feature-image

လီဗာပူးလ် အသင်းကြောင့် စတန်းဖို့ဒ် ဘရစ်ချ်ကွင်း အဝတ်လဲခန်းကို ပြင်ဆင်ခဲ့ရသည့် ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းမှာ လီဗာပူးလ် အသင်းနှင့် ဘရိုက်တန်အသင်းများ၏ တိုင်ကြားမှုများကြောင့် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှ အဝေးကွင်းအသင်းများအတွက် စီစဉ်ထားသည့် အဝတ်လဲခန်းကို ပြန်လည်ချဲ့ထွင်၊ ပြင်ဆင်ပေးခဲ့ရကြောင်း သိရသည်..။

ကိုဗစ်ရောဂါ ကူးစက်မှုများ မြင့်မားနေသည့် ကာလအတွင်း လီဗာပူးလ်အသင်းမှာ ဇန်နဝါရီလ (၂) ရက်နေ့တွင် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းသို့ လာရောက်ယှဉ်ပြိုင်ခဲ့ရသည်..။ တစ်ဘက်နှစ်ဂိုးစီ သရေကျခဲ့သည့် အဆိုပါပွဲစဉ်အပြီး လီဗာပူးလ်သို့ ပြန်ရောက်ချိန် နောက်ထပ်ကိုဗစ် ရောဂါပိုး စစ်ဆေးမှုများတွင် လက်ထောက်နည်းပြ ပက်ပ် လင်းဒါးစ် မှာ ကိုဗစ်ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည်..။ အဆိုပါဖြစ်ရပ်ကြောင့် လီဗာပူးလ်အသင်း ဝန်ထမ်းများနှင့် ကစားသမားများကို ထပ်မံစစ်ဆေးမှု ပြုလုပ်ခဲ့ရာတွင် ဂျာဂင် ကလော့ပ် ညွှန်းဆိုခဲ့သည့် ‘ရောဂါပိုး မှားယွင်းတွေ့ရှိမှု (false positive)’ များစွာ ဖြစ်ပေါ်ခဲ့ပြီး အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် Carabao ဖလား အကြိုဗိုလ်လုပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရသည်..။ အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်ပြီး ချယ်လ်ဆီးအသင်း၏ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း၊ အဝေးအသင်း အဝတ်လဲခန်းမှာ ကျဉ်းမြောင်းပြီး၊ လေဝင်လေထွက် မကောင်းကြောင်း၊ ထို့အပြင် အတူပါရှိလာသော အမျိုးသမီး ဝန်ထမ်းများအတွက် သီးခြားအဝတ်လဲခန်း ပါရှိခြင်းမရှိကြောင်း ပရီးမီးယားလိဂ် အဖွဲ့ချုပ်သို့ တိုင်ကြားခဲ့သည်..။



၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့က စတန်းဖို့ဒ် ဘရစ်ခ်ျသို့ လာရောက်ယှဉ်ပြိုင်ခဲ့သည့် ဘရိုက်တန် အသင်းနည်းပြ ဂရေဟမ် ပေါ်တာ ကလည်း အဝေးကွင်း အဝတ်လဲခန်း  အရွယ်အစား ကျဉ်းမြောင်းမှုအပေါ် အလားတူ တိုင်ကြားမှု ပြုလုပ်ခဲ့သေးသည်..။စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း၏ အဝတ်လဲခန်းများကို မူလက အရှေ့ဘက်ပွဲကြည့်စင် (East Stand) အောက်တွင် ထားရှိခဲ့သည်..။ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ ကျရောက်လာချိန် အဝတ်လဲခန်းများကို ကိုဗစ်စည်းမျဉ်းများနှင့်အညီ ချဲ့ထွင်ရန် လိုအပ်လာချိန်တွင် နေရာအခက်အခဲကြောင့် ထပ်မံချဲ့ထွင်နိုင်ရန် အခက်အခဲ ရှိလာခဲ့သည်..။

အဆိုပါ အရှေ့ဘက်ပွဲကြည့်စင် (East Stand) အား ၁၉၇၀ ခုနှစ်များအတွင်းက တည်ဆောက်ခဲ့ပြီး ပွဲကြည့်စင်နောက်တွင် မီးရထားလမ်း တည်ရှိနေခဲ့သောကြောင့် ထပ်မံနေရာချဲ့နိုင်ရန် အခက်အခဲရှိခဲ့သည်..။ ထို့ကြောင့် ၂၀၁၉/၂၀ ဘောလုံးရာသီ၊ ပွဲကြည့်ပရိသတ်မပါပဲ ဘောလုံးပွဲစဉ်များကို ပြန်လည်စတင်ချိန်တွင် အဝေးအသင်းများအတွက် အဝတ်လဲခန်းကို ပိုမိုကျယ်ဝန်းသော မက်သယူး ဟားဒင်း ပွဲကြည့်စင် (Matthew Hardings Stand) ရှိ Health Club တစ်ခုဆီသို့ ပြောင်းလဲပေးခဲ့သည်..။


စတန်းဖို့ဒ် ဘရစ်ချ်ကွင်းအကြောင်း ဖတ်ရှုနိုင်ရန် ယခုဖော်ပြထားသည့် link ကို နှိပ်ပါ.. :https://myanmarchelsea.com/blog/381

သို့သော်အဆိုပါ အဝေးကွင်းအဝတ်လဲခန်းသစ်မှာ ကွင်းအတွင်းအဝင်လမ်းနှင့် ဝေးကွာလွန်းသောကြောင့် ပြိုင်ဘက်အသင်းများက နှစ်သက်ကြခြင်း မရှိပဲ ဆောက်ပ်သမ်တန်အသင်းနည်းပြ ရာ့ဖ် ဟာဆယ်ဟူတယ်လ် က အဝတ်လဲခန်း အသွားအပြန်ကြောင့် ပထမပိုင်းအပြီး အနားယူရမည့်အချိန် သုံးမိနစ်ခန့် ပိုမိုနစ်နာရကြောင်း၊ လှေကား အတက်အဆင်းများ၊ အချိုးအကွေ့များလွန်းပြီး ဝင်္ကပါထဲ လမ်းလျှောက်နေရသလို ဖြစ်ရကြောင်း ဝေဖန်၊ ပြောကြားခဲ့သေးသည်..။

လီဗာပူးလ်၊ ဘရိုက်တန်အသင်းများ၏ တိုင်ကြားချက်များကြောင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်က ချယ်လ်ဆီးအသင်းအား အဝေးအသင်းများအတွက် အဝတ်လဲခန်းကို ချဲ့ပေးရန် ညွှန်ကြားခဲ့သည်..။ ထို့ကြောင့်ချယ်လ်ဆီးအသင်းမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့၊ တော့တင်ဟမ်အသင်းနှင့် ပွဲစဉ်တွင် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းရှိ မီဒီယာအခန်းအား ပြင်ဆင်ပြီး ပိုမိုကျယ်ဝန်းသော အဝတ်လဲခန်းတစ်ခု ပြန်လည်စီစဉ်ပေးခဲ့ကြောင်း Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်..။