ချယ်လ်ဆီးအသင်း ဂန္တဝင်နောက်ခံလူ ဂျွန် တယ်ရီ မှာ တနင်္ဂနွေနေ့က Instagram Q & A session မှတဆင့် ပရိသတ်များက မေးမြန်းသော မေးခွန်းများကို စိတ်ဝင်စားဖွယ် ပြန်လည်ဖြေကြားပေးခဲ့သည်..။
ထို့အပြင် ဂန္တဝင်အသင်းခေါင်းဆောင်ကြီးမှာ အင်္ဂလန်အသင်းအတွက် နိုင်ငံဂုဏ်ဆောင် အမှတ်တရ ဆုတံဆိပ်များ၊ ဆွတ်ခူးရရှိခဲ့သော ကိုယ်ပွားဆုဖလားများ၊ ပွဲစဉ်အလိုက် အကောင်းဆုံးဆုများ ပါဝင်သည့် သူ၏ကိုယ်ပိုင် ဆုဖလားခန်းမအား ပြသခဲ့သည်..။
အဆိုပါမေးမြန်းခန်း အစီအစဉ်တွင် လက်ရှိရေပန်းစားနေသော သတင်းအချို့နှင့် ပတ်သက်ပြီး သူ၏ထင်မြင်ချက်၊ ပြောကြားချက်များကိုပါ ဖော်ပြခဲ့သည်..။ သူ့အားမေးမြန်းခဲ့သည့် မေးခွန်းများထဲတွင် မန်ချက်စတာ ယူနိုက်တက် အသင်းတိုက်စစ်မှူးဟောင်း ဝိန်း ရူနီ က ၂၀၀၆ ခုနှစ်တွင် တွေ့ဆုံခဲ့စဉ်က ချယ်လ်ဆီးကစားသမား တစ်ယောက်ယောက်အား ဒဏ်ရာရရှိအောင် ရည်ရွယ်ခဲ့သည်ဟူသော ဝန်ခံပြောကြားချက်နှင့် ပတ်သက်ပြီး အောက်ပါအတိုင်း တုံ့ပြန် ပြောကြားခဲ့သည်..။
မေး - “မကြာသေးခင်က ထုတ်လွှင့်ခဲ့တဲ့ ဝိန်း ရူနီ ရဲ့ documentary အစီအစဉ်မှာ ခင်ဗျားတို့ တစ်ယောက်ယောက်ကို ဒဏ်ရာရရှိအောင် ရည်ရွယ်ပြီး သတ္တုခွာအရှည်ကို ဝတ်ဆင်ခဲ့တယ်ဆိုတဲ့ ပြောကြားချက်ကို ခင်ဗျားသတိထားမိလား..?”
“အဲဒီအကြောင်းတွေကို ကျွန်တော်တို့အချင်းချင်း သိထားကြပြီး ဖြစ်သလို ကျွန်တော်တို့ အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ တိုက်ပွဲကြီးတွေ အများကြီးရှိခဲ့ပါတယ်..။ အဲဒီပွဲ ပထမပိုင်းအပြီးမှာ ကျွန်တော်နှစ်ချက် ချုပ်လိုက်ရပါတယ်..။ ဒါပေမယ့် မန် ယူနိုက်တက်အသင်းကို ၃- ၀ ရလဒ်နဲ့ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အောင်ပွဲခံချိန်ကို ဘယ်လိုနည်းနဲ့မှ လက်လွှတ်ခံလို့ မဖြစ်နိုင်ပါဘူး..။”
ထို့အပြင် အခက်အခဲတွေကြားမှ ဒါဘီ ကောင်တီ အသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့သည့် မန် ယူနိုက်တက် အသင်း တိုက်စစ်မှူးဟောင်းအား ချီးကျူးစကား ပြောကြားခဲ့ပြီး လက်ရှိချယ်လ်ဆီးအသင်း အကယ်ဒမီတွင် နည်းပြအဖြစ် တာဝန်ယူခဲ့ပြီးချိန်နောက်ပိုင်း နည်းပြဘဝဖြင့် အသင်းတစ်သင်းကို ကိုင်တွယ်လိုသည့် ရည်ရွယ်ချက်ရှိနေကြောင်း ဝန်ခံပြောကြားခဲ့သည်..။
“ဝိန်း ရူနီ ဟာ ဒါဘီ ကောင်တီအသင်းမှာ မယုံနိုင်စရာ ကောင်းလောက်အောင် စွမ်းဆောင်ပေးနိုင်နေပါတယ်..။ အခုလိုလူငယ် မန်နေဂျာမျိုးဆက်သစ်တွေ နေရာရလာတဲ့အပေါ် အရမ်းကျေနပ်မိသလို သူ့ရဲ့စွမ်းဆောင်ရည်ကိုလည်း ချီးကျူးသင့်ပါတယ်..။
ကျွန်တော်တို့ မျိုးဆက်သစ်တွေက အတွေးသစ်၊ အမြင်သစ်တွေ ဆောင်ယူလာနိုင်မှာပါ..၊ ဒါပေမယ့် ဝိန်း ရူနီ ကတော့ ကစားသမားဘဝကနေ အနားယူပြီးချင်းမှာတင် အားလုံးနဲတန်းတူ စွမ်းဆောင်ပြနေခဲ့တာပါပဲ..။
ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဒါဘီလို အစဉ်အလာကြီးတဲ့ အသင်းတစ်သင်း ဆက်လက်ပြီးတင်ကျန်ခဲ့တာ မြင်တွေ့ချင်ပါတယ်..။”
သူကြုံတွေ့ခဲ့ရသော မန်နေဂျာများနှင့် ပတ်သက်ပြီး ပြောကြားရာမှာတော့ ဟိုဆေး မော်ရင်ဟို ကို ကြောက်ရွံ့မိသော်လည်း ပေါ်တူဂီနည်းပြကြီးမှာ သူကြုံတွေ့ခဲ့ရသမျှ မန်နေဂျာများထဲတွင် အကောင်းဆုံး မန်နေဂျာဖြစ်ပြီး ရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်ကစားသမားများအနက် လီယွန်နယ် မက်ဆီ နှင့် ရော်နယ်လ်ဒင်ဟို တို့မှာ အခက်ခဲဆုံး ပြိုင်ဘက်ကစားသမားများဖြစ်ကြောင်း ဖြေကြားခဲ့သည်..။
သူ၏ Q & A အစီအစဉ်တွင် ကမ္ဘာ့ကလပ် ချန်ပီယံဖလားအပြီးတွင် ကာဒစ်ဖ် အသင်းမန်နေဂျာဟောင်း နီးလ် ဝါးနော့ခ် က talkSPORT သတင်းဌာနမှတဆင့် ချယ်လ်ဆီးအသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွဲတား မှာ ကံကောင်း၍သာ ချယ်လ်ဆီးအသင်းတွင် နေရာရခြင်းဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့သည့်အပေါ် စပိန်အသင်းဖော်ဟောင်းဘက်မှ ကာကွယ် ပြောကြားခဲ့သည်..။
“သူ (ဝါးနော့ခ်) ဟာ အရမ်းခေတ်နောက်ကျနေပါပြီ.။ သူ့ရဲ့သုံးသပ်ချက်တွေဟာ ရယ်စရာတွေပါပဲ..။ ဆီဇာ အက်ဇ်ပီလီကွဲတား နဲ့ အက်ရှ်လေ ကိုးလ် တို့ဟာ ကျွန်တော်တွဲဖက်ခဲ့ဖူးသမျှ အကောင်းဆုံး နောက်ခံလူတွေ ဖြစ်ကြပါတယ်..။ တကယ့်ကို အပျင်းကြီးတဲ့ ဂျာနယ်လစ် တစ်ယောက်ရဲ့ ပြောကြားချက်လို့ မှတ်ချက်ပေးရမှာပါ..။ ဘောလုံးအကြောင်းသိတယ်..၊ ဘောလုံးပွဲ ကြည့်တဲ့သူတိုင်း ဆီဇာ ရဲ့ ခံစစ်ပိုင်းစွမ်းရည် ဘယ်လောက်ကောင်းမွန်သလဲ သိကြပါတယ်..။
ကျွန်တော်တို့ အသင်းခေါင်းဆောင်ကို ဆက်လက်ပြီး အားပေးဂုဏ်ပြုကြရအောင်…”
အပြာရောင်သွေးများ အမြဲတမ်းစီးဆင်းနေသည့် ဂျွန် တယ်ရီ မှာ သူ၏ အမေးအဖြေ ကဏ္ဍအတွင်း အခါးသီးဆုံး မြို့ခံပြိုင်ဘက် တော့တင်ဟမ် အသင်းအား နှိပ်ကွပ်သည့်အဖြေဖြင့် အောက်ပါအတိုင်း လေတိုက်ခဲ့ပါသေးသည်..။
မေး - ခင်ဗျားအနှစ်သက်ဆုံး လန်ဒန်ဒါဘီ ပွဲစဉ်ကို ပြောပြနိုင်မလား..?
“စပါးအသင်းနဲ့ ကန်ရပြီဆိုရင် သုံးမှတ်ကတော့ သေချာပေါက်ပါပဲ..။
သူတို့နဲ့ပွဲတွေကို လန်ဒန်ဒါဘီ ပွဲစဉ်တွေလို့တောင် မခေါ်သင့်တော့ပါဘူး..။ အခုအချိန်မှာ လန်ဒန်မြို့က ဘယ်အသင်းကမှ ကျွန်တော်တို့နဲ့ အောင်မြင်မှုချင်း မနီးစပ်နိုင်သေးပါဘူး..။”