ချယ်လ်ဆီးအသင်းဟာ ၂၀၂၂ ခုနှစ်၊ နှစ်သစ်မှာ ပွဲကျပ်ကာလကို လီဗာပူးလ် အသင်းနဲ့စတင်ပြီး ဖြတ်သန်းရခါနီးကျမှ အသင်းရဲ့ဈေးအကြီးဆုံး ခေါ်ယူမှုဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ Sky Italia သတင်းဌာနနဲ့ တွေ့ဆုံခန်းတစ်ခု ပြုလုပ်ပြီး နည်းပြသောမတ်စ် တူခယ်လ် ရဲ့ နည်းစနစ်ပိုင်း စီမံချက်တွေအပေါ် စိန်ခေါ်ခဲ့ပါတယ်..။ ဒါပေမယ့် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းထဲက အပြာရောင် ပရိသတ်တွေကတော့ ပွဲအစသုံးမိနစ်မှာတင် သူတို့ရဲ့ဂျာမနီနည်းပြကြီးအတွက် ဂုဏ်ပြုတဲ့သီချင်းကိုဟစ်ကြွေးပြီး ‘Tom vs Rom’ တိုက်ပွဲမှာ နည်းပြကြီးဘက်က မားမားမတ်မတ် ရပ်တည်လိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ် ဆိုတာ ပြသခဲ့ကြပါတယ်..။ တကယ်လို့ ရိုမီလူ လူကာကူ သာ ဒီနေ့ပွဲကို ကြည့်ဖြစ်နေမယ်ဆိုရင် မလိုအပ်ပဲနဲ့ မီးရှို့ခဲ့တဲ့ သူ့ရဲ့စိန်ခေါ်မှုတိုက်ပွဲမှာ တူခယ်လ် ဘက်နေ မားမားမတ်မတ် ရပ်တည်နေကြတဲ့ ချယ်လ်ဆီးပရိသတ်တွေရဲ့အသံကို သေချာပေါက် ကြားနိုင်ပါလိမ့်မယ်..။
ပထမပိုင်းပြီးခါနီးမှာ ခရစ်စ်တီယန် ပူလီဆစ် ဟာ လီဗာပူးလ်အသင်းဘက်ကို ဒုတိယချေပဂိုး သွင်းပေးပြီးတဲ့အချိန် သောမတ်စ် တူခယ်လ် ဟာ အရန်ခုံတန်းနောက်မှာထိုင်နေတဲ့ ပရိသတ်ဘက်ကိုလှည့်ပြီး အောင်ပွဲခံခဲ့သလို ပရိသတ်ကြီးကလည်း သံပြိုင်ဟစ်ကြွေးရင်း နည်းပြကြီးနဲ့ သူ့ရဲ့အသင်းသားတွေကို အားပေး၊ ဂုဏ်ပြုခဲ့ပါတယ်..။ အပြာရောင်ပရိသတ်ကြီးဟာ ဒီနေ့ပွဲကို လာရောက်ခဲ့တာဟာ လူကာကူ ရဲ့ အပြုအမူကို သဘောမကျဘူးဆိုတဲ့ သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်ပြသဖို့ တစ်ခုတည်း မဟုတ်ခဲ့ပါဘူး..။
တကယ်တော့ ပြီးခဲ့တဲ့နှစ်ပွဲမှာ သုံးဂိုးသွင်းထားတဲ့ တိုက်စစ်မှူး၊ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးကို ချန်ထားခဲ့ဖို့ ဆုံးဖြတ်ချက်ဟာ တူခယ်လ် အတွက် အင်မတန်မှ ကြီးမားတဲ့ စွန့်စားမှုတစ်ခု ဖြစ်ခဲ့ပါတယ်..။ မလိုအပ်ပဲနဲ့ မီးမွှေးခဲ့တာကြောင့် လူကာကူ အပေါ် စိတ်ဆိုးဒေါသထွက်နေတဲ့ ချယ်လ်ဆီးအသင်း ဘုတ်အဖွဲ့ဟာ ဒီတစ်ကြိမ်မှာတော့ တူခယ်လ် ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြတယ်..၊ ဒါပေမယ့် လီဗာပူးလ်အသင်းနဲ့ မနေ့ကပွဲကိုသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ဂျာမန်နည်းပြအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာမှာ ဖြစ်သလို ဖိအားတွေနဲ့လည်း တောက်လျှောက် ရင်ဆိုင်ရဖို့ရှိပါတယ်..။
တကယ်တော့ နည်းပြသောမတ်စ် တူခယ်လ် ဟာ စတန်းဖို့ဒ် ဘရစ်ခ်ျကို ရောက်ရှိခဲ့တဲ့ တစ်နှစ်ကာလအတွင်းမှာ အခက်အခဲမျိုးစုံကို ကိုယ်ပိုင်လမ်းကြောင်းတစ်ခုနဲ့ တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်နေပါတယ်..။ ဒါပေမယ့် အခက်အခဲတွေဟာ တစ်မျိုးပြီးတစ်မျိုး မရိုးရသလို လူကာကူ မီးရှို့ခဲ့တဲ့အချိန်ဟာ ဒဏ်ရာပြဿနာ၊ ကိုဗစ်ရောဂါပိုး ပြဿနာတွေကြောင့် ရလဒ်တွေ ကျဆင်းလာပြီး ဖိအားတွေ စတင်ခံစားလာရတဲ့ အချိန်ကိုက်ကာလ ဖြစ်ခဲ့ပါတယ်..။
ဒါပေမယ့် အသင်းသားတွေဟာ မန်နေဂျာဘက်ကနေ အကောင်းဆုံး ရပ်တည်ပေးနေတဲ့ ဆိုတဲ့အကြောင်းကို ကြိုးစားအားထုတ်မှုအပြည့်၊ အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဓါတ်အပြည့်နဲ့ ရုန်းကန်ပေးခဲ့ကြပြီး လူကာကူ မပါဝင်လည်း ရတယ်ဆိုတဲ့ သတင်းစကားကို ပြသခဲ့ကြပါတယ်..။ ဒါ့ကြောင့်လည်း တူခယ်လ် ဟာ ဒီနေ့ပွဲစဉ်တစ်လျှောက်လုံး တခြားပွဲတွေကလို တည်တည်ငြိမ်ငြိမ် မနေနိုင်ပဲ ကစားသမားတွေနဲ့အတူ ခုန်လိုက်၊ ပေါက်လိုက်နဲ့ အစွမ်းကုန် ဖိအားပေးရင်း တွန်းအားပေးနေခဲ့တာ ဖြစ်ပါတယ်..။ ကစားသမားတွေကလည်း နည်းပြကြီးအတွက် အကောင်းဆုံး တိုက်ပွဲဝင်ပေးခဲ့ကြပြီး လီဗာပူးလ်လို အသင်းကြီးကို နှစ်ဂိုးအရှုံးကနေ ချေပဂိုးတွေ ပြန်လည်ရယူပေးနိုင်ခဲ့ပါတယ်..။
သောမတ်စ် တူခယ်လ် ဟာ ပထမပိုင်းတစ်ပိုင်းလုံးမှာ အမေရိကန် တောင်ပံကစားသမား ခရစ်စ်တီယန် ပူလီဆစ် ရဲ့ ကစားပုံကို အားမရခဲ့ပဲ တစ်ချိန်လုံးမာန်မဲ၊ ငေါက်ငန်းနေခဲ့ပါတယ်..။ ဒါပေမယ့် အမေရိကန် တောင်ပံကစားသမားဟာ သူ့ရဲ့အမှားတွေကို လှပတဲ့ချေပဂိုးတစ်ဂိုးနဲ့ တုံ့ပြန်ပေးဆပ်ခဲ့ပါတယ်..။ လူငယ်နောက်ခံလူ ထရေဗာ ချာလိုဘာ ဟာလည်း သူ့ရဲ့ပထမဆုံး ပွဲကြီးပွဲကောင်းမှာ ဆုံးဖြတ်ချက်မှားယွင်းပြီး ဆာဒီယို မာနေး ရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးသလို ဖြစ်ခဲ့ပေမယ့် နည်းပြကြီးရဲ့ အနီးကပ်ညွှန်ကြားမှုတွေအောက်မှာ တည်ငြိမ်မှု ပြန်လည်ရရှိခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။
မနေ့ကပွဲမှာ နှစ်သင်းစလုံးဟာ လျှင်လျှင်မြန်မြန်နဲ့ ပွဲကိုစတင်ခဲ့ပြီး ပွဲအစစက္ကန့်ပိုင်းမှာတင် ဆာဒီယို မာနေး ဟာ ဆီဇာ အက်ဇ်ပီလီကွဲတား ကို ဘောလုံးယှဉ်လုရာမှာ တံတောင်နဲ့တိုက်ခဲ့ပါတယ်..။ တူခယ်လ် အတွက် အဲဒီဖျက်ထုတ်မှုဟာ လုံးဝအနီကတ်ဒ် ပြရမယ့် ဖျက်ထုတ်မှုပါပဲ..။ သူ့ရဲ့မယုံကြည်နိုင်မှုတွေ၊ ကန့်ကွက်မှုတွေဟာ ခဏအကြာမှာ ပြီးဆုံးခဲ့ပေမယ့် မက်တီယို ကိုဗာဆစ် ရဲ့ လှပတဲ့ကန်သွင်းချက်ကို VAR ပြန်ကြည့်ချိန်မှာ သူဟာကွင်းထဲကနေ ထွက်သွားချင်တဲ့ အမူအရာတွေ ပြခဲ့တဲ့အထိ ထပ်မံပေါက်ကွဲခဲ့ပြန်ပါတယ်..။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူတို့အသင်းဟာ ချေပဂိုးကို ထိုက်ထိုက်တန်တန်နဲ့ ရရှိခဲ့ပါတယ်..။ အဲဒီလို တစ်ပွဲလုံးနီးပါး မနားတမ်း မီးခိုးထွက်မတတ် ညွှန်ကြားနေခဲ့သော်ငြား ဟာဗာ့ဇ် ကို ချပေးသင့်တဲ့ ဘောလုံးကို ပွဲကြည့်စင်ပေါ်ထိ ထောင်ကန်ပေးခဲ့တဲ့ မားကို့စ် အလွန်ဆို ကတော့ မကြားချင်ယောင်ဆောင်နေတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါသေးတယ်..။
ဒါ့ကြောင့်တူခယ်လ် ဟာ ထိုင်ခုံပေါ်မှာ လုံးဝမထိုင်နိုင်တော့ပါဘူး..။ သူ့တစ်ယောက်တည်းခွန်အားနဲ့ မလုံလောက်တော့တဲ့ အခြေအနေမှာ အသံအကျယ်ဆုံး အားပေးကြဖို့ ပရိသတ်ကြီးကို တောင်းဆိုရင်း လီဗာပူးလ် အသင်းရဲ့ ပြန်လည်ဖိအားပေးလာခဲ့တဲ့ အခိုက်အတန့်တွေကို ရင်ဆိုင်ခဲ့ပြန်ပါတယ်..။ အဲဒီအခိုက်အတန့်တွေမှာ ဂိုးသမား အက်ဒ်ဒွပ် မန်ဒီ ကလည်း မိုဟာမက် ဆာလာ၊ ဆာဒီယို မာနေး တို့ရဲ့ကန်ချက်တွေကို ကာကွယ်ပေးခဲ့ပြီး နည်းပြကြီးအတွက် ပေးဆပ်ခဲ့ပြန်ပါတယ်..။ နှစ်သင်းစလုံးဟာ ‘ဘတစ်ပြန်၊ ကျားတစ်ပြန်’ တိုက်စစ်ဆင်နေရမှာ လီဗာပူးလ်အသင်း ဂိုးသမားလေး ကလဲဟားရ် ဟာ ခရစ်စ်တီယန် ပူလီဆစ် ရဲ့ အနီးကပ်ကန်သွင်းချက်ကို မယုံနိုင်အောင် ကာကွယ်ပြခဲ့တဲ့အချိန် သောမတ်စ် တူခယ်လ် ဟာ အံ့သြ၊ ဆွံအ ကြက်သေသေလုနီးနီးပါပဲ...။
ကွင်းထဲက စိန်ခေါ်ပွဲတစ်ခု ပြီးဆုံးသွားတဲ့အချိန်မှာတော့ သောမတ်စ် တူခယ်လ် ဟာ စတာလင်ပေါင် (၉၇.၅) သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူးနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စောင့်ဆိုင်းနေတဲ့ မီဒီယာတွေနဲ့ အရေးကြီးတဲ့ တိုက်ပွဲတစ်ခုကို ထပ်မံဆင်နွဲရပြန်ပါတယ်..။ လူကာကူ ရဲ့ အင်တာဗျူး နောက်ဆက်တွဲ ကြီးမားတဲ့ဂယက်နဲ့ အသံတွေကြောင့် သူဟာချယ်လ်ဆီးအသင်းက ကစားသမားကြီးတွေရဲ့ အကူအညီနဲ့ ဘယ်လ်ဂျီယမ် တိုက်စစ်မှူးကို ချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း ရှင်းပြခဲ့ပါတယ်..။ တကယ်တော့ အခုလိုအချိန်မျိုးမှာ လူကာကူ ကို ချန်လှပ်ထားခဲ့ခြင်းကြောင့် သူ့ရဲ့အရန်ခုံတန်းမှာ လူစားလဲဖို့ ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ယောက်မှ ရှိမနေခဲ့ပါဘူး..။
မနေ့ကပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ခဲ့တဲ့ ကိုင် ဟာဗာ့ဇ် ဟာ ဒဏ်ရာပြဿနာ၊ ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှုတွေကြောင့် ကာလအတော်ကြာ အနားယူနေရာကနေ ပြန်ကစားရတာ ဖြစ်ပါတယ်..။ ဒါ့ကြောင့်အကောင်းဆုံး ကြံ့ခိုင်မှုနဲ့ခြေစွမ်းကို ပြန်လည်မရနိုင်ဖြစ်နေပေမယ့် သူ့ကိုလူစားလဲရမယ့် တီမို ဗာနာ ဟာလည်း ဒီနေ့ပွဲကို ဝင်ကစားနိုင်ဖို့ အသင့်မဖြစ်ခဲ့ပါဘူး..။ ဂျာမနီ လူငယ်တိုက်စစ်မှူးဟာ ဂျိုးလ် မာတစ် အစားဝင်ရောက်ကစားရတဲ့ အီဘရာဟီမာ ကိုနာတေး ကို ကောင်းကောင်းဒုက္ခမပေးနိုင် ဖြစ်နေသလို ကစားအား ကျလာချိန်မှာ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ကပဲ အရေးပေါ် တိုက်စစ်မှူးအဖြစ် ဝင်ရောက်ကစားခဲ့ရပါတယ်..။ တကယ်တော့ တူခယ်လ် ရဲ့ ချယ်လ်ဆီးအသင်းသာမက လီဗာပူးလ်အသင်းမှာပါ ဒဏ်ရာ၊ ကိုဗစ်ပြဿနာတွေနဲ့ ရင်ဆိုင်နေခဲ့ရတာကြောင့် နှစ်သင်းစလုံးဟာ ပွဲချိန်ပြီးဆုံးခါနီးမှာ အရှုံးရလဒ်နဲ့ မကြုံတွေ့ရဖို့ကိုပဲ အာရုံစိုက်ခဲ့ရင်း ပွဲကိုအဆုံးသတ်ခဲ့ကြပါတယ်..။
ဒ့ါကြောင့်သောမတ်စ် တူခယ်လ် ဟာ မနေ့ကပွဲမှာ ချယ်လ်ဆီးအသင်းအတွက် အနိုင်ရလဒ်ကို မယူဆောင်နိုင်ခဲ့ပဲ ထိပ်ဆုံးက မန်ချက်စတာ စီးတီးအသင်းကို ဖိအားပေးနိုင်ဖို့ ပျက်ကွက်ခဲ့ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်း ပရိသတ်ကတော့ သူတို့ရဲ့ဂျာမနီနည်းပြကြီးဟာ တကယ့်အရေးကြုံလာချိန်ကျမှ သူ့ရဲ့အုပ်ချုပ်မှုပုံစံကို စိန်ခေါ်လာခဲ့တဲ့ ကြယ်ပွင့်တိုက်စစ်မှူးအပေါ် အငြင်းပွားဖွယ်မရှိ အနိုင်ရခဲ့တယ်လို့ သတ်မှတ်ခဲ့ကြမှာ ဧကန်မုချပါပဲ..။
(The Independent သတင်းဌာနမှ ဆောင်းပါးရှင် Matt Law ၏ ‘Blues supporters back the boss in battle of Tom v Rom’ ဆောင်းပါးကို ပြန်ဆိုပါသည်..)