feature-image

‘Mendy & Kante’: တတိယတန်းအဆင့် ကစားသမားဘဝက စတင်ခဲ့ကြတဲ့ သူတို့တွေရဲ့အကြောင်း…

အက်ဒ်ဒွပ် မန်ဒီ နဲ့ အန်ဂိုလို ကန်တေး ဆိုတဲ့ အပြာရောင် စူပါစတား ကြယ်နှစ်ပွင့်ဟာ လွန်ခဲ့တဲ့ (၉) နှစ်တုန်းက အခုလိုအချိန်ကာလမှာ ပရိသတ် (၈၈၀) ပဲ တက်ရောက်ခဲ့တဲ့ ပြင်သစ်တတိယတန်းအဆင့် ပွဲစဉ်တစ်ပွဲမှာ ရင်ဆိုင်တွေ့ခဲ့ကြပါတယ်..။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့က AS ရှားဘိုးဂ် နဲ့ US ဘူလွိုင်းန် ဆိုတဲ့ တတိယတန်း အသင်းနှစ်သင်း ဆုံတွေ့ခဲ့ကြတဲ့ပွဲမှာ သူတို့နှစ်ယောက်စလုံးဟာ အရန်ကစားသမားများအဖြစ်သာ ပါဝင်ခွင့် ရခဲ့ကြရပါတယ်..။ ဒါပေမယ့် ဒီနေ့ညမှာ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် လိုင်လီ အသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာတော့ သူတို့နှစ်ယောက်စလုံးကို ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ကစားသမားတွေအဖြစ် အားလုံးက အသိအမှတ်ပြုထားကြပြီး ဖြစ်ပါတယ်..။

ပရိသတ် တစ်ထောင်တောင် မဆန့်တဲ့ Maurice-Postaire ကစားကွင်းလေးထဲမှာ ရင်ဆိုင်တွေ့ကြစဉ်က သူတို့နှစ်ယောက်စလုံးဟာ ကိုယ်စီအသင်းတွေမှာ ပုံမှန်နေရာတောင် ရရှိကြသူတွေ မဟုတ်ကြပါဘူး..။ ဒါ့ကြောင့် အဲဒီအချိန်တုန်းက သူတို့ကိုဘယ်သူကမှ သတိမထားမိကြသလို အက်ဒ်ဒွပ် မန်ဒီ ဆိုရင် အဲဒီပွဲမှာ ကစားခွင့်တောင် မရခဲ့ပါဘူး..။ အန်ဂိုလို ကန်တေး ကတော့ ဒုတိယပိုင်းမှာ ကစားခွင့်ရခဲ့တဲ့အကြောင်းကို ဘူလွိုင်းန် အသင်းနည်းပြ ဂျော်ဂျက်စ် တော်နေး က သတိတရ ပြောပြပါတယ်..။

“အဲဒီပွဲဟာ ကြားရက်မှာ ကန်ခဲ့ရတဲ့ပွဲတစ်ပွဲ ဖြစ်ပါတယ်..။ ကျွန်တော်ဟာ တိုက်စစ်ပိုင်းမှာ အားဖြည့်တဲ့အနေနဲ့ ဒုတိယပိုင်းမှာ သူ့ကိုလူစားသွင်းခဲ့ပြီး အဆုံးသတ် ဖန်တီးမှုပဲဖြစ်ဖြစ်၊ အနိုင်ဂိုးတွေပဲဖြစ်ဖြစ် သွင်းပေးဖို့ မှာကြားခဲ့ပါတယ်..။ အဲဒီပွဲမှာ ကျွန်တော်တို့ဟာ ၄- ၄- ၂ ကစားကွက်နဲ့ ခင်းကျင်းခဲ့ပြီး ကန်တေး ဟာ ပွဲပြီးခါနီးမှာ အခွင့်အရေးနှစ်ကြိမ် ရရှိခဲ့သလို တစ်ကြိမ်မှာဆိုရင် ခေါင်းတိုက်ပြီး ဂိုးရနိုင်ဖို့ နီးစပ်ခဲ့သေးတယ်ဗျ..။

သူဟာ ပုံမှန်အားဖြင့် ကွင်းလယ်နဲ့ ကွင်းလယ်အဖျက် ကစားသမားနေရာတွေမှာသာ ကစားလေ့ ရှိတာကြောင့် အဲဒီပွဲမှာ တိုက်စစ်နေရာအထိ တက်ပြီးကစားနေခဲ့တဲ့အပေါ် သူကိုယ်တိုင်လည်း အံ့သြနေပါလိမ့်မယ်..။”


နည်းပြ တော်နေး ဟာ RC လန်းစ် အသင်းမှာ အောင်မြင်ခဲ့တဲ့ နည်းပြတစ်ယောက်အနေနဲ့ ရာဖယ်လ် ဗာရန်းန် (မန်ချက်စတာ ယူနိုက်တက်)၊  ဂျော်ဖရီ ကွန်ဒေ့ါဘီယား (အက်တလက်တီကို မက်ဒရစ်)၊ ဆာ့ဂ်ျ အော်ရီယေး (ဗီလာရီးရဲလ်) တို့လို ကစားသမားတွေကို ရှာဖွေ၊ ပျိုးထောင်ပေးခဲ့အပြီး ၂၀၁၂/၁၃ ဘောလုံးရာသီမှာ ဘူလွိုင်းန် အသင်းကို ရောက်ရှိလာခဲ့ပါတယ်..။ အဲဒီအချိန်တုန်းက ဘူလွိုင်းန်အသင်းဟာ တတိယတန်းကို တန်းဆင်းလာတဲ့ အသင်းဖြစ်နေပြီး ပိုက်ဆံကလည်း တစ်ပြားမှမရှိ၊ အသင်းတောင် အဖျက်ခံရမယ့် အနေအထားကနေ သီသီလေး လွတ်လာခဲ့တာပါ..။

ဒီလိုဘဏ္ဍာရေး အကျပ်အတည်းတွေ ကြုံတွေ့နေရသလို အသင်းရဲ့အဓိက ကစားသမားတွေ ဆုံးရှုံးခဲ့ရပေမယ့် ဒီနှစ်မှာပဲ ဒုတိယတန်း (Ligue 2) ကို ချက်ချင်းပြန်တက်ခွင့်ရမယ်.. ဆိုတဲ့ ရည်မှန်းချက်နဲ့ အားမလျော့ခဲ့ကြပါဘူး..။

“ဒါပေမယ့် ကျွန်တော်တို့အသင်းကို ဘယ်ကစားသမားကမှ စိတ်မဝင်စားခဲ့ဘူးဗျ..။ အဲဒီအချိန်မှာ အန်ဂိုလို ကန်တေး ကလည်း အပျော်တမ်းစာချုပ်နဲ့ပဲ ရှိနေပါတယ်..။ ရာသီကြိုခြေစမ်းပွဲနှစ်ပွဲ ကစားပြီးတဲ့အထိ ဘယ်သူကမှ သူ့ကိုသတိမထားမိခဲ့ပါဘူး..။ ဒါပေမယ့် ဘယ်လ်ဂျီယမ် ပထမတန်းအသင်းတစ်သင်းနဲ့ ခြေစမ်းခဲ့တဲ့ တတိယပွဲမှာ ကျွန်တော်ဟာ pressing ကစားတဲ့နေရာမှာရော၊ short passing အတိုပေး ကစားတဲ့နေရာမှာရော သက်တောင့်သက်သာ ရှိလှတဲ့ ကောင်လေးတစ်ယောက်ကို ကျွန်တော်သတိပြုမိခဲ့ပါတယ်..။”

အန်ဂိုလို ကန်တေး ဟာ အချိန်တိုအတွင်းမှာပဲ အသင်းရဲ့ပွဲထွက် ကစားသမား ဖြစ်လာခဲ့ပါတယ်..။

“သူဟာအရမ်းကို လျှင်မြန်တဲ့အပြင် သက်လုံကောင်းလွန်းလှပါတယ်..။ အဲဒီလိုကြံ့ခိုင်မှုစွမ်းရည်တွေအပေါ်မှာ ဘောလုံးစွမ်းရည်နဲ့ နည်းစနစ် ကောင်းမွန်မှုကို ဖြည့်စွက်လိုက်တဲ့အခါ အရမ်းကိုပြီးပြည့်စုံတဲ့ ကစားသမား တစ်ယောက် ဖြစ်လာခဲ့တာပါပဲ..။”


ဒါပေမယ့် သူဟာအင်မတန်မှ ရိုကျိုး၊ နှိမ့်ချတတ်တဲ့အပြင် ဘာကိုမှတောင်းဆိုတတ်တာမျိုးလည်း မရှိတဲ့အကြောင်း၊ သူ့ရဲ့ခြေစွမ်းနဲ့ လိုက်လျောညီထွေဖြစ်မယ့် စာချုပ်သက်တမ်း ပြင်ဆင်ချုပ်ဆိုဖို့တောင် နည်းပြ တော်နေး ကပဲ အစပြုပြီး တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ခိုင်းခဲ့ရတဲ့အကြောင်း အခုလိုပြောပြခဲ့ပါတယ်..။

“ကန်တေး ဟာ ဘယ်အကြောင်းနဲ့မှ ရှေ့ထွက်ပြီး အရေးဆိုတတ်တဲ့သူ မဟုတ်ဘူးဗျ..။ ဘာမှလည်း တောင်းဆိုခဲ့ဖူးတာ မရှိခဲ့ပါဘူး..။ အဝတ်လဲခန်းထဲမှာဆိုလည်း ရှိလို့ရှိမှန်းတောင် မသိရတဲ့သူပါ..။ တစ်နေ့မှာတော့ သူ့ကိုရုံးခန်းထဲလာဖို့ ခေါ်လိုက်တယ်..၊ ကျွန်တော်က ‘ကန်တေး..၊ မင်းရဲ့စာချုပ် အနေအထား ဘယ်လိုရှိနေတယ်ဆိုတာ ငါသိပါတယ်..။ အဲဒီကိစ္စအတွက် အသင်းဥက္ကဌကို ငါတို့နှစ်ယောက်သွားပြီး စကားပြောရအောင်..’ လို့ စပြီး ပြောရပါတယ်..။

သူကဘာမှ တောင်းဆိုခဲ့တာ မရှိပါဘူး..။ အဲဒီအချိန်က သူရနေတဲ့ လစာဆိုတာ မသဒ္ဓါ၊ ရေစာလောက်ပဲ ရှိခဲ့တာပါ..။”

ကန်တေး ဟာ သူ့ရဲ့ရပိုင်ခွင့်တွေ တောင်းဆိုဖို့တစ်ခုတည်း ရှက်ရွံ့ခဲ့တာ မဟုတ်ပါဘူး..။ အသင်းဖော်တွေအပေါ်မှာလည်း အရမ်းကိုအားနာလေ့ရှိတဲ့သူ တစ်ယောက်ဖြစ်တဲ့အကြောင်း တစ်ချိန်က အသင်းဖော်ဖြစ်ခဲ့သူ ကွင်းလယ်ကစားသမား မိုဟာမက် ကန်လယ်လ် က အခုလို ပြောပြပါတယ်..။

“လေ့ကျင့်ကွင်းကို သွားဖို့အတွက် သူ့ဆီမှာ ကားမရှိတာကြောင့် ကန်တေး ဟာ လေ့ကျင့်ကွင်းကိုသွားတဲ့ တောင်ကုန်းအခြေမှာ ကြိုတင်စောင့်ဆိုင်းပြီး တစ်ယောက်ယောက်ကများ သူ့ကိုလမ်းကြုံခေါ်မလား.. ဆိုတဲ့ မျော်လင့်ချက်နဲ့ နေ့စဉ်နေ့တိုင်း အချိန်အကြာကြီး ရပ်စောင့်နေလေ့ ရှိပါတယ်..။

သူ့ကိုလာပြီးခေါ်ပေးဖို့၊ ဒါမှမဟုတ် လေ့ကျင့်ခန်းကပြန်တဲ့အချိန် ပြန်ပို့ပေးဖို့ တစ်ခါမှ တောင်းဆိုခဲ့တာ မရှိခဲ့ပါဘူး..။ သူဟာနောက်ပိုင်းကျမှ စကူတာ ဆိုင်ကယ်လေးတစ်စီး ဝယ်စီးခဲ့တာ ဖြစ်ပါတယ်..။”

နှစ်တွေကြာညောင်းလို့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပေမယ့် ကွင်းထဲကခြေစွမ်းနဲ့ပဲ သက်သေပြလေ့ရှိတဲ့ အန်ဂိုလို ကန်တေး ရဲ့ ချစ်ခင်နှစ်သက်စရာ အကျင့်စရိုက်ဟာ ဘာမှမပြောင်းလဲသေးပါဘူး..။



၂၀၁၂/၁၃ ဘောလုံးရာသီ ကုန်ခါနီးမှာ ဘူလွိုင်းန် နဲ့ ရှားဘိုးဂ် အသင်းတို့ တန်းဆင်းဇုန်တိုက်ပွဲအတွက် နောက်တစ်ကြိမ် ပြန်ဆုံတွေ့ကြပါတယ်..။ အဲဒီပွဲမှာ မန်ဒီ ဟာ အရန်ခုံမှာပဲ ဆက်ရှိနေဆဲ ဖြစ်ပေမယ့် ကန်တေး ကတော့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ရှာဘိုးဂ်အသင်းရဲ့ တန်းမဆင်းရေး မျှော်လင့်ချက်တွေကို အဆုံးသတ်စေတဲ့ ဒုတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်..။

ဒါပေမယ့် ရှားဘိုးဂ်အသင်းကို တန်းဆင်းစေခဲ့တဲ့ ကန်တေး ရဲ့ သွင်းဂိုးဟာ ဂိုးသမား မန်ဒီ အတွက် ကံကြမ္မာက မျက်နှာသာပေးခဲ့တဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ တွေးခဲ့ကြမှာ မဟုတ်ခဲ့ပါဘူး..။ စတုတ္ထတန်းကိုဆင်းမှာ သေချာသွားပြီ ဖြစ်တာကြောင့် ရှားဘိုးဂ်အသင်းဟာ ရာသီလက်ကျန်သုံးပွဲမှာ ဂိုးသမား မန်ဒီ ကို ကစားခွင့်ပေးခဲ့ပါတယ်.။ သူဟာဗာနေးန် နဲ့ မက်ဇ်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ အထူးလက်စွမ်း ပြနိုင်ခဲ့တာကြောင့် မက်ဇ်အသင်း ဂိုးနည်းပြတစ်ယောက်က ရှားဘိုးဂ်အသင်းနည်းပြ ယန်း မာရေး ဟိုးရီးယက်ဇ် ကို ‘ခင်ဗျားတို့အသင်း ဂိုးသမားက အရမ်းကိုကောင်းလှပါလား..’ ဆိုပြီး ချီးမွမ်းသွားခဲ့ပါတယ်..။ နည်းပြဟိုးရီးယက်ဇ် ဟာ အက်ဒ်ဒွပ် မန်ဒီ ရဲ့ တောက်ပလာမယ့် လက်စွမ်းကို ပထမဆုံး သတိပြုမိတဲ့သူ ဖြစ်ခဲ့ရပါတယ်..။

“အစပိုင်းမှာ အက်ဒ်ဒွပ် ဟာ ဘောလုံးပေးပို့မှုတွေ၊ ဘောလုံးအထိန်းအသိမ်းတွေ သိပ်မကောင်းခဲ့ပါဘူး..။ ဒါပေမယ့် ဂိုးပေါက်ကာကွယ်မှု ပြုလုပ်ရမှာတော့ အနိမ့်ဘော၊ အမြင့်ဘော.. အားလုံးမှာ အရမ်းကိုကောင်းပါတယ်..။ သူဟာအဝတ်လဲခန်းမှာ စကားပြောလေ့ မရှိပါဘူး..။ ဒါပေမယ့် ကွင်းထဲကိုရောက်ပြီ ဆိုတာနဲ့ နောက်ခံလူတွေ၊ ကွင်းလယ် ကစားသမားတွေကို ဆက်တိုက်ညွှန်ကြားနေခဲ့တာပါပဲ..။ သူဟာပေးဂိုး ခွင့်ပြုရမှာ အင်မတန် ရွံ့မုန်းတဲ့အကြောင်း အားလုံးကို သိသာစေခဲ့ပါတယ်..။” ဟု နည်းပြ ဟိုးရီးယက်ဇ် က မန်ဒီ ရဲ့ ကစားသမားဘ၀ အစောပိုင်း နေ့ရက်များကို ပြောပြခဲ့ပါတယ်..။



အဲဒီ ၂၀၁၂/ ၁၃ ဘောလုံးရာသီကုန်ချိန်မှာ ကန်တေး နဲ့ မန်ဒီ တို့ရဲ့ ဘဝလမ်းကြောင်းများဟာ ဆန့်ကျင်ဘက် လမ်းကြောင်းတွေဆီ တူရှုသွားခဲ့ကြပါတယ်..။

ကန်တေး ဟာ အဲဒီဘောလုံးရာသီ၊ ပြင်သစ်တတိယတန်းရဲ့ အကောင်းဆုံးကစားသမားအဖြစ် France Football မဂ္ဂဇင်းက ဆုချီးမြှင့်ခဲ့ခြင်း ခံခဲ့ရပြီး ဒုတိယတန်းက ကန်းန် အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်..။ ကန်းန်အသင်းနဲ့ ဘောလုံးနှစ်ရာသီအပြီးမှာ သူဟာ လက်စ်တာအသင်း၊ ချယ်လ်ဆီးအသင်းတို့နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်တိုက်ရယူခဲ့ပြီး အောင်မြင်ခဲ့တဲ့ ရွှေရောင်နေ့စွဲများကို စတင်ရေးထိုးနိုင်ခဲ့ပါတယ်..။

ဒါပေမယ့် အက်ဒ်ဒွပ် မန်ဒီ ကတော့ ၂၀၁၃/၁၄ ဘောလုံးရာသီ၊ ရာသီကြို ခြေစမ်းပွဲမှာတင် လက်ချောင်းကျိုး ဒဏ်ရာရရှိခဲ့ပြီး အသင်းမှာနေရာပျောက်ခဲ့ရသလို ရာသီကုန်ချိန်မှာ အသင်းကနေ စာချုပ်ဖျက်သိမ်း၊ ထွက်ခွာခဲ့ရပါတယ်..။ သူဟာအသင်းလက်မဲ့ဘဝနဲ့ တစ်နှစ်ကျော်တိတိ အမှောင်ဖုံးနေခဲ့ပြီး ပြင်ပက တခြားအလုပ်များကိုပါ ရှာဖွေရတဲ့အထိ ဖြစ်ခဲ့ပါတယ်..။ ဒီလိုနဲ့ပဲ ကံကောင်းထောက်မစွာနဲ့ မာဆေးလ် အရန်အသင်း (B အသင်း) ကို ရောက်ရှိခဲ့ပါတယ်..။

မာဆေးလ် အရန်အသင်းကနေ ပြန်လည်အစပြုခဲ့တဲ့ အက်ဒ်ဒွပ် မန်ဒီ ရဲ့ ဇာတာစန်း အတက်လမ်းခရီးဟာ အရမ်းကို မြန်ဆန်လွန်းခဲ့တာကြောင့် ကမ္ဘာ့ဘောလုံးလောကရဲ့ စံပြုလောက်တဲ့ အောင်မြင်မှုပုံပြင်တစ်ပုဒ် ဖြစ်ခဲ့ရပါတယ်..။



မန်ဒီ ဟာ ၂၀၁၆ ခုနှစ်မှာ Reims အသင်းကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီကနေ ရန်နေးန်အသင်းနဲ့အတူ ပြင်သစ်ဘောလုံးလောကရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်အဖြစ် အားလုံးက သတိပြုမိလာခဲ့ပါတယ်..။ ပြင်သစ်ပထမတန်း (Ligue 1) မှာ သိပ်မကြာလိုက်ပဲ ချယ်လ်ဆီးကို ရောက်ရှိသွားခဲ့ရာက အစပြုလို့ ချန်ပီယံလိဂ်ဖလားအပြင် မိခင်နိုင်ငံ၊ ဆီနီဂေါအသင်းနဲ့အတူ အာဖရိက ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်..။

လွန်ခဲ့တဲ့ (၉) နှစ်ကာလ၊ ပြင်သစ်တတိယတန်းကနေ စတင်ခဲ့တဲ့ ခရီးရှည်ကြီး တစ်ခုကို ဖြတ်သန်းရင်း ရွှေရောင်အိပ်မက်များကို အတူတူ အကောင်အထည် ဖော်နိုင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝခရီးလမ်းကြောင်းတွေအကြောင်းကို ဂိုးသမား အက်ဒ်ဒွပ် မန်ဒီ က မနေ့ကပြုလုပ်ခဲ့တဲ့ လိုင်လီအသင်းနဲ့ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အောက်ပါအတိုင်း အမှတ်တရ ပြောကြားခဲ့ပါကြောင်း ကြည်နူးစွာနဲ့ တင်ဆက်လိုက်ရပါတယ်..

“တတိယတန်းပွဲစဉ်တွေက အကြောင်းကို ကျွန်တော်တို့အချင်းချင်း မကြာခဏ ပြောဖြစ်ခဲ့ပါတယ်..။ တကယ်တော့ အဲဒီလိုအောက်တန်းအဆင့်က ကစားသမား တစ်ယောက်နဲ့ တစ်သင်းထဲမှာ ပြန်ဆုံဖို့ဆိုတာ ကောင်းကင်ထဲက ကြယ်ပွင့်တွေကို ရှာဖွေရသလို အိပ်မက်ဆန်လွန်းလှပါတယ်..။

အခုလိုချယ်လ်ဆီးအသင်းမှာ သူနဲ့ပြန်လည် ဆုံစည်းရတာဟာ သိပ်ကိုလှပတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ရသလို ဆုဖလားတွေကို အတူတူ ဆွတ်ခူးခွင့်ရတာဟာလည်း တကယ့်ကို ကျေနပ်စရာပဲလို့ ပြောရမှာပါ…”


(Goal မှ ဆောင်းပါးရှင် Nizaar Kinsella ၏ 'Like a dream' - The story of Mendy's first meeting with fellow Chelsea star Kante in France's third division’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)