လက်ရှိအချိန်ထိ ချယ်လ်ဆီးအသင်းရဲ့ ယခုနှစ်ဘောလုံးရာသီအပေါ် အတိုချုပ်သုံးသပ်ရမယ်ဆိုရင် ‘ကံမကောင်းတဲ့ ဖြစ်ရပ်တွေနဲ့ တစ်ခုပြီးတစ်ခု’ ကြုံတွေ့နေရတယ်… လို့ပဲ ပြောရမှာပါ..။ ရာသီအစ တာထွက်ကောင်းခဲ့ပေမယ့် ကစားသမား (၁၈) ဦးအထိ ဒဏ်ရာပြဿနာ ဒါမှမဟုတ် ကိုဗစ်ရောဂါပိုး ကူးစက်မှု တစ်ခုမဟုတ်တစ်ခု ကြုံခဲ့ရပြီး အသင်းရဲ့ရလဒ်တွေ ကျဆင်းခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဒီဇင်ဘာလထဲမှာ လိဒ် ယူနိုက်တက် အသင်းကို အနိုင်ရရှိခဲ့ပြီးတဲ့နောက်ပိုင်း ပရီးမီးယားလိဂ် အိမ်ကွင်းအနိုင်ပွဲ မရခဲ့တာ အတော်ကြာခဲ့ပါပြီ..။
အဲဒီကနေစတင်လို့ မန်ချက်စတာ စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ပွဲစဉ်ဟာ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် အိပ်မက်၊ ကောက်ရိုးတစ်မျှင်ကို အဆုံးသတ်စေခဲ့ပါတယ်…။ အဲဒီလို အဆင်မပြေမှုမျိုးစုံတွေ ကြားထဲမှာ ဂိုးပေါက်ပျောက်နေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်၊ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ မမျှော်လင့်ခဲ့တဲ့ အင်တာဗျူး တစ်ခုနဲ့ ‘မီးလောင်ရာ လေပင့်’ ခဲ့ပါတယ်..။ ဒီလိုနဲ့အခုကြုံတွေ့နေတဲ့ ရလဒ်ပိုင်းနဲ့ စွမ်းဆောင်ရည်တွေအပေါ် အလိုမကျမှုတွေ၊ ဒဏ်ရာပြဿနာ၊ ကိုဗစ်ရောဂါ ကူးစက်မှု များပြားလာတဲ့ ပြဿနာ၊ မမျှတခဲ့တဲ့ ပွဲစဉ်ရွှေ့ဆိုင်းမှုတွေ… စတဲ့ အလိုမကျမှု များစွာတွေရဲ့ လက်ညှိုးထိုးစရာ တရားခံအဖြစ် ‘ရိုမီလူ လူကာကူ’ အပေါ် စုပုံ၊ မဲကျလာခဲ့ပါတယ်..။
ဒ့ါကြောင့်ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၉၇.၅) သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဘယ်လ်ဂျီယမ် တိုက်စစ်မှူးဟာ ချယ်လ်ဆီးအသင်း ကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ အခြေခံရင်းမြစ် တကယ်ပဲ ဖြစ်နေခဲ့လား..? လူကာကူ ဟာ ရာသီအစ လေးပွဲမှာ လေးဂိုးသွင်းပြီး အစကောင်းခဲ့ရာကနေ ဘာကြောင့်တဖြည်းဖြည်းနဲ့ အသင်းနဲ့ အစေးမကပ် ဖြစ်သွားခဲ့ရတာလဲ..? သူဟာ အသင်းသားတွေနဲ့ လိုက်လျောညီထွေ ပြောင်းလဲနိုင်ဖို့ မဖြစ်နိုင်ခဲ့တာလား.. ဒါမှမဟုတ် အသင်းသားတွေကပဲ သူနဲ့လိုက်လျောညီထွေ ကစားနိုင်ဖို့ အပြောင်းအလဲ မလုပ်နိုင်ခဲ့တာလား..? မေးခွန်းတွေ ရှိလာပါတယ်..။
မတည်ငြိမ်ခဲ့တဲ့ ခြေစွမ်းနဲ့ မတည်ငြိမ်ခဲ့တဲ့ အတွဲအစပ်များ…
ရိုမီလူ လူကာကူ ဟာ အာဆင်နယ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်နဲ့ သူ့ရဲ့အပြန်ခရီးကို စတင်ခဲ့ပါတယ်..။ သူဟာအဲဒီပွဲမှာ အသင်းရဲ့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သလို ပင်နယ်တီ ဧရိယာနဲ့ တိုက်စစ်ဇုန်အတွင်း ထိချက်ပေါင်း (touches) (၄၂) ကြိမ် ရရှိခဲ့ပါတယ်..။ အာဆင်နယ် အသင်းခံစစ်ကြောင်းဟာ လူကာကူ ဆီကို ပေးပို့တဲ့ ဘောလုံးလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ခဲ့ခြင်း မရှိပါဘူး..။ ဒါပေမယ့် နောက်ပိုင်းပွဲတွေမှာ ပြိုင်ဘက်အသင်းတွေဟာ သူ့ဆီကို ဦးတည်ပြီး ဘောလုံးပေးပို့၊ သူကဘောလုံးကိုင်ထား (hold-up play)၊ တွဲလုံးတွေနဲ့ ပြန်လည်ထိုးဖောက်မယ့် ကစားကွက်ကို ရိပ်မိသွားတာကြောင့် လူကာကူ ဆီကို ဘောလုံးမပေးပို့နိုင်အောင် ပိတ်ဆို့နိုင်ခဲ့ကြပါတယ်..။
ဒ့ါကြောင့်ဘယ်လ်ဂျီယမ် တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းနဲ့ အဖွင့်ပွဲစဉ်မှာ တိုက်စစ်ဇုန် ဘောလုံးထိချက် (final third touches) အများဆုံးရရှိခဲ့ပြီး အဲဒီနောက်ပိုင်းပွဲစဉ်တွေထဲမှာ သူ့ဆီကို ဘောလုံးတွေ သိပ်မရောက်လာတော့ပါဘူး..။ ဒါ့အပြင် လူကာကူ ဟာ ဘယ်လ်ဂျီယမ်အသင်းနဲ့ နိုင်ငံတကာ ပွဲစဉ်တွေအပြင် စီးရီးအေထက် ဘောလုံးရာသီစတင်ချိန် ပိုစောခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားကြောင့် နွေရာသီမှာ အနားကောင်းကောင်းမရခဲ့ပဲ တစ်နှစ်လုံးနီးပါး ဆက်တိုက်ကစားခဲ့သလို ဖြစ်ခဲ့ပါတယ်..။ ဒါ့ကြောင့်နောက်ပိုင်းပွဲစဉ်တွေမှာ ကြံ့ခိုင်မှုနဲ့ ကစားပုံတဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး ခုနှစ်ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့သလို ဒဏ်ရာပြဿနာ၊ ကိုဗစ်ရောဂါပိုး ကူးစက်ခံရတဲ့ ပြဿနာတွေနဲ့လည်း ဆက်တိုက်ကြုံခဲ့ရပြန်ပါတယ်..။ သူဟာချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) ပွဲမှာ (၁၁) ပွဲပဲ ပါဝင်နိုင်ခဲ့ပြီး အဲဒီ (၁၁) ပွဲထဲမှာ မိနစ် (၉၀) အပြည့် ကစားခွင့်ရခဲ့တာ (၅) ပွဲပဲ ရှိခဲ့ပါတယ်..။
တစ်ဆက်တည်းမှာပဲ အသင်းရလဒ်တွေ ကျဆင်းလာချိန်မှာ အသင်း၊ ကစားသမားနဲ့ ပရိသတ်တွေရဲ့ စိတ်ထဲမှာ လူကာကူနဲ့ ပတ်သက်ရင် ‘စက်ဝိုင်းထဲမှာ လေးထောင့်တုံးတစ်ခုကို မရရအောင် ဇွတ်သွင်းနေသလို’ ဖြစ်နေသလား..? ဆိုတဲ့ အသံတွေ တဖြည်းဖြည်းကျယ်လောင်လာသလို လူကာကူ ဟာ သူကစားခွင့်ရတဲ့ ပွဲတွေထဲမှာ မတူညီတဲ့ တိုက်စစ်အတွဲအစပ် (၁၀) တွဲနဲ့ တွဲဖက်ကစားခဲ့ရပါတယ်..။ ဒ့ါကြောင့်လူကာကူ ဘက်က ကြည့်မယ်ဆိုရင် ရာသီကြို အနားယူခွင့် ကောင်းကောင်းမရခဲ့သလို ဒဏ်ရာပြဿနာ၊ ကိုဗစ်ပြဿနာတွေနဲ့ ကစားလိုက်၊ နားလိုက် ဖြစ်နေခဲ့ရတာ..၊ တည်ငြိမ်တဲ့ တိုက်စစ်တွဲဖက်တွေနဲ့ ကစားခွင့်မရခဲ့တာ စတဲ့ အခက်အခဲတွေ ရှိနေခဲ့ပါတယ်..။
အချက်အလက်တွေက ပြောပြနေတဲ့ လူကာကူ…
ရိုမီလူ လူကာကူ ရဲ့ အခုနှစ်ဘောလုံးရာသီ တစ်ပွဲချင်းအလိုက် ပျမ်းမျှစွမ်းဆောင်ရည် အချက်အလက်တွေဟာ အင်တာ မီလန် အသင်းနဲ့ အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ မနှစ်ကဘောလုံးရာသီထက် နည်းနည်းပဲလျော့နည်းခဲ့တာ တွေ့ရပါတယ်..။ သူ့ရဲ့အခွင့်အရေးများကို ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့နှုန်း (chance conversion rate) မှာ မနှစ်ကထက် တစ်ရာခိုင်နှုန်းကျော်နဲ့ တိကျတဲ့ ဂိုးကန်သွင်းချက် (shot accuracy) မှာ (၃% ရာခိုင်နှုန်း) ကျော်ပဲ လျော့နည်းခဲ့တာကို အခုအောက်မှာ ပြထားတဲ့ပူးတွဲပုံမှာ တွေ့နိုင်ပါတယ်..။ သူဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဂိုးကန်သွင်းချက် (shot on target) (၁၀) ကြိမ် ရရှိခဲ့ပြီး (၅) ဂိုး ရရှိခဲ့ပါတယ်..။ ဒ့ါကြောင့် ဂိုးကန်သွင်းချက် နှစ်ကြိမ်မှာ တစ်ဂိုးရနေသလို ဖြစ်နေပေမယ့် ပွဲကစားချိန် (၉၉၈) မိနစ်မှာ ဂိုးကန်သွင်းချက် (၁၀) ကြိမ်ဆိုတာ ကျေနပ်စရာ မကောင်းလှဘူးလို့ ပြောရမှာပါ..။
မနှစ်က ဘောလုံးရာသီမှာ လူကာကူ ဟာ တစ်ပွဲကို ပျမ်းမျှ ဂိုးကန်သွင်းချက် (၂.၅) ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် အခုနှစ်ဘောလုံးရာသီမှာ (၁.၆) ကြိမ်ပဲ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးကန်သွင်းမှု ပြုလုပ်နိုင်စွမ်း သိသိသာသာ ကျဆင်းနေတာ တွေ့ရမှာပါ..။ အခုအောက်က ပူးတွဲပုံမှာ သူနဲ့တခြားပရီးမီးယားလိဂ် ထိပ်တန်းတိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည်တွေကို နှိုင်းယှဉ်၊ ပြသထားပါတယ်..။ မိုဟာမက် ဆာလာ ဆိုရင် တစ်ပွဲကိုပျမ်းမျှ (၃) ကြိမ်လောက် ဂိုးကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ပြီး ကီဗင် ဒီ ဘရိုင်း က (၂.၄) ကြိမ်၊ ဒီယေဂို ဂျော့တာ (၂.၈) ကြိမ်၊ စီ ရော်နယ်လ်ဒို (၂.၉) ကြိမ် နဲ့ ဟာရီ ကိန်း (၂.၇) ကြိမ်စီ ဂိုးကန်သွင်းမှု အသီးသီး ပြုလုပ်ထားနိုင်ကြပါတယ်..။
ဒါပေမယ့် အခွင့်အရေးများကို ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့နှုန်း (chance conversion rate) မှာတော့ လူကာကူ ဟာ (၂၉.၄၁% ရာခိုင်နှုန်း) နဲ့ သူတို့ထဲမှာ အကောင်းဆုံးဖြစ်နေတာကို တွေ့ရမှာပါ..။ ချယ်လ်ဆီးတိုက်စစ်မှူဟာ အခုနှစ် ဘောလုံးရာသီမှာ အပိုင်အခွင့်အရေး (big chances) (၃) ကြိမ်ပဲ လွဲချော်ခဲ့ပေမယ့် ဆာလာ က (၁၂) ကြိမ်၊ ဂျော့တာ (၁၁) ကြိမ်၊ ကိန်း (၁၀) ကြိမ်နဲ့ စီ ရော်နယ်လ်ဒို က (၈) ကြိမ် အသီးသီး အပိုင်အခွင့်အရေးတွေကို လွဲချော်ခဲ့ကြပါတယ်..။ တိုက်စစ်ဇုန်ထဲမှာ ဘောလုံးလက်ခံရရှိမှု (touches) မှာတော့ လူကာကူ ဟာ ကျန်တဲ့တိုက်စစ်မှူးတွေထက် သိသိသာသာ နည်းပါးနေတာကို တွေ့နိုင်ပါတယ်..။ ဒါဟာအသင်းဖော်တွေက သူ့ဆီကို ဘောလုံးကောင်းကောင်း မပေးပို့တာကြောင့် ဖြစ်နိုင်ပါတယ်..။ အထက်ပါ အချက်အလက်တွေအရ လူကာကူ ဟာ တိုက်စစ်ပိုင်းဆိုင်ရာ တစ်ကိုယ်ရည် စွမ်းဆောင်ရည်ပိုင်း သိသိသာသာ ကျဆင်းခဲ့ခြင်း မရှိပေမယ့် သူ့ဆီကို လုံလောက်တဲ့ ပံ့ပိုးမှုတွေ မရှိခဲ့ဘူး.. (ဒါမှမဟုတ်) သူ့ရဲ့စိတ်ကြိုက် အကောင်းဆုံးနေရာမှာ ကစားခွင့် သိပ်မရဘူးလို့ သုံးသပ်နိုင်ပါတယ်..။
ဒါ့အပြင် ဘောလုံးကျွမ်းကျင်သူတွေနဲ့ ပရိသတ်တွေက လူကာကူ ဟာ ဖိအားပေး ကစားတဲ့နေရာမှာ (pressing) ပူးပေါင်းပါဝင်မှု အားနည်းတယ်လို့ ဝေဖန်နေကြပါတယ်..။ ချန်ပီယံလိဂ် ဗိုလ်စွဲခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ မခိုမကပ် ကြိုးစားအားထုတ်မှုနဲ့ လုပ်အားနှုန်း ကောင်းမွန်မှုအပေါ် အခြေခံ တည်ဆောက်ထားတာဖြစ်ပြီး သူ့ကိုခေါ်ယူခဲ့ခြင်းဟာ အားနည်းနေတဲ့ အဆုံးသတ်ဂိုးသွင်းခြင်းကို ဖြည့်ဆည်းပေးနိုင်ဖို့ ဖြစ်ပါတယ်..။ အချက်အလက်တွေအရ လူကာကူ ဟာ တစ်ပွဲကို ပျမ်းမျှ press (၈.၁၁) ကြိမ် ပြုလုပ်ခဲ့ပါတယ်..။ တခြားဥရောပ ထိပ်တန်းတိုက်စစ်မှူးတွေရဲ့ pressing ကိန်းဂဏန်းကို ကြည့်မယ်ဆိုရင် လီဝန်ဒေါ့စကီး က တစ်ပွဲကို (၈.၇၃) ကြိမ်၊ ဘင် ဇီးမား က (၉.၂၃) ကြိမ် အသီးသီး ပြုလုပ်ထားကြပါတယ်..။ ဒါ့ကြောင့်အထောင်တိုက်စစ်မှူး တစ်ယောက်အနေနဲ့ဆိုရင် သူ့ရဲ့ pressing ပြုလုပ်နိုင်တဲ့ ကိန်းဂဏန်းဟာ အဆိုးရွားကြီး မဟုတ်ပါဘူး..။ ဒါပေမယ့် တခြားတိုက်စစ်မှူးတွေဖြစ်တဲ့ တီမို ဗာနာ ဆိုရင် တစ်ပွဲကိုပျမ်းမျှ (၁၉.၅) ကြိမ် pressing ပြုလုပ်ခဲ့ပြီး ကိုင် ဟာဗာ့ဇ် က (၁၆.၉) ကြိမ် ဆိုတော့ လူကာကူ အနေနဲ့ မနှစ်ကဘောလုံးရာသီမှာ ပြသခဲ့တဲ့ ဂိုးသွင်းနှုန်းကို ပြန်လည်မရရှိသရွှေ့ ‘လုပ်အားနှုန်း မကောင်းဘူး’ ဆိုတဲ့ ဝေဖန်ချက်ကို ချေဖျက်နိုင်မှာ မဟုတ်ပါဘူး..။ ဒါ့အပြင် လူကာကူ ရဲ့ pressing စွမ်းဆောင်ရည် အချက်အလက်ဟာ ‘အဝိုင်းထဲမှာ လေးထောင့်တုံးတစ်ခုကို မရရအောင် ဇွတ်ထည့်နေတယ်’ ဆိုတဲ့ ဝေဖန်ချက်ကို အထောက်အပံ့ ဖြစ်နေခဲ့ပါတယ်..။
တောင်ပံကျိုးသွားတဲ့ Wing back တွေရဲ့အကြောင်း…
လူကာကူ ဟာ သူ့ရဲ့ချယ်လ်ဆီးအသင်း အဖွင့်ဂိုးကို ရိစ် ဂျိမ်းစ် ရဲ့ ညာတောင်ပံက ဖြတ်တင်ပေးပို့မှုက ရရှိခဲ့သလို သောမတ်စ် တူခယ်လ် ရဲ့ ၃- ၄- ၃ ကစားကွက်မှာ wing back တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်မှ အရေးကြီးပါတယ်..။ သူဟာမနှစ်ကဘောလုံးရာသီမှာ ပါရီဆစ်၊ ဟာကီမီ တို့လို wing back တွေရဲ့ ဖန်တီးပေးမှုကနေ (၇) ဂိုး ရရှိခဲ့တာကြောင့် ချီးဝဲလ် နဲ့ ရိစ် ဂျိမ်းစ် တို့နှစ်ယောက် ကာလရှည် ဒဏ်ရာရခဲ့တာဟာ သူ့အတွက် အရေးပါတဲ့ ထောက်ပံ့ရေးလမ်းကြောင်းတစ်ခု ပြတ်တောက်သွားသလိုပါပဲ..။
အခုအပေါ်မှာ ပြထားတဲ့ ပူးတွဲပုံမှာ အသင်းက wing back လေးယောက်ရဲ့ တိုက်စစ်ပိုင်း ပံ့ပိုးမှု စွမ်းဆောင်ရည်အချက်အလက်တွေကို တွေ့ရနိုင်ပါတယ်..။ ယေဘူယျအားဖြင့် ရိစ် ဂျိမ်းစ် ဟာ အခွင့်အရေးတွေကို ဖန်တီးပေးတဲ့ နေရာမှာ အကောင်းဆုံးဖြစ်ပြီး ဘင် ချီးဝဲလ် ကတော့ ဂိုးသွင်းအဆုံးသတ် ပေးရာမှာ အကောင်းဆုံးဖြစ်ပါတယ်..။ အသေးစိတ် အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ရိစ် ဂျိမ်းစ် ဟာ ပြိုင်ဘက်အသင်းရဲ့ ပင်နယ်တီဧရိယာထဲမှာ တစ်ပွဲကိုပျမ်းမျှ ဘောလုံးထိချက် (touches in oppo penalty area) (၄.၃၇) ကြိမ်၊ ဘင် ချီးဝဲလ် က (၃.၆၃) ကြိမ်၊ မားကို့စ် အလွန်ဆို က (၂.၆၄) ကြိမ်နဲ့ ဆီဇာ အက်ဇ်ပီလီကွဲတာ (RCB/ RWB) က (၂.၃၆) ကြိမ်စီ ရရှိခဲ့ပါတယ်..။ (ဆီဇာ အက်ဇ်ပီလီကွဲတား မှာ အချို့ပွဲစဉ်များတွင် RCB ဗဟိုနောက်ခံလူအဖြစ် ကစားခဲ့ရသည်ကို သတိချပ်ရပါမည်..)။
ဘင် ချီးဝဲလ် နဲ့ ရိစ် ဂျိမ်းစ် နေရာတွေကို အစားထိုးနေရတဲ့ backup wingback တွေဆီက တိုက်စစ်ပိုင်း ခြိမ်းခြောက်နိုင်မှု၊ ပံ့ပိုးပေးနိုင်မှု အားနည်းခြင်းဟာ လူကာကူ ကိုသာမက ချယ်လ်ဆီးအသင်းရဲ့ ကစားကွက်ကိုပါ ထိခိုက်စေခဲ့ကြောင်း အချက်အလက်တွေကလည်း ပြသနေခဲ့ပါတယ်..။
ပြင်ဆင်နိုင်ဖို့ အကြံပြုချက်များ…
ရိုမီလူ လူကာကူ ဟာ ချယ်လ်ဆီးအသင်းနဲ့ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားပြီလို့တော့ ပြောမရသေးပါဘူး..။ သူဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက် ဖြစ်တယ်ဆိုတာ သက်သေပြနိုင်မယ့် မီးတောက်တွေ မြင်တွေ့နေရပေမယ့် မီးခြစ်ဆံတစ်ချောင်းလို ‘ရှဲကနဲ’ တောက်ပြီး ခဏလေးနဲ့ ငြိမ်းသွားခဲ့တာ ခက်ပါတယ်..။ ဒ့ါကြောင့်သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ရရှိဖို့ ဘယ်လိုအချက်တွေကို ပြင်ဆင်သင့်ပါသလဲ..?
(၁) hold-up play အပေါ် အလွန်အကျွံ မှီခိုခြင်းကို လျော့ချရပါမယ်…
လူကာကူ ဟာ အသင်းရဲ့ တိုက်စစ်ဗဟိုချက် (reference point/ focal point) အနေနဲ့ ကစားရတာကို မနှစ်ခြိုက်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်..။ သူဟာ အဆုံးသတ်ဂိုးသွင်းပေးဖို့သက်သက် target man တစ်ယောက်အဖြစ် တံဆိပ်ကပ် မခံချင်သလို ‘ဘောလုံးအထိန်းအသိမ်း မကောင်းမွန်တဲ့ (first touch and ball control)’ သူ့ရဲ့ပင်ကိုယ် အားနည်းချက်ကြောင့် ဂိုးပေါက်ကို ကျောပေး (hold-up play) ကစားနိုင်ဖို့ အကန့်အသတ် ဖြစ်စေပါတယ်..။ သူဟာဂိုးပေါက်ကို ကျောပေးကစားတာထက်စာရင် ဂိုးပေါက်ဘက်ကို မျက်နှာမူ ထိုးဖောက်ဖို့၊ လူကပ်ထားတဲ့ နောက်ခံလူကို ဘောလုံးနဲ့အတူ အရှိန်နဲ့ကျော်ဖြတ် ထိုးဖောက်တာကို ပိုပြီးအားသန်ပါတယ်..။
ဒ့ါအပြင် ဘယ်လ်ဂျီယမ် တိုက်စစ်မှူးဟာ တန်ပြန်တိုက်စစ် အခြေပြုပြီး ခံစစ်ကနေ တိုက်စစ်ကို လျှင်လျှင်မြန်မြန် ပြောင်းလဲနိုင်တဲ့ အန်တိုနီယို ကွန်တီ ရဲ့ (counter attacking and quick transition) ကစားဟန်မှာ အကောင်းဆုံးခြေစွမ်း ရရှိခဲ့တာ ဖြစ်ပါတယ်..။ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းဟာ ခံစစ်ကနေ တိုက်စစ်ကို ပြောင်းလဲတဲ့ transition တွေ နှေးကွေးတာကြောင့် လူကာကူ အပြင် တိုက်စစ်ကစားသမားတွေအားလုံး အခက်တွေ့၊ ရုန်းကန်ခဲ့ရပါတယ်..။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့ ဘရိုက်တန် အသင်းနဲ့ပွဲမှာ လူကာကူ ဟာ ဘရိုက်တန်အသင်း LCB ဒန် ဘမ်း ကို ခုပြီးဘောလုံးရအောင်ထိန်း၊ ဘေးမှာရှိနေတဲ့ ကန်တေး ကို ပြန်တွဲပါတယ်..။ ကန်တေး ဟာ ဘယ်ဘက်ကို လှည့်ထွက်လိုက်ချိန်မှာ ဘရိုက်တန်အသင်း နောက်ခံလူ တစ်ယောက်က ကျွံထွက်နေခဲ့ပြီး သူ့အနေနဲ့ ဘောလုံးနဲ့အတူ ဆွဲထွက်မလား..၊ ဘောလုံးတောင်းနေတဲ့ မေဆန် မောင့် ကို ပေးမလား..၊ ဘယ်အစွန်မှာ အသင့်စောင့်နေတဲ့ မားကို့စ် အလွန်ဆို ဆီကို ပေးမလား.. စတဲ့ တန်ပြန်တိုက်စစ် စတင်နိုင်မယ့် ရွေးချယ်စရာ တိုက်စစ်လမ်းကြောင်းတွေ ပွင့်နေတာကို အပေါ်မှာ ပြထားတဲ့ပူးတွဲပုံမှာ တွေ့နိုင်ပါတယ်..။ ဒါပေမယ့် သူဟာနောက်ပြန်ပေးလိုက်ပါတယ်..(ပူးတွဲအောက်ပုံ)။
လူကာကူ ဟာ တန်ပြန်တိုက်စစ်နဲ့ transitions တွေကတဆင့် လျှင်မြန်တဲ့ထိုးဖောက်မှုတွေ ပြုလုပ်ရာမှာ ထူးချွန်တဲ့ တိုက်စစ်မှူး ဖြစ်တာကြောင့် အထောင်တိုက်စစ်မှူးအဖြစ် နောက်ခံလူတွေဆီကို တိုက်ရိုက်ထိုးဖောက်မယ့်အစား ကွင်းလယ်အထိဆင်းပြီး ဘောလုံးလက်ခံယူမယ့် ကစားဟန်နဲ့ ပိုပြီးလိုက်ဖက်ညီပါတယ်..။
နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဘရိုက်တန် အသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ရိုမီလူ လူကာကူ ဘောလုံးလက်ခံ ရယူခဲ့တဲ့ နေရာတွေဟာ ကွင်းလယ်နဲ့ တိုက်စစ်ဇုန် နေရာတွေမှာ အများဆုံးဖြစ်ခဲ့ပြီး ဂိုးဧရိယာဝန်းကျင်ကို ဘောလုံးပေးပို့ရာမှာ သူဟာအလုပ်မဖြစ်ခဲ့တာ တွေ့ရမှာပါ..။ ဒါ့အပြင် သူ့ရဲ့ထိချက်အများစုဟာ နောက်ခံလူတွေနဲ့အပြိုင် တွန်းတွန်းတိုက်တိုက် ယှဉ်လုရင်း၊ တားဆီးရင်း အရယူခဲ့တဲ့ ဘောလုံးတွေ ဖြစ်နေခဲ့ပြီး သူ့ဆီကိုဦးတည် ပေးပို့တဲ့အခါတိုင်းမှာ ဘောလုံးဆုံးရှုံးတာ၊ တိုက်စစ်အရှိန် ပျက်သွားတာနဲ့ပဲ ကြုံတွေ့ခဲ့ရပါတယ်…။ အဲဒီပွဲမှာဆိုရင် ပထမပိုင်းမှာ အက်ဇ်ပီလီကွဲတား ကန်သွင်းခွင့်ရခဲ့တဲ့ အခွင့်အရေးဟာ သူ့ရဲ့ပြေးလမ်းကြောင်း နေရာလွတ်ဆီကို ထိုးပေးတဲ့ ဘောလုံးကနေ ရရှိခဲ့တာဖြစ်ပြီး အက်စ်တွန် ဗီလာ အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောဆိုရင် သူ့ရဲ့ပြေးလမ်းထဲကို ထိုးပေးလိုက်တဲ့ ဘောလုံးကို မတ် တားဂတ်၊ အက်ဇ်ရီ ကွန်ဆာ တို့နဲ့ တွန်းတွန်းတိုက်တိုက် ယှဉ်ပြိုင်ဆွဲပြေးရင်း အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်..။
(၂) လူကာကူ နဲ့ နောက်ခံလူတို့ 1 vs 1 ရင်ဆိုင်ချိန်တွေမှာ သူ့ဆီကို ဘောလုံးတွေရောက်အာင် ပို့ပေးရပါမယ်..
သူဟာဘယ်ခြေ၊ ညာခြေ၊ အမြင့်ဘော.. နေရာစုံကနေ ဂိုးရအောင် သွင်းယူနိုင်တဲ့ တိုက်စစ်မှူး ဖြစ်တာကြောင့် နောက်ခံလူတွေနဲ့ တစ်ယောက်ချင်း 1 vs 1 အနေအထားတွေမှာ အထူးအန္တရာယ်ပေးနိုင်စွမ်း ရှိပါတယ်..။ အထူးသဖြင့် ဖြတ်တင်ဘောတွေ ရောက်ရှိလာချိန်မှာ သူ့ကိုကပ်ထားတဲ့ နောက်ခံလူထက် ခေါင်းဦးအောင် တိုက်နိုင်စွမ်းရှိပါတယ်….။ ဒ့ါကြောင့်သူ့ဆီကို အမြင့်ဘော၊ အနိမ့်ဘော.. ဖြတ်တင်ဘောတွေကို များများပေးနိုင်မယ်ဆိုရင် ဂိုးရနိုင်ဖို့ အခွင့်အလမ်း ပိုများပါမယ်..။ ဥပမာအနေနဲ့ အက်စ်တွန် ဗီလာအသင်းနဲ့ပွဲစဉ်မှာ သူဟာကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ပေးပို့တဲ့ ဖြတ်တင်ဘောကို အနီးဆုံးမှာရှိနေတဲ့ နောက်ခံလူ တိုင်ရာ မင်းစ် ရဲ့ ရှေ့ကနေဖြတ်ပြီး ခေါင်းတိုက်ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်..။
ပြီးခဲ့တဲ့ ဘရိုက်တန် အသင်းနဲ့ပွဲမှာဆိုရင် သူဟာနောက်ခံလူတွေနဲ့ 1 vs 1 အနေအထားတွေ မကြာခဏ ရရှိခဲ့ပေမယ့် ဘောလုံးတွေ ရောက်မလာခဲ့ပါဘူး..။ ပွဲချိန် (၇၂) မိနစ်မှာ တစ်ကြိမ်ပဲ အန်တိုနီယို ရူဒီဂါ ချပေးလိုက်တဲ့ ဘောလုံးကို သူဟာနောက်ခံလူနဲ့ တစ်ယောက်ချင်း 1 vs 1 ယှဉ်ပြေးရင်း ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဆန်ချက်ဇ် ကာကွယ်နိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်း တိုက်စစ်ကစားသမားများအနေနဲ့ လူကာကူ ဟာ နောက်ခံလူနဲ့ တစ်ယောက်ချင်း 1 vs 1 အနေအထား ရောက်သွားပြီ ဆိုတာနဲ့ သူ့ဆီကို ဘောလုံးရောက်ရှိအောင် ပေးပို့ပြီး ရုန်းခိုင်းရပါမယ်..။ ချယ်လ်ဆီးအသင်းဟာ ဖြတ်တင်ဘောတွေ ပေးပို့ရာမှာ တိကျဖို့ လိုအပ်ပြီး အချက်အလက်တွေအရ ကြည့်မယ်ဆိုရင် တစ်ပွဲကိုပျမ်းမျှ ဖြတ်တင်ဘော (၁၂.၃) ကြိမ် ကန်တင်ရာမှာ (၁.၅၂) ကြိမ်ပဲ ကိုယ့်လူတွေဆီကို ရောက်ရှိပါတယ်..။ ဒ့ါကြောင့်လူကာကူ ရဲ့ စွမ်းရည်ကို အပြည့်အ၀ အသုံးချနိုင်ဖို့ဆိုရင် ဒီထက်ပိုပြီး ဖြတ်တင်ဘောတွေ များများပေးပို့နိုင်သင့်သလို ပေးပို့တဲ့ဘောလုံးတွေရဲ့ အရည်အသွေး ပိုပြီးကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်..။
(၃) ထက်မြက်တဲ့ တွဲဖက်တိုက်စစ်မှူးတစ်ယောက် လိုအပ်ပါတယ်..
လူကာကူ ဟာ ကွင်းလယ်.. ဒါမှမဟုတ် ဘယ်၊ ညာတောင်ပံတွေဘက်မှာ လှုပ်ရှားရင်း အခြားတွဲဖက် တိုက်စစ်ကစားသမားတွေအတွက် နေရာလွတ်တွေ၊ ပြေးလမ်းကြောင်းတွေကို ဖန်တီးပေးတတ်ပါတယ်…။ ဘရိုက်တန် အသင်းနဲ့ပွဲမှာ ဆိုရင် သူဟာ နောက်ခံလူ ဝက်ဘ်စတာ ကို ကာထားပြီး ပြေးတက်လာခဲ့တဲ့ မေဆန် မောင့် နဲ့ တွဲဖက်ကစားခဲ့ပါတယ်..။ ဒါပေမယ့် မေဆန် မောင့် က အသင့်စောင့်နေတဲ့ ဇီးယက်ခ်ျ ကို ပေးပို့ရမှာ နောက်ကျခဲ့တာကြောင့် လူကျွံဘော ဖြစ်သွားခဲ့ပါတယ်..။
နောက်ခံလူတွေကို ဆွဲခေါ်ရင်း တွဲဖက်တိုက်စစ်မှူးအတွက် နေရာလွတ် ဖန်တီးပေးတတ်တဲ့ လူကာကူ ရဲ့ စွမ်းရည်ကို အချက်အလက် ကိန်းဂဏန်းတွေနဲ့ ပြသလို့မရပါဘူး..။ အခုအောက်မှာ ပြထားတဲ့ ပူးတွဲပုံမှာဆိုရင် အင်တာ မီလန်အသင်းတုန်းက တွဲဖက်တိုက်စစ်မှူး လော်တာရို မာတီးနက်ဇ် ဟာ သူ့ကြောင့်ရလာတဲ့ နေရာလွတ်တွေကို နားလည်မှုရှိရှိနဲ့ အသုံးချနိုင်ခဲ့ပါတယ်..။
မေဆန် မောင့်၊ တီမို ဗာနာ တို့ဟာ လူကာကူ နဲ့ တွဲဖက်ကစားရင်း သူ့ရဲ့လှုပ်ရှားမှုတွေကြောင့် ရရှိခဲ့တဲ့ နေရာလွတ်တွေကို အသုံးချပြီး ထိုးဖောက်တဲ့ပုံစံကို ကျင့်သုံးခဲ့ပေမယ့် နားလည်မှု ပိုမိုကောင်းမွန်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက် ပိုမိုကောင်းမွန်ဖို့ လိုအပ်နေပါသေးတယ်..။
ဒါ့အပြင် အသင်းက တိုက်စစ်မှူးတွေ ခြေစွမ်းပုံမှန်မရှိပဲ ဖြစ်နေတာကြောင့် သူနဲ့တွဲဖက်ကစားနိုင်မယ့် တိုက်စစ်မှူး ရရှိနိုင်ဖို့ ပြဿနာရှိနေခဲ့ပါတယ်..။ ဇီးယက်ခ်ျ ဟာ ခံစစ်ကြောင်းရဲ့နောက်က နေရာလွတ်တွေကို အသုံးချနိုင်ဖို့ လိုအပ်တဲ့ လျှင်မြန်မှုမရှိသလို ချိန်သားကိုက် ရွှေ့လျားမှု မပြုလုပ်နိုင်ပါဘူး..။ ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ တီမို ဗာနာ တို့ဟာ အဆုံးသတ်ဂိုးသွင်းရာမှာ ညံ့ဖျင်းသလို ခရစ်စ်တီယန် ပူလီဆစ် ဟာ အရေးအကြောင်းဆိုရင် ခြေစွမ်းမမှန်ပဲ ဖြစ်နေပါတယ်..။ ကိုင် ဟာဗာ့ဇ် ဟာ ညာဘက်ခြမ်းမှာ ကစားရတာကို ပိုအားသန်ပေမယ့် ဘယ်တောင်ပံဘက်ကို အများဆုံးထွက် ကစားနေရတာကြောင့် သူ့ရဲ့ခြေစွမ်းကို ကန့်သတ်ထားသလို ဖြစ်နေပါတယ်..။ ဒါ့အပြင်ဒဏ်ရာပြဿနာ၊ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် မကြာခဏ အနားယူနေရတာကလည်း သူ့ရဲ့ခြေစွမ်းကို ထိခိုက်စေပါတယ်..။
မျှော်လင်ချက်များ…
ဒါပေမယ့် လူကာကူ ဟာ ချယ်လ်ဆီးအသင်းနဲ့ ဘယ်လိုမှ အစေးမကပ်နိုင်တော့ဘူး.. လို့တော့ မဟုတ်ပါဘူး..။ လက်ရှိအခြေအနေမှာတင်ကို မက်တီယို ကိုဗာဆစ် ဟာ သူ့ရဲ့အားသာချက်များကို အကောင်းဆုံး အသုံးချနိုင်တဲ့ ကစားသမား ဖြစ်နေပါတယ်..။ သူဟာ ဘယ်လ်ဂျီယမ် တိုက်စစ်မှူးရဲ့အကြိုက် သူ့ရဲ့ပြေးလမ်းကြောင်းထဲ အတိအကျ ပေးပို့နိုင်သူ ဖြစ်သလို သူ့ကြောင့်ရရှိလာတဲ့ နေရာလွတ်တွေကို အကောင်းဆုံး အသုံးချနိုင်တဲ့သူ ဖြစ်ပါတယ်..။
နောက်တစ်ယောက်က မေဆန် မောင့် ဖြစ်ပါတယ်..။ လက်ရှိအချိန်မှာ သူဟာ ရိုမီလူ ထံကို ဘောလုံးအများဆုံး ပေးပို့နိုင်တဲ့ ကစားသမားဖြစ်နေပြီး တွဲလုံးတွေလည်း အများဆုံးဖန်တီး ထားနိုင်ကြပါတယ်..။ ဒ့ါအပြင် လာမယ့် ဘောလုံးရာသီကျရင် လူကာကူ နဲ့ တွဲဖက်ကစားမယ့်သူ ဖြစ်နိုင်မယ့် ကော်နာ ဂါလက်ချာ ဟာလည်း တိုက်စစ်မှူးတွေကြောင့် ရရှိလာတဲ့ နေရာလွတ်တွေကို အသုံးချရာမှာ ကောင်းမွန်သူ ဖြစ်ပါတယ်..။
အခုဆိုရင် နည်းပြသောမတ်စ် တူခယ်လ် ဟာ လူကာကူ ကို တီမို ဗာနာ/ ကိုင် ဟာဗာ့ဇ် တို့နဲ့ တွဲဖက်ပြီး တိုက်စစ်မှူးနှစ်ယောက်နဲ့ ထိုးဖောက်တဲ့ ၃- ၅- ၂ ဒါမှမဟုတ် ၄- ၄- ၂ ကစားကွက်ပုံစံတွေကို ပြောင်းလဲ စမ်းသပ်နေသလို ဘယ်လ်ဂျီယမ် တိုက်စစ်မှူးကို အထောင်တိုက်စစ်မှူး နေရာမှာ အသေမကစားစေတော့ပဲ အင်တာ မီလန် အသင်းမှာ ကစားခဲ့သလို ညာခြမ်းဘက်ကို ပိုမိုအားပြု ရွှေ့လျားကစားစေခဲ့တာ တွေ့ရပါတယ်..။
အခုဆိုရင် အသင်းမှာကြုံတွေ့နေရတဲ့ ဒဏ်ရာပြဿနာဟာ တဖြည်းဖြည်းသက်သာလာပြီ ဖြစ်တဲ့အတွက် လူကာကူ အပါအဝင် တခြားတိုက်စစ်မှူးတွေအတွက် ကစားခွင့်ပိုပြီး ရရှိလာတော့မှာ ဖြစ်ပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ နည်းပြသောမတ်စ် တူခယ်လ် အတွက် လူကာကူ ပြဿနာတစ်ခုတည်း ခေါင်းခဲစရာ ဖြစ်နေတာ မဟုတ်ပါဘူး..။
အားနည်းနေတဲ့ wing backs/ full backs နေရာတွေကို ဘယ်လိုနည်းနဲ့ အလျှင်အမြန် အစားထိုးမလဲ..? ဒါမှမဟုတ် ဘယ်လိုကုစားမလဲ..? ဇန်နဝါရီမှာ ဘယ်လိုကစားသမားသစ်တွေနဲ့ အားဖြည့်မလဲ? အခုလက်ရှိအချိန်မှာ ပွဲစဉ်အများဆုံး ကစားထားခဲ့ရတဲ့ ချယ်လ်ဆီးကစားသမားတွေကို ကမ္ဘာ့ကလပ် ချန်ပီယံဖလား၊ Carabao ဖလားပွဲနဲ့ ရာသီအကုန် ပန်းဝင်ကာလ မတိုင်ခင် ပွဲပန်း၊ လူပန်း အားကုန်ခမ်း မသွားရအောင် ဘယ်လိုနည်းနဲ့ စွမ်းဆောင်ရမလဲ..? စတဲ့ ပြဿနာတွေဟာ နည်းပြနဲ့အသင်းအတွက် အလျှင်အမြန်ဆုံး အဖြေရှာတွေ့ဖို့ လိုအပ်နေတဲ့ အခက်အခဲတွေ ဖြစ်နေပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(Si Phillips Talks Chelsea မှ ဆောင်းပါးရှင် CFCCentral3 တင်ဆက်သော ‘Why Chelsea Aren't Getting The Best Out of Romelu Lukaku - Tactical Analysis ဆောင်းပါးကို ပြန်ဆိုပါသည်..။)