ချယ်လ်ဆီးအသင်းမှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) တွင် စာရင်းပိတ်ခဲ့သည့် ပြီးခဲ့သော ၂၀၂၀/၂၁ ဘောလုံးရာသီအတွက် ဘဏ္ဍာရေးရှင်းတမ်းကို မနေ့ကထုတ်ပြန်ကြေငြာခဲ့သည်..။
ပြီးခဲ့သည့် ၂၀၂၀/၂၁ ဘောလုံးရာသီတွင် ဆွတ်ခူးခဲ့သော ချန်ပီယံလိဂ် ပြိုင်ပွဲအောင်မြင်မှုနှင့် ကိုဗစ်ကမ္ဘာ့ကပ် ရောဂါကြောင့် နောက်ဆုတ်ခဲ့ရသည့် ၂၀၁၉/၂၀ ဘောလုံးရာသီ လက်ကျန်ကာလများကြောင့် အသင်း၏ဝင်ငွေ စုစုပေါင်းမှာ စတာလင်ပေါင် (၄၀၇.၄) သန်းမှ (၄၃၄.၉) သန်းအထိ တိုးတက်ရရှိခဲ့သည်..။
Covid-19 ကမ္ဘာ့ကပ်ရောဂါမှာ အသင်း၏ဝင်ငွေအရပ်ရပ်အပေါ် ထိခိုက်မှု ကြီးမားခဲ့ပြီး အဆိုပါကပ်ရောဂါ ဆိုးရွားခဲ့သည့် ကာလအတွင်း အသင်း၏ကွင်းဝင်ကြေးနှင့် အခြားစီးပွားရေး လုပ်ငန်းများမှ ဝင်ငွေများ လျော့ကျခဲ့သည်..။ သို့သော်အဆိုပါ ကပ်ရောဂါကာလအတွင်း အသင်း၏ရုပ်သံ လွှင့်ထုတ်မှုများမှ ရရှိခဲ့သည့် ဝင်ငွေမှာ စတာလင်ပေါင် (၁၈၂.၅) သန်းမှ (၂၇၃.၆) သန်းအထိ တိုးတက်ရရှိခဲ့သည်..။ ကွင်းဝင်ကြေး စုစုပေါင်းမှာ စတာလင်ပေါင် (၇.၇) သန်း (၂၀၁၉/၂၀ ဘောလုံးရာသီ- စတာလင်ပေါင် (၅၄.၅) သန်း) သာ ရရှိခဲ့ပြီး အသင်း၏ အခြားစီးပွားရေးလုပ်ငန်း အရပ်ရပ်မှ ဝင်ငွေမှာ စတာလင်ပေါင် (၁၅၃.၆) သန်း (၂၀၁၉/၂၀ ဘောလုံးရာသီ- စတာလင်ပေါင် (၁၇၀.၄) သန်း) ရရှိခဲ့သည်..။
Covid-19 ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ကွင်းပိတ်ကစားခဲ့ရသည့် ပွဲစဉ်များကြောင့် အသင်း၏ ကွင်းဝင်ကြေး ဝင်ငွေများအပေါ် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သလို ချယ်လ်ဆီးအသင်းမှာ အဆိုပါကပ်ရောဂါ ကာလအတွင်း အသင်းဝန်ထမ်းများကို လျော့ချခြင်း မပြုလုပ်ပဲ မူလလစာအတိုင်း ဆက်လက်ခန့်ထားခဲ့သည်..။
၂၀၂၀/၂၁ ဘောလုံးရာသီအတွက် အသင်းမှာ ကစားသမား ပြောင်းရွှေ့ကြေးနှင့်လစာများအတွက် စတာလင်ပေါင် (၂၂၀.၈) သန်း ရင်းနှီးမြုပ်နှံခဲ့သည်..။ လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းမှာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ၏ ဘဏ္ဍာရေးစည်းမျဉ်း မျှခြေအတိုင်း (UEFA break-even criteria under FFP) လိုက်နာကျင့်သုံးလျှက်ရှိကြောင်း ချယ်လ်ဆီးအသင်းမှ ထုတ်ပြန်ကြေငြာခဲ့သည်..။