ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ် တူခယ်လ် မှာ ချယ်လ်ဆီးနှင့် အင်္ဂလန်အသင်းနည်းပြဟောင်း ဂလင်း ဟော်ဒယ်လ် နှင့် ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံခန်းတစ်ခုတွင် သီယာဂို ဆေးလ်ဗား နှင့် 3 back system ကစားကွက်အပေါ် သူ၏နည်းစနစ်ပိုင်း အယူအဆများ၊ အရေးပါလာသည့် wing backs များ၏ အခန်းကဏ္ဍ၊ တိုက်စစ်ပိုင်း ခံစစ်ပိုင်း ဟန်ချက်ညီအောင် ကစားကွက်ထိန်းညှိမှု၊ ကိုင် ဟာဗာ့ဇ် နှင့် ပြောင်းလာခဲ့သော တိုက်စစ်မှူးတို့၏ ကစားဟန်များကို The Analysis Show အစီအစဉ်မှတဆင့် အောက်ပါအတိုင်း ဆွေးနွေးခဲ့ကြသည်..။
ဂလင်း ဟော်ဒယ်လ် - သောမတ်စ် ရေ.. ချယ်လ်ဆီးအသင်းကို ခင်ဗျားရောက်ရှိလာခဲ့တဲ့ အချိန်ကပဲ စပြီးပြောရအောင်…။ ကျွန်တော်ဟာ ခင်ဗျားရဲ့ ပထမဆုံးပွဲဖြစ်တဲ့ ဝုလ်ဖ်အသင်းနဲ့ပွဲမှာ ပွဲကြေငြာသူအဖြစ် တာဝန်ယူခဲ့ရပါတယ်..။ အဲဒီပွဲမှာ ခင်ဗျားဟာ နောက်တန်းခံစစ်မှူး သုံးယောက်နဲ့ ကစားကွက်ကို ချက်ချင်းပွဲထုတ်ခဲ့ပါတယ်..။ တကယ်တော့ အဲဒီကစားကွက်ကို ကျွန်တော်ကိုယ်တိုင်လည်း အရမ်း သဘောကျတာဗျ..။
သောမတ်စ် တူခယ်လ် - အဲဒီ 3 back system ကစားကွက်တွေမှာ ခင်ဗျားဘယ်နေရာကနေ ကစားခဲ့ဖူးလဲဗျ..?
ဂလင်း ဟော်ဒယ်လ် - ကျွန်တော်ကတော့ ဘယ်၊ ညာ ‘number ten’ နေရာကနေ ကစားချင်ပါတယ်..။ ဒါပေမယ့် ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက် 3 back system ကစားကွက်နဲ့ တစ်ကြိမ်မှ မကစားခဲ့ဖူးပါဘူး..။ ကျွန်တော်တို့ခေတ်တုန်းက ၄- ၄- ၂ အထိုင် ကစားကွက်နဲ့ပဲ အပြောင်းအလဲမရှိ ကစားခဲ့ကြတာကိုးဗျ..။ ဒါဟာကျွန်တော်တို့ခေတ် အင်္ဂလန်အသင်းတွေရဲ့ ပြဿနာပါ.. ဒ့ါကြောင့်ချယ်လ်ဆီးအသင်းကို ကျွန်တော်ရောက်လာတဲ့အချိန်မှာ 3 back အထိုင်နဲ့ ၃- ၅- ၂ ကစားကွက်ကို သွတ်သွင်းဖို့ ကြိုးစားခဲ့ဖူးပါတယ်..။ ဒါပေမယ့် အဲဒီအချိန်က ကျွန်တော်ရဲ့အသင်းမှာ 3 back system နဲ့ ကစားနိုင်မယ့် ကစားသမားတွေ ရှိမနေခဲ့ပါဘူး..။ ကျွန်တော်မေးချင်တာက ခင်ဗျားဟာ ဗဟိုနောက်ခံလူ သုံးယောက်၊ wing backs နှစ်ယောက်နဲ့ ၃- ၄- ၃ ပုံစံ ကစားကွက်ကို ဘယ်လိုအကြောင်းနဲ့ ချယ်လ်ဆီးအသင်းမှာ ချက်ချင်းသွတ်သွင်းခဲ့တာလဲ..?
သောမတ်စ် တူခယ်လ် - ခုနက ခင်ဗျားပြောခဲ့တဲ့အတိုင်းပဲ ပြန်ဖြေရမှာပဲ..၊ ကျွန်တော်ရောက်လာတဲ့အချိန် အသင်းမှာ အဲဒီ 3 back system ကစားကွက်နဲ့ အံဝင်နိုင်မယ့် ကစားသမားတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်..။ တကယ်လို့ အဲဒီလိုသာ မဟုတ်ခဲ့ဘူးဆိုရင် တခြားနည်းလမ်းတစ်ခုကို ကျွန်တော်စဉ်းစားခဲ့မှာပါ..။ ဒ့ါအပြင် ချယ်လ်ဆီးကနေ ဖုန်းဆက်လာတာ..၊ ညှိနှိုင်းတာ၊ သဘောတူညီမှုတွေရတာ… စတဲ့ အဆင့်တွေအားလုံးဟာ နှစ်ရက်ခွဲအတွင်းမှာပဲ ပြီးစီးခဲ့တာဆိုတော့ ကျွန်တော်ဟာ အသင်းရဲ့ပွဲတွေကြည့်ဖို့ အချိန်သိပ်မရခဲ့ပါဘူး..။
ဒါပေမယ့် အသင်းကစားသမား အများစုဟာ နည်းပြ အန်တိုနီယို ကွန်တီ လက်ထက်တုန်းက 3 back system ကစားကွက်ကို ကစားခဲ့ဖူးတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်..။ အဲဒါကြောင့် သူတို့နဲ့ အဆင်ပြေနိုင်လိမ့်မယ်လို့ ယူဆခဲ့သလို 3 back အထိုင် ရွေးချယ်ခဲ့ရတဲ့ တခြားအချက်တွေ အများကြီး ရှိသေးတယ်ဗျ..။ နောက်ပြီးကျွန်တော်ဟာ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား ကို ကျွန်တော့်ရဲ့ ပထမဆုံးပွဲမှာ ကွင်းထဲမှာ ရှိစေချင်ပါတယ်..။ သူကလည်း right center back နေရာမှာ ကစားခဲ့ဖူးတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်…။
ဒ့ါအပြင် အသင်းသားတွေရဲ့ အခြေအနေတွေကို သုံးသပ်ကြည့်တဲ့အခါ ကွင်းလယ် ကစားသမားတွေဟာ double six ကွင်းလယ်အထိုင်နဲ့ အဆင်ပြေနိုင်တာကို တွေ့မိတာကြောင့် ကျွန်တော်ဟာ အသင်းကို ကွင်းလယ် number six နှစ်ယောက်အထိုင် အပေါ်မှာပဲ အခြေခံတည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ ကွင်းလယ်နှစ်ယောက်နဲ့ နောက်တန်းသုံးယောက်ရဲ့ five men defence ဟာ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ခုခံကာကွယ်နိုင်မယ့် အခြေခံအုတ်မြစ် ဖြစ်နိုင်ပါမယ်…
ဂလင်း ဟော်ဒယ်လ် - အင်းဗျ.. အဲဒီပွဲဟာ ဂိုးမရှိ သရေကျခဲ့ပေမယ့် ခင်ဗျားရဲ့အသင်းဟာ ပွဲကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်..။ အဲဒီပွဲပြီးတဲ့အချိန် နောက်ပွဲတွေမှာ ဘာလိုအကြောင်းနဲ့ ကစားကွက် အပြောင်းအလဲ မပြုလုပ်ခဲ့တာလဲ..? ဆိုတာ သိချင်မိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဖရန့် လမ်းပတ် ဟာ 3 back system ကစားကွက်ကို နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ဖူးပေမယ့် သိပ်ပြီးအဆင်ပြေခဲ့ပုံ မရခဲ့ဘူးဗျ..။ ဒါကြောင့်ခင်ဗျားဟာ နောက်လာမယ့်ပွဲတွေကိုလည်း ပထမဆုံးပွဲက အထိုင်ကိုမဖျက်ပဲ ဆက်ပြီးယုံကြည်ခဲ့တာကို အံ့အားသင့်မိခဲ့တာ အမှန်ပါပဲ..
သောမတ်စ် တူခယ်လ် - မှန်ပါတယ်.. ကျွန်တော်ဟာ 3 back system ကို ဝုလ်ဖ်အသင်းနဲ့ပွဲ အတွက်ပဲ စဉ်းစားခဲ့တာပါ..။ ပထမဆုံးအချက်အနေနဲ့ ကျွန်တော်ဟာ အသင်းသားတွေကို အင်မတန်မှ ရိုးရှင်းတဲ့ သတင်းအချက်အလက်တွေကိုပဲ အရင်ဆုံးပေးချင်ပါတယ်…။ ဒ့ါကြောင့်ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်မှူးနှစ်ယောက်ကို ရင်ဆိုင်ဖို့ ခံစစ်ကြောင်းမှာ ကိုယ့်ရဲ့လူသုံးယောက် အမြဲတမ်းရှိနေဖို့ မှာကြားခဲ့ပါတယ်..။ ရည်ရွယ်ချက်က ကိုယ့်ရဲ့အသင်း ကစားသမား တစ်ယောက်ယောက် အမှားလုပ်မိရင်တောင် 3 vs 2 အနေအထားနဲ့ လူအင်အား အသာရနေတဲ့အတွက် အဲဒီကျူးလွန်ခဲ့တဲ့အမှားကို ပြန်ဆယ်နိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်..။
ဒ့ါအပြင် တိုက်စစ်ဆင်ဖို့အတွက် ကျွန်တော်တို့ဆီမှာ wing backs တွေ ရှိနေတယ်..၊ သူတို့ဆီကနေ တိုက်စစ်လမ်းကြောင်း စတင်ပါမယ်..။ ဝုလ်ဖ်အသင်းနဲ့ပွဲဟာ အရမ်းကြီးကြည့်လို့ ကောင်းခဲ့တဲ့ပွဲတစ်ပွဲ မဟုတ်ခဲ့ပေမယ့် အဲဒီပွဲက ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ကျွန်တော်ကျေနပ်ခဲ့ပါတယ်..။ ကွင်းဘေးစည်းကနေ ကြည့်တဲ့အခါ ကစားသမားတွေရဲ့ ရွှေ့လျားမှု၊ လှုပ်ရှားမှုတွေဟာ အဲဒီကစားကွက် အထိုင်နဲ့ အံဝင်ဂွင်ကျ ဖြစ်နေနိုင်တယ်ဆိုတဲ့ အချက်ကို ကျွန်တော်သတိပြုမိ ခဲ့ပါတယ်..။ ဒါနဲ့နောက်ရက် အသင်းအစည်းအဝေးမှာ ‘ကဲ.. လက်ရှိကစားကွက် အထိုင်နဲ့ပဲ ရှေ့ဆက်ကြတာပေ့ါ..’ ဆိုပြီး ဆုံးဖြတ်ခဲ့တာပါပဲ..။
နောက်တစ်ချက်အနေနဲ့ လာမယ့်ပွဲမှာ ကျွန်တော်တို့ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်ကလည်း ၄- ၄- ၂ အထိုင်နဲ့ ပွဲထွက်လေ့ရှိတဲ့ ဘန်လေအသင်း ဖြစ်နေတာကိုးဗျ.။ သူတို့ရဲ့တိုက်စစ်မှူးနှစ်ယောက်ကို ရင်ဆိုင်ဖို့ဆိုရင် 3 back system နဲ့ ဆက်ပြီးတုံ့ပြန်တာဟာ ပိုပြီးသင့်တော်လိမ့်မယ်လို့ စဉ်းစားခဲ့ပါတယ်…။
(၁)
ဂလင်း ဟော်ဒယ်လ် - ၄- ၄- ၂ ကစားကွက်အထိုင်ကို 3 back နဲ့ တုံ့ပြန်တာ ကျွန်တော်လည်း ကြိုက်တယ်ဗျ..။ ဒါပေမယ့် ကိုယ့်အသင်းရဲ့ wing backs တွေ ရှေ့တက်သွားတဲ့အချိန်မှာ သူတို့အသင်းရဲ့ full backs တွေဘက်က တန်ပြန်တိုက်စစ်ဆင်လာတာကို သတိထားဖို့တော့ လိုတယ်ဗျ..။ 3 back system နဲ့ ပတ်သက်ပြီး ကျွန်တော် တစ်ခုမေးချင်ပါတယ်..။ ဗဟိုခံစစ်မှူး သုံးယောက်မှာ ‘ဗဟိုခံစစ်မှူး’ နေရာက တာဝန်ယူရတဲ့သူဟာ ကစားကွက် တစ်ခုလုံးရဲ့ အဓိကအသက်သွေးကြောလို့ ခင်ဗျားယူဆလား..?
သောမတ်စ် တူခယ်လ် - ‘သီယာဂို ဆေးလ်ဗား’ ကို ပြောတာလား..? ပရီးမီးယားလိဂ်လို ကြံ့ခိုင်မှုနဲ့ အမြန်နှုန်း အသားပေးတဲ့ လိဂ်ပြိုင်ပွဲမျိုးမှာ သူ့လိုအသက် (၃၆) နှစ်အရွယ် ကစားသမားမျိုးအတွက် အခုလို 3 back system ရဲ့ ဗဟိုနောက်ခံလူ ဆိုတာ သူ့အတွက် တမင်ဖန်တီးပေးထားသလား.. လို့တောင် ထင်ရသလိုပါပဲ…
ဂလင်း ဟော်ဒယ်လ် - တကယ်လို့ four backs အထိုင် ကစားကွက်မှာဆိုရင် သူ့အတွက် ပြဿနာ ရှိလိမ့်မယ်ဗျ..။ သူဟာတောင်ပံတွေအထိထွက်ပြီး full backs တွေရဲ့နောက် နေရာလွတ်တွေကို ကာကွယ်ရတာ သဘောကျလိမ့်မယ် မထင်ဘူးဗျ..
သောမတ်စ် တူခယ်လ် - တစ်ခုကံကောင်းတာက ပီအက်စ်ဂျီ အသင်းကို ကျွန်တော်ကိုင်တွယ်စဉ်တုန်းက သူဟာကျွန်တော့်ရဲ့ အသင်းခေါင်းဆောင်ပါ..၊ ဒ့ါကြောင့်သူ့ရဲ့အကြောင်းကို ကျွန်တော်ကောင်းကောင်း သိခဲ့ပါတယ်..။ မှန်ပါတယ်.. ခင်ဗျားပြောသလိုပါပဲ.. သူဟာ back four ကစားကွက်မှာ full backs တွေရဲ့ နောက်က နေရာလွတ်တွေဆီ ပြေးထွက်ကာကွယ်ရတာ သိပ်ပြီးသဘောမကျပါဘူး..။ များသောအားဖြင့် သူဟာ ပင်နယ်တီဧရိယာထဲကို မထိုးဖောက်လာနိုင်အောင် ကာကွယ်တာ ပိုပြီးအားသန်တဲ့သူ ဖြစ်ပါတယ်..။
ဂလင်း ဟော်ဒယ်လ် - ‘သီယာဂို ဆေးလ်ဗား’ လို ကစားသမားမျိုးကို 3backs system မှာ ကစားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က သူ့ရဲ့ ‘with the ball’ ဘောလုံးစွမ်းရည်၊ ဘောလုံးပေးပို့မှုတွေကို အသုံးချနိုင်ဖို့ ဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်..။ သူ့ရဲ့ကစားကွက် အမြင်ကောင်းမွန်မှု၊ အနီးအဝေး ဘောလုံးပေးပို့ရာမှာ ကောင်းမွန်မှုတွေဟာ ပြိုင်ဘက်အသင်းအတွက် ကြီးမားတဲ့ အခက်အခဲ ဖြစ်ပါလိမ့်မယ်..။ တကယ်တော့ 3 back နဲ့ ဗဟိုခံစစ်မှူးနေရာမှာ သီယာဂို ဆေးလ်ဗား အပြင် ခင်ဗျားရဲ့အသင်းက ‘အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန်’၊ ဝုလ်ဖ် အသင်းက ‘ကော်နာ ကိုဒီ’ တို့လည်း အဆင်ပြေပါတယ်..။
ဒါပေမယ့် သီယာဂို ဟာ ပြိုင်ဘက်အသင်းရဲ့ ကွင်းလယ်နဲ့ နောက်တန်းကြားက ခံစစ်ကြောင်းနေရာလွတ် ရှာဖွေမယ့် တိုက်စစ်ကစားသမားတွေဆီကို တိုက်ရိုက်ပေးပို့မှုတွေ အတိအကျ ပြုလုပ်ပေးနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်..။ ဒါ့အပြင် သူ့ရဲ့ထောင့်ဖြတ်ပေးပို့မှုတွေ (diagonal passes) ကို မှီတဲ့ ကစားသမား အတော်လေးကို ရှားပါးတယ်ဗျ..။ ကျွန်တော်ကြည့်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းပွဲတိုင်း သူ့ရဲ့ကစားပုံ၊ ပေးပို့မှုတွေ မြင်ရတိုင်း ပါးစပ်အဟောင်းသား အမြဲတမ်း ဖြစ်နေရတုန်းပါပဲ…။ ကျွန်တော်သူ့ကို အရမ်းသဘောကျပါတယ်..။
(၂)
ဂလင်း ဟော်ဒယ်လ် - သောမတ်စ် ရေ.. တစ်ဆက်တည်းအနေနဲ့ wing backs တွေအကြောင်း နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်..။ wing backs တွေဟာ ကိုယ့်အသင်းခံစစ်ဆင်ချိန်မှာ နောက်တန်းငါးယောက် (back fives) အဖြစ် အားဖြည့်နိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာ ဟုတ်တယ်မလားဗျ..။ ဒါပေမယ့် ခင်ဗျားဟာ အသင်းက wing backs တွေ.. ဥပမာ.- ညာအစွန်မှာရှိနေတဲ့ ရိစ် ဂျိမ်းစ် ပေါ့ဗျာ..၊ သူဆိုရင် ပြိုင်ဘက်အသင်းက pressing ပေးနေတဲ့ကြားထဲမှာကို ရှေ့ကိုအတင်းတက်ပြီး အဆုံးသတ်ဂိုးသွင်းတဲ့ နေရာအထိ ရှေ့တက်ပြီး ရဲရဲဝံ့ဝံ့ တိုက်စစ်ဆင်စေခဲ့..
သောမတ်စ် တူခယ်လ် - ဒါကလည်း ပြိုင်ဘက်အသင်းရဲ့ အနေအထားပေါ်မှာ မူတည်တာပေ့ါ..။ ကျွန်တော်ကတော့ wing backs တွေကို တောင်ပံတိုက်စစ် ကစားသမားတွေအဖြစ် ပုံဖော်ချင်ပေမယ့် အခုအောက်က ပြထားတဲ့ပုံမှာဆိုရင် နောဝစ်ခ်ျအသင်းဟာ တိုက်စစ် ကစားသမား လေးယောက်အထိ တက်ပြီးတိုက်စစ် ဆင်ခဲ့တာကြောင့် သူဟာခံစစ်မှာ နောက်ဆုံးထိဆင်းပြီး နေရာယူရတာပေ့ါဗျာ..။ အဲဒီလို အပြောင်းအလဲ.. ထိန်းညှိမှုတွေ ရှိရပါလိမ့်မယ်..။
ဂလင်း ဟော်ဒယ်လ် - သူတို့က ခင်ဗျားရဲ့ wing backs တွေကို ရှေ့မတက်လာအောင် တောင်ပံတိုက်စစ်မှူး (wingers) တွေကို ရှေ့တက်ပြီး ထောက်ထားတဲ့ သဘောပါပဲ..။ ဒီလိုပြဿနာလေး နည်းနည်းပါးတော့ ရှိမှာပေ့ါ..။ ဒါပေမယ့် wing backs နှစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ် နဲ့ ချီးဝဲလ် တို့ကို တိုက်စစ်ဇုန် final third ထိ ပြိုင်တူ တက်ခိုင်းတဲ့ (ပူးတွဲပုံ- ၁) ခင်ဗျားရဲ့ နည်းစနစ်ပိုင်း ညွှန်ကြားချက်အပေါ် ကျွန်တော်က အဓိကထား ဆွေးနွေးချင်တာပါ..။
ပုံမှန်အားဖြင့် တောင်ပံတစ်ဘက်က wing back တစ်ယောက် ရှေ့တက်သွားရင် နောက်တစ်ယောက်က ခံစစ်ဇုန်မှာ နေရစ်ခဲ့ပြီး ထိန်းညှိလေ့ရှိပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းပွဲတိုင်းလိုလို ခင်ဗျားရဲ့အသင်း တိုက်စစ်ဆင်တိုင်း wing backs နှစ်ယောက်စလုံး ပြိုင်တူတက်လာလေ့ ရှိတာကို တွေ့မိတယ်ဗျ..။
သောမတ်စ် တူခယ်လ် - wing backs နှစ်ယောက်စလုံး တိုက်စစ်မှာပြိုင်တူ ပါဝင်လာခြင်းဟာ တိုက်စစ်ပိုင်းမှာ တကယ့်ကို ခွန်အားဖြစ်ပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ wing backs နှစ်ယောက်စလုံးကို ပြိုင်တူ အတက်အဆင်း ပြုလုပ်ရမယ်လို့ မမှာကြားထားပါဘူး..။ ဘောလုံးရှိတဲ့ အနေအထားပေါ် မူတည်ပြီး အတက်အဆင်း ပြုလုပ်ရမယ်..၊ အထူးသဖြင့် ဘောလုံးရှိနေတဲ့အခြမ်းမှာ ကိုယ့်ဘက်က လူအင်အား အသာရဖို့ လိုအပ်တဲ့အကြောင်း အသိပေးပါတယ်..။ နောက်ပြီး ကိုယ့်ဘက်က ဘောလုံးရလာတဲ့အချိန် အခြားတောင်ပံဘက်ကို ထောင့်ဖြတ်တွေ ကန်တင်ပေးမယ်ဆိုရင် အဲဒီဆန့်ကျင်ဘက် တောင်ပံဘက်မှာ wing back တစ်ယောက်က အသင့်ဖြစ်နေဖို့ လိုအပ်တဲ့အကြောင်း မှာကြားထားပါတယ်..။
ဒါပေမယ့် wing backs တွေကို မှာကြားတဲ့နေရာမှာ နည်းနည်းတော့ ရှုပ်ထွေးပါတယ်..။ wing back တွေအတွက် အရေးကြီးတဲ့ တစ်ချက်က ကွင်းတစ်ဘက်အခြမ်းမှာ နှစ်ဘက်အသင်းသားတွေ အကျပ်ကစားနေတဲ့ အချိန်မှာ ဆန့်ကျင်ဘက် wing back တစ်ယောက်အနေနဲ့ ကစားကွက်ထဲမှာ ပါဝင်မနေပဲ ထီးထီးကြီးကျန်ရစ်မနေဖို့ (isolate) လိုအပ်တဲ့အကြောင်း အသိပေးထားရပါသေးတယ်..။
ဂလင်း ဟော်ဒယ်လ် - အား.. အစကတော့ ကျွန်တော်မေးမယ့် အစီစအစဉ်ထဲမှာ မပါဘူးဗျ..၊ ဒါပေမယ့် ခင်ဗျားပြောမှ သိချင်လာတဲ့ အချက်တစ်ခုကို ဖြည့်စွက်မေးပါမယ်..။ အခုနှစ်ဘောလုံးရာသီမှာ ခင်ဗျားရဲ့ wing backs တွေဟာ ကွင်းလယ်ကိုပိုပြီး တိုးဝင်လာပြီး ကွင်းလယ် ကစားသမားအဖြစ် တွဲဖက်ကစားတဲ့ အပြောင်းအလဲတစ်ခု မြင်ခဲ့ရပါတယ်..။ တစ်ဆက်တည်းမှာပဲ အဲဒီလို wing backs တွေ အတွင်းကို ဝင်လာတဲ့အချိန် ခင်ဗျားရဲ့ number ten က အစွန်ကိုပြန်ထွက်သွားပြီး နေရာယူတာကို တွေ့မိပါတယ်..(ပူးတွဲပုံ- ၂ )။ အဲဒီနည်းစနစ်ပိုင်း အပြောင်းအလဲအပေါ် ခင်ဗျားရဲ့အမြင်ကို ပြောပြပေးနိုင်မလားဗျ..
သောမတ်စ် တူခယ်လ် - တကယ်တော့ ကစားသမားတွေ ရွှေ့လျားတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူက ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ ဂရုစိုက်ဖို့ လိုပါတယ်..။ ဒ့ါကြောင့် number ten ကစားသမားကို တစ်ဘက်အသင်းက အာရုံစိုက်၊ လူကပ်နေပြီဆိုရင် wing back က သူ့ရဲ့နေရာဝင်ပြီး ကူပေးနိုင်ပါတယ်..။ အဲဒီလောက်ပါပဲ..။ တခြားထူးထူးထွေထွေ မှာကြားထားတာ မရှိပါဘူး..။
(၃)
သောမတ်စ် တူခယ်လ် - ခံစစ်ကနေ တိုက်စစ်ကို ပြောင်းလဲတဲ့ (transition) အပိုင်းနဲ့ ပတ်သက်ရင် ပထမဆုံးအနေနဲ့ ကွင်းလယ်က number six နှစ်ယောက်ဟာ ဗဟိုနောက်ခံလူ သုံးယောက်ရဲ့ အနီးကပ်ဆုံး နေရာမှာ ရှိနေသင့်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။ သူတို့တွေဟာ နောက်ခံလူတွေနဲ့ တွဲဖက်ပြီး အနီးပေးတွေနဲ့ ကစားကွက် တည်ဆောက်မှု (build-up play) ကို စတင်ပါမယ်..။ အဲဒီကနေ တိုက်စစ်ကို ပြောင်းတဲ့အချိန် ရောက်လာပြီဆိုရင် wing backs နှစ်ယောက်ဟာ တိုက်စစ်ကစားသမား သုံးယောက်နဲ့ တွဲဖက်ပြီး attacking five အနေနဲ့ တစ်ဘက်အသင်းကို ကွက်ပြည့်တိုက်စစ်ဆင်ဖို့ ပြင်ဆင်ထားပါတယ်..။
ဂလင်း ဟော်ဒယ်လ် - ခင်ဗျားရဲ့ကစားကွက်မှာ တိုက်စစ်ပိုင်းနဲ့ ခံစစ်ပိုင်းဟန်ချက် (balance) ကို ထိန်းညှိတာ သိပ်ကိုလှပညက်ညောပါတယ်..။ တကယ်တော့ ခင်ဗျားရဲ့ အခင်းအကျင်းမှာ ကွင်းလယ်ကစားသမား number sixes နှစ်ယောက်ဟာ တိုက်စစ်နဲ့ခံစစ် ဟန်ချက် (balance) ထိန်းညှိတဲ့နေရာမှာ အဓိကသော့ချက်ပဲဗျ..။ left center back right နဲ့ center back တွေကလည်း ရှေ့ကိုတက်ပြီး ကွင်းလယ် ကစားသမားတွေကို အားဖြည့်နိုင်ပါတယ်..။ အထူးသဖြင့် အန်တိုနီယို ရူဒီဂါ ဆိုရင် တိုက်စစ်ဇုန်၊ အဆုံးသတ်ဂိုးသွင်းတဲ့ နေရာအထိ လိုက်ပါပြီး အစွမ်းကုန်တိုက်စစ်ဆင်နေတာ တွေ့နေရတာပဲဗျ..။ ဒါ့အပြင် အခုပြထားတဲ့ပုံ (ပုံ- ၃) မှာဆိုရင် ခင်ဗျားအသင်းရဲ့ ဘယ်တောင်ပံက မားကို့စ် အလွန်ဆို ပင်နယ်တီ ဧရိယာထဲ ဝင်လာတဲ့အချိန် အခြားတောင်ပံဘက်မှာ ရှိနေတဲ့ ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း (right wing back) ကလည်း ပင်နယ်တီဧရိယာထဲမှာ ရှိနေပါတယ်..။
သောမတ်စ် တူခယ်လ် - ကျွန်တော်ဟာ ကစားသမားတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှား၊ ကစားခွင့် ပေးထားတာကြောင့် တိုက်စစ်ပိုင်း အနေအထားအရ တခါတလေမှာ wing backs နှစ်ယောက်စလုံး ပင်နယ်တီဧရိယာထဲမှာ ရှိနေဖို့ လိုအပ်နေတဲ့ အခြေအနေတွေ ရှိလာနိုင်ပါတယ်..။ ကျွန်တော်ကတော့ တိုက်စစ်ကစားသမား ငါးယောက် (attacking fives) စလုံးကို နေရာလွတ်တွေ လွတ်လွတ်လပ်လပ် ရှာဖွေဖို့ မှာကြားထားသလို ပြိုင်ဘက်အသင်းရဲ့ ရွှေ့လျားမှုအပေါ် မူတည်ပြီး သူတို့တွေဟာ လိုအပ်သလို ရွှေ့လျား၊ လှုပ်ရှားနိုင်ကြပါတယ်..။ အခုခင်ဗျားပြထားတဲ့ အနေအထားအရဆိုရင် သူတို့တွေဟာ ဂိုးသွင်းယူနိုင်ဖို့ တစ်ခုတည်းအပေါ်မှာပဲ အာရုံစိုက်ရမယ့် အခြေအနေဖြစ်ပါတယ်..။ ဒါ့ကြောင့် တိုက်စစ်နဲ့ခံစစ်ပိုင်းဟန်ချက် (balance) ဟာ အမြဲတမ်း မျှတနေတယ်လို့တော့ မဆိုလိုနိုင်ဘူးခင်ဗျ..
ဂလင်း ဟော်ဒယ်လ် - ဒါဆိုရင် ကွင်းလယ်က number six နှစ်ယောက်ကို ပြိုင်ဘက်အသင်းရဲ့ ပင်နယ်တီဧရိယာထဲအထိ တိုက်စစ်ဆင်ဖို့ ညွှန်ကြားထားတာမျိုး ရှိဖူးလားဗျ.?
သောမတ်စ် တူခယ်လ် - သူတို့ရဲ့ ရွှေ့လျားမှုကို ချုပ်တည်းထား မရှိပါဘူး..။ သူတို့အနေနဲ့ လိုအပ်မယ်ဆိုရင် ပြိုင်ဘက်အသင်းရဲ့ ပင်နယ်တီဧရိယာထဲထိ လိုက်ပါနိုင်ခွင့် ရှိပါတယ်..။
(၄)
ဂလင်း ဟော်ဒယ်လ် - ပရီးမီးယားလိဂ်မှာ သိသာတဲ့ နည်းစနစ်ပိုင်း အရွေ့တစ်ခုအနေနဲ့ဆိုရင် လီဗာပူးလ်နဲ့ မန်ချက်စတာ စီးတီး အသင်းတွေဟာ အထောင်တိုက်စစ်မှူး (number nine) နေရာကို စွန့်လွှတ်ခဲ့ပြီလို့ ယူဆနိုင်ပါတယ်..။ ခင်ဗျားရဲ့အသင်းမှာဆိုရင် ‘ကိုင် ဟာဗာ့ဇ်’ ဟာ တိုက်စစ်ကို ဦးဆောင်နေတယ်လို့ ယူဆရတာပေ့ါ..။ ဒ့ါကြောင့် ခင်ဗျားဟာ ဟာဗာ့ဇ် ကို number nine အနေနဲ့ တာဝန်ပေးထားတာလား? half nine လား…? ဒါမှမဟုတ် တိုက်စစ်မှူးမပါပဲ no number nine အဖြစ် ရွှေ့လျားခိုင်းထားတာလားဗျ..?
သောမတ်စ် တူခယ်လ် - သူ့ရဲ့နေရာနဲ့ ပတ်သက်ရင် ကျွန်တော်လည်း သေသေချာချာ မပြောနိုင်ပါဘူး..။ ကျွန်တော်ကတော့ သူ့ကို ‘ဒင်းနစ်စ် ဘားကင့်ပ်’ လိုလို..၊ ‘ရော်ဘင် ဗန်ပါစီ’.. ‘ဒီမီတာ ဘာဘာတော့ဗ်’ တို့လို ကစားသမားမျိုး အဖြစ်နဲ့ပဲ မြင်ပါတယ်..။ သူ့ကိုတိုက်စစ်မှူး တစ်ဝက်လို့ ပြောလို့ရမလားဗျ..။ ဘာဖြစ်လို့လည်းဆိုတော့ သူဟာအချိန်ကိုက် ပြေးထွက်မှုတွေ ပြုလုပ်နိုင်သလို ဘယ်၊ ညာတောင်ပံတွေထွက်ပြီး ဘောလုံးအရယူရမှာ ကောင်းမွန်ပါတယ်..။ ဒါ့အပြင် တိုက်စစ်မှူးတွေနဲ့ မတူတဲ့အချက်က ဟာဗာ့ဇ် ဟာ ဂိုးဖန်တီးမှုတွေကိုလည်း ပြုလုပ်နိုင်တဲ့သူဖြစ်တယ်..၊ ဂိုးသွင်းယူနိုင်မယ့် နေရာကို အချိန်ကိုက်ရောက်ရှိ နိုင်တဲ့သူလည်း ဖြစ်ပါတယ်..။
ဂလင်း ဟော်ဒယ်လ် - ဟာဗာ့ဇ် ဟာ လေဗာကူဆင် အသင်းမှာတုန်းကလည်း ခင်ဗျားကစားခဲ့တဲ့ နေရာမှာပဲ ကစားခဲ့တာ မဟုတ်ဘူးလားဗျ..။ သူဟာညာဘက်ကနေ အဆုံးသတ်ဂိုးသွင်းတဲ့နေရာကို အချိန်ကိုက် ပြေးဝင်လေ့ရှိတာကို မြင်မိ…
သောမတ် တူခယ်လ် - ကျွန်တော်တို့ဟာ ကိုင် ဟာဗာ့ဇ် ကို လေဗာကူဆင် အသင်းမှာတုန်းကလည်း ဂရုတစိုက် လေ့လာဖြစ်ခဲ့ပါတယ်..။ အခုလိုသူ့ရဲ့ နည်းပြအဖြစ်နဲ့ တာဝန်ယူဖြစ်ခဲ့မယ်လို့တော့ မစဉ်းစားမိခဲ့ဘူးပေ့ါဗျ..။ ပဲရစ်စ်မှာ ကျွန်တော်ရှိနေတုန်းက လေဗာကူဆင် အသင်းဟာ နည်းစနစ်ပိုင်းအစိတ်ဝင်စားဖို့ကောင်းတဲ့ အသင်းတစ်သင်း ဖြစ်တဲ့အပြင် ကိုင် ဟာဗာ့ဇ် အပေါ် စိတ်ဝင်စားမှုတွေ ရှိခဲ့ပါတယ်..။ ကိုင် ဟာဗာ့ဇ် ဟာ အဲဒီအချိန်တုန်းကလည်း number nine အဖြစ် ကစားခဲ့ဖူးတာကို သတိပြုမိပါတယ်..။ အထူးသဖြင့် ဘိုင်ယန် မြူးနစ် အသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ဂျာမန်ဖလား ဗိုလ်လုပွဲဆိုရင် သူဟာ အထောင်တိုက်စစ်မှူးနေရာမှာ ခြေစွမ်းပြခဲ့တဲ့အကြောင်း ကျွန်တော်တို့ သုံးသပ်ဖြစ်ခဲ့ပါသေးတယ်..။
ဂလင်း ဟော်ဒယ်လ် - ခင်ဗျားဟာ သူ့ကိုဘယ်လိုနေရာမှာပဲ ထားပြီးကစားသည်ဖြစ်စေ.. အခုအချိန်မှာ သူဟာအကောင်းဆုံးခြေစွမ်းနဲ့ အသင်းကိုအကျိုးပြုနေတာ အမှန်ပဲဗျ..။ အခုဆိုရင် သူဟာအဆုံးအဖြတ်ဂိုးတွေ သွင်းပေးနိုင်ရုံမက မေဆန် မောင့် တို့လို ကစားသမားတွေအတွက် သွင်းဂိုးတွေကိုပါ ဖန်တီးပေးနိုင်တဲ့သူအဖြစ် ရောက်ရှိနေပြီ မဟုတ်လားဗျ..။ ကျွန်တော်ကတော့ သူ့ကိုအထောင် တိုက်စစ်မှူး (target man) အဖြစ်ပဲ မြင်မိတာပဲ..
သောမတ်စ် တူခယ်လ် - မှန်ပါတယ်…။ ဒါပေမယ့် သူဟာကွင်းလယ်မှာ အများဆုံးနေရာယူလေ့ရှိပြီး တစ်ကွင်းလုံးအနှံ့ ရွှေ့လျားနိုင်တဲ့ အားသာချက် ရှိပါတယ်..။ အခုအချိန်မှာတော့ လီဗာပူးလ်နဲ့ မန်ချက်စတာ စီးတီး တို့ဟာ ကျွန်တော်တို့ စံပြုရမယ့် အနေအထားမှာ ရှိနေပါတယ်..။ ခင်ဗျားပြောခဲ့သလိုပါပဲ.. ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့နှစ်သင်းဟာ အထောင်တိုက်စစ်မှူး မပါဝင်ပဲ ဆုဖလားတွေကို ရယူပေးခဲ့တဲ့ သာဓကတွေ စိုက်ထူးပေးခဲ့တယ်.. မဟုတ်ဘူးလားဗျ..
ဂလင်း ဟော်ဒယ်လ် - ဒါပေမယ့် အဲဒီလို အထောင်တိုက်စစ်မှူး (reference point) မပါဝင်ပဲနဲ့ ကစားတဲ့ နည်းစနစ်ဟာ ကိုယ့်အသင်းရဲ့ခြေထဲမှာ ဘောလုံးကိုင်ထားနိုင်မှ အလုပ်ဖြစ်မယ်လို့ မထင်ဘူးလားဗျ..။ ကိုယ့်အသင်းရဲ့ ခြေထဲမှာ တစ်ချိန်လုံး ဘောလုံးကိုင်ထားနိုင်ရင် နောက်ဆုံးတိုက်စစ် အဆုံးသတ်ဇုန်မှာ အထောင်တိုက်စစ်မှုးမရှိလည်း သိပ်ပြီးအရေးမကြီးလှဘူးလို့ ကျွန်တော်ထင်တာပဲ..။ ဒ့ါကြောင့် ကိုယ့်ရဲ့အသင်းဟာ ဘောလုံးကိုင်ထားနိုင်မယ့် အခြေအနေမရှိဘူးဆိုရင် တိုက်စစ်မှူး မပါဝင်တဲ့ ကစားကွက်ဟာ အဆင်ပြေနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး..။ ဒါပေမယ့် အခုအချိန်မှာတော့ ကိုင် ဟာဗာ့ဇ် ဟာ ခင်ဗျားအတွက် number nine အနေနဲ့ရော၊ false number nine အနေနဲ့ပါ အဆင်ပြေနေတယ်လို့ ကျွန်တော်ယူဆပါတယ်..။
ကဲ.. နောက်ဆုံးအနေနဲ့ ခြုံပြီးပြောရမယ်ဆိုရင် ကျွန်တော်ဟာ ခင်ဗျားရဲ့ချယ်လ်ဆီးအသင်း ကစားပုံကို နှစ်သက်တဲ့အပြင် ခင်ဗျားရဲ့နည်းစနစ်ပိုင်း အခင်းအကျင်းနဲ့ နည်းစနစ်အယူအဆတွေကိုလည်း နှစ်သက်မိပါတယ်.. ဆိုတဲ့အကြောင်း စကားလက်ဆောင် ပါးလိုက်ချင်ပါတယ်..။ အခုလိုအချိန်ပေး.. ဆွေးနွေးခဲ့တဲ့အပေါ် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း မကြာခင်မှာ ပြန်လည်ဆုံတွေ့ကြတာပေ့ါဗျာ…