အစုစပ်ပိုင်ရှင်လောင်း အဖွဲ့လေးဖွဲ့မှာ သူတို့၏ပိုင်ဆိုင်မှုများကို သက်သေပြပြီးပြီ..၊ ချယ်လ်ဆီးအသင်းမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ၊ ဆွေးနွေးမှုများ ပြုလုပ်ပြီးပြီ..၊ မြက်ခင်းစိမ်းပေါ်က အသင်း၏ ခြေစွမ်းကောင်းများကိုလည်း မြင်တွေ့ခဲ့ပြီးဖြစ်သည်..။ သူတို့လေးဖွဲ့လုံးမှာ လန်ဒန်မြို့၏ အထင်ကရ ပရီးမီးယားလိဂ် အသင်းတစ်သင်းကို ပိုင်ဆိုင်ခွင့်ရဖို့ စတာလင်ပေါင် (၂.၅) ဘီလီယံဝန်းကျင်ဖြင့် ကမ်းလှမ်းမှု ပြုလုပ်ရတော့မည့် နောက်ဆုံးရက်ကို (ကြာသာပတေးနေ့) ရောက်ရှိလာပြီ ဖြစ်သောကြောင့် တစ်ဖွဲ့ချင်းစီ၏ အဆက်အသွယ်၊ အသိုင်းအဝိုင်း၊ သူတို့တစ်ဖွဲ့ချင်းစီ၏ အမေရိကန် အားကစားလောကတွင် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံများကို အကောင်းဆုံး အသုံးချပြီး အနောက်လန်ဒန် အသင်း၏ အနာဂတ်ကို ပုံဖော်သွားရန် စီမံကိန်းများကို အိပ်သွန်ဖာမှောက် တင်ပြသွားကြရပါတော့မည်..။
သူတို့တစ်ဖွဲ့ချင်းစီမှ တင်ပြလာသည့်အသေးစိတ် အချက်အလက်များကို သုံးသပ်ပြီးချိန်တွင် ပရီးမီးယားလိဂ် အဖွဲ့ချုပ်နှင့် ဗြိတိသျှ အစိုးရတို့မှာ ရိုမန် အေဘရာမိုဗစ်ခ်ျ ၏ အရိုက်အရာကို ဆက်ခံမည့် အသင်းပိုင်ရှင်အသစ်ကို ဆုံးဖြတ်ကြမှာဖြစ်ပြီး နောက်တစ်ပါတ်အကြာတွင် ပိုင်ရှင်အသစ်ကို ကြေငြာနိုင်လိမ့်မည်ဟု ခန့်မှန်းနေကြသည်..။
အခုတစ်ကြိမ် ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ ကြိုးစားနေကြတဲ့ လေလံပွဲမှာ ကမ္ဘာ့အားကစား သမိုင်းတစ်လျှောက် ကြေးအကြီးဆုံး လေလံပွဲတစ်ပွဲ ဖြစ်လာနိုင်သလို ဘီလီယံနာ သူဌေးကြီးတွေဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သူတစ်ပြန်၊ ကိုယ်တစ်ပြန် လွန်းပျံဆွဲကြရင်း ပရီးမီးယားလိဂ်နှင့် ဥရောပဘောလုံးလောကကို နယ်ချဲ့ခွင့်ရဖို့ ကြိုစားကြမယ့်ပွဲလည်းဖြစ်သည်..။ ထို့ကြောင့်ပြိုင်ဆိုင်မှု ပြင်းထန်လွန်းသည့် လေလံပွဲတစ်ပွဲ ဖြစ်လာနိုင်မည်ဟု ခန့်မှန်းနေကြသလို မည်သူက အနိုင်ရဖို့ အလားအလာ အကောင်းဆုံးလဲ..? ဆိုသည့် မေးခွန်းကိုပါ ခန့်မှန်းရ ခက်ခဲနေခဲ့သည်..။
လူတိုင်းက သိချင်နေကြသည့် အဆိုပါမေးခွန်း၏အဖြေကို ဆုံးဖြတ်ခွင့်ကတော့ ရိုမန် အေဘရာမိုဗစ်ခ်ျ အပါအဝင် အသင်းဥက္ကဌ ဘရုစ် ဘတ်ခ်၊ ဒါရိုက်တာ ယူဂျင်း တီနန်ဘိုဝင် တို့နှင့် ချယ်လ်ဆီးအသင်း ဘုတ်အဖွဲ့၏ လက်ဝယ်မှာပဲ ရှိနေဆဲဖြစ်ပါသည်..။ (အသင်းဒါရိုက်တာ ယူဂျင်း တီနန်ဘိုဝင် အား ဗြိတိသျှ အစိုးရက တားဆီး၊ ပိတ်ပင်မှု ပြုလုပ်ခဲ့သော်လည်း ချယ်လ်ဆီးအသင်း ရောင်းချရန်ဆောင်ရွက်မှုများတွင် အတားအဆီးရှိမည် မဟုတ်ကြောင်း သိရသည်..။)
ပထမဆုံး ပေါ်ထွက်လာခဲ့တဲ့ ကမ်းလှမ်းမှု…
====================
Bid Leader: အမေရိကန် မေဂျာလိဂ် ဘေ့စ်ဘော ပြိုင်ပွဲဝင် LA Dodgers အသင်းပိုင်ရှင်နှင့် Eldridge ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီပိုင်ရှင် အမေရိကန် ဘီလီယံနာ သူဌေးကြီး Todd Boehly
ပူးပေါင်းပါဝင်သူများ- Clearlake Capital (ပိုင်ဆိုင်မှုတန်ဖိုး- စတာလင်ပေါင် ၄၅ ဘီလီယံ), LA Dodgers အသင်း မူလပိုင်ရှင် Mark Walter (စတာလင်ပေါင် ၃.၃ ဘီလီယံ အသားတင် ကြွယ်ဝသူဖြစ်သည်..။), ဆွစ်ဇာလန်မှ ဘီလီယံနာ သူဌေးကြီး Hansjorg Wyss (စတာလင်ပေါင် ၃.၉ ဘီလီယံ အသားတင် ကြွယ်ဝသူဖြစ်သည်..။) နှင့် Jonathan Goldstein, Cain International ကုမ္ပဏီလုပ်ငန်းစု စီအီးအို (ပိုင်ဆိုင်မှုတန်ဖိုး- စတာလင်ပေါင် ၇.၇ ဘီလီယံ)
ကူညီအားဖြည့်သူများ- လူသိများသည့် ချယ်လ်ဆီးအသင်း အားပေးသူများဖြစ်ကြသည့် နာမည်ကျော်ပွဲတင်ဆက်သူ Barbara Charone; ဗြိတိသျှ ဂျာနယ်လစ်နှင့် ကွန်ဆာဗေးတစ် ပါတီဝင်နိုင်ငံရေးသမား Daniel Finkelstein
အားသာချက်များ- တော့ဒ် ဘိုလေး ဦးဆောင်သည့် အစုစပ်အဖွဲ့၏ ကမ်းလှမ်းမှုမှာ ချယ်လ်ဆီးအသင်းအား ဝယ်ယူရန် ပထမဆုံး ကမ်းလှမ်းမှု ဖြစ်သလို အရှုပ်အထွေးများ ကင်းစင်သည်..၊ အားကစားလောက အတွေ့အကြုံ ကုံလုံကြွယ်ဝသူများဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်..။ ဘိုလေး မှာ ယခင်ကလည်း ချယ်လ်ဆီးအသင်းကို ဝယ်ယူရန် ကြိုးစားဖူးသဖြင့် အသင်း၏အကြောင်းကို ကောင်းကောင်းသိထားသူဖြစ်သည်..။ ထို့အပြင်ချယ်လ်ဆီးအသင်းအား ဝယ်ယူခွင့်ရခဲ့ပါက ပရိသတ်များအတွက် ‘golden share’ သတ်မှတ်ပေးထားမည်ဖြစ်ပြီး အဆိုပါ ရှယ်ယာ၏ ဂုဏ်သတ္တိမှာ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း၏ အနာဂတ်အပါအဝင် အသင်းနှင့်ပတ်သက်သည့် အရေးပါသည့် အဆုံးအဖြတ်များကို ပရိသတ်များ၏ သဘောတူညီမှု မပါဝင်ပဲ ဆောင်ရွက်ခွင့်မရှိသည့် အထူးအခွင့်အရေး ဖြစ်ကြောင်းအသိပေးထားသည်..။
အားနည်းချက်များ- ဘိုလေး တို့ အစုစပ်အဖွဲ့မှာ ဘဏ္ဍာရေး တောင့်တင်းမှု အပြည့်အဝရှိသော်လည်း သူတို့အဖွဲ့တွင် ပါဝင်သည့် ဂျိုနသန် ဂိုးလ်စတိန်း မှာ ချယ်လ်ဆီးအသင်း၏ ခါးသီးသော မြို့ခံပြိုင်ဘက်ဖြစ်သည့် တော့တင်ဟမ် ဟော့စပါးအသင်း အမာခံပရိသတ် ဖြစ်နေခဲ့သည်.။ ထို့ကြောင့်ချယ်လ်ဆီးအသင်းအား ကမ်းလှမ်းမှု ပြုလုပ်ခဲ့ဖူးသည့် နစ်ခ် ကန်ဒီ အပါအဝင် အသင်းအမာခံ ပရိသတ်များက စပါးအသင်း ပရိသတ်တစ်ဦး ပါဝင်နေသည့် အစုအဖွဲ့တစ်ခုအား ချယ်လ်ဆီးအသင်း၏ ပိုင်ရှင်သစ်အဖြစ် မြင်တွေ့ရန် ဆန္ဒမရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်..။
အနာဂတ် ခန့်မှန်းချက်- တော့ဒ် ဘိုလေး ပိုင်ဆိုင်သော Eldridge ကုမ္ပဏီမှာ နာမည်ကျော် ကွန်ပျူတာဂိမ်းတစ်ခု ဖြစ်သော Fortnite အား ပိုင်ဆိုင်သည့် Epic ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံထားသည်..။ အဆိုပါ Fortnite ဂိမ်းမှာ ပုံမှန်အားပေးသူ (၁၀) သန်းခန့် ရှိနေပြီး တော့ဒ် ဘိုလေး မှာ Fortnite ဂိမ်းနှင့် လက်တွဲပြီး ပရီးမီးယားလိဂ်နှင့် ချယ်လ်ဆီးအသင်းကို ဈေးကွက်ချဲ့ထွင်ရန် ဆွဲဆောင်၊ စည်းရုံးလျှက်ရှိသည်..။ ထို့ကြောင့် တော့ဒ် ဘိုလေး မှာ ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်များ၏ ရုပ်သံထုတ်လွှင့်မှု ရေစီးကြောင်းအပေါ် ကြီးမားသည့် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ကြောင်း ခန့်မှန်းနေကြသည်..။
အရှုပ်အထွေးများနဲ့ ကမ်းလှမ်းမှု..
====================
Bid Leader: အမေရိကန် မေဂျာလိဂ် ဘေ့စ်ဘော ပြိုင်ပွဲဝင် Chicago Cubs အသင်းပိုင်ရှင် ရစ်ကတ် မိသားစု
ပူးပေါင်းပါဝင်သူများ- အမေရိကန် စွန့်ဦးလုပ်ငန်းရှင် သူဌေးကြီး Ken Griffin (စတာလင်ပေါင် ၂၀ ဘီလီယံ အသားတင် ကြွယ်ဝသူဖြစ်သည်..။), Cleveland Cavaliers အသင်း Dan Gilbert (စတာလင်ပေါင် ၁၅ ဘီလီယံ အသားတင် ကြွယ်ဝသူဖြစ်သည်..။)
ကူညီအားဖြည့်သူများ- လူသိများသည့် ချယ်လ်ဆီးအသင်း အားပေးသူ တစ်ဦးဖြစ်သည့် Lord Bilimoria အား အသင်းဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်ရန် စီစဉ်နေသည်..။
အားသာချက်များ- ရစ်ကတ် မိသားစုမှာ အားကစားအသင်း စီမံခန့်ခွဲသည့် အတွေ့အကြုံရှိပြီး Chicago Cubs အသင်းအား နှစ်ပေါင်း (၁၀၈) နှစ်အတွင်း World Series ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်..။ ထို့အပြင် Cubs အသင်းကြီး၏ Wrigley Field ကစားကွင်းအား အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် ရင်းနှီးမြုပ်နှံပြီး အဆင့်မြှင့်တင်ပေးခဲ့ဖူးသည့် အတွေ့အကြုံလည်း ရှိခဲ့သည်..။ ရစ်ကတ် မိသားစု အစုအဖွဲ့၏ ကမ်းလှမ်းမှုမှာ အကြွေးလုံး၀ မပါဝင်ပဲ လက်ငင်းငွေသားဖြင့်သာ ကမ်းလှမ်းသွားမည်ဟု သိရသည်..။ တွမ် ရစ်ကတ် နှင့် လော်ရာ ရစ်ကတ် တို့မှာ ချယ်လ်ဆီးပရိသတ်နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုုလုပ်နေပြီး သူ၏ဖခင် ဂျိုး ရစ်ကတ် ၏ လူမျိုးရေးခွဲခြားမှုများ ပါဝင်ခဲ့သည့် ပြောဆိုမှုများကြောင့် ပေါ်ထွက်ခဲ့သည့် စိုးရိမ်မှုများကို ချေဖျက်နိုင်အောင် ကြိုးစားလျှက်ရှိသည်..။
အားနည်းချက်များ- သူ၏ဖခင်ဖြစ်သူ ဂျိုး ရစ်ကတ် ၏ ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သော မူဆလင်များနှင့် ပတ်သက်သည့် မှတ်ချက်မှာ သူတို့မိသားစု၏ ကမ်းလှမ်းမှုအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်..။ သို့သော် ဂျိုး ရစ်ကတ် မှာ အဆိုပါမှတ်ချက်များအတွက် လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်ပြီးဖြစ်သလို ယခုတစ်ကြိမ် ချယ်လ်ဆီးအသင်း ဝယ်ယူရန် ကမ်းလှမ်းမှုတွင် ပါဝင်ခြင်းမရှိကြောင်း သိရသည်..။ သို့သော်ချယ်လ်ဆီးအသင်း၏ ပထမဆုံး လူမည်းကစားသမား ဖြစ်ခဲ့သူ ပေါလ် ကာနိုဗေးလ် အပါအဝင် ချယ်လ်ဆီးပရိသတ်များမှာ ရစ်ကတ် မိသားစု၏ ကမ်းလှမ်းမှုကို သဘောမကျကြောင်း လူသိရှင်ကြား ထုတ်ဖော်၊ ပြောကြားခဲ့သလို #NotoRicketts ကမ်ပိန်းလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျှက်ရှိပါသည်..။
အနာဂတ် ခန့်မှန်းချက်- ရစ်ကတ် မိသားစု၏ အမေရိကန် နိုင်ငံရေးလောကတွင် ပါဝင်လှုပ်ရှားမှုများကလည်း အငြင်းပွားစရာ အချက်တစ်ချက်အဖြစ် ပေါ်ထွက်လျှက်ရှိပါသည်..။ ဖခင်ဖြစ်သူ ဂျိုး ရစ်ကတ် နှင့် တော့ဒ် ရစ်ကတ် တို့မှာ သမ္မတဟောင်း ဒေါ်နယ် ထရမ့်ပ် ၏ ရစ်ပါဘလီကန် ပါတီကို ထောက်ခံသူများဖြစ်ပြီး ချယ်လ်ဆီးပရိသတ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသော လော်ရာ ရစ်ကတ် မှာ လက်ရှိသမ္မတ ဂျိုး ဘိုင်ဒင် ၏ ဒီမိုကရက် ပါတီကို ထောက်ခံသူဖြစ်သည်..။ Chicago Cubs အသင်းဥက္ကဌအဖြစ် တာဝန်ယူထားသူ တွမ် ရစ်ကတ် မှာ အားကစား အသင်းတစ်သင်းကို တာဝန်ယူခြင်းမှာ ကုမ္ပဏီတစ်ခုကို တာဝန်ယူသည့်ပုံစံနှင့် ကွဲပြားခြားနားမှုရှိကြောင်း၊ အားကစား အသင်းကို တာဝန်ယူသူများမှာ လူတိုင်း၏အာရုံစိုက် စောင့်ကြည့်မှုကို ခံယူနေရသူများ ဖြစ်သည့်အတွက် လုပ်ဆောင်သမျှ၊ ပြုမူနေထိုင်သမျှ အရာရာအားလုံး မှန်ကန်နေရန် လိုအပ်ကြောင်း ပြောဆိုခဲ့ဖူးသည်..။
ဗြိတိသျှတွေ ဦးဆောင်ခဲ့တဲ့ ကမ်းလှမ်းမှု..
====================
Bid Leader: လီဗာပူးလ်အသင်း ဥက္ကဌဟောင်းနှင့် ဗြိတိသျှ လေကြောင်းလိုင်း ဥက္ကဌဟောင်း ဆာ မာတင် ဘရောက်တန်
ပူးပေါင်းပါဝင်သူများ- အမေရိကန် စွန့်ဦးလုပ်ငန်းရှင် သူဌေးကြီး Josh Harris (စတာလင်ပေါင် ၄.၂ ဘီလီယံ အသားတင် ကြွယ်ဝသူဖြစ်သည်..။), ခရစ္စတယ် ပဲလေ့စ် အသင်းနှင့် အမေရိကန် ဘတ်စ်ကတ်ဘောလိဂ် ပြိုင်ပွဲဝင် Philadelphia 76ers အသင်းပိုင်ရှင် David Blitzer
ကူညီအားဖြည့်သူများ- ဘဏ်လုပ်ငန်းရှင် Micheal Klein နှင့် လူသိများသည့် ချယ်လ်ဆီးအသင်း အားပေးသူ ကမ္ဘာ့ပြေးခုန်ပစ်အသင်း ဥက္ကဌ Lord Sebastian Coe
အားသာချက်များ- ဆာ ဘရောက်တန် မှာ ပရီးမီးယားလိဂ် အသင်းကို တာဝန်ယူဖူးသည့် အတွေ့အကြုံရှိသူ ဖြစ်သည်..။ လီဗာပူးလ် အသင်းကို ကိုင်တွယ်ခဲ့သည့်ကာလမှာ တိုတောင်းသော်လည်း Fenway Sports Group ထံ အသင်းကိုရောင်းချရာတွင် အဆင်ပြေ၊ ချောမွေ့အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်..။ ထို့အပြင် ဗြိတိသျှ အားကစား လောကတွင် အရှိန်အဝါကြီးမားသော Lord Coe အား ပူးပေါင်းလာအောင် ဆွဲဆောင်နိုင်ခဲ့သလို သူတို့နှစ်ဦးစလုံးမှာ ချယ်လ်ဆီးအသင်း အားပေးသူများ ဖြစ်နေကြသည့် အားသာချက်လည်း ရှိနေခဲ့သည်..။ ဆာ ဘရောက်တန် က ချယ်လ်ဆီးအသင်းနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို အသင်းအားပေးသူ ပရိသတ်များ၏ ပူးပေါင်းပါဝင်မှုများဖြင့် ဆုံးဖြတ်ချက်ချမှတ်သည့် ပုံစံကို ကျင့်သုံးသွားမည်ဟု ပြောဆိုခဲ့သလို သူ၏အနာဂတ် အစီအစဉ်များတွင် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း ချဲ့ထွင်မည့် စီမံကိန်းလည်း ပါဝင်ခဲ့သည်.။
အားနည်းချက်များ- အမေရိကန် သူဌေးကြီးများဖြစ်သာ Josh Harris နှင့် David Blitzer တို့မှာ ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်သည့် ခရစ္စတယ် ပဲလေ့စ်အသင်း၏ ရှယ်ယာဝင်များ ဖြစ်နေကြသည်..။ ပရီးမီးယားလိဂ် စည်းမျဉ်းအရ အသင်းတစ်သင်းတွင် (၁၀% ရာခိုင်နှုန်း) နှင့်အထက် ရှယ်ယာ ပါဝင်ထားသူများမှာ အခြားနောက်ထပ် အသင်းတစ်သင်းအား ဝယ်ယူခွင့်မရှိပေ..။ ထို့ကြောင့် Harris နှင့် Blitzer တို့မှာ ပဲလေ့စ် အသင်း ဘုတ်အဖွဲ့မှ နှုတ်ထွက်ရန် (သို့မဟုတ်) သူတို့ပိုင်ဆိုင်ထားသော ရှယ်ယာများကို အချိန်မှီရောင်းထုတ်ရန် လိုအပ်နေပေသည်..။ ထို့ကြောင့်ချယ်လ်ဆီးအသင်းအား အလျှင်အမြန် ရောင်းချနိုင်ရန် စီစဉ်နေရသည့် အနေအထားတွင် ဆာ ဘရောက်တန် တို့ အစုအဖွဲ့အား ငွေကြေးထောက်ပံ့ပေးမည့် အမေရိကန် သူဌေးကြီးများ၏ ခရစ္စတယ် ပဲလေ့စ်အသင်းမှ ပိုင်ဆိုင်မှုများကို ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ စည်းမျဉ်းများနှင့် ကိုက်ညီအောင် မည်ကဲ့သို့ စီမံဆောင်ရွက်မည်ဆိုသည့် မေးခွန်းကို အလျှင်အမြန် ဖြေရှင်းနိုင်ရန် အရေးကြီးနေပါသည်..။
အနာဂတ် ခန့်မှန်းချက်- Harris နှင့် Blitzer တို့နှစ်ဦးမှာ အမေရိကန် ရေခဲပြင်ဟော်ကီလိဂ် NHL ပြိုင်ပွဲဝင် New Jersey Devils အသင်း၊ အမေရိကန် ဘောလုံးလိဂ် NFL ပြိုင်ပွဲဝင် Pittsburgh Steelers အသင်း အပါအဝင် အခြားအားကစားနည်းများတွင်လည်း ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားသူများ ဖြစ်သောကြောင့် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲအား အခြားအားကစားကဏ္ဍ နယ်ပယ်များတွင်ပါ ချဲ့ထွင်နိုင်မည့် အလားအလာကောင်းများ ပိုင်ဆိုင်ထားပါသည်...။
တိတ်တဆိတ်နှင့် ရှေ့ကိုရောက်လာခဲ့သည့် ကမ်းလှမ်းမှု
====================
Bid Leader: Boston Celtics, စီးရီးအေ ပြိုင်ပွဲဝင် အက်တလန်တာ နှင့် Bain Capital ကုမ္ပဏီပိုင်ရှင် စတီဖင် ပက်ဂလီယူကာ (အသားတင် ပိုင်ဆိုင်မှု စတာလင်ပေါင် ၉၂ ဘီလီယံ ကြွယ်ဝသူဖြစ်သည်..။)
ပူးပေါင်းပါဝင်သူများ- Facebook ပူးတွဲ တည်ထောင်ခဲ့သူ Eduardo Saverin (စတာလင်ပေါင် ၉ ဘီလီယံ အသားတင် ကြွယ်ဝသူဖြစ်သည်..။), စွန့်ဦးလုပ်ငန်းရှင် သူဌေးကြီး Jim Breyer (စတာလင်ပေါင် ၁.၆ ဘီလီယံ အသားတင် ကြွယ်ဝသူဖြစ်သည်..။)
ကူညီအားဖြည့်သူများ- အမေရိကန် ဘတ်စ်ကတ်ဘောလိဂ် NBA ဥက္ကဌ Larry Tanenbaum, ဒစ်စ်နေး ကုမ္ပဏီ စီအီးအိုဟောင်း Bob Iger နှင့် Golden State Warriors နှင့် LA Dodgers အသင်း ပူးတွဲပိုင်ရှင် Peter Guber
အားသာချက်များ- စတီဖင် ပက်ဂလီယူကာ မှာ အားကစားလောက အတွေ့အကြုံ အများအပြား ရှိသူဖြစ်သလို သူ၏ကမ်းလှမ်းမှုမှာ ဘဏ္ဍာရေး တောင့်တင်းမှု ကောင်းမွန်သည်ဟု သိရသည်..။ ပက်ဂလီယူကာ နှင့် အစုအဖွဲ့၏ ကမ်းလှမ်းမှုသတင်းမှာ ပထမအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ရမည့် နောက်ဆုံးရက်ဖြစ်သည့် မတ်လ (၂၅) ရက်နေ့ ရောက်ချိန်မှ အားလုံးက သိရှိခဲ့ရခြင်းဖြစ်ပြီး အသက် (၆၇) နှစ်အရွယ် သူဌေးကြီးမှာ သူ၏အစီအမံအားလုံးကို သိုသိုသိပ်သိပ်ဖြင့် သတင်းဌာနမျာက လုံးဝမရိပ်မိအောင် ဆောင်ရွက်သွားနိုင်ခဲ့သည်..။ စတီဖင် ပက်ဂလီယူကာ မှာ ပြီးခဲ့သည့်အင်္ဂါနေ့ကမှ သူ၏ချယ်လ်ဆီးအသင်း အနာဂတ် အစီအစဉ်များကို ထုတ်ဖော် ပြောကြားခဲ့ပြီး ချယ်လ်ဆီးအသင်းအား ‘အောင်မြင်မှုများကို စဉ်ဆက်မပြတ် ရယူနေနိုင်သည့် အသင်း’ အဖြစ် ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ အနာဂတ် ဥရောပ စူပါလိဂ် ပြိုင်ပွဲတွင် ပါဝင်မည်မဟုတ်ပဲ ချယ်လ်ဆီးအသင်းအား လန်ဒန်မြို့၏ ပြယုဒ်အသင်းအဖြစ် ကွင်းတွင်း၊ ကွင်းပြင်ပ အောင်မြင်မှုများ ရရှိနိုင်အောင် စွမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်..။
အထူးသဖြင့် ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်း ဂျွန် တယ်ရီ ဦးဆောင်နေသည့် True Blue consortium အဖွဲ့မှာ စတီဖင် ပက်ဂလီယူကာ ၏ အစုအဖွဲ့တွင် (၁၀% ရာခိုင်နှုန်း) ပါဝင်မည့် သဘောတူညီချက်ကိုလည်း ရယူနိုင်ခဲ့သည်..။
အားနည်းချက်များ- ဗြိတိသျှနိုင်ငံရေးသမားဖြစ်သူ Lord Hain က ပက်ဂလီယူကာ ၏ Bain Capital ကုမ္ပဏီ လုပ်ငန်းစုမှာ တောင်အာဖရိကနိုင်ငံတွင် စီမံကိန်းများ ဆောင်ရွက်စဉ်က လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင်ပတ်သက်ခဲ့ဖူးသဖြင့် သဘောမတူကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်..။ သို့သော် ပက်ဂလီယူကာ တို့အဖွဲ့ကမူ ချယ်လ်ဆီးအသင်းအား ဝယ်ယူရန် ကမ်းလှမ်းမှုတွင် Bain Capital ကုမ္ပဏီလုပ်ငန်းစုမှာ ပါဝင်ခဲ့ခြင်း မရှိကြောင်း တုံ့ပြန်ခဲ့သည်..။ ပက်ဂလီယူကာ မှာ အီတလီ စီးရီအေပြိုင်ပွဲဝင် အက်တလန်တာ အသင်း၏ (၅၅% ရာခိုင်နှုန်း) ကို ပိုင်ဆိုင်ထားသောကြောင့် ချယ်လ်ဆီးအသင်းကိုသာ ဝယ်ယူခွင့်ရရှိခဲ့ပါက လူပုဂ္ဂိုလ်တစ်ဦး၊ တစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုမှာ အသင်းတစ်သင်းထက် ပိုပြီးပိုင်ဆိုင်ခွင့် မရှိသည့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ စည်းမျဉ်းနှင့် ငြိစွန်းနိုင်မည့် အလားအလာ ရှိနေခဲ့သည်..။ သို့သော် အမေရိကန် ဘီလီယံနာ သူဌေးကြီးမှာ UEFA ၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်၊ ပြောကြားခဲ့သည်..။
အနာဂတ် ခန့်မှန်းချက်- စတီဖင် ပက်ဂလီယူကာ မှာ ချယ်လ်ဆီးအသင်းအား ဥရောပ စူပါလိဂ်ပြိုင်ပွဲတွင် ပါဝင်ခွင့် ပြုမည်မဟုတ်ကြောင်း အာမခံခဲ့သော်လည်း ဥရောပဘောလုံးလောကတွင် စူပါလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရရှိနိုင်ဖွယ် ရှိသည်ဟု ယခင်က ပြောကြားခဲ့ဖူးသည်...။ သို့သော်ယခင်အပါတ်က ပြောကြားခဲ့ရာတွင် သူ့အနေဖြင့် အမျိုးသမီး စူပါလိဂ် (Women’s Super League) ပြိုင်ပွဲတွင်သာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြင်ဆင် ပြောကြားခဲ့သည်..။
နောက်ဆုံးသတင်းများ..
====================
ချယ်လ်ဆီးအသင်းအား ကမ်းလှမ်းခဲ့သည့် အဆိုပါအစုအဖွဲ့ လေးဖွဲ့စလုံးမှာ အကြွေးဖြင့်ကမ်းလှမ်းမှု ပါဝင်ခြင်းမရှိပဲ ငွေသားဖြင့်လက်ငင်း ကမ်းလှမ်းမှုများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အသင်းပိုင်ရှင်သစ်အဖြစ် အလားအလာ အကောင်းဆုံး အစုအဖွဲ့မှာ လာမည့်နောက်တစ်ပါတ် တနင်္လာနေ့တွင် ပေါ်ထွက်လာဖွယ်ရှိကြောင်း သိရသည်..။
အသင်းအားဝယ်ယူရန် ကမ်းလှမ်းခဲ့သူများကို ပရီးမီးယားလိဂ် အဖွဲ့ချုပ်က လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဗြိတိသျှအစိုးရက အသင်းဝယ်ယူသည့် အပြောင်းအလဲဖြစ်စဉ်တစ်ခုလုံးကို အနီးကပ်စောင့်ကြည့် သွားမည်ဖြစ်သည်..။ ဗြိတိသျှ အစိုးရအနေဖြင့် ချယ်လ်ဆီးအသင်း ရောင်းချရသည့် ငွေကြေးတစ်ပြားတစ်ချပ်မှ ရိုမန် အေဘရာမိုဗစ်ခ်ျ ထံ ရောက်ရှိခြင်းမရှိစေရန် ဆောင်ရွက်သွားမည်ဟု ကြေငြာခဲ့သည်..။ အသင်းပိုင်ရှင်သစ်အဖြစ် သင့်တော်မည့်အစုအဖွဲ့ ပေါ်ထွက်လာပါက ဗြိတိသျှအစိုးရ အနေဖြင့် ချယ်လ်ဆီးအသင်း ရောင်းချနိင်ရန် ကိစ္စများအတွက် လိုင်စင်အသစ် ထပ်မံဆောင်ရွက်ပေးမည်ဖြစ်သည်..။
အသင်းအား ဝယ်ယူရန် ကမ်းလှမ်းထားသည့် အဖွဲ့လေးဖွဲ့အား ချယ်လ်ဆီးအသင်းကြီး အပါအဝင် အသင်း၏ အခြေခံ အဆောက်အဦးများ၊ လူငယ်အကယ်ဒမီ အသင်းများနှင့် အမျိုးသမီး အသင်းများတွင် ဆက်လက်ရင်းနှီး မြုပ်နှံမှု ပြုလုပ်နိုင်ရန် ကနဦးရင်းနှီးမြုပ်နှံငွေ စတာလင်ပေါင် တစ်ဘီလီယံ ထည့်ဝင်သွားရန်၊ အသင်းအား ဝယ်ယူသည့် ကမ်းလှမ်းမှုများအတွင်း စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းသစ် စီမံကိန်းအား ထည့်သွင်းဖော်ပြရန် ကြိုတင်အကြောင်းကြားခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်...။
ချယ်လ်ဆီးအသင်းအား ဝယ်ယူရန် ကမ်းလှမ်းထားသည့် အစုအဖွဲ့လေးဖွဲ့စလုံးမှာ အသင်းဒါရိုက်တာ မာရီနာ ဂရာနော့ဗ်ကီးယား အား အသင်းတွင် ဆက်လက်ရှိနေရန် အလိုရှိနေကြပြီး လက်ရှိအသင်းမန်နေဂျာ သောမတ်စ် တူခယ်လ် အား လိုအပ်သည့် ကစားသမား ဖြည့်တင်းမှုများ ဆက်လက်ဆောင်ရွက်သွားနိုင်ရန် အပြည့်အ၀ ထောက်ပံ့သွားမည်ဟု အသိပေးခဲ့ကြသည်..။
(BBC Sposrts မှ ဆောင်းပါးရှင် Alistair Magowan တင်ဆက်သော Chelsea deadline: Four bidders remain - but who is best placed? ဆောင်းပါးနှင့် The Guardian သတင်းဌာနမှ Jacob Steinberg ၏ ‘Chelsea bidders wait for news after submitting improved offers for club’ ဆောင်းပါးတို့ကို ပြန်ဆိုပါသည်..။)