‘Old is gold’.. ဆိုသည့် ဆိုရိုးစကား ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ချန်ပီယံလိဂ်ဖလား ဗိုလ်စွဲချိန်တွင် ၂၀၁၈ ခုနှစ်၊ FA ဖလားပြိုင်ပွဲ ဗိုလ်စွဲခဲ့သည့် ချယ်လ်ဆီးအသင်းမှ ကစားသမား သုံးဦးသာ ကျန်ရစ်တော့သည်..။ ထို့အပြင် အဆိုပါ ကစားသမား သုံးဦးစလုံးမှာ ယခုနှစ်ရာသီကုန်ချိန်တွင် သူတို့၏အပြာရောင်အသင်း အနာဂတ်ကလည်း မသေချာ မရေရာမှုများ၊ မေးခွန်းများဖြင့် ပြည့်နှက်လျှက်ရှိသည်..။
အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား နှင့် ကွင်းလယ် ကစားသမား အန်ဂိုလို ကန်တေး တို့မှာ အသက် (၃၀) ဆိုသည့် အကောင်းဆုံးအချိန် ဖြတ်မျဉ်းတစ်ဖက်စွန်းဆီသို့ အသီးသီးရောက်ရှိ သွားကြပြီဖြစ်သည်..။ စပိန်အသင်းခေါင်းဆောင်ကြီးမှာ လာမည့်နှစ်တွင် အသက် (၃၃) နှစ်အတွင်း ချဉ်းနင်းရောက်ရှိလာမှာ ဖြစ်သလို ယခုနှစ်ရာသီကုန်ချိန်တွင် အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးပါတော့မည်..။ အန်ဂိုလို ကန်တေး မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသော်လည်း ဒဏ်ရာပြဿနာနှင့် မကြာခဏ ရင်ဆိုင်နေရခြင်းက အသင်းအတွက်ရော၊ သူ့အတွက်ပါ ကြီးမားသည့် အခက်အခဲ ဖြစ်နေခဲ့သည်..။
သို့သော် သူတို့နှစ်ယောက်စလုံးထက် ပိုပြီးကြီးမားသည့်အခက်အခဲ၊ အသင်းအတွက် ကြီးမားသည့် ခေါင်းကိုက်ဆေးကတော့ old is gold ရွှေအိုရောင် ကစားသမားထဲမှ တတိယတစ်ယောက်ဖြစ်သူ ‘အန်တိုနီယို ရူဒီဂါ’ ပဲ ဖြစ်သည်..။ ဂျာမနီနောက်ခံလူမှာ ၂၀၁၈ ခုနှစ်၊ FA ဖလားဗိုလ်လုပွဲတွင် မားကပ်စ် ရပ်ရှ်ဖို့ဒ် တစ်ယောက် တောင်ပံပြောင်းပြီး ကစားရသည်အထိ ခြေစွမ်းပြခဲ့သောကြောင့် ပွဲစဉ်အလိုက် အကောင်းဆုံးဆု ရရှိခဲ့သလို ဖလားရခဲ့သည့် ဗိုလ်လုပွဲ နှစ်ကြိမ်စလုံးတွင် သေချာပေါက် ဂိုးဝင်နိုင်မည့် ကန်သွင်းခွင့်များကို ရှင်းထုတ်နိုင်ခဲ့မှုများအပေါ် ပရိသတ်များက အမှတ်တရ ရှိခဲ့ကြသည်..။
ထို့အပြင် အသက် (၂၈) နှစ်.. ဆိုသည်မှာ ကစားသမားတစ်ယောက်အတွက် ကြံ့ခိုင်မှုအပိုင်း၊ အတွေ့အကြုံပိုင်း အရပါ အကောင်းဆုံး အခြေအနေ ဖြစ်နေပြီး ယခုပြသနေသည့် ခြေစွမ်းအရ အန်တိုနီယို ရူဒီဂါ မှာ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူများထဲမှ တစ်ယောက်အဖြစ် အားလုံးက လက်ခံထားပြီးဖြစ်သည်..။ ဂျာမနီကျောက်ဆောင်ကြီးမှာ ပြီးခဲ့သည့်နှစ်နှစ်အတွင်း ဒဏ်ရာပြဿနာ ကြီးကြီးမားမား မရှိခဲ့သလို ချန်ပီယံလိဂ် ဖလားရခဲ့သည့် အပြာရောင်အသင်း၏ အဓိက ဗဟိုခံစစ်မှူး တစ်ယောက်အဖြစ် တည်ငြိမ်သည့် ခြေစွမ်းကို ပြသလျှက်ရှိပါသည်..။
ထိုကဲ့သို့ အနေအထားတွင် အန်တိုနီယို ရူဒီဂါ ကြီးမှာ ယခုနှစ်ရာသီကုန်ချိန်တွင် ရီးရဲလ် မက်ဒရစ် အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိတောမ့ည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျှက်ရှိသလို အခြားဥရောပထိပ်တန်း အသင်းကြီးများကလည်း သူ၏စာချုပ်သက်တမ်း အနေအထားကို တဝဲ၀ဲလည်လည် စောင့်ကြည့်လျှက်ရှိပါသည်..။
အန်တိုနီယို ရူဒီဂါ… ဘာကြောင့်အရေးပါရသလဲ..?
နည်းပြသောမတ်စ် တူခယ်လ် မှာ ချယ်လ်ဆီးအသင်း၏ ခံစစ်ကြောင်းကို ခိုင်မာအောင် တည်ဆောက်ရာတွင် wide center backs (left/ right center backs) များကို ကွင်းလယ်အထိ သာမက တိုက်စစ်အဆုံးသတ် နေရာအထိ ပါ လွတ်လွတ်လပ်လပ် လိုက်ပါခွင့် ပြုထားခဲ့သည်..။ ထို့အပြင် wing backs များမှာ သူ၏ကစားနည်းစနစ်တွင် အဓိကတိုက်စစ်လမ်းကြောင်း ဖန်တီးသည့် ကစားသမားများအဖြစ် တာဝန်ယူရသောကြောင့် wide center backs များမှာ လိုအပ်လျှင် တောင်ပံသို့ထွက်ပြီး full backs များ၏ ခံစစ်တာဝန်များကို ယူရပါသည်.။
ထို့ကြောင့် လက်ရှိချယ်လ်ဆီးအသင်း ခံစစ်ကြောင်းတွင် wide center backs များအဖြစ် တာဝန်ယူရသည့် ကစားသမားများကို လေ့လာကြည့်ပါက နေရာစုံ ကစားနိုင်သူများ ဖြစ်ကြသည်ကို တွေ့ရပါမည်..။ အက်ဇ်ပီလီကွဲတား မှာ LB, RB, LWB, RWB, LCB, RCB နေရာများတွင် ကစားနိုင်ပြီး ရိစ် ဂျိမ်းစ် မှာ RB, RWB, RCB, CM နေရာများတွင် ကစားနိုင်သူဖြစ်သည်…။ ထရေဗာ ချာလိုဘာ ကို RB, RCB, CM နေရာများတွင် အသုံးပြုနိုင်ပြီး အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် မှာ RCB, LCB, RB, CDM နေရာအသီးသီးတွင် ကစားနိုင်သူလည်း ဖြစ်ပါသည်..။ အန်တိုနီယို ရူဒီဂါ မှာ ရိုးမားအသင်းတွင် ညာနောက်ခံလူအဖြစ် ပွဲပေါင်းများစွာ ကစားခဲ့သူတစ်ယောက် ဖြစ်သည်..။
ထို့အပြင် တစ်ဦးချင်း စွမ်းဆောင်ရည်များအရ အန်တိုနီယို ရူဒီဂါ မှာ အမြင့်ဘော ရှင်းထုတ်နိုင်မှု (aerial duels win) အပိုင်းတွင် (၇၂.၇%) ဖြင့် အမြင့်ဘော ရှင်းထုတ်နိုင်မှု အကောင်းဆုံး နောက်ခံလူ ဆယ်ဦးထဲတွင် ပါဝင်ပြီး တစ်ဦးချင်း ရင်ဆိုင်ဖျက်ထုတ်နိုင်မှု (1 vs 1 success %) တွင် (၆၈.၄%) ရာခိုင်နှုန်းဖြင့် တတိယမြောက် အကောင်းဆုံး နောက်ခံလူအဖြစ် ရပ်တည်လျှက်ရှိပါသည်..။ ရူဒီဂါ မှာ လျှင်မြန်မှုလှသည့်အပြင် တစ်ဦးချင်း ဖျက်ထုတ်မှုများတွင်လည်း သေသပ်သောကြောင့် ပြိုင်ဘက်အသင်း တောင်ပံကစားသမားများမှာ သူတာဝန်ယူရသည့် ဘယ်တောင်ပံဘက်မှ တစ်ဦးချင်း 1 vs 1 ထိုးဖောက်မှုများ ပြုလုပ်လေ့ မရှိသည်ကို တွေ့ရသည်..။ ထို့ကြောင့်ရူဒီဂါ မှာ သောမတ်စ် တူခယ်လ် ၏ high line ခံစစ်ကြောင်းတွင် တိုက်စစ်ကို လိုက်ပါမှု အပြုလုပ်ရဆုံး ဗဟိုနောက်ခံလူ ဖြစ်သော်လည်း ပြိုင်ဘက်ကစားသမားများမှာ သူ့အားတစ်ဦးချင်းကျော်ဖြတ်မှု ယခုအချိန်ထိ (၆) ကြိမ်သာ ပြုလုပ်ထားနိုင်သည်ကို တွေ့ရပါသည်..။
အန်တိုနီယို ရူဒီဂါ ၏ အခြားခံစစ်ပိုင်းဆိုင်ရာ အချက်အလက်များဖြစ်သည့် ဘောလုံးရှင်းထုတ်နိုင်မှု (1.47 tackles per 90 min) နှင့် ဖိအားပေး ကစားနိုင်မှု (8.74 pressures per 90 min) များကို အခြားနောက်ခံလူများနှင့် နှိုင်းယှဉ်ကြည့်လျှင် အလည်အလတ်သာ ရှိနေခဲ့သည်..။ သို့သော်လည်း ဂျာမနီ နောက်ခံလူမှာ ကြံ့ခိုင်မှု၊ လျှင်မြန်မှု၊ ကစားကွက်နှင့် ဘောလုံးလမ်းကြောင်း မှန်းဆရာတွင် ကောင်းမွန်သလို နေရာယူမှန်ကန်သည့် အားသာချက်များ အသုံးချကာ ပြိုင်ဘက်ကစားသမားများကို ခွန်အားနှင့် အတင်းတိုးဝင်ကာ အခြေပျက်အောင် ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရပါသည်..။
ထို့အပြင် ချယ်လ်ဆီးနောက်ခံလူမှာ တစ်ပွဲလျှင်ပျမ်းမျှ (၁.၀၄) ကြိမ်သာ ပြစ်ဒဏ်ဘော ခွင့်ပြုခဲ့ရပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် (၃၆) ပွဲအတွင်း အဝါကတ်ဒ် (၃) ကြိမ်သာ ပြသခံထားရသောကြောင့် စည်းကမ်းပိုင်း ကောင်းမွန်သလို သေသေသပ်သပ် ဖျက်ထုတ်နိုင်စွမ်းရှိသူဖြစ်ကြောင်း ပြသလျှက်ရှိပါသည်..။
ချယ်လ်ဆီးအသင်းကို အန်တိုနီယို ကွန်တီ နောက်ဆုံးကိုင်တွယ်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ FA ဖလားဗိုလ်လုပွဲတွင် ရူဒီဂါ မှာ ခံစစ်ဇုန် defensive third တွင်သာ အများဆုံးလှုပ်ရှားခဲ့ရပြီး ဘောလုံးရှင်းထုတ်မှု (၈) ကြိမ်၊ အဝေးဘော ကန်တင်ပေးမှု (၁၁) ကြိမ် ပြုလုပ်ခါ တကယ့် center back စစ်စစ် တစ်ယောက်အဖြစ် တာဝန်ယူခဲ့ရသည်..။ သို့သော် နည်းပြ သောမတ်စ် တူခယ်လ် လက်ထက်တွင် ဂျာမနီ နောက်ခံလူမှာ ဘောလုံးနှင့်အတူ မကြာခဏ ဆွဲတက်ခဲ့သည့် နောက်ခံလူအဖြစ် တိုက်စစ်ပိုင်းကို အစွမ်းကုန် ပံ့ပိုးခဲ့သလို အဆုံးသတ်ဂိုးသွင်းယူနိုင်သည့် အနေအထားများကိုပါ ရရှိလာခဲ့သည်..။
သူ၏တိုက်စစ်ပိုင်း ပံ့ပိုးမှုအချက်အလက်များဖြစ်သည့် ဂိုးကန်သွင်းမှု (shots)၊ ထိရောက်သော ပေးပို့မှု (key passes)၊ တိုက်စစ်ဇုန်အတွင်းသို့ ဘောလုံးပေးပို့နိုင်မှု (passes into final third)၊ ပင်နယ်တီဧရိယာအတွင်း ဘောလုံးပေးပို့နိုင်မှု (passes into penalty area) များကို လေ့လာကြည့်လျှင် အခြားဥရောပ ထိပ်တန်းလိဂ်ပြိုင်ပွဲများမှ နောက်ခံလူ အများစုထက် သိသိာသာ သာလွန်ခဲ့ပြီး ရူဒီဂါ မှာ သောမတ်စ် တူခယ်လ် လက်ထက်တွင် တိုက်စစ်လိုက်ပါမှု ကောင်းမွန်သော စွယ်စုံရ ဗဟိုနောက်ခံလူ (all-round progressive LCB) တစ်ယောက်အဖြစ် တိုးတက် ပြောင်းလဲလာခဲ့သည်..။
ထို့ကြောင့်မကြာခင်က ယှဉ်ပြိုင်ခဲ့သည့် လိဒ် ယူနိုက်တက်အသင်းနှင့် ပွဲစဉ်တွင် အန်တိုနီယို ရူဒီဂါ မှာ အသင်းအတွက် ပင်နယ်တီ ပြစ်ဒဏ်ဘော နှစ်ကြိမ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး သူ၏တိုက်စစ်ပိုင်းနိုင်စွမ်း ကောင်းမွန်မှုကို ပြသနိုင်ခဲ့သည်မှာ တိုက်ဆိုင်မှု မဟုတ်ခဲ့ပေ..။
အန်တိုနီယို ရူဒီဂါ ၏ အခြားသော ဗဟိုနောက်ခံလူများနှင့် ကွဲပြားခြားနားသည့် စွမ်းရည်ကတော့ သူ၏အနိုင်မခံ အရှုံးမပေးတတ်သည့် စိတ်ဓါတ်နှင့် တိုက်ပွဲဝင်စိတ်ဓါတ် အပြည့်အ၀ ရှိနေခြင်းဖြစ်သည်..။ ဘောလုံးပွဲတစ်ပွဲအား တိုက်ပွဲတစ်ခုအလား ကျားကုတ်ကျားခဲ ယှဉ်ပြိုင်ကစားတတ်သည့် စိတ်ဓါတ်ကြောင့် ‘Rambo’ ဟု အမည်ပြောင် ပေးခံခဲ့ရသည့် သူ၏ငယ်ဘဝမှာ ကြမ်းတမ်းခက်ခဲခဲ့သည်..။ ရူဒီဂါ မှာ အာဖရိတိုက်ရှိ ဆီယာရာ လီယွန်းနိုင်ငံမှ စစ်ဘေးရှောင် မိသားစုမှ ပေါက်ဖွားလာခဲ့ပြီး ငယ်စဉ်က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၏ ကွန်ကရစ် လမ်းမများထက်တွင် ပေါက်ပြဲနေသည့် ဖိနပ်များဖြင့် ကစားခဲ့ရသည်..။ ထို့အပြင် ကြမ်းတမ်းလှသော ပတ်ဝန်းကျင်ကြောင့် ပြင်းထန်လှသည့် လူမျိုးရေး ခွဲခြားမှုများကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ရသဖြင့် ကွင်းထဲတွင် ကြုံတွေ့ခဲ့ရသည့် ခက်ခဲကြမ်းတမ်းမှုများမှာ သူ၏ပြင်ပဘဝက လှိုင်းတံပိုးများနှင့် နှိုင်းယှဉ်လျှင် မြူမှုန်ပမွှားမျှသာ ရှိတော့သည်..။
ထို့ကြောင့် ရူဒီဂါ မှာ ခံစစ်ကစားရာတွင် ပြိုင်ဘက်တိုက်စစ် ကစားသမားများကို စိတ်ဓါတ်ပိုင်းဆိုင်ရာ ရင်ဆိုင်တိုက်ပွဲအဖြစ် သဘောထားခဲ့ပြီး တစ်ဦးချင်းရင်ဆိုင်ရတိုင်း ခပ်ကြမ်းကြမ်းတုံ့ပြန်၊ လွှမ်းမိုးရန် ကြိုးစားလေ့ ရှိပါသည်..။ ချယ်လ်ဆီးအသင်းက ပြသခဲ့သည့် Porto Uncovered Series တွင် ဗိုလ်လုပွဲမတိုင်ခင် အခြားကစားသမားများမှာ မကြာခင် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်အပေါ် အထူးစိတ်လှုပ်ရှားခဲ့ရကြောင်း ပြောကြားခဲ့သော်လည်း အန်တိုနီယို ရူဒီဂါ က ယခုလို တုံ့ပြန် ပြောကြားခဲ့ပါသည်..။
“စိတ်လှုပ်ရှားတယ်..? ဟုတ်လား..? No.. ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုပွဲမျိုးကို ပါဝင်ခွင့်ရဖို့ အိပ်မက်ခဲ့တာပါ..။ ဒ့ါကြောင့်ကျွန်တော်ကတော့ ကန်ရဖို့အသင့်ပါပဲ..။”
ထို့ကြောင့် ရူဒီဂါ မှာ အချို့ကစားသမားများအတွက် အင်မတန်မှ ဖိအားများလှသော ပေါင်းအိုးကြီးသဖွယ် ဖြစ်နေခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအား ပန်းခြံထဲ လမ်းလျှောက်နေသလောက်သာ သဘောထား နိုင်ခဲ့သောကြောင့် တကယ့်ပွဲကြီးပွဲကောင်း၊ မိုးထဲရေထဲတွင်လည်း အကောင်းဆုံး ခြေစွမ်းပြ၊ အသင်းကို မောင်းနှင်နိုင်သူ တစ်ယောက်အဖြစ် အမြဲတမ်းလမ်းပြနိုင်ခဲ့ပါသည်..။
အန်တိုနီယို ရူဒီဂါ ရဲ့ နေရာကို အစားထိုးနိုင်ပါ့မလား..?
ရူဒီဂါ မှာ ယခုအချိန်တွင် အသင်းတွင် ပွဲစဉ်တိုင်းနီးပါး ပုံမှန်ခြေစွမ်းပြသ မောင်းနှင်နေနိုင်သူ ဖြစ်သော်လည်း အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးရာတွင် အသင်း၏ကမ်းလှမ်းမှုဖြစ်သည့် တစ်ပါတ်လျှင် စတာလင်ပေါင် (၁၄၀,၀၀၀) လစာကို သဘောမတူပဲ တစ်ပါတ်လျှင် စတာလင်ပေါင် (၂၀၀,၀၀၀) ဝန်းကျင် တိုးပေးရန် တောင်းဆိုခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်..။ အမှန်တော့ အဆိုပါတောင်းဆိုသည့် ပမာဏမှာ များပြားလွန်းလှသည်ဟု မဆိုနိုင်ပဲ တီမို ဗာနာ၊ ကိုင် ဟာဗာ့ဇ် တို့နှင့် မတိမ်းမယိမ်း လစာသာ ဖြစ်ပေလိမ့်မည်..။
သို့သော်အသင်းဘက်က သူ၏တောင်းဆိုချက်ကို သဘောတူပေးရန် ကြန့်ကြာနေသည့်အပြင် သူ၏နေရာကို အစားထိုးမည်ဟု သတင်းများထွက်ပေါ်နေသည့် နောက်ခံလူများမှာ ကိုယ်စီကိုယ်စီ ပြဿနာများ ရှိနေခြင်းက အသင်း၏ဖြစ်လာနိုင်မည့် ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ရသည်..။
သူ၏နေရာကို အစားထိုးမည်ဆိုသည့် နောက်ခံလူတစ်ဦးဖြစ်သည့် ဂျူဗင်တပ်စ် အသင်းမှ ဟော်လန်နောက်ခံလူ မက်သီးယက်စ် ဒီ လစ် မှာ တစ်ပါတ်လျှင် လစာ စတာလင်ပေါင် (၄၁၆,၀၀၀) ဝန်းကျင် ပေးချရဖွယ် ရှိနေသလို အခြားအပိုဆုကြေးများ၊ မြင့်မားမည့် ပြောင်းရွှေ့ကြေးနှင့် အေးဂျင့် မီနို ရီအိုလာ များပြားလှသော အေးဂျင့်ခနှင့် တောင်းဆိုမှုများကို ရင်ဆိုင်ရပေလိမ့်မည်..။ အသက် (၂၂) နှစ်အရွယ် နောက်ခံလူမှာ ခံစစ်ပိုင်းပိုမိုအားသန်သည့် ဗဟိုနောက်ခံလူ တစ်ယောက်ဖြစ်သလို full back အဖြစ် ကစားခဲ့ဖူးခြင်း မရှိခဲ့ပေ..။ ထို့ကြောင့် ဒီ လစ် မှာ သီယာဂို ဆေးလ်ဗား နှင့် အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆို တို့၏ ဗဟိုခံစစ်မှူးနေရာနှင့် ပိုမိုသင့်တော်မည်ဟု ယူဆရသလို မြင့်မားလှသည့် ပြောင်းရွှေ့ကြေးနှင့်လစာတို့က အသင်းအတွက် ကြီးမားသည့် အခက်အခဲ ဖြစ်လာနိုင်ပေသည်..။
အသက် (၂၆) နှစ်အရွယ်ရှိ နီကိုလပ်စ် ဆူလေး မှာ ရူဒီဂါ နှင့် ပိုမိုနီးစပ်သော အစားထိုး ကစားသမား ဖြစ်လာနိုင်သလို အဆိုပါ ဂျာမနီလက်ရွေးစင် နောက်ခံလူမှာ ဘေယန် မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်း (၆) လသာ ကျန်ရှိတော့သည်..။ ဆူလေး မှာ အရပ် (၆) ပေ၊ (၄) လက်မနှင့် ခန္ဓာကိုယ် ထွားကြိုင်းသူ ဖြစ်သော်လည်း လျှင်မြန်လှသူတစ်ယောက် ဖြစ်ပါသည်..။ သူ၏အမြန်ဆုံး ပြေးလွှားနိုင်မှု (top speed) မှာ တစ်နာရီလျှင် (၃၄.၈) ကီလိုမီတာနှုန်းအထိ ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်နှစ်က ဘေယန် မြူးနစ်အသင်း၏ တာတိုပြေးအမြန်ဆုံး ကစားသမား ဖြစ်ခဲ့သည်..။ ထို့အပြင် ဆူလေး မှာ RCB နေရာတွင် အများဆုံး တာဝန်ယူလေ့ရှိပြီး RB နေရာနှင့် LCB နေရာများတွင်လည်း အကောင်းဆုံး ကစားနိုင်သူဖြစ်ပါသည်..။ သူ၏တိုက်စစ်ပံ့ပိုးမှုပိုင်း အချက်အလက်များမှာ ကောင်းမွန်ပြီး back four ကစားရာတွင် ပိုမိုထူးချွန်သူလည်း ဖြစ်ပါသည်..။
လစာနှုန်းထားအရ ဆူလေး မှာ တစ်ပါတ်လျှင် စတာလင်ပေါင် (၅၂,၀၀၀) ဝန်းကျင်သာ ဖြစ်သောကြောင့် ရူဒီဂါ ၏ နေရာကို အစားထိုးနိုင်ရန် အသင့်တော်ဆုံး နောက်ခံလူအဖြစ် ရည်မှန်းနိုင်ပါသည်..။ သို့သော် ဘေယန် မြူးနစ် နောက်ခံလူမှာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရက်ပေါင်း (၃၀၀) ကျော်ကို ဒဏ်ရာကြောင့် အနားယူခဲ့ရသလို အဆိုပါ ဘောလုံးရာသီအတွင်း ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သည့်ပွဲစဉ် (၄၇) ပွဲအထိ ရှိခဲ့သည်..။ အထူးသဖြင့် လွန်ခဲ့သည့်ငါးနှစ်က ရှားကယ်လ် အသင်းနှင့် ကစားစဉ်က ရရှိခဲ့သည့် ဒူးအရွတ်ကြော ဒဏ်ရာကို ၂၀၁၉ ခုနှစ်တွင် ပြန်လည်ရရှိခဲ့ပြီး ရက်ပေါင်း (၁၈၀) ကျော် အနားယူခဲ့ရသည်..။ ချယ်လ်ဆီးအသင်းမှာ ရူဒီဂါ ၏ နေရာအတွက် ဆီဗီးလားအသင်းမှ ပြင်သစ်နောက်ခံလူ ဂျူးလက်စ် ခွန်ဒီ၊ ပီအက်စ်ဂျီအသင်းမှ ပရက်စ်နယ် ကင်ပမ်ဘေး တို့ကို စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိပါသည်..။
ချယ်လ်ဆီးအသင်း ဘုတ်အဖွဲ့မှာ ယခုအချိန်တွင် အန်တိုနီယို ရူဒီဂါ ၏ စာချုပ်သက်တမ်းတိုးကိစ္စနှင့် ပတ်သက်ပြီး အကျိုးအပြစ်များကို ချိန်ဆလျှက်ရှိသည်ဟု ခန့်မှန်းရပါသည်..။ ဂျာမနီနောက်ခံလူမှာ ဖရန့် လမ်းပတ် ကိုင်တွယ်ခဲ့သော နောက်ဆုံးရာသီ (၂၉) ပွဲတွင် (၈) ပွဲသာ ကစားခွင့် ရခဲ့သော်လည်း သောမတ်စ် တူခယ်လ် လက်ထက်တွင် သူမတူအောင် ထူးချွန်သော၊ ချန်လှပ်ထားဖို့ လုံးဝမဖြစ်နိုင်သော နောက်ခံလူတစ်ယောက်အဖြစ် ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်..။
ထို့ကြောင့်ယခုခေတ် ဘောလုံးလောကတွင် အပြောင်းအလဲများမှာ အင်မတန်မှ လျှင်မြန်လှသည့် အမြန်နှုန်းဖြင့် ပြောင်းလဲနေခဲ့သလို အလားတူ အပြောင်းအလဲမျိုး ထပ်မဖြစ်ပါဘူး.. ဟု ကံသေကံမ ပြောလို့မရနိုင်ပေ..။ အထူးသဖြင့် ချယ်လ်ဆီးအသင်းမှာ ဘာမဆို ဖြစ်နိုင်သွားနိုင်သည့် အသင်းတစ်သင်းဖြစ်သလို ရူဒီဂါ အား လစာနှစ်ဆ တိုးပေးခြင်းမှာ အခြားစာချုပ်သက်တမ်း ကုန်ခါနီး ကစားသမားများနှင့် ညှိနှိုင်းရာတွင် အကျိုးသက်ရောက်မှု ရှိလာနိုင်မည့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားနေပုံ ရပါသည်..။ အထူးသဖြင့် ချယ်လ်ဆီးအသင်းမှာ အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် နှင့်လည်း စာချုပ်သက်တမ်းသစ်အတွက် အပြီးသတ် သဘောတူညီမှုရရှိရန် ကြန့်ကြာနေဆဲဖြစ်သည်..။
ထို့အပြင် လူငယ်အကယ်ဒမီ သွေးသစ်များဖြစ်သည့် ထရေဗာ ချာလိုဘာ နှင့် လီဗိုင်း ကော်ဗေးလ် တို့၏ လျှင်မြန်လှသည့် တိုးတက်နှုန်းကလည်း ချယ်လ်ဆီးအသင်း၏ LCB နေရာ လစ်ဟာမှုအပေါ် စိုးရိမ်စိတ်ကို လျော့ပါးစေသည့် သဘောဖြစ်နိုင်ပါသည်..။ ထို့ကြောင့်ကစားသမားသစ်ကို မြင့်မားသည့် ပြောင်းရွှေ့ကြေးနှင့် လစာတို့ဖြင့် ခေါ်ယူအစားထိုးမည့်အစား ထရေဗာ ချာလိုဘာ အား LCB နေရာ၊ ခွန်ဒီ အား RCB နေရာအစားထိုး ကစားစေမလား? ဆိုသည့်အချက်ကလည်း စိတ်ဝင်စားဖို့ ကောင်းလှပေသည်..။
အသင်းအကယ်ဒမီထွက် လူငယ်သွေးသစ်များ၏ခြေစွမ်းမှာ အလျံတညီးညီး တောက်ပနေသော်ငြား ရူဒီဂါ ၏ မာကျောမှု၊ လွှမ်းမိုးနိုင်စွမ်း၊ တိုက်ပွဲဝင်စိတ်ဓါတ်နှင့် ခေါင်းဆောင်မှု အရည်အသွေးများကို အစားထိုးနိုင်ရန် အင်မတန်မှ ခက်ခဲလှသည်ကို ချယ်လ်ဆီးအသင်း ဘုတ်အဖွဲ့အနေဖြင့် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်..။ အထူးသဖြင့် လက်ရှိအသင်းခေါင်းဆောင်များဖြစ်သည့် သီယာဂို ဆေးလ်ဗား (၃၇ နှစ်)၊ ဆီဇာ အက်ဇ်ပီလီကွဲတား (၃၂ နှစ်)၊ ဂျော်ဂင်ဟို (၃၀ နှစ်)၊ အန်ဂိုလို ကန်တေး (၃၀ နှစ်) တို့ အရွယ်လွန်ချိန် နီးကပ်လာချိန်တွင် ချယ်လ်ဆီးအသင်း၏ အနိုင်မခံ အရှုံးမပေးသည့် အပြာရောင်စိတ်ဓါတ်ကို မှန်မှန်ကန်ကန် လက်ဆင့်ကမ်းနိုင်ရန် လိုအပ်လှပေသည်..။
အန်တိုနီယို ရူဒီဂါ မှာ ဒီယေဂို ကော်စတာ မရှိတော့သည့်နောက်ပိုင်း သူနှင့်အနီးစပ်ဆုံး ဆင်တူသော ကစားသမားအဖြစ် ပြိုင်ဘက်များကို အာရုံလွင့်ပါးအောင် စိတ်ဓါတ်တိုက်ပွဲဝင်တတ်သူ ဖြစ်သည့်အပြင် အခက်အခဲကြုံတွေ့လေလေ၊ ပိုမိုတောက်ပလေလေဖြစ်သည့် သူ၏ရုန်းပြန်နိုင်စွမ်း၊ မာကျောသည့် စိတ်ဓါတ်နှင့် အသင်းအတွက် ထိပ်ဆုံးက ရင်ဆိုင်တုံ့ပြန်မှုများမှာ အစားထိုးနိုင်ဖို့ အခက်ခဲဆုံး အရာများ ဖြစ်ပေလိမ့်မည်..။ ထို့ကြောင့်လက်ရှိမြင့်မား ဖောင်းပွနေသည့် အပြောင်းအရွှေ့ ဈေးကွက်အနေအထား၊ ထပ်တူအစားထိုးနိုင်မည့် ကစားသမား ရှားပါးနေသည့် အခြေအနေတို့အပြင် အကောင်းဆုံး ဖြေရှင်းချက်မှာ လက်တစ်ကမ်းတွင် ရှိနေခဲ့သော်ငြား အသက်အရွယ်အရ၊ အတွေ့အကြုံအရ၊ ခြေစွမ်းအရ၊ စိတ်ဓါတ်ပိုင်းအရ အကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီး အသင်းသားများက စံပြအားထားနေရသည့် ကစားသမား တစ်ယောက်ကို အစားထိုးမည့် ဆုံးဖြတ်ချက်မှာ နောင်တစ်ချိန်တွင် ချယ်လ်ဆီးအသင်းအတွက် နှောင်းတမြည့်မြည့်နှင့် နောင်တရနေမည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာနိုင်ပါကြောင်း တင်ဆက်လိုက်ရပါသည်..။
(Breaking the line: Opinions ကဏ္ဍမှ တင်ဆက်သော ‘Antonio Rüdiger: The Invaluable Colossus Set To Leave Chelsea For Free’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)