‘တော့ဒ် ဘိုလေး…’
သူဟာ အထက်တန်း ကျောင်းသားဘဝတုန်းက နပန်းချန်ပီယံတစ်ယောက်ပါ..။ ဒါပေမယ့် ငယ်စဉ်ကတည်းက စီးပွားရေး တစ်ယောက်ရဲ့ အတွေးအခေါ်၊ အကျိုးအမြတ်ကို ရှာဖွေ၊ တွက်ဆတတ်တဲ့ နှလုံးသားနဲ့ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်..။ အခုဆိုရင် သူဟာ အမေရိကန် ပြည်ထောင်စု၊ ကွန်နက်တီကပ် ပြည်နယ်၊ ဂရင်းနစ်ခ်ျမြို့မှာ တည်ရှိတဲ့ ရုံးခန်းတွေကနေ ကိန်းဂဏန်းတွေ၊ အညွှန်းကိန်းတွေကို တွက်ဆရင်း ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ လုပ်ငန်းစုများစွာကို ကြီးကြပ်နေပါတယ်..။ သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ Eldridge Industries ကုမ္ပဏီလုပ်ငန်းစုဟာ အာမခံ လုပ်ငန်းတွေ၊ နည်းပညာပိုင်း၊ အားကစား၊ မီဒီယာ၊ အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှုတွေ အပါအဝင် လက်တံရှည်လျားလှတဲ့ လုပ်ငန်းစုကြီးတစ်ခုအဖြစ် ကမ္ဘာအရပ်ရပ် ဖြန့်ကျက်ထားပြီး လက်ရှိကာလမှာ စတာလင်ပေါင် ဘီလီယံ (၄၀) လောက် ကြွယ်ဝချမ်းသာနေပြီလို့ သိရပါတယ်..။
တော့ဒ် ဘိုလေး ဟာ အားကစားပြိုင်ပွဲတွေရဲ့ နောက်ကွယ်မှာ အကြီးအကျယ် ပွပေါက်တိုးနိုင်မယ့် ရတနာသိုက် မြေပုံညွှန်းတွေ ရှိတယ်ဆိုတာ ငယ်စဉ်ကတည်းက နားလည်ခဲ့ပါတယ်..။ အားကစားအသင်းတွေကို Netflix အပါအဝင် မီဒီယာတွေပေါ်မှာ တင်ဆက်ပုံ ပြောင်းလဲပြီး ဇာတ်လမ်းဇာတ်ကွက်တွေအနေနဲ့ ကြွတက်လာအောင် ပြောင်းလဲလို့ ရနိုင်တယ်ဆိုတဲ့ အမျှော်အမြင် သူ့ဆီမှာ ရှိနေခဲ့ပါတယ်..။ အဲဒီလိုနဲ့ ၂၀၁၂ ခုနှစ်မှာတော့ သူအမြဲတမ်း တောင့်တနေခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်နိုင်မယ့် အခွင့်အရေးတစ်ခု ရခဲ့ပါတယ်..။ ဒါကတော့ အခုချယ်လ်ဆီးအသင်းကို ဝယ်ယူတဲ့အစုအဖွဲ့မှာ ပါဝင်ခဲ့တဲ့ မာ့ခ် ဝေါ်လ်တာ အပါအဝင် အခြားရင်းနှီးမြုပ်နှံသူများနဲ့ ပူးပေါင်းပြီး အမေရိကန် ဘော့စ်ဘောလိဂ် ပြိုင်ပွဲဝင် လော့စ် အိန်းဂျယ်လိစ် အခြေစိုက် LA Dodgers အသင်းကို ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်..။
Dodgers အသင်းဟာ တစ်ချိန်တုန်းက အောင်မြင်မှုတွေ လျှမ်းလျှမ်းတောက်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ခဲ့ပေမယ့် သူဝယ်ယူခဲ့တဲ့ အချိန်တုန်းက အသင်းဟာ ဘဏ္ဍာရေး ချွတ်ချုံကျနေတဲ့ အထည်ကြီးပျက်အသင်းလို ဖြစ်နေခဲ့ပါတယ်..။ ဘိုလေး ဟာ သူမျှော်မှန်းထားတဲ့ မီဒီယာတွေကနေ ထိုးဖောက်မယ့် လမ်းကြောင်းကို ခြေလှမ်းသွက်သွက်နဲ့ အကောင်အထည် ဖော်ခဲ့ပါတယ်..။ သူဟာအသင်းကိုဝယ်ယူပြီး တစ်နှစ်အကြာမှာ နာမည်ကျော် ရုပ်ရှင်ကုမ္ပဏီကြီးဖြစ်တဲ့ Time Warner နဲ့ အမေရိကန်ဒေါ်လာ (၈) ဘီလီယံ တန်ကြေးရှိ (၂၅) နှစ် လက်တွဲမယ့် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပါတယ်..။ အဲဒီစာချုပ်ကနေ ရရှိလာတဲ့ ငွေကြေးတွေကို အသုံးချပြီး သူတို့ဟာ ကောင်းပေ့၊ ညွှန့်ပေ့ ဆိုတဲ့ ဘေ့စ်ဘော ကစားသမားတွေကို ကြေးမရှောင် ခေါ်ယူကာ ဘေ့စ်ဘော သမိုင်းတစ်လျှောက် ကြေးအကြီးဆုံး အသင်းကို ဖွဲ့စည်းခဲ့ပါတယ်..။
အဲဒီအသင်းကို ဖွဲ့စည်းရာမှာ ‘လော့စ် အိန်းဂျယ်လိစ်’ ဆိုတဲ့ အမေရိကန် အနောက်ခြမ်းက မြို့တော်ရဲ့ ပုံရိပ်ကို ကိုယ်စားပြု၊ မြှင့်တင်နိုင်ဖို့ ကမ္ဘာကျော် ဘတ်စ်ဘော ကစားသမားဟောင်း မက်ဂျစ် ဂျွန်ဆင် ကို ရင်းနှီးမြုပ်နှံသူ တစ်ဦးအနေနဲ့ရော၊ အတိုင်ပင်ခံ တစ်ဦးအနေနဲ့ပါ ဌားရမ်း၊ ခန့်အပ်ခဲ့ပါတယ်..။ မက်ဂျစ် ဂျွန်ဆင် ဆိုတာ ၁၉၈၀ ပြည့်လွန်နှစ်များက အမေရိကန် ဘတ်စ်ကော လောကရဲ့ ‘လီယွန်နယ် မက်ဆီ’ ပါပဲ..။ အဲဒီလို လော့စ် အိန်းဂျယ်လိစ် မြို့တော်ရဲ့ အအောင်မြင်ဆုံး ကစားသမားဟောင်း တစ်ယောက်ကို ကိုယ်စားပြု ဌားရမ်းနိုင်ခဲ့တာကြောင့် Dodgers အသင်းဟာ မြို့တော်သူ၊ မြို့တော်သား အားပေးသူ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ဆွဲယူခဲ့သလို ‘ကျွန်တော်တို့ဟာ နိုင်ကိုနိုင်ရမယ်..၊ အထူးသဖြင့် လော့စ် အိန်းဂျယ်လိစ် မြို့မှာ ပြိုင်တဲ့ပွဲစဉ်တိုင်း အနိုင်ရတာကိုပဲ လိုချင်တယ်..’ ဆိုတဲ့ တော့ဒ် ဘိုလေး ရဲ့ မှာကြားချက်ဟာ လူသိများခဲ့ပါတယ်..။
“မက်ဂျစ် ဂျွန်ဆင် ဟာ အမေရိကန် ဘတ်စ်ကတ်ဘော လောကမှာ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ LA Lakers အသင်းကနေ လာခဲ့တာပါ..။ ဒ့ါကြောင့် LA Dodgers အသင်းမှာ သူနဲ့လက်တွဲနိုင်ခဲ့ခြင်းအားဖြင့် ‘လော့စ် အိန်းဂျယ်လိစ် (LA)’ မြို့တော်ကို ကိုယ်စားပြုတယ်.. ဆိုတဲ့ သင်္ကေတကို ဆက်လက်သယ်ဆောင်နိုင်ခဲ့တယ်..၊ LA ပရိသတ်တွေရဲ့ စိတ်အားထက်သန်စွာ အားပေးမှုကို အရယူနိုင်ခဲ့ပါတယ်..။ ဒ့ါအပြင် ကျွန်တော်တို့ဟာ Major League Baseball အသင်းကြီး တစ်သင်းဖြစ်တဲ့ Boston Red Sox နဲ့ မိတ်ဖက်အသင်းအဖြစ် တည်ဆောက်နိုင်ခဲ့ပါတယ်..။
နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ အေဒရီယန် ဂွန်ဇာလက်ဇ်၊ ဂျော့ခ်ျ ဘက်ကတ်၊ ကားလ် ခရောဖို့ဒ်၊ နစ်ခ် ပန်တို တို့လို ကစားသမားကောင်းတွေ ခေါ်ယူနိုင်ခဲ့ပြီး ပရိသတ်တွေကို စိတ်အားတက်ကြွ စေခဲ့ပါတယ်..။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက LA ပရိသတ်တွေကို ကစားကွင်းထဲ ပြန်လည်ရောက်ရှိလာအောင် ဆွဲဆောင်ပေးနိုင်ဖို့၊ အသင်းအတွက် စိတ်အားထက်သန်မှုအပြည့်နဲ့ အားပေးကြဖို့ပဲ ဖြစ်ပါတယ်…။” လို့ တော့ဒ် ဘိုလေး ဟာ LA Dodgers အသင်းနဲ့ စတင်ခဲ့တဲ့ သူ့ရဲ့ခြေလှမ်းတွေကို ရှင်းပြခဲ့ပါတယ်..။
သူပြောခဲ့တဲ့ အေဒရီယန် ဂွန်ဇာလက်ဇ် တို့လို ကစားသမားတွေကို ခေါ်ယူခဲ့တဲ့ ခြေလှမ်းဟာ ၂၀၀၃ ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းကို ရိုမန် အေဘရာမိုဗစ်ခ်ျ ဝယ်ယူခဲ့ပြီး ဂျိုး ကိုးလ်၊ ဟာနန် ခရက်စ်ပို၊ ကလော့ဒ် မက်ခလီလီ၊ ဒေမီယန် ဒပ်ဖ်၊ အေဒရီယန် မူတူး တို့လို နာမည်ကြီး ကစားသမားတွေကို ခေါ်ယူခဲ့တဲ့ပုံစံမျိုးပါပဲ..။
“အသင်းတစ်သင်းမှာ ပရိသတ်ဟာ အရေးအကြီးဆုံးဗဟိုချက် ဖြစ်တယ်ဆိုတာ အမြဲတမ်း သတိချပ်နေရပါတယ်..။ နှစ်သစ်တစ်နှစ် ပြန်လည်စတင်တိုင်း ‘ပရိသတ်တွေအတွက် စဉ်းစားကြစမ်း…’ ဆိုပြီး အခြေခံအကျဆုံး အချက်ကနေ ပြန်လည်မောင်းနှင်ရပါတယ်..။ ကျွန်တော်တို့ဟာ ပရိသတ်တွေနဲ့ အမြဲတမ်းထိတွေ့နေရပြီး အသင်းပိုင်ရှင်၊ အသင်းတာဝန်ရှိသူတိုင်းဟာ ပရိသတ်တွေနဲ့ မျက်နှာချင်းဆိုင် ထိတွေ့ရဲရမယ်.၊ သူတို့တွေရဲ့ အတွေးအမြင်၊ သူတို့တွေရဲ့ အယူအဆတွေကို ထည့်သွင်းစဉ်းစားရပါမယ်..။ ကျွန်တော်တို့ဟာ ပရိသတ်ကို အခြေပြု၊ ချဲ့ထွင်တဲ့ နည်းလမ်းတွေနဲ့ လော့စ် အိန်းဂျယ်လိစ် လို ဈေးကွက်ကြီးတစ်ခုကို ခြေကုတ်ယူနိုင်ခဲ့ပါတယ်..။” ဆိုပြီး တော့ဒ် ဘိုလေး ဟာ LA Dodgers အသင်းရဲ့ ဈေးကွက်ကို ပရိသတ်အပေါ် အခြေပြု၊ ချဲ့ထွင်ခဲ့တဲ့ နည်းလမ်းကို ပြောပြခဲ့ပါတယ်..။
တော့ဒ် ဘိုလေး ရဲ့ နာမည်ကျော် ကစားသမားတွေကို ကြေးမရှောင် ခေါ်ယူပြီး အသင်းရဲ့ရေတိုအောင်မြင်မှုကို ရယူခဲ့တဲ့ နည်းလမ်းဟာ ရိုမန် အေဘရာမိုဗစ်ခ်ျ ရဲ့ နည်းလမ်းအတိုင်းပါပဲ..။ ဒ့ါကြောင့် ချယ်လ်ဆီးအသင်းကို ဝယ်ယူပြီးချိန်မှာ ဒက်ကလန် ရိုက်စ်၊ ဟာရီ ကိန်း တို့ကို ခေါ်ယူပေးမယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် အခုလာမယ့် နွေရာသီမှာ ဖြစ်လာနိုင်ဖို့ မရှိပါဘူး..။ ဘင်ဖီကာအသင်း တိုက်စစ်မှူး ဒါဝင် နူးနက်ဇ် ကိုပဲ ခေါ်ယူပေးနိုင်မယ့် အခြေအနေရှိပါတယ်..။ ဒ့ါကြောင့် တော့ဒ် ဘိုလေး ဟာ ချယ်လ်ဆီးအသင်းကို ရောက်ရှိနေပါပြီဆိုတာ ကြေငြာ၊ မောင်းခပ်တဲ့အနေနဲ့ နာမည်ကြီးကစားသမား ခေါ်ယူမှုတစ်ခု ပြုလုပ်ပြမှာ အသေအချာပါပဲ..။
LA Dodgers အသင်းမှာ စတင်ခဲ့တဲ့ သူ့ရဲ့ခြေလှမ်းတွေဟာ ချယ်လ်ဆီးအသင်း၊ အပြာရောင်ယဉ်ကျေးမှုတွေနဲ့ ထပ်တူကျပြီး ရိုမန် အေဘရာမိုဗစ်ခ်ျ ရဲ့ ‘Russian Revolution’ အစောပိုင်းနေ့ရက်များနဲ့ ဆင်တူပါတယ်..။ အနိုင်ရဖို့ လိုတယ်…၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အနိုင်ရအောင် လုပ်ရမယ်..၊ အင်မတန် ဆိုးရွားနေတဲ့ ဘောလုံးရာသီ တစ်ခုမှာတောင် လိဂ်ဖလား၊ ယူရိုပါ လိဂ်ဖလားလို ဖလားတွေ အရယူနိုင်ရမယ်..၊ ကောင်းမွန်တဲ့ ရာသီတစ်ခုမှာဆိုရင် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် တို့လို ဆုဖလားကြီးကြီးတွေ ဆွတ်ခူးနိုင်ဖို့ပါပဲ..။
“ကျွန်တော်တို့ဟာ LA Dodgers အသင်းကို ဈေးကွက်ပိုင်းအရ စိတ်ဝင်စားဖို့ကောင်းတဲ့ အခွင့်အရေးကြီးတစ်ခု အနေနဲ့ရော၊ ပရိသတ်တွေအတွက် ကျေနပ်အားရဖို့ကောင်းတဲ့၊ ဂုဏ်ယူဖို့ကောင်းတဲ့ အသင်းတစ်သင်း အဖြစ်ပါ ပြောင်းလဲပေးနိုင်ခဲ့ပါတယ်..။ ကျွန်တော်တို့ အသင်းကို တာဝန်ယူခဲ့ပြီးနောက်ပိုင်း National League အနောက်ပိုင်း ချန်ပီယံဆုကို ရှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့ချန်ပီယံ World Series တစ်ကြိမ် ရရှိခဲ့ပါတယ်..။ အခုအချိန်ထိလည်း အောင်မြင်မှုတွေကို ဆက်လက်ဆာလောင်နေဆဲပါပဲ..။”
တော့ဒ် ဘိုလေး ဟာ LA Dodgers အသင်းကို အောင်မြင်တဲ့အသင်းတစ်သင်းအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့သလို သူနဲ့အစုအဖွဲ့နဲ့ ပတ်သက်ပြီး Dodgers အသင်းပရိသတ်တွေကို မေးကြည့်မယ်ဆိုရင်လည်း မကောင်းသတင်းနဲ့ တုံ့ပြန်မယ့်သူ မရှိသလောက်ပါပဲ…။ သူတို့ဟာ နာမည်ကြီး ကစားသမားတွေကို ရအောင်ခေါ်ယူပေးခဲ့တယ်..၊ ဆုဖလားတွေ ရယူပေးခဲ့တယ်..၊ အသင်းပိုင် ကစားကွင်းကြီးကို အဆင့်မြှင့်တင် ပေးနိုင်ခဲ့ပါတယ်..။
အခုတစ်ခါ ချယ်လ်ဆီးအသင်းကို ဝယ်ယူဖြစ်ခဲ့မယ်ဆိုရင်လည်း စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းကြီးကို ပြန်လည်တည်ဆောက်ဖို့၊ အဆင့်မြှင့်တင်ပေးဖို့ဟာ မဖြစ်မနေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါလိမ့်မယ်..။
ဒါပေမယ့် တော့ဒ် ဘိုလေး ရဲ့ခြေလှမ်းတွေထဲမှာ ရိုမန် အေဘရာမိုဗစ်ခ်ျ နဲ့ လုံးဝကွဲပြားခြားနားနေတဲ့ အရာတစ်ခု ရှိနေပါတယ်..။ သူဟာချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ရပ်ဝန်းကို ပိုက်ဆံရှာဖို့၊ အကျိုးအမြတ်ရှာဖွေဖို့ ခြေချခဲ့တာပါ..၊ အသင်းကိုချစ်မြတ်နိုးစိတ် တစ်ခုထဲနဲ့ အရှုံးခံဖို့ မဟုတ်ပါဘူး…။ ချယ်လ်ဆီးအသင်းနဲ့ သူဘယ်လို အကျိုးအမြတ်ရှာမလဲ..? ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး သုံးသပ်သူတွေဆီမှာ ကွဲပြားခြားနားတဲ့ အမြင်တွေ ရှိနေကြပါတယ်..။
စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း ပြန်လည်တည်ဆောက်ရေး စီမံကိန်းဟာ အသင်းပိုင်ရှင်တိုင်းအတွက် အိပ်မက်ဆိုး ဖြစ်သလို အမေရိကန် လုပ်ငန်းရှင်တွေဟာ ဒီဂျစ်တယ် အခွင့်အရေးတွေအပေါ် လိုတာထက်ပိုပြီး အကောင်းမြင်လွန်းတယ်..၊ အမှန်တကယ် ရရှိနိုင်တဲ့ အကျိုးအမြတ်ထက် ပိုပြီးမျှော်မှန်းနေကြတယ်လို့ အသင်းပိုင်ရှင်တစ်ယောက်က မှတ်ချက်ပေးခဲ့ပါတယ်..။ တစ်ချို့တွေကတော့ ဒစ်ဂျစ်တယ် နည်းပညာတွေရဲ့ မြန်ဆန်လှတဲ့ ရွှေ့လျားမှုတွေကို လျော့တွက်လို့မရတဲ့အပြင် နောက်လာမယ့် ဆယ်နှစ်အတွင်းမှာ ပြောင်းလဲလာနိုင်တဲ့ Netflix စတိုင် ကိုယ်ပိုင်ရုပ်သံ မီဒီယာတွေရဲ့ ကျယ်ပြန့်လာမယ့် အခန်းကဏ္ဍကြောင့် ကြီးမားတဲ့ အကျိုးအမြတ်တွေ ဖြစ်ထွန်းလိမ့်မယ်လို့ မှန်းဆနေကြပါတယ်..။
ဒါ့အပြင် တော့ဒ် ဘိုလေး ရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ သူ့ရဲ့အစုအဖွဲ့ဝင်များရဲ့ အရှိန်အဝါတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်..။ သာမန်လူတစ်ယောက်အတွက်တော့ သူဟာတကယ့်ကို ချမ်းသာကြွယ်ဝတဲ့ စူပါသူဌေးကြီးတစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့အစုအဖွဲ့ လက်တွဲဖော်တွေနဲ့ ယှဉ်လိုက်ရင် သူဟာအသေးစား လုပ်ငန်းရှင် တစ်ယောက်လို ဖြစ်နေပါတယ်..။ Dodgers အသင်းမှာ မာ့ခ် ဝေါ်လ်တာ ဟာ ရင်းနှီးမြုပ်နှံမှု အများဆုံး ထည့်ဝင်ခဲ့တဲ့သူ ဖြစ်သလို ချယ်လ်ဆီးအသင်းကို ဝယ်ယူရာမှာ ဘီလီယံနာ သူဌေးကြီး Jose F Feliciano နဲ့ Behdad Eghbali တို့ရဲ့ Clearlake Capital လုပ်ငန်းစုကြီးဟာ သူတို့အစုအဖွဲ့ စုပေါင်းထည့်ဝင်ငွေရဲ့ (၆၆% ရာခိုင်နှုန်း) ပါဝင်ပါမယ်..။ သူ့ရဲ့အစုအဖွဲ့မှာ ပါဝင်တဲ့သူတွေရဲ့ ထည့်ဝင်ငွေ ဘယ်လောက်များများ အသင်းရဲ့ အနာဂတ်အတွက် အဆုံးအဖြတ်တွေကိုတော့ တော့ဒ် ဘိုလေး ကပဲ ဦးဆောင်သွားမှာပါ..။ ဒီလိုကြီးမားတဲ့ အစုစပ်အဖွဲ့ကြီးတစ်ခု ဖြစ်တည်လာအောင် ဦးဆောင်မောင်းနှင်ခဲ့တာ သူပါပဲ...။
လက်တွဲဖော် လုပ်ငန်းရှင်တွေကို ရွေးချယ်တဲ့နေရာမှာ တော့ဒ် ဘိုလေး ဟာ အင်မတန်မှ ပါးနပ်သလို ချယ်လ်ဆီးအသင်း ဝယ်ယူရာမှာ သူနဲ့အတူ ပါဝင်လာတဲ့ လုပ်ငန်းရှင်တွေဟာ သူနဲ့နှစ်ပေါင်းများစွာ အတူတကွ လက်တွဲခဲ့တဲ့သူတွေ ဖြစ်ကြပါတယ်..။ ဆွစ်ဇာလန် သူဌေးကြီး ဟန်းစ်ဂျော့ခ်ျ ဝိုက်စ် နဲ့ ဗြိတိသျှ စွန့်ဦးလုပ်ငန်းရှင် ဂျိုနသန် ဂိုးလ်စတိန်း တို့ဟာ သူနဲ့အင်မတန် ရင်းနှီးပြီး ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော် လုပ်ငန်းရှင်တွေ ဖြစ်ကြသလို ချယ်လ်ဆီးအသင်း ဝယ်ယူရာမှာ ပါဝင်လာခဲ့တဲ့ ဒယ်လ်နီရယ် ဖင်ကယ်လ်စတိန်း နဲ့ ဘာဘရာ ချာရုန်းန် တို့ကို သေသေချာချာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်..။ သူတို့နှစ်ဦးဟာ ချယ်လ်ဆီးအသင်း အမာခံ ပရိသတ်တွေ ဖြစ်ကြပြီး မီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံတဲ့နေရာမှာ ကျွမ်းကျင်လိမ္မာသူတွေ ဖြစ်ကြပါတယ်..။ ဒါ့ကြောင့် တော့ဒ် ဘိုလေး နဲ့ သူ့ရဲ့အဖွဲ့သားတွေဆီကနေ သူတို့အဖွဲ့အပေါ် အမြင်စောင်းစေခဲ့တဲ့ အပြုအမူ၊ ပြောကြားချက်တွေ မပြုလုပ်မိအောင် သူတို့နှစ်ယောက်က ထိန်းသိမ်း၊ ကွပ်ကဲသွားပါလိမ့်မယ်..။
ဥရောပ စူပါလိဂ် (European Super League) လို လက်ရှိပြိုင်ပွဲတွေကနေ သီးခြားခွဲထွက်လာမယ့် ပြိုင်ပွဲတွေမှာ ပါဝင်ခြင်း မပြုဘူးဆိုတဲ့ အာမခံချက်၊ ပရိသတ်တွေကို ဗီတိုအာဏာနဲ့ ပယ်ချခွင့် အပ်နှင်းထားတဲ့ ‘Golden Share’ အစီအစဉ်တွေဟာ ဖင်ကယ်လ်စတိန်း ရဲ့ အကြံအစည်တွေ ဖြစ်သလို သူဟာပရီးမီးယားလိဂ်မှာ ဒေတာ၊ အချက်အလက်တွေနဲ့ ပတ်သက်ရင် လူအများလေးစားရတဲ့ ‘The Fink Tank’ အဖွဲ့ကို တည်ထောင်ထားပါတယ်..။
ဖင်ကယ်လ်စတိန်း ရဲ့ The Fink Tank အဖွဲ့မှာ လက်ထောက်သုတေသန ပညာရှင်အဖြစ် ပညာဆည်းပူးခဲ့ဖူးသူ အီယန် ဂရေဟမ် ဟာ အခုအချိန်မှာ လီဗာပူးလ် အသင်းရဲ့ သုတေသန ညွှန်ကြားရေးမှူး (Director of Research) တာဝန်ကို ထမ်းဆောင်နေခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ ပြောင်မြောက်လှတဲ့ အပြောင်းအရွှေ့ဈေးကွက် လှုပ်ရှားမှုတွေကို ဦးဆောင်ပေးနေပါတယ်..။ လက်ရှိချယ်လ်ဆီးအသင်းမှာလည်း သူတို့လို ဒေတာပညာရှင်၊ အချက်အလက် သုံးသပ်သူတွေ ရှိနေပြီးသား ဖြစ်ပေမယ့် ဘောလုံးအချက်အလက်ပိုင်းနဲ့ ပတ်သက်ရင် ဂုရုတစ်ယောက်ဖြစ်သူ ဖင်ကယ်လ်စတိန်း ပါဝင်လာခြင်းဟာ အသင်းအတွက် ကြီးမားတဲ့ အထောက်အပံ့တစ်ခု ဖြစ်လာပါလိမ့်မယ်..။
ချယ်လ်ဆီးအသင်းကို လက်လွှဲဝယ်ယူပြီးတာနဲ့ ဘိုလေး နဲ့ သူ့ရဲ့အစုအဖွဲ့ဟာ တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ များပြားလှတဲ့ ခြေလှမ်းတွေ၊ ကြီးမားတဲ့ အဆုံးအဖြတ်တွေကို ချမှတ်ရပါလိမ့်မယ်..။ အထူးသဖြင့် အပြောင်းအရွှေ့ ဈေးကွက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်စေမယ့် ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်ဖို့ စတင်ပြင်ဆင်ရပါတော့မယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းမှာ အားကစား ဒါရိုက်တာ (Director of Football) သတ်သတ်မှတ်မှတ် မရှိသေးပါဘူး..။ အဲဒီအတွက် ပီတာ ချက် ကို ရာထူးတိုးပြီး စွန့်စားလိုက်ခြင်းဟာ အသင်းအတွက်၊ ပရိသတ်အတွက် ပြောင်မြောက်တဲ့ ခြေလှမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်..။
ရိုမန် အေဘရာမိုဗစ်ခ်ျ နဲ့ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့တဲ့ ဆက်ဆံရေးကြောင့် အသင်းဥက္ကဌ ဘရုစ် ဘတ်ခ် နဲ့ ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်ကီးယားစ် တို့ဟာ အသင်းမှာ အချိန်အကြာကြီး ဆက်နေဖို့ မရှိလောက်ပါဘူး..။ ဒါပေမယ့် ကာလတိုအနေနဲ့ အခုလာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလကိုတော့ မာရီနာ ကိုပဲ ဆက်လက်တာဝန်ပေးတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်..။
ဒါ့အပြင် နည်းပြသောမတ်စ် တူခယ်လ် ရဲ့ လိုအပ်ချက်ကို အကောင်းမွန်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ဟာ သူတို့အစုအဖွဲ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်..။ အန်တိုနီယို ရူဒီဂါ၊ အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် နဲ့ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား တို့ရဲ့ အနေအထားကြောင့် လာမယ့် ဘောလုံးရာသီမှာ နောက်တန်းခံစစ်ကြောင်း တစ်ခုလုံးကို သွေးသစ်လောင်းဖို့ လိုအပ်မှာလား..? ရိုမီလူ လူကာကူ ကို အချိန်မှီရောင်းထုတ်ပြီး သူ့ရဲ့နေရာကို ဘယ်သူနဲ့ အစားထိုးမှာလဲ..? ဂျော်ဂင်ဟို နဲ့ အန်ဂိုလို ကန်တေး တို့ရဲ့ အရိုက်အရာကို ဆက်ခံမည့် ကွင်းလယ်ကစားသမား ဖြည့်တင်းမှုကို ဘယ်လိုပြုလုပ်မှာလဲ..? စတဲ့ ကြီးမားလှတဲ့ အဆုံးအဖြတ်တွေကို ချက်ချင်းလက်ငင်း တာဝန်ယူ ဖြေရှင်းသွားရဖို့ ရှိနေပါတယ်..။
တော့ဒ် ဘိုလေး နဲ့ သူ့ရဲ့အစုအဖွဲ့ဟာ အသင်းကိုဝယ်ယူဖို့အတွက် အသေးစိတ် ညှိနှိုင်းမှုတွေကို အခုအပါတ်အတွင်းမှာ အပြီးသတ် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်..။ သူတို့ဟာ ဗြိတိသျှ အစိုးရသတ်မှတ်ထားတဲ့ နောက်ဆုံးရက်ဖြစ်တဲ့ မေလ (၃၁) ရက်နေ့ မတိုင်ခင် ချယ်လ်ဆီးအသင်းကို အပြီးသတ် ဝယ်ယူနိုင်ရပါမယ်..။ ဒ့ါကြောင့်အခုနောက်ဆုံးမှ ကမ်းလှမ်းခဲ့တဲ့ ဆာ ဂျင် ရက်တ်ကလစ်ဖ် အနေနဲ့ လိုအပ်တဲ့ သတ်မှတ်ချက်တွေကို အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ဖို့ ခက်ခဲပါလိမ့်မယ်..။ နောက်ဆုံးအဆင့် အနေနဲ့ အသင်းပိုင်ရှင်သစ်ဟာ လာမယ့်ဘောလုံးရာသီ စတင်မယ့် ဇွန်လ (၈) ရက်နေ့အမှီ ဗြိတိသျှ အစိုးရနဲ့ ပရီးမီးယားလိဂ် တို့ဆီက ချယ်လ်ဆီးအသင်း ပိုင်ဆိုင်ခွင့် သဘောတူညီချက် ရယူနိုင်ဖို့ပဲ ဖြစ်ပါတယ်..။
ဒါ့ကြောင့်အခုအချိန်ဟာ တော့ဒ် ဘိုလေး နဲ့ သူ့ရဲ့အစုအဖွဲ့ဝင်တွေအတွက် တကယ့်ကို ခက်ခဲ၊ ကျပ်တည်းမယ့် ရက်ကျပ်ကာလပဲ ဖြစ်ပါလိမ့်မယ်..။ တော့ဒ် ဘိုလေး ဟာ အမေရိကန်ကလာတဲ့ စူပါသူဌေးတွေ ငမ်းငမ်းတက် လိုချင်ခဲ့ကြတဲ့ ချယ်လ်ဆီးအသင်းကြီးကို အရယူနိုင်ခဲ့ပေမယ့် သူတို့တွေဟာ အပြာရောင်တွေရဲ့ အနာဂတ်ကို မောင်းနှင်ဖို့ အရည်အသွေး ပြည့်မှီတဲ့သူတွေ ဖြစ်ပါရဲ့လား..? ဆိုတဲ့ မေးခွန်းအတွက် အဖြေကို စောင့်ဆိုင်းနေရဦးမှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(Mail Online Sports မှ ဆောင်းပါးရှင် Rob Draper တင်ဆက်သော First inspired by LA Lakers legend Magic Johnson, incoming Chelsea owner Todd Boehly is passionate, driven and energetic... he arrives with a fine track record of success in the US, but make no mistake: unlike Roman Abramovich, he's here to make money’ ဆောင်းပါးတို့ကို ပြန်ဆိုပါသည်..။)