ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်တဲ့အတွက် ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ ရည်မှန်းခဲ့ကြမှာပါပဲ…
အဲဒါကတော့ ကျွန်တာ်တို့ရဲ့ အန္တိမရည်မှန်းချက် ဖြစ်တာပေါ့ဗျာ..။ ပရီးမီးယားလိဂ် ဆုဖလားကို ရည်မှန်းပြီး ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်..။ ခင်ဗျားပြောခဲ့သလိုပါပဲ.. မနှစ်က ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အထူးအာရုံစိုက် ရည်မှန်းချက် ထားခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ တခြားဆုဖလားတွေကိုလည်း ရရှိချင်ပေမယ့် ပရီးမီးယားလိဂ်ကတော့ အကြီးမားဆုံး ရည်မှန်းချက်ပါ..။
ကျွန်တော်ဟာ ပရီးမီးယားလိဂ်ကို အရမ်းရရှိချင်ပါတယ်..။ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ဖလားပွဲတစ်ပွဲသာဖြစ်ပြီး ပရီးမီးယားလိဂ်ကတော့ ဘောလုံးရာသီ တစ်ရာသီလုံး ယှဉ်ပြိုင်ရတယ်..၊ အပါတ်စဉ်အပါတ်တိုင်း ပွဲကျပ်တွေ၊ ခက်ခဲတဲ့ ပွဲစဉ်တွေကို ဖြတ်ကျော်ရပါတယ်..။ အခုအချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကျွန်တော်တို့ဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ယုံကြည်နေတုန်းပါပဲ..။ ကျွန်တော်တို့ဟာ ပွဲစဉ်တိုင်းကို အာရုံစူးစိုက်မှုအပြည့် ထားရှိနိုင်ဖို့ လိုအပ်ပါတယ်..။
မေး - ဟုတ်လား..? မင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို အရမ်းလိုချင်တယ်ပေ့ါ…
ဟုတ်တာပေ့ါဗျာ..။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်ချက်စတာ စီးတီး၊ လီဗာပူးလ်၊ မန်ချက်စတာ ယူနိုက်တက် တို့လို အသင်းတွေနဲ့ ယှဉ်ပြိုင်ရတာ ဖြစ်တဲ့အတွက် အမြဲတမ်း ခက်ခဲနေမှာ ဖြစ်သလို သူတို့တွေနဲ့ ရင်ဆိုင်တွေ့ရတဲ့ ပွဲစဉ်တိုင်းဟာ တကယ့်ကို ခက်ခဲလှတဲ့ပွဲစဉ်တွေ ဖြစ်နေမှာပါ...။ ဒါပေမယ့် ပြီးခဲ့တဲ့ International break မတိုင်ခင် ယှဉ်ပြိုင်ခဲ့ရတဲ့ ခုနှစ်ပွဲက ရလဒ်တွေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားခဲ့မယ်..၊ အနိုင်ရအောင် ကစားနိုင်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရောက်ရှိနိုင်တယ်ဆိုတာ တွေ့ရမှာပါ…။ အဲဒီပွဲတွေမှာဆိုရင် ကျွန်တော်တို့ဟာ ‘ပွဲစပွဲဆုံး ကိုယ့်ရဲ့အဆင့်အတန်း၊ ခြေစွမ်းကို လုံးဝမလျော့ကျစေရဘူး..’ ဆိုပြီး အထူးအာရုံစိုက် ကစားနိုင်ခဲ့ကြပါတယ်..။ ဒ့ါကြောင့်ကိုယ့်ရဲ့ခြေစွမ်းနဲ့ အဆင့်အတန်းကို အကောင်းဆုံး.. ဆိုတဲ့ အဆင့်ကနေ လုံးဝမလျော့ကျရအောင် ထိန်းထားပြီး ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကို အနိုင်ရနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားရမှာ ဖြစ်ပါတယ်..။
မေး - ဒါဆိုရင် ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့ခြင်းဟာ မင်းတို့ရဲ့စိတ်ထဲမှာ ကျန်တဲ့ဆုဖလားကြီးတွေကိုရော ဆွတ်ခူးနိုင်စွမ်း ရှိတယ်ဆိုတဲ့ ယုံကြည်မှုကို ဖြစ်ထွန်းစေခဲ့တယ်လို့ ပြောနိုင်တာပေ့ါ..
သေချာတာပေ့ါဗျာ…။ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပြီးတဲ့နောက်ပိုင်း အသင်းသားတွေရဲ့ စိတ်ထဲမှာ နောက်ထပ်ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိနိုင်တယ်ဆိုတဲ့ ယုံကြည်မှု ရှိလာခဲ့ပါတယ်..။ ဒါ့အပြင်သောမတ်စ် တူခယ်လ် တာဝန်ယူခဲ့ပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့အသင်းဟာ စုစည်းမှု ကောင်းမွန်တယ်..၊ ရိုကျိုး၊ နှိမ့်ချတတ်တယ်..၊ ကြိုးစားအားထုတ်မှု အရမ်းကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့သလို ကျွန်တော်တို့အားလုံး တစ်ယောက်နဲ့တစ်ယောက် အင်မတန်မှ ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား ဆက်ဆံကြပါတယ်..။
ကျွန်တော်တို့အသင်းရဲ့ ကစားပုံကို ကြည့်မယ်ဆိုရင် ရိုးရိုးရှင်းရှင်းပဲ ကစားကြတာကို တွေ့ရမှာပါ..။ ခက်ခဲတဲ့ စွန့်စားမှုတွေကို ကျွန်တော်တို့ မပြုလုပ်ကြပါဘူး..။ ကျွန်တော်တို့ဟာ ထပ်ခါထပ်ခါ လေ့ကျင့်ကြတယ်..၊ ထပ်ခါထပ်ခါ ကြိုးစားအားထုတ်ကြတယ်..၊ အဲဒီလို မလျော့တဲ့ ဇွဲ၊ လုံ့လ၊ အားထုတ်မှုတွေနဲ့ ကျွန်တော်တို့ ရရှိရမယ့် အဆင့်အတန်းကို သတ်မှတ်ကြပါတယ်..။
မေး - ဒါဆိုရင် နည်းပြသောမတ်စ် တူခယ်လ် နဲ့ လက်တွဲရတာ ဘယ်လိုနေလဲ..?
သူ့ရဲ့လက်အောက်မှာ ကစားရတာ သိပ်ကိုကောင်းပါတယ်..။ ပွဲကစားရတော့မယ့်အချိန်၊ ဒါမှမဟုတ် ပွဲကစားနေတဲ့အချိန်တွေမှာ သူဟာအရမ်းကို ပြင်းပြင်းထန်ထန် အာရုံစူးစိုက်ထားလေ့ ရှိပေမယ့် ကွင်းပြင်ပမှာတော့ အရမ်းကိုလွတ်လပ်ပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ ဒ့ါကြောင့် သူနဲ့နွေးနွေးထွေးထွေး ပြောဆို၊ ဆက်ဆံနိုင်သလို ကျွန်တော်တို့ကို အပြည့်အ၀ နားလည်ပေးနိုင်တဲ့သူလည်း ဖြစ်ပါတယ်..။
ကျွန်တော်တို့ ကစားသမားတွေနဲ့ နည်းပြကြားမှာ ဆက်ဆံရေး အင်မတန် ကောင်းမွန်ပေမယ့် ကိုယ့်ရဲ့စွမ်းဆောင်ရည် မကောင်းဘူးဆိုရင် သူကချက်ချင်း ပြောပါတယ်..။ ဒါဟာသူနဲ့ ကျွန်တော်တို့ရဲ့ကြားက အနိမ့်ဆုံးရှိနေရမယ့် လိုအပ်ချက်ဖြစ်ပြီး ကြုံလာခဲ့တဲ့ အခြေအနေတွေအပေါ်မှာ စုစုစည်းစည်းနဲ့ ကျော်ဖြတ်နေကြပါတယ်..။ ကျွန်တော်တို့ဟာ အကောင်းဆုံးခြေစွမ်းမှာ အမြဲတမ်းရှိနေရပါမယ်..၊ ကိုယ့်ရဲ့အမြင့်ဆုံး စွမ်းဆောင်ရည်မှာ ရှိနေရမယ်ဆိုတဲ့ သတ်မှတ်ချက်အတိုင်း ဆက်လက်ရှေ့ဆက်နေတာကြောင့် လေ့ကျင့်ကွင်း အစီအစဉ်တွေဆိုတာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေခဲ့ပါတယ်..။
သူဟာ ကိုယ်နဲ့ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်အသင်းအကြောင်း ကြိုတင်လေ့လာဖို့ ပွဲမကန်ခင် ရက်နည်းနည်းကြိုပြီး စီစဉ်ပေးပါတယ်..။ ဒါပေမယ့် များသောအားဖြင့် ကိုယ့်ရဲ့စွမ်းဆောင်ရည်၊ ကြံ့ခိုင်မှု အနေအထားတွေ အပေါ်မှာပဲ အာရုံစိုက်လေ့ရှိပါတယ်..။ ကျွန်တော်တို့ဟာ အသင်းလိုက် နားလည်မှု၊ စုစည်းမှုအပြည့်နဲ့ ရိုးရိုးရှင်းရှင်း ကစားသွားမယ်ဆိုရင် အခွင့်အရေးတွေ ဖန်တီးနိုင်မယ်..၊ နေရာလွတ်တွေကို ဖန်တီးနိုင်လိမ့်မယ်ဆိုတာ သိထားပါတယ်..။
အခုနောက်ပိုင်း ပွဲစဉ်တွေမှာ ခံစစ်ပိုင်းစွမ်းဆောင်ရည် အပြောင်းအလဲတွေ ဖြစ်ခဲ့ပေမယ့် ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ ပြိုင်ဘက်အသင်းတွေကို အခွင့်အရေးအများကြီး ခွင့်ပြုရလေ့ မရှိပါဘူး..။ ကျွန်တော်တို့အားလုံးဟာ ခံစစ်ပိုင်းကို တိုက်စစ်ကစားသမားတွေကနေ စတင်လေ့ရှိပြီး ကျွန်တော်တို့ တိုက်စစ်ပိုင်း ကစားသမားတွေဟာ ဖိအားပေး ကစားရမယ့် (pressing) အနေအထား၊ ရွှေ့လျားမှုတွေနဲ့ pressing ရဲ့ အရှိန်ကို နောက်တန်းခံစစ်ကလူတွေနဲ့ ပေါင်းစပ်ပြီး ထိန်းညှိရပါတယ်..။ နောက်ပြီးသောမတ်စ် တူခယ်လ် ဟာ အသင်းရဲ့ ကစားကွက်ကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး full backs တွေကို pressing လုပ်ရတဲ့အခါတိုင်း တောင်ပံတွေကို လိုက်လံပိတ်ဆို့၊ ဖိအားပေးဖို့ တာဝန်ပေးခဲ့ပါတယ်..။ အဲဒီလိုတာဝန်ယူပုံ အပြောင်းအလဲကြောင့် ကျွန်တော်တို့ တာဝန်ယူရတဲ့ ပုံစံတွေ ပြောင်းလဲခဲ့သလို ခံစစ်ပိုင်း အထောက်အကူ ပေးနိုင်မှု အပိုင်းမှာပါ အများကြီးတိုးတက်လာခဲ့ပါတယ်…။
မေး - မင်းဟာ Pressing ကစာရတာကို သဘောကျတဲ့ပုံပဲ…
‘မင်းဟာ ဇိမ်ခံကား No. 10 လူပေါ်ကျော့ မဖြစ်စေနဲ့၊ ဘောလုံးကစားတာ ကောင်းသလို တခြားကဏ္ဍတွေဖြစ်တဲ့ ခံစစ်ကူညီတဲ့ အပိုင်းတွေမှာလည်း ကောင်းမွန်ရမယ်..၊ ဆုံးသွားတဲ့ ဘောလုံးတွေကို ပြန်လိုက်ရမှာလည်း ကောင်းမွန်ရမယ်..၊ ဘောလုံးကို မရမက ပြန်ပြီးအရယူနိုင်ရမယ်..’ လို့ ကျွန်တော့်အဖေ အမြဲတမ်း ပြောဖူးပါတယ်..။ ကျွန်တော်ဟာ ‘No.8’ နေရာက ကစားရတဲ့အခါတိုင်း ကျွန်တော်အင်မတန် အားကျခဲ့ရတဲ့ ဖရန့် လမ်းပတ် အတိုင်း ဂိုးဧရိယာထဲထိ လိုက်ပါပြီး ဂိုးသွင်းယူနိုင်မယ့် နေရာတွေမှာ ရောက်ရှိနေအောင် ကြိုးစားခဲ့ပါတယ်..။
ကျွန်တော်ဟာ ငယ်ငယ်ကတည်းက ဖရန့် ရဲ့ ကစားဟန်တွေကို အမြဲတမ်းလေ့လာပြီး အတုယူခဲ့ပေမယ့် ကိုယ့်ရဲ့ခြေထဲ ဘောလုံးမရှိတဲ့ အချိန်တွေမှာ ခံစစ်ကိုချက်ချင်းဆင်းတယ်..၊ ဘောလုံးကို မရမကလိုက်လုပြီး အသင်းအတွက် အစွမ်းကုန် ကြိုးစားပေးလေ့ ရှိပါတယ်..။
မေး - ဒါဆိုရင် အခုလက်ရှိ ဘောလုံးလောကမှာ ဇိမ်ခံကား No. 10 (Luxury No.10) တွေရဲ့ အခန်းကဏ္ဍ၊ သူတို့အတွက် နေရာမရှိတော့ဘူးလို့ ဆိုလိုချင်တာလား..?
အခုဆိုရင် အသင်းတွေမှာ တကယ့်ကွင်းလယ် ဖန်တီးရှင်စစ်စစ် ‘No.10’ တွေကို သိပ်မတွေ့ရတော့ပါဘူး..။ ဒ့ါကြောင့်အခုခေတ်မှာ ဘယ်လိုကစားကွက် ပုံစံတွေမှာပဲဖြစ်ဖြစ် ကစားသမားတွေဟာ နေရာစုံ ကစားနိုင်ရမယ်.. (versatile) ပြောင်းလွယ်ပြင်လွယ် ဖြစ်ဖို့လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်..။ ကျွန်တော်ဆိုရင် False 9 လည်း ကစားဖူးတယ်..၊ တောင်ပံ ကစားသမား.. No. 8.. Double Pivot မှာ ကွင်းလယ်ကစားသမား.. စသဖြင့် နေရာစုံ ကစားခဲ့ရပါတယ်..။
မေး - မင်းအကြိုက်ဆုံး နေရာက…
No. 8 နေရာပါ..။ အဲဒီနေရာမှာက တိုက်စစ်ကို အကောင်းဆုံး လိုက်ပါနိုင်သလို ခံစစ်ပိုင်းမှာလည်း မလစ်ဟင်းပါဘူး..။ ကျွန်တော်ဟာ တောင်ပံတွေကို ပိုပြီးတာဝန်ယူရတဲ့ No.10 နေရာမှာ ကစားနေရပေမယ့် နေရာစုံ ကစားနိုင်တဲ့ ကစားသမား တစ်ယောက် ဖြစ်တာကြောင့် နည်းပြတာဝန် ပေးအပ်တဲ့ တခြားနေရာတွေကလည်း အသင်းအတွက် အကောင်းဆုံး အကူအညီ ပေးနိုင်ပါတယ်..။
မေး - မင်းအနေနဲ့ ဘယ်နေရာတွေမှာ ပိုပြီးတိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ထင်မိလဲ..?
အခုထက်ပိုပြီး ဂိုးတွေသွင်းပေးနိင်၊ ဂိုးတွေဖန်တီးပေးနိုင်ဦးမယ်..၊ တိုက်စစ်ပိုင်းမှာ အခုထက်ပိုပြီး ခြိမ်းခြောက်မှု ပေးနိုင်ဦးမယ်လို့ ထင်ပါတယ်..။ ဒ့ါကြောင့်ကျွန်တော်ဟာ ဂိုးသွင်းလေ့ကျင့်ခန်းတွေကို အမြဲဦးစားပေး လေ့ကျင့်သလို နည်းပြ ဂျိုး အက်ဒ်ဝဒ် ကလည်း ဂိုးဧရိယာထဲကို ဘယ်လိုပုံစံနဲ့ ထိထိရောက်ရောက် ပြေးဝင်နိုင်မယ်..၊ ဂိုးသွင်းနိုင်မယ့် နေရာတွေကို ဘယ်လိုရောက်ရှိအောင် ကြိုးစားရမယ် ဆိုတာကို ကြပ်ကြပ်မတ်မတ် လေ့ကျင့်ပေးနေပါတယ်..။
ကျွန်တော်ဟာ တိုက်စစ်ပံ့ပိုးမှုအပိုင်းမှာ အခုထက်ပိုပြီး ကြီးကြီးမားမား တိုးတက်ဖို့ လိုအပ်နေသလို ဖြတ်တင်ဘောတွေကို (crosses) ဘယ်လိုပိုပြီး အသုံးချနိုင်မလဲဆိုတဲ့ အပိုင်းကိုလည်း ကြိုးစားပြီး လေ့လာ၊ ဆည်းပူးနေပါတယ်..။ အချက်အလက်တွေကနေတဆင့် ဘယ်လိုပုံစံနဲ့ ဖြတ်တင်ဘောတွေ အများဆုံးဝင်လာလေ့ရှိတယ်..၊ ဘယ်လိုဖြတ်တင်ဘောတွေကနေ ဂိုးရရှိတဲ့ ရာခိုင်နှုန်း ဘယ်လောက်ရှိတယ်…၊ ပင်နယ်တီ ဧရိယာရဲ့ ဘယ်နေရာကနေ ဂိုးတွေအများဆုံး ရလေ့ရှိတယ် ဆိုတာကို လေ့လာခဲ့ပါတယ်..။
အချက်အလက်တွေအရ သွင်းဂိုးအများစုဟာ ပင်နယ်တီဧရိယာ အတွင်းထဲနဲ့ ခြောက်ကိုက်စည်း အတွင်းထဲကနေ ဂိုးရရှိလေ့ရှိပြီး ဂိုးဧရိယာအပြင် အဝေးကန်ချက်တွေက ဂိုးရတာ သိပ်မရှိပါဘူး..။ ဒ့ါကြောင့်ကျွန်တော်ဟာ အဝေးကန်ချက်တွေထက်စာရင် ဂိုးဧရိယာထဲမှာ အကောင်းဆုံး အသုံးချနိုင်ဖို့ကို အာရုံစိုက် လေ့ကျင့်နေပါတယ်..။
မေး - ရှစ်နှစ်သား၊ ကိုးနှစ်သား အရွယ်တုန်းက တစ်နေ့ကျရင် ချယ်လ်ဆီးအသင်းကြီးကို ရောက်ရှိရမယ်.. ဆိုတဲ့ စိတ်ကူး၊ ရည်မှန်းချက်တွေ ရှိခဲ့ဖူးလား..?
ကျွန်တော်ဟာ ခေါင်းမာသလို ရည်ရွယ်ချက် တစိုက်မက်မက် ရှိခဲ့ပါတယ်..။ ဒ့ါကြောင့်ငယ်ငယ်ကတည်းက အခုလိုထိပ်တန်းအဆင့် ပြိုင်ပွဲတွေမှာ ကစားခွင့်ရဖို့၊ ချယ်လ်ဆီးအသင်းကြီးကို ရောက်ရှိဖို့ဆိုတဲ့ ရည်မှန်းချက်၊ သံဌိဌာန် ရှိပြီးသားပါ..။ ချယ်လ်ဆီးအသင်း အကယ်ဒမီကို စပြီးရောက်ရှိခဲ့တဲ့ အချိန်ကစပြီး ‘ငါဟာဒီကို လေ့ကျင်ခွင့်ရဖို့ တစ်ခုတည်းနဲ့ ရောက်ရှိခဲ့တာ မဟုတ်ဘူး..၊ အဌားချကစားသမား တစ်ယောက်အနေနဲ့ ဒီအကယ်ဒမီကနေ ထွက်သွားလို့ မဖြစ်ဘူး..’ ဆိုတဲ့ အတွေးရှိခဲ့ပါတယ်..။
ကျွန်တော်ဟာ အဌားချကစားသမားအဖြစ် ဘောလုံးရာသီ နှစ်ရာသီ သွားရောက်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီလို အဌားထွက်ခွာရခြင်းဟာ ကျွန်တော့်ရဲ့အမြင် ပိုပြီးကျယ်ပြန့်လာဖို့နဲ့ လိုအပ်တဲ့ အတွေ့အကြုံကို ပြင်ပကနေ သင်ယူဖို့၊ မတူညီတဲ့ ကစားပုံတွေနဲ့ ထိတွေ့ခွင့်ရဖို့ပဲ ဖြစ်ပါတယ်..။ ချယ်လ်ဆီးကို ပြန်လည်ရောက်ရှိလာချိန်မှာ ပထမအသင်းကြီးမှာ ဆက်ပြီးကျန်နေခွင့်ရဖို့အတွက် အစွမ်းကုန်ပေးဆပ် ကြိုးစား၊ လေ့ကျင့်ခဲ့ပါတယ်..။
မေး- မင်းဟာ ဗီတက်ဆီ အာဟမ်အသင်းကို ရောက်တဲ့အချိန် အသင်းကြီးမှာ ပါဝင်ခွင့်ကို တော်တော်နဲ့ မရခဲ့ပါဘူး..။ အဲဒီအချိန်မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ ခံစားချက်ကို ပြောပြနိုင်မလား..?
အဲဒီအချိန်တုန်းက ကြုံခဲ့ရတဲ့ အခက်အခဲတွေဟာ ကျွန်တော့်အတွက် တကယ့်ကို ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပြီး ကျွန်တော့်ကို ကလေးတစ်ယောက်ကနေ လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲ၊ ရင့်ကျက်စေခဲ့ပါတယ်..။ ဗီတက်ဆီ အသင်းကို အသက် (၁၈- ၁၉) နှစ်အရွယ်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး အစောပိုင်းကာလတွေမှာ အခက်အခဲပေါင်း မြောက်မြားစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်..။ အချိန်အကြာကြီး ကစားခွင့် မရခဲ့တာမျိုးကို မကြုံခဲ့ဖူးသလို ပတ်ဝန်းကျင် မတူညီဘူး..၊ နိုင်ငံလည်း မတူညီခဲ့ပါဘူး..။ အဲဒီမှာ ကစားတဲ့ပုံစံကလည်း အင်္ဂလန်က ကစားပုံနဲ့ မတူညီခဲ့တာကြောင့် ကိုယ့်ကိုယ်ကို သီးခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို ခံစားခဲ့ရပါတယ်..။ အရမ်းကို ကြမ်းတမ်းခဲ့ပါတယ်..။
အဲဒီအခက်အခဲတွေကို သင်ယူရင်း ကိုယ့်ကိုယ်ကို တိုးတက်အောင် လျှင်လျှင်မြန်မြန်ကြိုးစားရင်း ကိုယ်ဟာ ကစားဖို့ အသင့်ဖြစ်နေပြီ ဆိုတဲ့အကြောင်း မန်နေဂျာ လက်ခံအောင် လေ့ကျင့်ခန်းတွေမှာ စွမ်းဆောင်ပြရပါတယ်..။ အဲဒီအတွေ့အကြုံဟာ တကယ့်ဘောလုံးလောကမှာ သင်ယူခွင့်ရခဲ့တဲ့ ကျွန်တော့်အတွက် ကြီးမားတဲ့ သင်ခန်းစာလို့ ပြောရမှာပါပဲ.။ အဲဒီလို ဘဝအတွေ့အကြုံမျိုးကို အရင်ကမကြုံဖူးခဲ့သလို ကျွန်တော်ဟာ ကစားသမား တစ်ယောက်အဖြစ် ရင့်ကျက်ခွင့် ရခဲ့တယ်..၊ ပြင်ပက တကယ့်ဘောလုံးလောကနဲ့ လူငယ်အကယ်ဒမီက ဘောလုံးလောကတို့ ဘယ်လိုကွာခြားတယ်ဆိုတာ လက်တွေ့ကျကျ သိခွင့်ရခဲ့ပါတယ်..။
မေး - အဲဒီကနေ မင်းဟာ ဒါဘီ ကောင်တီအသင်းကို ရောက်ရှိခဲ့ပြီး ဖရန့် လမ်းပတ်၊ ဂျိုဒီ မောရစ်စ် တို့နဲ့ ဆုံတွေ့ခွင့် ရခဲ့ပါတယ်..။ သူတို့တွေဆီက သင်ယူခဲ့ရမှုတွေဟာ မင်းကိုနောက်ထပ်တစ်ဆင့်မြင့် တိုးတက်စေခဲ့တယ်လို့ ပြောနိုင်ရဲ့လား…?
ဗီတက်ဆီ အသင်းနဲ့ ဘောလုံးရာသီ ပြီးဆုံးချိန်မှာ ကျွန်တော်ဟာ ဟော်လန်မှာ ဆက်ပြီးနေဖို့ အခွင့်အရေး ရခဲ့သလို ဂျာမနီဘွန်ဒက်စ်လီဂါ အသင်းတွေဆီက ကမ်းလှမ်းမှုတွေလည်း ရရှိခဲ့ပါတယ်..။ ဒါပေမယ့် အင်္ဂလန်ကိုပြန်ပြီး အင်္ဂလန်ဘောလုံးလောကရဲ့ အတွေ့အကြုံတွေ ဆည်းပူးနိုင်ဖို့ ရည်မှန်းခဲ့ပါတယ်..။ ဒတ်ခ်ျဘောလုံးလောကကနေ နည်းစနစ်ပိုင်း သင်ယူမှုတွေ ဖြည့်ဆည်းခဲ့ပြီးတဲ့နောက် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကိုယ့်ရဲ့ခန္ဓာကိုယ် ကြံ့ခိုင်မှုအနေအထားကို ဆန်းစစ်ခွင့်ရဖို့ မျှော်မှန်းခဲ့ပါတယ်..။ ဒါမှလည်း ကိုယ့်ရဲ့အစွမ်းအစ အတိုင်းအတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်..။
ချန်ပီယံရှစ်ပြိုင်ပွဲမှာ အတွေ့အကြုံရင့်ကျက်ပြီး ကစားသမားကြီးတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့ဟာ ကျွန်တော်တို့လို ချာတိတ်လေးတွေကို မညာမတာ ကန်ကျောက်ပစ်ဖို့ အသင့်စောင့်နေကြပါတယ်..။ အဲဒီလိုစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စွမ်း ရှိတဲ့အကြောင်း ပြသချင်သလို ကိုယ့်ရဲ့အခြေအနေမှန်ကိုလည်း သိရှိရမှာ ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ လူငယ်အကယ်ဒမီ ဘောလုံးပွဲတွေဆိုတာ သက်တောင့်သက်သာ ကစားလို့ ရနိုင်ပါတယ်..။
ကျွန်တော်ဟာ အရန်အသင်းနဲ့ (အသက် ၂၃ နှစ်အောက်) အတွေ့အကြုံ တစ်နှစ်ရှိပြီး ဖြစ်ပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲကို အဌားထွက်ခြင်းနဲ့ ခြားနားတဲ့ အတွေ့အကြုံတွေကိုရရှိဖို့၊ တကယ့်တောင်းဆိုမှု များပြားတဲ့ professional ဘောလုံးလောကမှာ ကစားခွင့်ရနိုင်သလောက် ရရှိဖို့ မျှော်လင့်ခဲ့ပါတယ်..။ ဒါတွေအပြင် ဖရန့် နဲ့ ဂျိုဒီ တို့ရဲ့ ဒါဘီအသင်းမှာ ဖြစ်နေတာကြောင့် သူတို့လို ဂန္တဝင်ကွင်းလယ် ကစားသမားဟောင်းကြီးတွေဆီကနေ အနီးကပ် လေ့လာ၊ သင်ယူခွင့်လည်း ရရှိခဲ့ပါတယ်..။ ဒါဘီအသင်းနဲ့ အောင်မြင်ခဲ့တဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့သလို အသင်းက အတွေ့အကြုံရင့် ကစားသမားတွေဆီကပါ အများကြီးသင်ယူနိုင်ခဲ့တာကြောင့် ကျွန်တော့်အတွက် သိပ်ကိုအဖိုးတန်ခဲ့တဲ့ ဘောလုံးရာသီတစ်ခုလို့ ပြောရမှာပါပဲ..။
မေး - အခုရက်ပိုင်းယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ မင်းဟာသွင်းဂိုးတွေ ရရှိနေပါတယ်..။ တကယ်တော့ မင်းတို့အသင်း ဗိုလ်စွဲချင်တယ်ဆိုရင် အသင်းကစားသမားတိုင်း အဆုံးသတ်ဂိုးသွင်း သေချာဖို့ လိုအပ်တယ်လို့ မထင်မိဘူးလား..?
အရမ်းကို အရေးကြီးတဲ့အချက်ပါပဲ..။ ရာသီအစပိုင်းမှာ ကျွန်တော်ဂိုးတွေ မသွင်းပေးနိုင်တဲ့အချိန်တုန်းက ထရေဗာ က နှစ်ဂိုးသွင်းတယ်..၊ သီယာဂို၊ ဘင် ချီးဝဲလ်၊ ရိစ် ဂျိမ်းစ် တို့လို နောက်တန်းလူတွေက ဂိုးတွေအများကြီး သွင်းယူပေးခဲ့ကြပါတယ်..။ သူတို့ဂိုးတွေ ဝေ၀ဆောဆာ သွင်းပေးနေကြတာကိုကြည့်ရင်း ‘ငါလည်းဂိုးတွေ သွင်းပေးဖို့ လိုနေပြီ..’ ဆိုပြီး စဉ်းစားမိပါတယ်..။
ကျွန်တော်သွင်းဂိုးတွေ အရမ်းရချင်နေပေမယ့် တော်တော်နဲ့ ဂိုးမရခဲ့ပါဘူး..။ ဒါပေမယ့် နောဝစ်ခ်ျအသင်းနဲ့ပွဲမှာ တစ်ပွဲတည်း သုံးဂိုးသွင်းနိုင်ခဲ့ပါတယ်..။ ပထမဂိုး ဝင်သွားတဲ့နောက်ပိုင်း အတော်လေး စိတ်သက်သာရာ ရခဲ့သလို ဂိုးဝင်မှဖြစ်မယ်.. ဆိုတဲ့ ဖိအားမရှိတော့ပါဘူး..။ ဒ့ါကြောင့်နောက်ထပ်သွင်းဂိုးတွေ ဆက်တိုက်ရလိမ့်မယ်.. ဆိုတဲ့ ခံစားချက်ကို ရရှိခဲ့ပါတယ်..။
အသင်းမှာ သွင်းဂိုးရရှိပြီးတဲ့ ကစားသမားတွေ အများကြီးရှိနေခဲ့တာ သိပ်ကိုကောင်းပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့အသင်းဟာ နေရာစုံ၊ အခြေအနေပေါင်းစုံကနေ ဂိုးတွေရယူ နိုင်တယ်ဆိုတာ ပြသနေခြင်းပါပဲ..။ နောက်ပြီးအခုနောက်ပိုင်း နှစ်တွေမှာ ကျွန်တော်တို့ဟာ ထောင့်ကန်ဘောတွေကနေ သွင်းဂိုးတွေ ပိုမိုရရှိလာခဲ့ပါတယ်..။ ဒါဟာအရေးသိပ်မပါလှဘူးလို့ တွေးထားမှာ ဖြစ်ပေမယ့် ထောင့်ကန်ဘောတွေ၊ Free Kicks တွေ၊ တည်ကန်ဘောတွေ (Set Plays) ကနေ ရရှိခဲ့တဲ့ သွင်းဂိုးအရေအတွက် အတော်များခဲ့ပါတယ်..။ ဒါ့အပြင်တကယ့် ပွဲကြီးပွဲကောင်းတွေမှာလည်း အခုလိုတည်ကန်ဘောတွေက ရတဲ့ဂိုးတွေဟာ ပွဲကိုအဆုံးအဖြတ် ပေးသွားနိုင်ပါတယ်..။
ဒ့ါကြောင့်ကျွန်တော်တို့ဟာ set play တွေကို အာရုံစိုက် လေ့ကျင့်နေကြသလို အများကြီးအထောက်အကူ ဖြစ်ခဲ့ပါတယ်..။ အသင်းရဲ့အဖွင့်ဂိုးကို ထောင့်ကန်ဘောကနေ ရရှိခဲ့တယ်ဆိုရင် အသင်းဟာ ဖိအားလျော့သွားစေသလို တစ်ဘက်အသင်းကလည်း ခံစစ်ကိုအလွန်အမင်း ပိတ်ဆို့လို့ မရတော့တာကြောင့် နောက်ထပ်အခွင့်အရေးတွေ ပိုပြီးရလာနိုင်ပါတယ်..။
မေး - Free Kick ကန်တာတွေကိုရော လေ့ကျင့်သေးလား…?
Yes.. Free Kick ကန်တာကို အမြဲတမ်းလေ့ကျင့်ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့အသင်းမှာ ပြစ်ဒဏ်ဘော ကန်သွင်းနိုင်တဲ့ တခြားကစားသမားတွေလည်း ရှိနေပါတယ်…။ အခုဆိုရင် ရိစ် ဂျိမ်းစ် လည်း သူ့ရဲ့ကန်ချက်တွေ အရမ်းကောင်းမွန်လာပါတယ်..။ တခါတလေ ပြစ်ဒဏ်ဘောတွေ ကန်ရတာ ဖိအားပိုများပါတယ်..၊ ဒါ့ကြောင့်ဒီထက်ပိုပြီး ကောင်းမွန်အောင် ကန်သွင်းသင့်တယ်..၊ ဒါမှမဟုတ် ဂိုးပေါက်တည့်အောင် ကန်နိုင်သင့်တယ်..၊ လှလှပပ ကန်သွင်းနိုင်ခဲ့သင့်တယ်.. စသဖြင့် တောင်းဆိုမှုတွေ အမြဲတမ်းရှိနေပါတယ်..။ ဒါပေမယ့် မကြာခင်မှာ နောက်ထပ် Free Kick တွေကို လှလှပပ ကန်သွင်းပြီး ဂိုးရရှိဖို့ မျှော်လင့်ထားနေဆဲပါပဲ..။
မေး - မင်းတို့ချယ်လ်ဆီးအသင်းရဲ့ အဝတ်လဲခန်းအကြောင်း နည်းနည်းပြောပြနိုင်မလား..? အဝတ်လဲခန်းမှာ မင်းဟာဘယ်လိုပုံစံမျိုးနဲ့ ပါဝင်၊ စီးမျောနေရလဲ.. ဆိုတဲ့အကြောင်းလည်း ပြောပြနိုင်ရင် ပိုကောင်းမှာပေ့ါ…
ကျွန်တော်တို့အသင်းသားတွေ အားလုံးဟာ အရမ်းကိုရိုကျိုး၊ နှိမ့်ချတတ်သူတွေ ဖြစ်ကြပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ တစ်ယောက်ချင်းစီဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်..၊ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ အခြေအနေတွေကို ကောင်းကောင်းနားလည်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင် အစွမ်းအစတွေကို ကောင်းကောင်းသိထားသူတွေ ဖြစ်ကြပါတယ်..။ ဒ့ါကြောင့်တစ်ဦးတစ်ယောက် အစွမ်းအစပြမယ်ဆိုရင် ရနိုင်ပေမယ့် ကျွန်တော်တို့အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းပြီး စုစုစည်းစည်းနဲ့ စွမ်းဆောင်မှုက ပိုမိုခရီးရောက်တယ်ဆိုတာ သိထားကြပါတယ်..။
အဲဒီလိုအသင်းလိုက်စိတ်ဓါတ် ကောင်းမွန်မှုကြောင့် ကျွန်တော်တို့ အသင်းသားတွေဟာ မိသားစုလို အင်မတန် ရင်းနှီးကြတဲ့အပြင် ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းဟာ ကျွန်တော်တို့အားလုံးကို တစ်ယောက်နဲ့တစ်ယောက် ပိုမိုနီးစပ်၊ ပိုမိုရင်းနှီးစေခဲ့ပါတယ်..။ ဒ့ါကြောင့်ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံးကူညီပေးနေကြသလို တစ်ဘက်က တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံး တွန်းအားပေး မောင်းနှင်နေကြပါတယ်..။ မန်နေဂျာကလည်း ကွင်းဘေးကနေ ကျွန်တော်တို့ကို အကောင်းဆုံး ပံ့ပိုးပေးနေသလို သူဟာအသင်းအတွက် (၁၀၀%) ရာနှုန်းပြည့် ပေးဆပ်နေသူလည်းဖြစ်တယ်..၊ အခက်အခဲတွေ ကြုံလာခဲ့ရင် ကျွန်တော်တို့ဘက်က မားမားမတ်မတ် ရပ်တည်၊ ကာကွယ်ပေးနေသူလည်း ဖြစ်ပါတယ်…။ အဲဒီလို အခြေအနေတွေဟာ ကျွန်တော်တို့အားလုံးကို တစုတစည်းထဲ ပိုမိုစည်းလုံးစေခဲ့ပါတယ်..။