feature-image

စိန်ခေါ်မှုတွေကို ထပ်မံဖြတ်သန်းရဦးမယ့် တူခယ်လ် ရဲ့ စတန်းဖို့ဒ် ဘရစ်ချ်ခရီး တစ်နှစ်အလွန်…

သောမတ်စ် တူခယ်...

သူဟာ ‘နားလည်ရခက်တယ်’..၊ တစ်ချို့ကတော့ သူဟာ ‘လုံးဝပြီးပြည့်စုံတဲ့ အရာတွေကိုပဲ နှစ်သက်တယ်..’ စသဖြင့် သတ်မှတ်ကြပါတယ်..။ ဘိုရုရှား ဒေါ့မွန်အသင်း ဥက္ကဌ ဟန်းစ် ဂျိုအာချင်း ဝက်ဇ်ကေး ကတော့ ‘ဆက်ဆံရ ခက်ခဲ့တဲ့သူ’ လို့ပဲ မှတ်ချက်ပေးပါတယ်..။ အဲဒီလို မှတ်ချက်တွေနဲ့အညီ ဂျာမန်နည်းပြရဲ့ မိန့်ဇ်၊ ဒေါ့မွန်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတွေဆီက ညောင်ညိုပင်လမ်းခွဲအချိန်တွေဟာ လှလှပပ မရှိခဲ့ပါဘူး..။

ဒ့ါကြောင့် ချယ်လ်ဆီးအသင်းကို သောမတ်စ် တူခယ်လ် ရောက်ရှိလာချိန်မှာ မန်နေဂျာတွေနဲ့ ပတ်သက်လာရင် အင်မတန်မှ သည်းခံစိတ် နည်းပါးလှတဲ့အသင်းဟာ သူ့လို ကျွတ်ဆပ်ဆပ် မန်နေဂျာတစ်ယောက်ကို ဘာ့ကြောင့်ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာလဲ..? တူခယ်လ် ကလည်း စတန်းဖို့ဒ် ဘရစ်ခ်ျ အသင်းက စာချုပ်သက်တမ်း (၁၈) လ နဲ့သာ ကမ်းလှမ်းခဲ့တဲ့အပေါ် ဘာကြောင့်လက်ခံခဲ့တာလဲ..? စတဲ့ အချက်တွေကို အားလုံးက စိတ်ဝင်စားခဲ့ကြပါတယ်..။

တူခယ်လ် ဟာ ‘သိပ်ကိုထူးချွန်တဲ့ နည်းပြတစ်ယောက်’ ဖြစ်တယ်လို့ ဥက္ကဌ ဝက်ဇ်ကေး က ချီးကျူးခဲ့သလို သူ့ရဲ့အသင်းဟောင်း တစ်သင်းဖြစ်တဲ့ မိန့်ဇ်အသင်းဥက္ကဌ ခရစ်စ်တီယန် ဟိုင်ဒယ်လ် ကတော့ ‘အလုံးစုံ ပြီးပြည့်စုံတဲ့ အရာတွေကိုပဲ အလိုရှိပြီး အပေါ်ယံတွေကို စိတ်မဝင်စားဘူး..၊ အလုပ်တိုင်းကို တကယ့်အသေးစိတ် နက်နက်နဲနဲ လုပ်ဆောင်တတ်တဲ့သူ..’ ဆိုပြီး သူ့ရဲ့အကြောင်းကို ပုံဖော်ပြပါတယ်..။

“အဲဒီလိုအကျင့်စရိုက်တွေကြောင့် တူခယ်လ် ဟာ နားလည်ရခက်ခဲတယ်လို့ ယူဆကြတဲ့သူတွေ များကြတာ ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် ထူးချွန်တဲ့ နည်းပြတိုင်းဟာ လူထူးလူဆန်းတွေ ဖြစ်ကြပြီး နားလည်ရခက်ခဲတဲ့ သူတွေပါပဲ..။ အဲဒီအကျင့်စရိုက်နှစ်ခုဟာ တစ်ခုနဲ့တစ်ခု အမှီသဟဲပြု၊ ဒွန်တွဲနေတာ ဖြစ်နိုင်ပါတယ်..။” လို့ ဟိုင်ဒယ်လ် က BBC Sports ကို ဆက်ပြီးပြောပြပါတယ်..။



အခုလက်ရှိအချိန်ထိတော့ နားလည်ရခက်ခဲတဲ့ မန်နေဂျာနဲ့ ဆက်ဆံရခက်တဲ့ အသင်းတို့ရဲ့ အတွဲအစပ်ဟာ အလုပ်ဖြစ်နေပါတယ်..။ တူခယ်လ် ဟာ မနှစ်ကဇန်နဝါရီမှာ ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီးအသင်း နည်းပြရာထူးကို ဆက်ခံခဲ့အပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်ဆုံးလေးသင်းနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့သလို FA ဖလားဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်..။ ဥရောပပြိုင်ပွဲတွေမှာတော့ ချန်ပီယံလိဂ် ဆုဖလားကြီးနဲ့ UEFA စူပါဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် စတန်းဖို့ဒ် ဘရစ်ခ်ျ အသင်းနဲ့ နောက်ထပ်ရာသီစက်ဝန်း တစ်ပတ်ပြန်လည်လာချိန်မှာ လိဂ်ဖလား ဗိုလ်လုပွဲကို ထပ်မံပို့ဆောင် ပေးနိုင်ခဲ့ပြန်ပါပြီ..။

ဒါပေမယ့် ဒီလကနေ စတင်တော့မယ့် ဒုတိယမြောက် ရာသီစက်ဝန်း တစ်ကျော့ဟာ ပထမနှစ် (၁၂) လ အလွန် အောင်မြင်မှုအရှိန်အဟုန် ကုန်ဆုံးလို့ ချယ်လ်ဆီးအသင်း မန်နေဂျာအများစု ကျရှုံးခဲ့ရတဲ့ အစမ်းသပ်ခံ ကာလကို ဖြတ်သန်းရမယ့်အချိန် ကျရောက်လာပြီလို့ ပြောရမှာပါ..။

အနာဂတ်ရဲ့ အုတ်မြစ်များကို ထုဆစ်ခြင်း…

သောမတ်စ် တူခယ်လ် ဟာ လန်ဒန်မြို့ကို ခြေချပြီး စတန်းဖို့ဒ် ဘရစ်ခ်ျ တံခါးကို ဖွင့်လှစ်လိုက်ပြီဆိုတာနဲ့ အပြာရောင်တွေနဲ့အတူ ရှေ့ဆက်ဖို့ အောင်မြင်မှုကလွဲလို့ အခြားဘာမှမရှိဘူး… ဆိုတာ သိရှိပြီး ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် အဲဒီရှေ့အနာဂတ်ခရီးမှာ သူ့အတွက် ပိုပြီးခက်ခဲမယ့် စမ်းသပ်မှုကတော့ ဆုဖလားတွေ (trophies) ကို  ဖျော်ဖြေမှုပေးနိင်တဲ့ အရည်အသွေးပြည့် ကစားဟန် (tranquility) နဲ့ ပေါင်းစပ်နိုင်ဖို့ ဖြစ်ပါတယ်..။ အဲဒီအတားအဆီးဟာ ဟိုဆေး မော်ရင်ဟို၊ ကာလို အန်စလော့တီ နဲ့ အန်တိုနီယို ကွန်တီ တို့လို အကျော်ဒေးယျ မန်နေဂျာတွေကိုပါ အခက်တွေ့စေခဲ့ပါတယ်..။

ဒါပေမယ့် တူခယ်လ် ကတော့ အဲဒီစမ်းသပ်မှုကို ထိပ်တိုက်ရင်ဆိုင်နေပါပြီ.. ဆိုတဲ့အကြောင်းကို မန်ချက်စတာ စီးတီး အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးတဲ့အချိန်မှာ အခုလို ပြောဆိုခဲ့ပါတယ်..။ “အသင်းရဲ့သမိုင်းကို ကြည့်မယ်ဆိုရင် စာချုပ်သက်တမ်းအပြည့် နေရဖို့မလွယ်ဘူးဆိုတာ ကျွန်တော်သိပါတယ်..။”
မကြာသေးတဲ့ ဘရိုက်တန်အသင်းနဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာတော့ ‘ကျွန်တော်ဟာ တခြားဘယ်ကိုမှ မသွားချင်ပါဘူး’ လို့ ထပ်လောင်းပြောကြားရင် စိန်ခေါ်မှုတွေကနေ နောက်မတွန့်သေးတဲ့အကြောင်း ထပ်မံအသိပေးခဲ့ပါတယ်..။



သူဟာ ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်အနာဂတ်တစ်ခုကို ရှုမြင်နေသလို ပြီးခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ကစားသမားတွေ၊ နည်းပြတွေ၊ အသင်းတာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ လက်တွဲပြီး သူရည်မှန်းတဲ့ အပြာရောင်အနာဂတ်ရဲ့ အခြခံအုတ်မြစ်ကို အတူတူ စတင်၊ ထုဆစ်ခဲ့ကြပါတယ်..။ ဟိုင်ဒယ်လ် ကတော့ တူခယ်လ် ဟာ ကလော့ပ် နဲ့ နှိုင်းယှဉ်မယ်ဆိုရင် လူတွေနဲ့သိပ်ပြီး ရောရောနှောနှော မနေတတ်ဘူး… လို့ ဆိုခဲ့ပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး သူ့ရဲ့ဝန်ထမ်းတွေနဲ့ ကစားသမားတွေကို ကျေးဇူးတင်ရှိတဲ့အနေနဲ့ သူ့ရဲ့အိမ်မှာ ပါတီပွဲတစ်ခု သေသေချာချာ စီစဉ်၊ ဂုဏ်ပြုပေးခဲ့ပါတယ်..။ ဒ့ါအပြင် သူဟာကစားသမားတွေကို တစုတစည်းထဲ စည်းစည်းလုံးလုံး ရှိနေအောင် အကောင်းဆုံး စည်းရုံး၊ သိမ်းသွင်းနိုင်ခဲ့ပါတယ်..။

တူခယ်လ် ဟာ အန်တိုနီယို ရူဒီဂါ ရဲ့ အကောင်းဆုံးခြေစွမ်းကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ဘင် ချီးဝဲလ် ကိုလည်း ရာသီအစမှာ ခဏခေါက်ထား..၊ ပြီးမှအကောင်းဆုံးခြေစွမ်း ပြသနိုင်အောင် လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်..။ ကစားသမားတွေကို အုပ်ချုပ်မှုနိုင်နင်းတဲ့ သူ့ရဲ့စွမ်းရည်၊ ကျွမ်းကျင်မှုကို အားလုံးက အသိအမှတ် ပြုခဲ့ကြပါတယ်…။ ဒါ့အပြင် သူဟာ အရင်အသင်းတွေမှာလည်း လူငယ်ကစားသမားတွေကို မြေတောင်မြှောက် ပေးခဲ့တဲ့သူ ဖြစ်ခဲ့သလို အခုလက်ရှိ ချယ်လ်ဆီးအသင်းက ငယ်မွေးခြံပေါက် လူငယ် ကစားသမားတွေဖြစ်တဲ့ မေဆန် မောင့်၊ ထရေဗာ ချာလိုဘာ နဲ့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း တို့ဟာ  သူနဲ့အတူ လက်တွဲရင်း အတောင်တွေဖြန့်လို့ အမြင့်ဆုံးခြေစွမ်းနဲ့ နောက်ထပ်တစ်ဆင့်မြင့်ကို တက်လှမ်းနိင်ဖို့ တာစူနေကြပါပြီ..။

တူချယ် ဟာ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ကို အစောပိုင်းကာလတွေမှာ ချန်လှပ်ထားခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အင်္ဂလန်လူငယ် တောင်ပံကစားသမားဟာ နည်းပြရဲ့ဦးစားပေး ကစားသမား တစ်ယာက်အဖြစ် ပြန်လည်နေရာ ရလာခဲ့ပါပြီ..။ ဒါပေမယ့် အခုနှစ်ဘောလုံးရာသီမှာ စတာလင်ပေါင် (၉၇.၅) သန်းနဲ့ အသင်းကို ပြန်လည်ရောက်ရှိ လာခဲ့တဲ့ ‘ရိုမီလူ လူကာကူ’ နဲ့ကတော့ Sky Italia သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံခန်း တစ်ခုမှာ သူကစားနေရတဲ့ နေရာနဲ့ တူခယ်လ် ရဲ့ နည်းစနစ်တွေကို ဝေဖန်ခဲ့ပြီး သူ့ကိုစိန်ခေါ်ခဲ့ပါတယ်..။



အဲဒီအင်တာဗျူး ထွက်ပေါ်လာခဲ့ပြီး နောက်ရက်မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကတော့ လူကာကူ နဲ့ ပတ်သက်တဲ့ မေးခွန်းတွေနဲ့ပဲ ပြည့်နှက်ခဲ့ပါတယ်..။ ဒါပေမယ့် တူခယ်လ် ရဲ့ ဖြေကြားချက်တွေဟာ အင်မတန်မှ တည်ငြိမ်ပြီး အစွန်းအထွက်မရှိ၊ စနစ်တကျ ရှိလှပါတယ်..။ “ဒီထက်ခက်ခဲတဲ့ စကားလုံးတွေကို အရင်တုန်းက ရင်ဆိုင်ခဲ့ရဖူးတယ်..” လို့ ပြောကြားခဲ့သလို လူကာကူ အနေနဲ့ အဲဒီဝေဖန်မှုတွေကို ကွင်းထဲက ခြေစွမ်းနဲ့ပြန်ပြီး သက်သေပြသင့်တယ်.. ဆိုပြီး သူ့ရဲ့တိုက်စစ်မှူးကို တုံ့ပြန်ခဲ့ပါတယ်..။ ဒါပေမယ့် မီဒီယာတွေဟာ အဲဒီလောက်နဲ့ မကျေနပ်ပါဘူး..။ တူခယ်လ် အနေနဲ့ သူတို့နှစ်ယောက်ကြားက အမြင်မတူ၊ ကွာဟချက်တွေကို ဘယ်လိုချေဖျက်မလဲ..? လို့ ထပ်မံအသေးစိတ် မေးမြန်းရာမှာ သူကအသင်းကို ဦးဆောင်နေတဲ့သူတွေဆီက ထောက်ခံမှု၊ ပံ့ပိုးမှုကို ရယူခဲ့ရကြောင်း ဖြေကြားခဲ့ပါတယ်..။

မယိမ်းယိုင်တဲ့ လမ်းကြောင်းအတိုင်း ယုံယုံကြည်ကြည် လက်တွဲရဲဖို့ လိုအပ်ပါမယ်…

ဘယ်သူ့ကိုမှ အသိမပေးခဲ့ပဲ ပြုလုပ်ခဲ့တဲ့ လူကာကူ ရဲ့ အင်တာဗျူးအပေါ် တူခယ်လ် နဲ့ အသင်းဒါရိုက်တာ မာရီနာ ဂရာနော့ဗ်ကီးယား တို့ဟာ ဘယ်လ်ဂျီယမ် တိုက်စစ်မှူးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်..။ သူကတော့ အဲဒီဆွေးနွေးမှုဟာ ‘အရမ်းကို အေးအေးဆေးဆေး ရှိခဲ့ပြီး သိပ်ကိုပွင့်လင်းတယ်..၊ မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားပါတယ်..’ လို့ပဲ အသိပေးခဲ့ပါတယ်..။

အသင်းရဲ့ ထိပ်တန်းကစားသမား တစ်ယောက်ဆီက စိန်ခေါ်လာမှုကို ရင်ဆိုင်ဖို့ အသင်းပိုင်ရှင်ရဲ့ ညာလက်ရုံး မာရီနာ ဂရာနော့ဗ်ကီးယားစ် ကို အားကိုးခဲ့ရသလို အသင်းမှာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေတဲ့ ဂန္တဝင်ဂိုးသမားဟောင်းကြီး ပီတာ ချက် နဲ့လည်း တိုင်ပင်နှီးနှောခဲ့ရပါတယ်။

ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေ ကောင်းမွန်ခဲ့တာကြောင့် ဂျာမန်နည်းပြနဲ့ အသင်းဒါရိုက်တာတွေရဲ့ကြားက ဆက်ဆံရေးဟာ အရင်တုန်းက မန်နေဂျာတွေထက် ပိုပြီးကောင်းမွန်တယ်လို့ အသင်းနဲ့နီးစပ်သူတွေက ပြန်ပြောပြခဲ့ကြပါတယ်…။ အသင်းဘက်က တူခယ်လ် ကို ကစားသမားတွေ အုပ်ချုပ်မှုနဲ့ အသင်းရဲ့ကစားပုံ အပေါ်မှာပဲအာရုံစိုက်ဖို့ အားပေးခဲ့တယ်လို့ သိရပါတယ်..။



အသင်းနဲ့ပတ်သက်တဲ့သူ အားလုံးဟာ သူ့အပေါ်ယုံကြည်မှု အပြည့်အ၀ ရှိနေတာဟာ တူခယ်လ် အတွက် သူလိုချင်တဲ့ အနာဂတ်ကို ပုံဖော်နိုင်ဖို့ အဓိကသော့ချက် ဖြစ်လိမ့်မယ်လို့ ဟိုင်ဒယ်လ် က ပြောပြတယ်..။ မိန့်ဇ် အသင်း ဥက္ကဌဟာ အခုအချိန်ထိ သူ့ရဲ့မန်နေဂျာဟောင်းနဲ့ အဆက်အသွယ် ရှိနေဆဲ ဖြစ်သလို လက်ရှိချယ်လ်ဆီး အသင်းက တူခယ်လ် ရဲ့ လက်ထောက်အများစုဟာ ယခင်မိန့်ဇ် အသင်းကတည်းက လက်တွဲလာခဲ့တဲ့ လူဟောင်းတွေပဲ ဖြစ်ကြပါတယ်..။

ဒ့ါကြောင့်ဟိုင်ဒယ်လ် က ချယ်လ်ဆီးအသင်း ဘုတ်အဖွဲ့အနေနဲ့ တူခယ်လ် ကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးရင်း လိုအပ်တဲ့ ထောက်ပံ့မှုတွေနဲ့ အပြည့်အ၀ အားပေးသွားမယ်ဆိုရင် မျှော်မှန်းထားတဲ့ အောင်မြင်မှုတွေနဲ့ အနာဂတ်ကာလကို ရရှိလိမ့်မယ်.. ဆိုတဲ့အကြောင်း အခုလို အကြံပေးပါတယ်..

“ဘယ်မန်နေဂျာက ဘယ်သူ့ထက် ပိုကောင်းပါတယ်.. လို့ ပြောစရာ မရှိပါဘူး..။ ဒါပေမယ့် ဂျာဂင် ကလော့ပ် နဲ့ မတူတာက သောမတ်စ် ဟာ တခြားသူစိမ်းတွေကို သူ့ရဲ့အနီးနား၊ အတွင်းစည်းအထိ လွယ်လွယ်ကူကူ အကပ်မခံပါဘူး..။ ဒ့ါကြောင့် သောမတ်စ် နဲ့ လက်တွဲမယ်ဆိုရင် ပြင်ပမီဒီယာတွေနဲ့ ဆက်ဆံတဲ့ နေရာမှာ သူ့ကိုထောက်ပံ့ပေးမယ့်သူ တစ်ယောက်လိုအပ်သလို သောမတ်စ် လိုချင်တဲ့ကစားဟန်အတိုင်း ပုံသွင်းနိုင်ဖို့ အသင်းဘက်က အကောင်းဆုံး ပံ့ပိုးပေးသွားဖို့ အရေးကြီးပါတယ်..။

ဒ့ါကြောင့်သူ့အပေါ် အပြည့်အ၀ ယုံကြည်မှုရှိနေတယ်လို့ သူ့ဘက်က ခံစားနေဖို့ လိုအပ်သလို သူ့ရဲ့လမ်းကြောင်း၊ သူ့ရဲ့ဆောင်ရွက်မှုတွေမှာ တခြားသူတွေ အနှောင့်အယှက်ပေးတာကိုလည်း မနှစ်ခြိုက်ပါဘူး..။ တကယ်လို့ သူ့ရဲ့ထုဆစ်မှုတွေ၊ သူသွပ်သွင်းတဲ့ ကစားဟန်တွေအပေါ် ယုံကြည်မှုအပြည့်အ၀ ရှိမယ်ဆိုရင် ထွက်ပေါ်လာမယ့် နောက်ဆုံးရလဒ်ဟာ အရမ်းကိုကောင်းမွန်၊ ပြောင်မြောက်နေပါလိမ့်မယ်..။ ဒ့ါကြောင့်အသင်းဘက်က သူလိုအပ်သမျှကို အစွမ်းကုန်ပံ့ပိုး၊ ထောက်ပံ့ပေးနေဖို့ လိုအပ်ပါမယ်..။ ဒါဆိုရင်ချယ်လ်ဆီးအသင်းဟာ သူတို့လိုချင်တဲ့ ရေရှည်အောင်မြင်မှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရရှိပါလိမ့်မယ်..။”

သောမတ်စ် တူခယ်လ် ဟာ အကောင်းဆုံး၊ အပြည့်စုံဆုံးကိုမှ လိုချင်တဲ့သူ ဖြစ်တာနဲ့အညီ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် (၅) ပွဲထဲမှာ တစ်ပွဲပဲ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ပြေးနေတဲ့ မန်ချက်စတာ စီးတီး အသင်းနဲ့ (၁၀) မှတ်အကွာ၊ တတိယနေရာကို ရောက်နေတဲ့အပေါ် ကျေနပ်မှုလုံး၀ မရှိခဲ့ပါဘူး..။ အဲဒါကို ကွင်းဘေးစည်းမှာ အားမလို၊ အားမရ ဖြစ်နေတဲ့ သူ့ရဲ့အမူအရာတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်..။ ဒ့ါကြောင့်ကစားသမားတွေအပေါ် တောင်းဆိုမှုတွေ ပိုပြီးများပြားလာတာနဲ့အမျှ နောက်ထပ်ပြဿနာ အသစ်တွေ ထပ်ပြီးပေါ်လာနိုင်စရာ ရှိပါတယ်..။



ဒါပေမယ့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ တော့တင်ဟမ်အသင်းကို ၂ - ၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ နည်းပြကြီးရဲ့ မျက်နှာပေါ်မှာ အပြုံးပန်းတွေ ပြန်ပြီးမြင်ခဲ့ရသလို သူကလည်း အောင်မြင်မှုတွေ ရရှိဖို့အတွက် ‘အရမ်းကို စိတ်မရှည်’ ဖြစ်နေတဲ့အကြောင်း ပြောပြပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ဖေဖော်ဝါရီလထဲမှာပဲ ကမ္ဘာ့ကလပ် ချန်ပီယံဖလားနဲ့ Carabao ဖလားပွဲတွေကို ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ရှိနေတာကြောင့် စိတ်မရှည်နိုင် ဖြစ်နေတဲ့ သူ့အတွက် ကံကောင်းတယ်လို့ ပြောရမှာပါ..။ တကယ်လို့ တူခယ်လ် ဟာ အခုလာမယ့် ဖေဖော်ဝါရီလအတွင်းမှာ ယှဉ်ပြိုင်ရမယ့် ဖလားပြိုင်ပွဲများကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် အနာဂတ်အပေါ် အမြဲတမ်းတူရှု ကြည့်မြင်တယ်.. လို့ ပြောလေ့ရှိတဲ့ နည်းပြကြီးအတွက် သိပ်ကိုသာယာ၊ လှပတဲ့ (၁၃) လတာ ကာလ ဖြစ်သွားပါလိမ့်မယ်.. ဆိုတဲ့အကြောင်းကို တစ်နှစ်ပြည့်မြောက်တဲ့ အမှတ်တရအဖြစ် မေးမြန်းချက်ကို ဖြေကြားခဲ့တဲ့ ဂျာမန်နည်းပြကြီးရဲ့ တုံ့ပြန်စကားကို ဖော်ပြရင်း အဆုံးသတ်လိုက်ပါတယ်..။

“ကုန်လွန်သွားခဲ့တဲ့ တစ်နှစ်တာကာလကို ပြန်ပြီးသုံးသပ်ကြည့်ဖို့ အချိန်မရှိပါဘူး..။ ဒါကလည်း ကျွန်တော့်အတွက် သတင်းကောင်း ဖြစ်မှာပါ..၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ အတိတ်မှာပဲ ကြည်နူးနေတတ်တဲ့ သူတစ်ယောက် မဟုတ်တာကြောင့်ပါပဲ..။

ကျွန်တော်ဟာ မနက်ဖြန်မှာ ပိုပြီးသက်သက်သာသာ လျှောက်လှမ်းနိုင်ဖို့ ဒီနေ့တိုင်းကို အကောင်းဆုံး ကြိုးစား၊ ဖြတ်ကျော်နေတဲ့ သူတစ်ယောက် ဖြစ်ပါတယ်..။ ကျွန်တော်ဟာ အဲဒီအတိုင်း ဆက်လက်လျှောက်လှမ်းရင်း နောက်ထပ်နှစ်ပေါင်းများစွာ ဆက်လက်အလုပ်ခွင့် ရဦးမယ်လို့ မျှော်လင့်ထားပါတယ်..။”

(BBC Sposrts မှ ဆောင်းပါးရှင် Alistair Magowan တင်ဆက်သော ‘Can Chelsea boss Thomas Tuchel build on 12 months of success at Stamford Bridge?’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)