feature-image

ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း ကို စွပ်စွဲမှုတွေအပေါ် ကာကွယ်ခဲ့တဲ့ ‘သောမတ် တူခယ်လ်’

ပြီးခဲ့သည့် ကြာသာပတေးနေ့က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားသမားစာရင်းကို ထုတ်ပြန်ချိန်တွင် မန်နေဂျာ ဂါရတ် ဆောက်ဂိတ် က ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း အား အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းအတွက် ရွေးချယ်ရန် စီစဉ်ထားကြောငး အတည်ပြု ပြောကြားခဲ့သည်..။ သို့သော် အင်္ဂလန်အသင်းကြီးနှင့် သုံးပွဲကစားခွင့် ရရှိထားသည့် ချယ်လ်ဆီးအသင်း တောင်ပံကစားသမား ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း မှာ ချက် ပြည်ထောင်စု၊ ဂျော်ဂျီယာ အသင်းများနှင့် ယှဉ်ပြိုင်ရမည့် နည်းပြလီ ကာစလေ ၏ အင်္ဂလန်လူငယ်အသင်းတွင် ပါဝင်လိုခြင်းမရှိကြောင်း တုံ့ပြန်၊ ပြောကြားခဲ့သည်…။

ထိုသို့ငြင်းဆိုခဲ့မှုကြောင့် ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း မှာ ဝေဖန်ခံရမှုများနှင့် ကြုံတွေ့ခဲ့ရပြီး အင်္ဂလန်အသင်း တောင်ပံကစားသမားဟောင်း ထရေဗာ ဆင်ကလဲယား ကလည်း talkSPORT သတင်းဌာနမှ ယခုလိုပြောကြားခဲ့သည်..။

“ဒါကတော့ အိုဒွိုင်း ဘက်က အလွန်လို့ပဲ ပြောရမှာပါ..။ လူငယ်အသင်းဟာ သူနဲ့မတန်ဘူး.. လို့ သူ့ဘက်က ယူဆနေပုံ ရပါတယ်..။ ကစားသမား တစ်ယောက်ရဲ့ ဘဝမှာ အလိုအပ်ဆုံး အချက်တစ်ချက်က ကိုယ့်ကိုယ့်ကို နှိမ့်ချနေနိုင်ဖို့ပဲ ဖြစ်ပါတယ်..။ ကစားသမား တစ်ယောက်ရဲ့ဘဝမှာ အတက်အကျတွေ အများကြီးရှိတာကြောင့် ရွှေထီးဆောင်းနေတဲ့ အချိန်မှာ အဆင်ပြေနေပေမယ့် ကျရှုံးချိန်ကျရင် အဲဒီလူတွေက ခင်ဗျားရဲ့နောက်ကျောကို ပြန်ပြီးဓါးနဲ့ထိုးကြပါလိမ့်မယ်..။ ဒ့ါကြောင့် သူဟာအင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းအတွက် မကစားပေးနိုင်ဘူး.. ဆိုပြီး ငြင်းဆိုခဲ့တာဟာ အတော်လေးကို မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပါ..။”



သို့သော် ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ် တူခယ်လ် က မနေ့ကပြုလုပ်ခဲ့သော ဘန်လေအသင်းနှင့်မတိုင်မီ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါစွပ်စွဲချက်မှာ မှန်ကန်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး သူ၏ကစားသမားများကို နိုင်ငံလက်ရွေးစင် အသင်းများမှ ဆင့်ခေါ်မှုများကို လက်ခံရန် အတင်းအကျပ် တိုက်တွန်းခဲ့ခြင်းမရှိကြောင်း ယခုလို ပြောဆိုခဲ့သည်..။

“ဖြစ်ရပ်တစ်ခုကို အပြင်ဘက်ကနေ ဝေဖန်ရတာ လွယ်တာပေါ့..။ ဒါပေမယ့် နှစ်ဘက်စလုံးရဲ့အသံကို နားထောင်ဖို့ လိုအပ်ပါတယ်..။ ဒ့ါအပြင်ဒီဖြစ်ရပ်မှာ ကျွန်တော့်အနေနဲ့ ကြားဝင်ပတ်သက်နေစရာ အကြောင်းလဲ မရှိသလို လက်ရွေးစင် အသင်းအတွက် မကစားချင်တဲ့ ကစားသမားတစ်ယောက်ကို အတင်းကာရော ကစားနေခိုင်းစရာ အကြောင်းလည်း မရှိပါဘူး..။ ဒ့ါကြောင့်အခုဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာမယ်ဆိုရင်လည်း ကာလန် အနေနဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိတော့ ရှိရပါလိမ့်မယ်..။

ဒါပေမယ့် အခုကစားနေတဲ့ ပွဲတွေမှာ သူ့ရဲ့ကစားပုံနဲ့ အသင်းအတွက် ပံ့ပိုးပေးနိုင်မှုတွေကို ကြည့်ခြင်းအားဖြင့် သူဟာမှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။ ဒါကြောင့်သူဟာအာရုံ စူးစိုက်မှုအပြည့် ရှိနေပြီး အခုလိုအခွင့်အရေးရလာတဲ့အချိန် အမိအရ ဖမ်းဆုတ်နိုင်ဖို့ သံဓိဌာန် ချမှတ်ထားပုံ ရပါတယ်..။ သူ့အနေနဲ့ အခုလက်ရှိ ရနေတဲ့ခြေစွမ်းကို တည်ငြိမ်အောင် ဆက်လက်ထိန်းသိမ်းနိုင်ဖို့ပဲ လိုအပ်ပါတယ်..။”