ချယ်လ်ဆီးအသင်းမှာ ၁၉၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်..။ အသင်း၏ ပထမဆုံး အမှတ်တံဆိပ်ကို ရင်ဘက်တွင် ဆုတံဆိပ်များ တပ်ဆင်ထားသော ဗြိတိသျှ တပ်မတော် စစ်ပြန်တစ်ဦး၏ ပုံရိပ်ဖြင့် စတင်ခဲ့သည်..။ အဆိုပါအမှတ်တံဆိပ်မှာ ‘ချယ်လ်ဆီး တော်ဝင်ဆေးရုံ (Royal Hospital of Chelsea)’ ၏ အမှတ်တံဆိပ်လည်း ဖြစ်ခဲ့ပြီး စတင်အသုံးပြုချိန်တွင် ကစားသမားများ၏ အင်္ကျီပေါ်တွင် တပ်ဆင်ခဲ့ခြင်း မရှိခဲ့ပေ..။ သို့သော် အသင်း၏ပွဲစဉ်လက်ကမ်း စာစောင်များ (match programs) တွင် အသုံးပြုခဲ့သည်..။ ထို့ကြောင့် ချယ်လ်ဆီးအသင်းအား ‘ပင်စင်စားများ (The Pensioners)’ ဟူ၍ အမည်ပြောင်ပေးခဲ့ရသည်...။
ယခုလက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းမှာ ကမ္ဘာ့ဘောလုံးလောက၏ ထိပ်တန်းအသင်းတစ်သင်းအဖြစ် အသိအမှတ်ပြုခံရပြီး ဖြစ်သလို အသင်း၏လိုဂို၊ အမှတ်တံဆိပ်မှာ အင်္ဂလန်နှင့် ကမ္ဘာအနှံ့အပြားတွင် လူသိများသည့် အမှတ်သင်္ကေတအဖြစ် အသင်း၏ အရေးပါသည့်နေရာ၌ တည်ရှိနေခဲ့သည်..။ ချယ်လ်ဆီးအသင်း၏ အမှတ်တံဆိပ်မှာ ပရိသတ်များ၏ အကြိုက်၊ ခေတ်ရေစီးအလိုက် အပြောင်းအလဲများ ရှိခဲ့ပြီး အသင်းစတင် တည်ထောင်ခဲ့သည့် နှစ်ပေါင်း (၁၀၀) ၏ နောက်ပိုင်းကာလ အပြောင်းအလဲများမှာ ‘ခြင်္သေ့’ တစ်ကောင်ကို အခြေတည်ပြီး ပြုပြင်၊ ရေးဆွဲခဲ့ကြသည်..။
ခေတ်ကာလ ရွှေ့လျားလာသည်နှင့်အမျှ အသင်းအုပ်ချုပ်သူများနှင့် ပရိတ်သတ်များမှာ ‘The Pensioners’ ဆိုသည့် အမည်ပြောင်အပေါ် ငြီးငွေ့လာကြသည်..။ ၁၉၅၂ ခုနှစ်တွင် အသင်းမန်နေဂျာ တက်ဒ် ဒရိတ်ခ် က ချယ်လ်ဆီးအသင်း၏ အမှတ်တံဆိပ်မှာ အသင်း၏သင်္ကေတ အသစ်ဖြစ်လာသည့် ‘အပြာရောင် ခြင်္သေ့ (blue lion)’ နှင့် အဆက်အစပ်ရှိသင့်သည်ဟု စတင်အဆိုပြု၊ လှုံ့ဆော်ခဲ့သည်..။ သူ၏လှုံ့ဆော်မှုဖြင့် ချယ်လ်ဆီးအသင်းမှာ အပြာရောင် စက်ဝိုင်းအတွင်းတွင် အပြာရောင် ခြင်္သေ့တစ်ကောင် ထည့်သွင်းထားသည့် အမှတ်တံဆိပ်အသစ်ကို ပြောင်းလဲ အသုံးပြုခဲ့ကြသည်..။
နောက်ခံအရောင်ကိုတော့ အသင်း၏မူလအရောင်ဖြစ်သည့် ‘royal blue’ အရောင်ကိုသာ အခြေခံခဲ့ပြီး ‘Chelsea Football Club’ စာတန်းကို ကနုတ်ပန်းများဖြင့် အလှဆင်ခဲ့သည်..။ အဆိုပါစာတန်းအား အပေါ်ဘက်တွင် အင်္ဂလန်အသင်းအား ကိုယ်စားပြုသည့် ပန်းပွင့်သုံးပွင့်၊ ဘောလုံးကစားနည်းအား ကိုယ်စားပြုသည့် ဘောလုံးနှစ်လုံးဖြင့် အလှဆင်ခဲ့သည်..။ ၁၉၆၀-၇၀ ပြည့်လွန်နှစ်များတွင် ဆုဖလားများ ရရှိခဲ့သည့်အပေါ် မူတည်ပြီး ကြယ်ပွင့်များ၊ ဖလားပုံများ ထည့်သွင်းခဲ့သည့် ခုနှစ်များလည်း ရှိခဲ့ပါသည်..။
ချယ်လ်ဆီးအသင်း လက်ရှိအသုံးပြုနေသည့် အမှတ်တံဆိပ်မှာ အသင်းနှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဖန်တီးခဲ့သည့် အမှတ်တံဆိပ်အား အပြောင်းအလဲအနည်းငယ် ပြုလုပ်သုံးစွဲနေခြင်းဖြစ်သည်…။ အဆိုပါနှစ်တစ်ရာပြည့် လိုဂိုနှင့် လက်ရှိအသုံးပြုနေသည့် လိုဂိုတို့မှာ ၁၉၅၃- ၁၉၈၆ ခုနှစ်အတွင်း အသုံးပြုခဲ့သည့် အမှတ်တံဆိပ်မှ အငွေ့အသက်များကို ပြန်လည်ရယူ အသက်သွင်းခဲ့ခြင်းဖြစ်သည်..။
အပြာရောင်ခြင်္သေ့မှာ ချယ်လ်ဆီးအရပ်ဒေသပိုင် သူကောင်းမျိုးဖြစ်သည့် Earl Cadogan မိသားစု၏ မျိုးရိုးအမှတ်တံဆိပ်မှ ခြင်္သေ့ကို မှီငြမ်းခဲ့ပြီး အပြာရောင်အနားသတ်ဒီဇိုင်းမှာ လန်ဒန်မြို့ရှိ ချယ်လ်ဆီးအရပ်ဒေသမှ နိုက်သူရဲကောင်းများ အသုံးပြုသည့် ဒိုင်းလွှားများကို မှီငြမ်းခဲ့သည်..။ အင်္ဂလန်နိုင်ငံကို ကိုယ်စားပြုသည့် လန်ကက်စ်တာ နှင်းဆီနှစ်ပွင့်နှင့် ဘောလုံးကစားနည်းကို ကိုယ်စားပြုသည့် အနေဖြင့် ဘောလုံးနှစ်လုံးကိုပါ ထည့်သွင်းထားပါသည်..။
အသင်း၏ ခုနှစ်အလိုက် ပြောင်းလဲလာခဲ့သော ချယ်လ်ဆီးအသင်း အမှတ်တံဆိပ်များကို အောက်ပါအတိုင်း စုစည်း တင်ဆက်လိုက်ပါသည်..။
၁၉၀၅ - ၁၉၅၂
အသင်း၏ ပထမဆုံး ‘The Pensioners’ လိုဂိုတွင် ဗြိတိသျှစစ်ဝတ်စုံ ဝတ်ဆင်ထားသည့် စစ်သားတစ်ယောက်၏ ဦးထုတ်တွင် ‘CH’ ဟူသော အတိုကောက်သင်္ကေတ ထည့်သွင်းထားပါသည်…။ ရင်ဘတ်တွင် တံဆိပ်လေးခု ချိတ်ဆွဲထားပြီး အဆိုပါအမှတ်တံဆိပ်မှာ ဗြိတိသျှ စစ်ပြန်များကို ပြုစုကုသသည့် ဆေးရုံဖြစ်သော ‘ချယ်လ်ဆီး တော်ဝင်ဆေးရုံ (Royal Hospital of Chelsea)’ ၏ အမှတ်တံဆိပ်ကို မှီငြမ်းခဲ့ခြင်းဖြစ်သည်..။ အဆိုပါအမှတ်တံဆိပ်၏ မူကွဲအဖြစ် စစ်သည်တစ်ဦး၏ပုံရိပ်ကို အပြာရောင်ကွင်းဖြင့် ခတ်ထားပြီး ဘေးတစ်ဘက် တစ်ချက်စီမှ ‘Chelsea Football Club’ ဆိုသည့် စာတန်းဖြင့် ခါးပတ်ပုံစံ ပြုလုပ်ထားသော လိုဂိုတံဆိပ်လည်း ရှိခဲ့သေးသည်..။
၁၉၅၂ - ၁၉၅၃
မန်နေဂျာ တက်ဒ် ဒရိတ်ခ် မှာ အားလုံးက မျှော်လင့်စောင့်စားနေကြသည့် blue lion logo အမှတ်တံဆိပ် မထွက်ပေါ်လာခင် အဖြူရောင် အနားကွတ်ထားသော အပြာရောင်ဒိုင်းထဲတွင် ‘C’, ‘F’. ‘C’ ဆိုသည့် စာလုံးများကို ဒီဇိုင်းဖော်ထားသည့် အမှတ်တံဆိပ်အား ယာယီအသုံးပြုနိုင်ရန် အဆိုပြုခဲ့သည်..။
၁၉၅၃ - ၁၉၈၆
၁၉၅၃ ခုနှစ်တွင် ချယ်လ်ဆီးအသင်း၏ အမှတ်တံဆိပ်အသစ် ထွက်ပေါ်လာခဲ့သည်..။ ခြေစုံရပ်နေသည့် အပြာရောင်ခြင်္သေ့မှာ ရှေးခေတ်မြင်းစီး နိုက်သူရဲကောင်းများ အသုံးပြုသည့် ဒိုင်းလွှားများတွင် ရေးဆွဲလေ့ရှိသည့် ခြင်္သေ့တစ်ကောင်၏ ဟန်ပန်ကို မှီငြမ်းခဲ့ပြီး ချယ်လ်ဆီးအသင်း တည်ရှိရာ အရပ်ဒေသမှ သူကောင်းမျိုး Earl Cadogan မိသားစု၏ အမှတ်တံဆိပ်မှ ခြင်္သေ့ခေါင်းဖြင့် ပေါင်းစပ်ရေးဆွဲခဲ့သည်ဟု ဖော်ပြခဲ့သည်..။ ချယ်လ်ဆီးအသင်း၏ အပြာရောင်ခြင်္သေ့ ကိုင်ဆောင်ထားသည့်ကျိုင်းမှာ လန်ဒန်မြို့၊ ဝက်စ်မင်စတာ ဘုရားကျောင်းမှ ဂိုဏ်းချုပ်ဆရာတော် (Abbot of Westminster) ၏ အဆောင်တန်ဆာ ပစ္စည်းတစ်ခု ဖြစ်သည်ဟု သိရသည်..။
‘Chelsea Football Club’ စာတန်း၏ အပေါ်ဘက်တွင် အင်္ဂလန်အသင်းအား ကိုယ်စားပြုသည့် လန်ကက်စ်တာ နှင်းဆီပွင့်သုံးပွင့်၊ ဘောလုံးကစားနည်းအား ကိုယ်စားပြုသည့် ဘောလုံးနှစ်လုံးဖြင့် အလှဆင်ခဲ့သည်..။ အပြာရောင်ခြင်္သေ့အား ဝန်းရံထားသည့် အပြာရောင်အနားသတ် ဒီဇိုင်းကိုလည်း လန်ဒန်မြို့ရှိ ချယ်လ်ဆီးအရပ်ဒေသမှ နိုက်သူရဲကောင်းများ အသုံးပြုသည့် ဒိုင်းလွှားများကို မှီငြမ်းခဲ့သည်ကို သိရသည်..။
၁၉၈၆ - ၁၉၉၅
၁၉၈၆ ခုနှစ်တွင် အသင်းပိုင်ရှင် ကင် ဘိတ်စ် က အသင်း၏အမှတ်တံဆိပ်ကို ခေတ်မှီပြီးရိုးရှင်းသော ပြောင်းလဲမှုအဖြစ် အပြာရောင် စက်ဝိုင်းနောက်ခံပေါ်တွင် အဖြူရောင် ‘CFC’ စာတန်းနှင့် အနီရောင်ခြင်္သေ့တစ်ကောင် ထည့်သွင်းထားသော အမှတ်တံဆိပ်ပုံစံ ပြောင်းလဲသုံးစွဲခဲ့သည်..။
၁၉၉၅ - ၁၉၉၇
အပြာရောင်စက်ဝိုင်းကို ဖယ်ထုတ်လိုက်ပြီး အဖြူရောင်နောက်ခံပေါ်တွင် အပြာရောင် ‘CFC’ စာတန်းနှင့် အပြာရောင် အနားသတ်များပါရှိသော အဝါရောင်ခြင်္သေ့တစ်ကောင် ပါရှိသော တံဆိပ်သစ်ကို ပြောင်းလဲခဲ့သည်..။
၁၉၉၇ - ၁၉၉၉
၁၉၈၆ ခုနှစ်က အသုံးပြုခဲ့သော အမှတ်တံဆိပ်ဒီဇိုင်းကို အခြေခံပြီး အနီရောင်ခြင်္သေ့နေရာတွင် အဝါရောင်ခြင်္သေ့ကို ပြောင်းလဲထည့်သွင်းခဲ့သည်..။
၁၉၉၉ - ၂၀၀၃
အပြာရောင်စက်ဝိုင်းကို ထပ်မံဖယ်ထုတ်လိုက်ပြီး အဖြူရောက်နောက်ခံပေါ်တွင် အပြာရောင် ‘CFC’ စာတန်း၊ အပြာရောင်ခြင်္သေ့ကို ပြောင်းလဲထည့်သွင်းခဲ့သည်..။
၂၀၀၃ - ၂၀၀၅
အသင်းပိုင်ရှင်သစ် ရိုမန် အေဘရာမိုဗစ်ခ်ျ မှာ ၁၉၈၆ ခုနှစ်က စတင်အသုံးပြုခဲ့သော လိုဂိုဟောင်းကို ပြန်လည်အသုံးပြုခဲ့ပြီး အနီရောင်ခြင်္သေ့နေရာတွင် အဖြူရောင်ခြင်္သေ့ကို အစားထိုးခဲ့သည်..။ နောက်ခံအရောင်မှာ royal blue အစား အပြာရောင်နုနုကို သုံးစွဲခဲ့သည်..။
၂၀၀၅ - ၂၀၀၆
ချယ်လ်ဆီးအသင်းမှာ အသင်းစတင်တည်ထောင်သည့် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကို အမှတ်တံဆိပ်အသစ်ဖြင့် ကြိုဆို၊ ဂုဏ်ပြုခဲ့သည်..။ အဆိုပါအမှတ်တံဆိပ်သစ်မှာ ၁၉၅၀ ပြည့်လွန်နှစ်များက အသင်းတံဆိပ်ကို ခေတ်မှီအောင် ပြုလုပ်ထားခဲ့ပြီး ဘောလုံးနှင့်ပန်းများကို စက်ဝိုင်း၏ ဘေးတစ်ဘက် တစ်ချက်စီသို့ ပို့ဆောင်ခဲ့သည်..။ စက်ဝိုင်း၏အတွင်း၊ အပေါ်ဘက်ခြမ်းတွင် ‘Chelsea’ စာတန်းနှင့် အောက်ဘက်ခြမ်းတွင် ‘Football Club’ စာတန်းများကို ထည့်သွင်းခဲ့ပြီး ‘100 Years Centenary 1905- 2005’ စာတန်းကို ရွှေရောင်ဖြင့် တန်ဆာဆင်ခဲ့သည်..။ စက်ဝိုင်းအတွင်းမှ အပြာရောင်ခြင်္သေ့ကို 3D effect ဖြင့် အရိပ်ထည့်သွင်း၊ ဖောင်းကြွစေခဲ့သည်..။
၂၀၀၆ - ယနေ့ထိ
ချယ်လ်ဆီးအသင်းမှာ နှစ်တစ်ရာပြည့် အထိမ်းအမှတ်လိုဂိုကို အခြေခံပြီး အမှတ်တံဆိပ်သစ်ကို အသုံးပြုခဲ့သည်..။ အဆိုပါအမှတ်တံဆိပ်သစ်တွင် စာတန်းများကို ဖယ်ထုတ်လိုက်ပြီး ပန်းပွင့်များနှင့် ဘောလုံးများကို အနီရောင်အဖြစ် ပြောင်းလဲခဲ့သည်..။ နှစ်တစ်ရာပြည့် လိုဂိုတွင် အသုံးပြုခဲ့သော ရွှေဝါရောင်အစား အရောင်ရင့်သည့် golden orange အရောင်ကို အသုံးပြုခဲ့သည်..။
ချယ်လ်ဆီးအသင်း အမှတ်တံဆိပ် fonts and colour scheme
ချယ်လ်ဆီးအသင်း လိုဂိုတွင် ပါဝင်သော စာတန်းများကို Peignot Bold font အား သုံးစွဲရေးသားထားသည်..။
Chelsea Colours
Blue:
Pantone: Pms 7687 C
Hex color: #034694;
RGB: (3, 70, 148)
CMYK: (100, 83, 10, 1)
Red:
Pantone: Pms 1288 C
Hex color: #Ee242c;
RGB: (238, 36, 44)
CMYK: (0, 98, 91, 0)
Gold:
Pantone: Pms 7555 C
Hex color: #Dba111;
RGB: (219, 161, 17)
CMYK: (15, 37, 100, 1)
Light Blue:
Pantone: Pms 2115 C
Hex color: #6a7ab5;
RGB: (106, 122, 181)
CMYK: (64, 51, 4, 0)
Gray:
Pantone: Pms 427 C
Hex color: #D1d3d4;
RGB: (209, 211, 212)
CMYK: (17, 12, 12, 0)