feature-image

‘အန်တိုနီယို ရူဒီဂါ’ မှ…. ကျွန်တော်ချစ်သော ချယ်လ်ဆီး သို့…

နှုတ်ဆက်စကားတွေ ပြောရတာ မကြိုက်ပါဘူး..

ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ နှလုံးသားထဲက ရင်တွင်းဖြစ်တွေကို ကြိုးစားပြီး ဖွင့်ဟခွင့်.. ပြုကြပါ…

ပုံပြင်တစ်ပုဒ်ကိုမပြောခင် ပုံပြင်လေးတစ်ပုဒ်နဲ့ နိဒါန်းပျိုးကြတာပေ့ါ..။ အခုကျွန်တော်ပြောမယ့် အပိုင်းကတော့ ‘အန်တိုနီယို ရူဒီဂါ’ ဆိုတဲ့ အာဖရိကသား တစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်တွေ ဖြစ်မှာပါ…

ချန်ပီယံလိဂ် ဗိုလ်လုပွဲအကြောင်းကို ကျွန်တော် ပြောချင်ပါတယ်..၊ ဒါပေမယ့် အဲဒီအောင်မြင်မှုကြီးဆီကို မသွားခင် ဘောလုံးလောကရဲ့ အဖြူစင်ဆုံး ကစားသမား တစ်ယောက်ရဲ့အကြောင်းနဲ့ အရင်ဆုံး စကြရအောင်ဗျာ…

သူကတော့ ‘အန်ဂိုလို ကန်တေး’..

ချယ်လ်ဆီးအသင်းကို မရောက်ခင်ကတည်းက သူနဲ့ပတ်သက်တဲ့ ပန်းသတင်းတွေကို ကြားခဲ့ရပါတယ်..။ သူဟာအမြဲတမ်း ပြုံးရွှင်နေတာပဲတဲ့..။ နောက်ပြီး အခုထိ ‘မီနီ ကူးပါး’ ကားလေးကိုပဲ စီးနေတယ်..၊ ဘယ်တုန်းကမှ အသံကျယ်ကျယ် မပြောခဲ့ဘူး..၊ ဒါပေမယ့် ကွင်းထဲကို ရောက်လာပြီဆိုတာနဲ့ ဘောလုံးစွမ်းရည်ပိုင်းမှာ ပြိုင်စံရှားပဲ.. လို့ ဆိုကြပါတယ်..။

ဒီအတိုင်းဆိုရင် သူနဲ့တွေ့တဲ့အခါ လွယ်မယ့်ပုံမရှိပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်ကြတယ်..၊ ဒီလိုဖိအားတွေ များလွန်းတဲ့ ကစားသမားဘဝမှာ အဲဒီလောက် ဖြူစင်နေတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်..။

ကဲ.. တွေ့ကြတာပေ့ါ.. အန်ဂိုလို ရယ်…



(၁)

ကျွန်တော်နဲ့တွေ့တဲ့အချိန်မှာ ဘာပဲပြောပြော.. ပြောသမျှကို ခေါင်းပဲငြိမ့်နေပါတယ်..။ အင်း.. ကြည့်ရတာ စိတ်ဝင်စားပုံရပါတယ်..။ ဒါပေမယ့် အတော်လေးကို ထူးဆန်းတာက တစ်ခုခုပြောလိုက်တိုင်း သူ့ရဲ့ပါးစပ်ကနေ ‘ကလစ်..’..၊ ‘ကလစ်’ ဆိုတဲ့ အသံမျိုးလေး ထွက်နေတာပါပဲ.. ဟာာ.. ဘာလဲဟ..??

‘ဟေးး.. NG ရေ.. စားစရာနည်းနည်းယူဦးမလား..?’
‘ကလစ်..၊ ကလစ်..’

‘NG ရေ.. ခင်ဗျားက သူ့ကို pressing လုပ်ရင်..’
‘ကလစ်..၊ ကလစ်..’

ကွိုင်ပဲ..၊ တစ်ခုခုတော့ မှားနေပြီထင်တယ်..။ ဒါနဲ့တစ်နေ့ကျတော့ မနေနိုင်တော့လို့ ‘NG ရေ.. ဘာဖြစ်လို့ အဲဒီလို ‘ကလစ်..’..၊ ‘ကလစ်.’ ဆိုပြီး ပြောနေရတာလဲ..? ပြဿနာတစ်ခုခု ရှိလို့လား..?’ ဆိုပြီး မေးလိုက်ပါတယ်..။

NG က ‘ဆောရီး.. ဘာဖြစ်လို့လဲ..?’
‘ကလစ်.. ကလစ်.. ဆိုတာ ဘာဖြစ်ချင်တာလဲ..? ဘာတွေမှားနေလို့လဲ..?’

အားရပါးရ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ရင်း..
‘Ahh..!! ငါတို့ရပ်ကွက်ထဲမှာ ဒီလိုပဲ ပြောနေကျဟ… ဟားဟား..’

သူကြီးပြင်းလာခဲ့တဲ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က  Banlieue အရပ်မှာ သူတို့အချင်းချင်း အဲဒီလို ‘ကလစ်..’ ‘ကလစ်’ ဆိုတဲ့ အသံမျိုးနဲ့ပဲ တုံ့ပြန်ကြသတဲ့..။ အဓိပ္ပါယ်ကတော့.. ‘Yes…’

ရယ်စရာကောင်းတယ်လို့ ထင်ရပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း ဂျာမနီက အဲဒီလိုပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာခဲ့တဲ့သူ ဖြစ်ပါတယ်..။ ဒါ့ကြောင့်သူဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ချက်ချင်းနားလည်လိုက်ပါတယ်..။ ဒါပေမယ့် အဲဒီလိုထူးထူးဆန်းဆန်း တုံ့ပြန်သံမျိုးကို ဘဝမှာတစ်ခါမှ မကြားဖူးခဲ့ပါဘူး..။ အဲဒါကြောင့်လည်း ကျွန်တော့်ကို တမင်သက်သက် နောက်ပြောင်နေတယ်လို့ပဲ ထင်မိခဲ့တာပါ..။



NG နဲ့ ပတ်သက်တဲ့ အရာအားလုံးဟာ ‘ရှာမှရှား’ ပါပဲ..။ သူစီးနေတဲ့ ‘မီနီ ကူးပါး’ ကားလေးကို လူတွေက ဟာသလုပ်နေကြပေမယ့် သူ့ဆီမှာ နောက်ခံဇာတ်ကြောင်းတွေ ရှိပါတယ်..။ သူဟာပရီးမီးယားလိဂ်ကို ရောက်ရှိဖို့ အိပ်မက်တွေရှိခဲ့ပြီး အဲဒီ မီနီ ကူးပါး ကားလေးဟာ အင်္ဂလန်ကိုရောက်တဲ့အချိန် သူပထမဆုံး ဝယ်ယူခဲ့တဲ့ မော်တော်ကား ဖြစ်ပါတယ်..။ ဒ့ါကြောင့် အဲဒီ မီနီ ကူးပါး ကားလေးဟာ သူ့အတွက် ‘စီးတော်ယာဉ်..’ ဆိုတဲ့ သဘောထက် ပိုမိုနက်ရှိုင်းခဲ့ပါတယ်..။

အဲဒီကားလေးနဲ့ ပတ်သက်ပြီး ကျန်တဲ့အသင်းဖော်တွေကလည်း သူ့ကိုဟာသ လုပ်ကြတာပေ့ါဗျာ..။

‘NG ရေ.. အခုလောလောဆယ် မာစီးဒီးစ် ကားတွေ ခေတ်စားနေတယ်နော..၊ အနက်ရောင် မာစီးဒီးစ် လေးဆိုရင် မင်းနဲ့အရမ်းလိုက်မှာပဲ…’
NG ကတော့ ပြုံးပြုံးလေးနဲ့ အခုလိုတုံ့ပြန်ပါတယ်…။ ‘Yes.. Ok.. စဉ်းစားတာပေ့ါဗျာ..။ အခုလိုအကြံပေးတာ အထူးကျေးဇူးပဲဗျ..။’

ဒါပေမယ့် သူဟာခင်ဗျားကို အရူးလုပ်တာပါ..။ နောက်ဆုံးမှာတော့ ခင်ဗျားဟာ မီနီ ကူးပါး လေးနဲ့ လေ့ကျင့်ကွင်းကို နေ့တိုင်းလာနေတဲ့ အန်ဂိုလို ကန်တေး ကို နောက်ထပ်ဆယ်နှစ်ဆယ်မိုးလောက် ဆက်ပြီးမြင်နေရဖို့ ရှိပါတယ်..။

ဒါဟာနှိမ့်ချတတ်ခြင်း..၊ ပြည့်ဝခြင်းပါပဲ..။

ဒီအသင်းမှာ ဆွတ်ခူးခဲ့တဲ့ ဆုဖလားတွေဟာ ကျေနပ်စရာပါ..၊ ဒါပေမယ့် ချယ်လ်ဆီးအသင်းမှာ ပိုပြီးထူးခြားတာက ကျွန်တော်တို့အချင်းချင်းကြားက ‘သံယောဇဉ် နှောင်ကြိုးတွေ’ ဖြစ်ပါတယ်..။ ကျွန်တော်တို့ဟာ အသင်းသားတွေ.. ဆိုတာထက် ပိုပါတယ်..။ အန်ဂိုလို ကန်တေး (NG)၊ မတ်တီယို ကိုဗာဆစ် (Kova)၊ ဟာကင် ဇီးယက်ခ်ျ၊ ရိုမီလူ လူကာကူ… သူတို့ဟာ ကျွန်တော့်ရဲ့ ညီအစ်ကိုတွေ ဖြစ်ပါတယ်..။ ကျွန်တော်တို့တွေရဲ့ကြားက ချစ်ခြင်းတရားဟာ အခုခေတ် ဘောလုံးလောကမှာ အင်မတန်မှ ရှားပါးပါတယ်..။

(၂)

ဒါ့အပြင် ချယ်လ်ဆီးအသင်းမှာ ကျွန်တော်ဟာ ရူးသွပ်လောက်တဲ့ ဘောလုံးရာသီ တစ်ခုကိုလည်း ဖြတ်သန်းခဲ့ရပါတယ်..။ ‘ရူးသွပ်ရတယ်.. (crazy)’ လို့ ဘာကြောင့်ပြောရလဲ..?
ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင် ခြောက်လလောက်က ကျွန်တော်ဟာ မြေကြီးနားကိုကပ်နေပြီး ကုန်းကောက်စရာတောင် မရှိတဲ့ အခြေအနေပါ..။ အကြောင်းပြချက် တစုံတရာမပေးပဲ ကျွန်တော့်ကို အသင်းလူစာရင်းကနေ ချန်ထားခံခဲ့ပါတယ်..။ အသင်းအစည်းအဝေး တစ်ရက်လုပ်တယ်..၊ အသင်းမှာလူတွေ အရမ်းများနေလို့.. ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ကျွန်တော့်ကို ချန်ထားခဲ့ပြီး တခြားသူတွေကို ဦးစားပေးခဲ့ပါတယ်..။ သတင်းတွေကတော့ အများကြီးပေ့ါဗျာ..။ ကောလဟာလ သတင်းမျိုးစုံပေါ် မူတည်ပြီး ဆိုရှယ် မီဒီယာမှာ ကျွန်တော့်ကို နည်းမျိုးစုံနဲ့ တိုက်ခိုက်ကြပါတယ်..။ ကျွန်တော့်အတွက် အခက်ခဲဆုံးအချိန် ဖြစ်ပေမယ့် ကျွန်တော်ခေါင်းငုံ့ပြီး ကြိတ်မိတ်ခံစားခဲ့ပါတယ်..။ ဘာဖြစ်လို့လဲဆိုတော့ အသင်းကို မထိခိုက်စေချင်လို့ပဲ ဖြစ်ပါတယ်..။

အဲဒီလိုခရောင်းလမ်းထဲက အနေအထားကနေ နောက်ထပ်လအနည်းငယ်အကြာ.. မန်ချက်စတာ စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ၊ ပွဲထွက်လူစာရင်းမှာ ကျွန်တော်ပါဝင်ခဲ့တယ်ဆိုရင် ခင်ဗျားတို့တွေ ယုံကြမှာလား..?



မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး..

အထူးသဖြင့် အောင်ပွဲတွေကို အရမ်းဆာလောင်နေတဲ့အခါ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိပါဘူး..။ ဆာလောင်နေတဲ့သူ..၊ နောက်ထပ်ဘာမှ ဆုံးရှုံးစရာ မရှိတော့တဲ့သူတွေဟာ ကြောက်စရာ ကောင်းပါတယ်..။ တူခယ်လ် ရောက်လာပြီးတဲ့အချိန်မှာ သူဟာကျွန်တော့်ကို နောက်ထပ်တစ်ကြိမ် အခွင့်အရေး ပေးခဲ့တယ်..၊ ဘဝအသစ် ပြန်စနိုင်ခဲ့ပါတယ်..။ ကျွန်တော်နဲ့တွေ့တဲ့အချိန် သူက ‘တိုနီ.. မင်းရဲ့အကြောင်းသိရအောင် ငါ့ကိုပြောပြလား…?’ တဲ့..

ကျွန်တော့်ရဲ့အားမာန်တွေ၊ အောင်ပွဲဆာလောင်စိတ်တွေ၊ မဆုတ်မနစ် တိုက်ပွဲဝင်စိတ်တွေ ဘယ်ကနေ ရလာလဲ.. သူသိချင်ပါတယ်..။ ကျွန်တော်က  Berlin-Neukölln အရပ်မှာ ကြီးပြင်းလာခဲ့တဲ့ ကြမ်းတမ်းတဲ့ ငယ်ဘဝအကြောင်း၊ ကွန်ကရစ်ကွင်းတွေမှာ ကစားရင်း ဖြတ်သန်းလာခဲ့ရတဲ့ ကစားသမားဘ၀ အစောပိုင်း နေ့ရက်တွေအကြောင်းနဲ့ ငယ်တုန်းက သူငယ်ချင်းတွေက ကျွန်တော့်ကို ‘ရမ်ဘို’ လို့ ခေါ်တဲ့အကြောင်းတွေကို ပြောပြခဲ့ပါတယ်..။

တူခယ်လ် ဟာ ကျွန်တော့်ရဲ့ လူသားဘဝအကြောင်းကို မေးခဲ့တယ်..၊ ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်..။ ဒါဟာသိပ်ကို အရေးပါခဲ့ပါတယ်..။ ဒ့ါကြောင့်သူဟာ ကျွန်တော့်ကို အခွင့်အရေး ပေးတဲ့အချိန်.. ‘ငါဟာဘယ်တော့မှ အရန်ခုံပေါ် ပြန်မသွားတော့ဘူး..’ ဆိုတဲ့ စိတ်အားထက်သန်မှုတွေ၊ တက်ကြွမှုတွေ ဖြစ်လာခဲ့ပါတယ်..။ ဘယ်သူတွေ ဘယ်လိုပဲ တိုက်ခိုက်ကြပါစေ… ကျွန်တော်ဟာ ဒီအသင်း၊ အပြာရောင် အမှတ်တံဆိပ်အတွက် (၂၀၀%) ရာခိုင်နှုန်း ပေးဆပ်မယ်ဆိုတဲ့ ပိုင်းဖြတ်မှု..၊ သံဓိဌာန် ချမှတ်နိုင်ခဲ့ပါတယ်..။ ချန်ပီယံလိဂ် သရဖူ ဆုဖလားဟာ ချယ်လ်ဆီးအသင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အတက်အကျ၊ ကြမ်းတမ်းမှုတွေ၊ ခါးသီးမှုတွေကို အရည်ပျော်သွားစေခဲ့တဲ့ ချိုမြိန်ပျားရည်စက်ပါပဲ..။

ရီးရဲလ် မက်ဒရစ် အသင်းနဲ့ အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ရမယ့်အချိန် လူတိုင်းက ကျွန်တော်တို့ကို ‘တခါတလေ  အလည်လာတဲ့ ဧည့်သည်’ တွေလိုပဲ သဘောထားပါတယ်..။ ချန်ပီယံ လိဂ်ပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲလို အဆင့်အတွက် မင်းတို့တွေ သိပ်ပြီး သမ္ဘာနုသေးတယ်တဲ့..။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်က ‘တော်ဝင် မက်ဒရစ်’… ဒါပေမယ့် ဆာလောင်နေတဲ့ ခွေးရူးတစ်သိုက်လို ဂမူးရှူးထိုး သဲသဲမဲမဲ ကျွန်တော်တို့ ကစားခဲ့ကြပါတယ်..။ အထူးသဖြင့် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယအကျော့မှာ ကျွန်တော်တို့ဟာ ဘောလုံးအသင်းနဲ့ မတူပဲ မိသားစုတစ်ခုလို အရမ်းကိုစုစုစည်းစည်း ရှိခဲ့ကြပါတယ်..။ နှစ်ကျော့ပေါင်း ၃- ၁ နဲ့ နိုင်ခဲ့ပေမယ့် တကယ်တမ်း ၅ - ၁ လောက် ဖြစ်သွားနိုင်ပါတယ်..။  လူငယ်လေးတွေဟာ ဥရောပဘောလုံးလောကရဲ့ အမြင့်ဆုံးအဆင့်အတွက် အသင့်ဖြစ်နေပါပြီ.. အထူးသဖြင့် ‘မေဆန် မောင့်..’


ဒီချာတိတ်လေးရဲ့ ပင်ကိုယ်ပါရမီ ခြေစွမ်းဟာ အရမ်းကိုချီးကျူးလောက်ပါတယ်..။ ဒီလိုခြေစွမ်းအပေါ် ‘အချိုပေါ် သကာလောင်း’ လိုက်တာက သူ့ရဲ့မြင့်မားတဲ့ ရည်မှန်းချက်၊ စိတ်ဓါတ်တွေ၊ ကောင်းမွန်တဲ့ ခံယူချက်နဲ့ ပေးဆပ်မှုတွေ ဖြစ်ပါတယ်..။ တခါတလေ ‘ဒီကောင်လေးဟာ အသက်များ လိမ်ထားတာလား..? ဒီလောက်တော့ မငယ်ဘူးထင်တယ်…’ဆိုတဲ့ သံသယစိတ်တွေ ဖြစ်ရပါတယ်..။ သူ့ရဲ့ရင့်ကျက်မှု၊ အသင်းကို မောင်းနှင်နိုင်ပုံတွေဟာ အသက် (၂၃) နှစ်သားလေးနဲ့ မတူပါဘူး..။ အထူးသဖြင့် မက်ဒရစ် အသင်းနဲ့ပွဲတွေမှာ သူ့ရဲ့ခြေစွမ်းဟာ တကယ့်ကို ကြောက်ခမန်းလိလိ.. လက်ဖျားခါလောက်ပါရဲ့…

နောက်ဆုံးမှာတော့ သူတို့ပြောတဲ့ ‘ဧည့်သည်’ တွေဟာ ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်..။
ကျွန်တော့်ရဲ့ တစ်ကိုယ်ရည် ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေ၊ ရုန်းကန်မှုတွေ၊ ကိုဗစ်ရောဂါကြောင့် ပရိသတ်တွေ မပါပဲ အချိန်အကြာကြီး ကစားခဲ့ရတဲ့ ကာလတွေကို ကျော်ဖြတ်လာခဲ့ပြီး ချန်ပီယံလိဂ် ဆုဖလားနဲ့ အဆုံးသတ်နိုင်ခဲ့တဲ့ဟာ ပြဇာတ်ဆန်လွန်းလှပါတယ်..။

(၃)

ဗိုလ်လုပွဲမတိုင်ခင်ညက ပေါ်တိုမြို့က ဟိုတယ်မှာ ကျွန်တော်ရယ်..၊ NG.. ရယ်၊ ဇူးမား.. နဲ့ ဇီးယက်ခ်ျ တို့ဟာ ညစာစားအပြီး ဆုတောင်းကြပါတယ်..။ ပုံမှန်အားဖြင့် အဲဒီလို ဆုတောင်းအပြီးတွေမှာ စကားတွေ ဖောင်ဖွဲ့လေ့ ရှိကြပေမယ့် အဲဒီညမှာတော့ အားလုံးဟာ တိတ်ဆိတ်လွန်းနေပါတယ်..။ ကျွန်တော်တို့အားလုံး ဝတ်ဆင်ထားတဲ့ တူညီဝတ်စုံတွေရဲ့ ရင်ဘတ်မှာ ‘၂၀၂၁ ခုနှစ်၊ မေလ (၂၉) ရက်’ ဆိုတဲ့ ရက်စွဲကပါ ပါရှိနေလေရဲ့…
ကျွန်တော်တို့အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း.. ‘မနက်ဖြန်ကျရင် ချန်ပီယံဖြစ်ရမယ်..’ ဆိုပြီး ဆုတောင်းကြပါတယ်..။

အခန်းကိုပြန်ရောက်ချိန်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ အားပေးစကားပြောတဲ့ text မက်ဆေ့ခ်ျကို တွေ့လိုက်ပါတယ်..။ အဲဒီမက်ဆေ့ခ်ျနဲ့အတူ ဗွီဒီယိုတစ်ခုပါလာတယ်..။ ကျွန်တော့်ရဲ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေရဲ့ တစ်ယောက်ပြီးတစ်ယောက် ဆုတောင်းပေးတဲ့ video clips တွေကို စုပေါင်းထားတာ ဖြစ်ပါတယ်..။ အဲဒီဗွီဒီယိုကို ကြည့်ပြီးတာနဲ့ ကျွန်တော့်ရဲ့စိတ်ဟာ အင်မတန်မှ အေးဆေး ငြိမ်းချမ်းသွားပါတယ်..။ ဖိအားတွေအကုန်လုံး ချုပ်ငြိမ်းသွားတယ်လို့ ခံစားခဲ့ရပြီး.. ဘဝမှာဘယ်အရာက အရေးကြီးဆုံးလဲ.. ဆိုတဲ့ အတွေးကို ရခဲ့ပါတယ်..။



အဲဒီချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ တကယ့်ကိုပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး တကယ့်ထိပ်သီး မန်ချက်စတာ စီးတီးအသင်းကို ကောင်းမွန်တဲ့ခံစစ်၊ မြန်ဆန်လှတဲ့ တန်ပြန်တိုက်စစ်တွေနဲ့ ကျွန်တော်တို့ အနိုင်ယူနိုင်ခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ အဲဒီပွဲကို စစ်ပွဲတစ်ပွဲလို သဘောတားပြီး ယှဉ်ပြိုင်ခဲ့တာပါ..။ ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်..။ ပွဲသိမ်းခရာမှုတ်ပြီးတဲ့အချိန် ကျွန်တော်ဟာ အရူးတစ်ယောက်လို အော်ဟစ်ရင်း ကွင်းထဲမှာ ပတ်ပြေးနေပါတယ်..။ နည်းပြတူခယ်လ် က ကျွန်တော့်ဆီရောက်လာပြီး တစ်ယောက်နဲ့တစ်ယောက် တင်းနေအောင် ဖက်ထားကြပါတယ်..။ အဲဒီအခိုက်အတန့်ဟာ ကျွန်တော်တို့အတွက် သိပ်ကိုကျေနပ်ဖို့ ကောင်းလှပါတယ်..။ အထူးသဖြင့် ကျွန်တော့်ကို ပြန်လည်ရှင်သန်ခွင့်ရအောင် မြေတောင်ပြန်မြှောက်ပေးခဲ့တဲ့ သောမတ်စ် တူခယ်လ် ကို အရမ်းကျေးဇူးတင်ရှိပါတယ်..။

အဝတ်လဲခန်းထဲ ရောက်တဲ့အချိန်မှာ ရှမ်ပိန်အရက်တွေ ချောင်းစီးအောင် အောင်ပွဲခံခဲ့ကြပါတယ်…။ ကျွန်တော်တို့ မူဆလင်ညီအစ်ကို တစ်ချို့ကတော့ ရေချိုးခန်းထဲမှာပဲ သီးခြားဆုတောင်းကြပါတယ်..။ ကျွန်တော်၊ NG..၊ ဇီးယက်ခ်ျ၊ ဇူးမား တို့က အိမ်သာတွေထဲမှာ သော့ခတ်ပြီး ချန်ပီယံလိဂ် ဆုတံဆိပ်တွေကို ကိုယ်စီကြည့်ရင်း မယုံနိုင်အောင် ပီတိတွေဖြစ်နေခဲ့ကြပါတယ်..။

NG ကတော့ သူ့ရဲ့ အင်မတန်မှ ရိုးသားတဲ့အပြုံးပန်းတွေနဲ့…
‘Wow..’ ငါတို့တွေ ဒီဖလားကို ရခဲ့ပြီနော်..” လို့ ပြောပါတယ်..။
ပြီးတော့ ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်..။ ကျွန်တော်တို့လဲ သူ့ကိုသဘောကျပြီး လိုက်ပြီးရယ်ကြပါတယ်..။ ကလေးတွေလိုပါပဲ..။ အဲဒီအဝတ်လဲခန်းထဲက ရေချိုးခန်းထဲက အခိုက်အတန့်ဟာ ကျွန်တော့်ဘဝတစ်လျှောက်လုံး ထာဝရ မှတ်မိနေမှာပါ..။

(၄)

ကျွန်တော့်ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ အတက်အကျ၊ အကောင်းအဆိုး၊ လောကဓံမျိုးစုံကို ကြုံတွေ့၊ ရင်ဆိုင်ခဲ့ရပါတယ်..။ ဆင်းရဲမွဲတေမှု၊ ခွဲခြားနှိမ်ချ ဆက်ဆံခံရမှု၊ စော်ကားခံရမှု၊ ကျွန်တော့်အပေါ် သံသယတွေ၊ ထိုးချခံရတာတွေ.. အများကြီးပါပဲ..။ အသင်းရဲ့လူစာရင်းထဲတောင် ပါခွင့်မရတဲ့ အခြေအနေကနေ လပိုင်းအတွင်းမှာပဲ ချန်ပီယံလိဂ် ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တယ်..? ဟုတ်ကောဟုတ်ရဲ့လား..? အဲဒီဇာတ်ကြောင်းတွေကို ဘယ်လိုများပြန်ပြီး ရေးပြလို့ ဖြစ်နိုင်မှာလဲ..? ကြမ်းတမ်း၊ ခက်ခဲလှတဲ့ ငယ်ဘဝကို ဖြတ်သန်းလာခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ ဖြတ်သန်းလာခဲ့ရတဲ့ ခရီးတစ်လျှောက်ဟာ အရမ်းကိုအဓိပ္ပါယ် ရှိလွန်းလှတယ်လို့ ခံစားရပါတယ်..။

ဒါပေမယ့် ကျွန်တော်တို့ရဲ့ အဝတ်လဲခန်းထဲကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့လို သိမ်ငယ်၊ စုတ်ပြတ်ခဲ့တဲ့ ဘဝတွေကနေ တက်လာခဲ့တဲ့သူတွေ အများကြီးပါပဲ..။ ဗိုက်ထဲမှာ တဂျုပ်ဂျုပ် ဆာနေရင်း အိပ်ယာင်ခဲ့ရတဲ့ညတွေ၊ ရေသောက်.. ဗိုက်မှောက်ခဲ့ရတဲ့နေ့ရက်တွေကို ခံစား၊ နားလည်ပေးနိုင်မယ့်သူတွေ အများကြီးရှိနေပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ်.. ကျွန်တော်တို့အားလုံး ‘အပြာကောင်တွေ’.. အဲဒီ အပြာကောင်တွေဟာ ‘ချန်ပီယံတွေလေ..’



ကျွန်တော်ဟာ ဒီလို ‘အပြာကောင်တွေ’ ရှိနေတဲ့ အသင်းကနေ လေးလံတဲ့ နှလုံးသားနဲ့အတူ ထွက်ခွာရတော့မှာပါ..။ ဒီအသင်းဟာ ကျွန်တော့်အတွက် အများကြီးအဓိပ္ပါယ် ရှိပါတယ်..။ အခုဒီနှစ်ဘောလုံးရာသီမှာတောင် ပြဿနာတွေမျိုးစုံ ကြုံတွေ့ခဲ့ရပေမယ့် ချယ်လ်ဆီးအတွက် ကစားပေးခဲ့ရတာ ပျော်စရာ ကောင်းခဲ့ပါတယ်..။ ဘောလုံးသမားဟာ ဘောလုံးကစားရဖို့ အဓိကပါပဲ..။ ဒ့ါကြောင့်ကျွန်တော်ဟာ ဘောလုံးကစားခြင်းနဲ့ အသက်မွေးနေတယ်.. ဆိုပေမယ့် လိုအပ်ရင် တစ်ပြားမှမရပဲနဲ့လည်း ကစားပေးနိုင်ပါတယ်.။ ဒ့ါကြောင့်ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ တားဆီးပိတ်ပင်မှု မျိုးစုံကို ဟာသလုပ်ရင်း ကျော်ဖြတ်ခဲ့ကြပါတယ်..။

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အသင်းနဲ့စာချုပ်သက်တမ်း ညှိနှိုင်းမှုတွေမှာ တိုးတက်မှုမရှိခဲ့တာ အတော်ကြာခဲ့ပါပြီ..။ ကျွန်တော်ဟာ အသင်းကို အင်မတန် ချစ်မြတ်နိုးပေမယ့် အလုပ်ကအလုပ်ပါပဲ..။ ဒါ့အပြင်ဒီနှစ်မှာ သြဂုတ်လကနေ ဇန်နဝါရီအထိ အသင်းဘက်က ဘာမှမတုံ့ပြန်ပဲ ရေငုံနှုတ်ပိတ် နေခဲ့တာကြောင့် အခြေအနေဟာ ပိုပြီးရှုပ်ထွေးလာခဲ့ပါတယ်..။

အသင်းဘက်က ပထမဆုံးအကြိမ် ကမ်းလှမ်းမှုရခဲ့ပြီး အချိန်အတော်ကြာအထိ ဘာမှလှုပ်ရှားမှုမရှိပဲ ငြိမ်သက်နေခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ စက်ရုပ်တွေ မဟုတ်ပါဘူး..။ အနာဂတ်ဟာ ဘာမှန်းမသိပဲ လပေါင်းများစွာ ငုတ်တုတ်ထိုင်စောင့်နေလို့ မဖြစ်နိုင်ပါဘူး.။ အဲဒီလို အခြေအနေတွေကြားထဲမှာ အခုလို တားဆီးပိတ်ပင်မှုတွေ ပြုလုပ်ခံရလိမ့်မယ်ဆိုတာ ဘယ်သူကမှ ကြိုတင်မျှော်လင့် မထားခဲ့ပါဘူး..။

ဒ့ါကြောင့်ကျွန်တော့်ကို စိတ်ဝင်စားနေခဲ့တဲ့ အသင်းကြီးတွေထဲကနေ တစ်ခုခုကို ကျွန်တော်ဆုံးဖြတ်ခဲ့ရပါတယ်..။ ကျွန်တော်ဟာ အလုပ်သဘောအရ အသင်းကနေ ထွက်ခွာရပါတော့မယ်..၊ ဒါ့ကြောင့်ဒီအသင်းရဲ့အကြောင်း မကောင်းတာတွေ ပြောကြားဖို့ မရှိပါဘူး..။

ချယ်လ်ဆီးအသင်းဟာ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာ ဖြစ်သလို လန်ဒန်မြို့ဟာ ကျွန်တော့်ရဲ့အိမ်ပါပဲ..။ ကျွန်တော်ဟာ လန်ဒန်မြေကို တစ်ဦးတည်းခြေချခဲ့ပေမယ့် ကျွန်တော့်ရဲ့ အိမ်သူသက်ထား၊ ဇနီးမယား..၊ အင်မတန် ချစ်ဖို့ကောင်းတဲ့ ကလေးနှစ်ယောက်နဲ့အတူ ဒီမြေကနေ ပြန်လည်ထွက်ခွာ ရပါတော့မယ်..။ ဒါ့အပြင် ဒီအသင်းမှာ 'Kova' လို့ ခေါ်တဲ့ သွေးသောက်ညီအစ်ကို တစ်ယောက်ကို ကျွန်တော်ရရှိခဲ့ပါတယ်..။ FA ဖလား၊ ယူရိုပါ လိဂ်၊ ချန်ပီယံလိဂ် ဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ ဒီအသင်းနဲ့ ပတ်သက်တဲ့ အမှတ်တရပေါင်းများစွာဟာ ကျွန်တော့်ရဲ့ ရင်ထဲမှာ အမြဲတမ်း ထင်ကျန်ရှိနေမှာပါ.။



(၅)

နောက်ဆုံးအနေနဲ့ အပြာရောင်တွေနဲ့အတူ ချိုမြိန်တဲ့ဘဝကို ဖြတ်သန်းခဲ့တဲ့ ကျွန်တော့်ဘဝရဲ့ ခါးသီးတဲ့အခြမ်း..၊ အမှောင်ဘက်ခြမ်းတစ်ချို့ကိုလည်း ဖွင့်ဟပြချင်ပါတယ်..။ တခါတလေကျရင် ကိုယ့်ရဲ့ဘဝမှာ အမြဲတမ်းအမှတ်ရနေမယ့် အဖြစ်အပျက်တစ်ချို့ဟာ အကောင်းတွေကြီးပဲ မဟုတ်သလို အဆိုးတွေလည်း ပါဝင်လာတတ်ပါတယ်..။ ဒီလိုအကောင်းနဲ့အဆိုး ဒွန်တွဲနေတဲ့ အမှတ်တရတွေရဲ့ ဆုံမှတ်ဟာ ‘ချယ်လ်ဆီး…’

၂၀၁၉ ခုနှစ်၊ အက်တီဟတ်ကွင်းမှာ မန်ချက်စတာ စီးတီးအသင်းကို ၆ - ၀ ရှုံးနိမ့်ခဲ့တဲ့ပွဲပေါ့ဗျာ..။ ကျွန်တော်ချစ်တဲ့ အပြာရောင်ပရိသတ်တွေဟာ ကျွန်တော်တို့ကို သတ်တော့၊ ဖြတ်တော့မယ့် အတိုင်းပါပဲ…။ အရမ်းကိုစိတ်ပျက်ဖို့ ကောင်းခဲ့ပါတယ်..။ ပွဲသိမ်းခရာမှုတ်ပြီးတဲ့အချိန် ကျွန်တော်ဟာ ချယ်လ်ဆီးပရိသတ်တွေ ရှိနေတဲ့ကွင်းဘက်အခြမ်းကို တောင်းပန်ဖို့အတွက် သွားခဲ့ပါတယ်..။ သူတို့ဟာ ကျွန်တော့်ကို ‘Boo’ ဆိုပြီး လှောင်ပြောင်၊ ရှုံ့ချကြမယ်လို့ မျှော်လင့်ထားခဲ့ပါတယ်..။ ဒါပေမယ့် သူတို့ဟာကျွန်တော်တို့ကို လက်ခုတ်တီးပြီး အားပေးနေကြတုန်းပဲဗျ..။ ကျွန်တော်အရမ်း အံ့သြသွားပါတယ်..။

ကျွန်တော်လက်ကိုမြှောက်ပြီး.. ‘Sorry.. Sorry..’ ဆိုတဲ့ သဘောနဲ့ တောင်းပန်ပါတယ်..။

ဒါပေမယ့် သူတို့နားကိုရောက်သွားချိန် ပရိသတ်ထဲက တစ်ယောက်က ကျွန်တော့်ကို လူမျိုးရေးခွဲခြားတဲ့ စကားတွေနဲ့ ဆဲဆိုပါတော့တယ်..။ အဲဒီလူနဲ့ ကျွန်တော်ဟာ ပေနှစ်ဆယ်လောက်ပဲ ဝေးပါတယ်..။ ဒ့ါကြောင့်တစ်ယောက်ကိုတစ်ယောက် မြင်နေရတယ်..။ ကျွန်တော့်ရဲ့ဘဝတစ်လျှောက် ဆဲနည်းပေါင်းစုံ၊ မေတ္တာပို့နည်းပေါင်းစုံ ကြားဖူးနေကျ ဖြစ်ပေမယ့် ဒီတစ်ကြိမ်ကတော့ မတူပါဘူး..။ ဒါ့ကြောင့် ကျွန်တော်က ချက်ချင်းပဲ.. ‘ဟေး.. မင်းငါနဲ့ တစ်ယောက်ချင်း ပြောချင်လား..? ဒါဆိုရင် အောက်ကိုဆင်းခဲ့စမ်းပါ..၊ ငါတို့စကားပြောရအောင်..’

ကျွန်တော့်အနားကို သူမလာရဲပါဘူး..။ ကျွန်တော့်ကို အော်ပြောနေတာလဲ ချက်ချင်းရပ်သွားပါတယ်..။ အဲဒီအချိန် ဘေးနားမှာ ရှိနေတဲ့ ပရိသတ်တွေအားလုံးက သူ့ဘက်ကိုလှည့်သွားပြီး ‘Hey.. မင်းဘာလုပ်တာလဲ.. သူကငါတို့ဆီလာပြီး တောင်းပန်နေတာလေ…၊ မင်းဆီမှာ ဘာတွေပြဿနာ ရှိနေတာလဲ..’ လို့ ဝိုင်းပြောကြပါတယ်..။



ဒီပရိသတ်တွေ.. တကယ့်အပြာရောင် ပရိသတ် အစစ်တွေဟာ ‘ရူဒီ.. ရူဒီ..’ ဆိုပြီး ကျွန်တော့်ကို အရင်ထက်ပိုပြီး ကျယ်ကျယ်လောင်လောင် အားပေးခဲ့ကြပါတယ်..။

အပြာရောင်ပရိသတ်စစ်စစ်တွေရဲ့ အားပေးမှုဟာ အရမ်းကိုစိတ်အား တက်ကြွစေခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ ခြောက်ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ..။ ဒါပေမယ့် သူတို့အားလုံး ကျွန်တော့်ဘက်မှာ ရပ်တည်ပေးခဲ့ပြီး အမုန်းတရားနဲ့ တုံ့ပြန်လာခဲ့တဲ့ လူအန္ဓတစ်ယောက်ကို ဝိုင်းဝန်းရင်ဆိုင်ပေးခဲ့ကြပါတယ်..။
‘Come on, Rudi.. Come on..’

နောက်ဆုံးအများနဲ့တစ်ယောက်ဆိုတော့ ခုနကကျွန်တော့်ကိ စော်ကားတိုက်ခိုက်ခဲ့တဲ့ ‘လူအန္ဓ’ ကောင်ကိုယ်တိုင် လက်ခုပ်ပြန်တီးပြီး အားပေးခဲ့ပါတယ်..။ တကယ်တော့ ဘေးနားက တခြားပရိသတ်တွေက သူ့ကိုပြန်ပြီး တောင်းပန်ခိုင်းလို့ပါ..။ ကျွန်တော်ဟာ အဲဒီအဖြစ်အပျက်ကို ဘယ်တော့မှ မမေ့ပါဘူး..။

အင်မတန်မှ ချစ်စရာကောင်းလှတဲ့ ဘောလုံးကမ္ဘာကြီး ညစ်ထေးတဲ့ ဆေးတွေဆိုးနေတဲ့ အမုန်းတရားတွေ ရှိနေပါတယ်..။ ဒါဟာအမှန်တရားပါ..။ ကျွန်တော်ဟာ အဆုံးစွန်သောနည်းတွေနဲ့ အတိုက်ခိုက်ခံံ၊ အစော်ကားခံရဖူးပါတယ်.။. ဒါပေမယ့် အခြားတစ်ဘက်မှာ ကြည်နူး၊ ဆွတ်ပျံ့စရာတွေ ရှိနေပါတယ်..။ ချယ်လ်ဆီးအသင်းမှာ အဲဒီလို နှစ်ဘက်အစွန်းတရားတွေကို ကျွန်တော်ခံစားခဲ့ရပါတယ်..။

Yes.. ကျွန်တော်ဟာ စော်ကား၊ တိုက်ခိုက်ခံခဲ့ရဖူးပါတယ်..
ဒါပေမယ့် ချစ်ခြင်းတရားတွေကိုလည်း ရရှိခဲ့ပါတယ်..
အဆုံးသတ်တဲ့ တစ်နေ့မှာတော့ မေတ္တာတရားကပဲ အောင်ပွဲဆင်ရတာပါပဲ..
အမှောင်ရဲ့အဆုံးသတ်မှာ အပြာရောင်အလင်းမှုန်တွေကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်..
ဒါ့ကြောင့်ကျွန်တော်ဟာ အမြဲတမ်း.. ‘အပြာ..’.. ‘ချယ်လ်ဆီး’ ပါ..

မဆုံးတဲ့ မေတ္တာတွေနဲ့

ရူဒီ

(Players Tribune မှ ဆောင်းပါးရှင် Antonio Rudiger ၏ 'Dear Chelsea' ကိုယ်တိုင်ရေးဆောင်းပါးကို ပြန်ဆိုပါသည်..။)