လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းနှင့် ခြေစွမ်းကောင်းများ ပြသနေသည့် ဂျာမန်တိုက်စစ်မှူး ကိုင် ဟာဗာ့ဇ် နောက်ဆုံးသွင်းယူထားသော သွင်းဂိုးသုံးဂိုးတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ရှုံးထွက်အဆင့် ပွဲစဉ်မှ အဖွင့်ဂိုး၊ ချယ်လ်ဆီးအသင်းအား ပထမဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံ ဖြစ်စေခဲ့သည့် ပင်နယ်တီသွင်းဂိုးနှင့် Carabao ဖလား၊ အကြိုဗိုလ်လုပွဲအဆင့်တွင် သွင်းယူထားခဲ့သည့် ဂိုးများပါဝင်ခဲ့သည်..။
ထို့ကြောင့် ကိုင် ဟာဗာ့ဇ် မှာ အရေးကြီးသည့် ပွဲစဉ်များတွင် အဆုံးအဖြတ် သွင်းဂိုးများ ရယူပေးနိုင်နေခြင်းအပေါ် ကျေနပ်အားရ ဖြစ်နေခဲ့သော်လည်း အခုအချိန်ထိ သူ့အတွက် အရေးအကြီးဆုံး သွင်းဂိုးမှာ မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တွင် မန်ချက်စတာ စီးတီးအသင်းအား သွင်းယူပေးခဲ့သည့် တစ်လုံးတည်းသော အနိုင်ဂိုး ဖြစ်ပါကြောင်း ယခုလို ပြောဆိုခဲ့သည်..။
“အဲဒီသွင်းဂိုးဟာ ကျွန်တော့်ရဲ့ဘဝကို အစစအရာရာ ပြောင်းလဲစေခဲ့ပါတယ်..။ တကယ်လို့ ကျွန်တော်သာ အဲဒီဂိုးကို မသွင်းပေးနိုင်ခဲ့ဘူးဆိုရင် ကျွန်တော့်ရဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျ ပထမဆုံးရာသီဟာ ကျရှုံးခဲ့တဲ့ ဘောလုံးရာသီတစ်ခုအဖြစ် အားလုံးက သတ်မှတ်ကျပါလိမ့်မယ်..။ ကိုယ့်ကိုယ်ကိုတော့ အဲဒီလို သုံးသပ်မှာ မဟုတ်ပါဘူး..၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီကိုစပြီး ရောက်လာတဲ့အချိန်တုန်းက ကျွန်တော်ဟာ အသက် (၂၀)..၊ (၂၁) နှစ် ပြည့်ခါနီးပဲ ရှိသေးတာဆိုတော့ အဲဒီအသက်အရွယ်နဲ့ ဒီအသင်းမှာ သိပ်တော့မလွယ်ကူနိုင်ပါဘူး..။ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်မှာ အသားကျဖို့ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်လောက် အချိန်ယူရနိုင်သလို အသင်းသစ်၊ ခြားနားတဲ့ ယဉ်ကျေးမှုတွေနဲ့ အဆင်ပြေအောင် အချိန်လိုအပ်ပါတယ်..။ အဲဒီသွင်းဂိုးဟာ ကျွန်တော့်ကို အများကြီး အကူအညီ ပေးခဲ့ပါတယ်..။
အဲဒီနှစ်စက္ကန့် တဒင်္ဂလေးဟာ တစ်နှစ်တာ ကာလတစ်ခုလုံး လုံးဝပြောင်းလဲသွားစေခဲ့ပါတယ်..။ ဒါ့ကြောင့်တခါတလေမှာ အင်မတန်မှ သေးငယ်လှတဲ့ အရာလေးတစ်ခုဟာ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်..။”
ကိုင် ဟာဗာ့ဇ် မှာ ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့က ချန်ပီယံလိဂ် ညချမ်းကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် ခြေစွမ်းမပြနိုင်ခဲ့သော်လည်း အပြာရောင်တို့၏ သမိုင်းဝင် သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့ရသည်..။ ထို့ကြောင့် ဂျာမနီလူငယ် တိုက်စစ်မှူးမှာ သူ၏ကိုယ်ပိုင် အတွေ့အကြုံကို နမူနာပြ၍ အင်တာ မီလန်အသင်းမှ စတာလင်ပေါင် (၉၇.၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အသင်းတွင် ခြေစွမ်းမပြနိုင် ဖြစ်နေသည့် ဘယ်လ်ဂျီယမ် တိုက်စစ်မှူး ရိုမီလူ လူကာကူ ထောက်ခံအားပေးစကား ပြောကြားခဲ့သည်..။
“လူကာကူ ရဲ့ ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်..။ အသင်းတစ်သင်းကို ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၁၀၀) နဲ့ ရောက်ရှိလာပြီဆိုတော့ လူတိုင်းက သူ့ကိုပွဲစပွဲဆုံး မိနစ် (၉၀) လုံးလုံး အကောင်းဆုံး ခြေစွမ်းပြနေတာကိုပဲ မြင်ချင်နေကြတာပါ..။ ပွဲတစ်ပွဲမှာ နှစ်ဂိုး၊ သုံးဂိုး သွင်းပေးနိုင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး..။
ကျွန်တော်တို့ဟာ လူသားတွေ ဖြစ်တာကြောင့် အမှားတွေ လုပ်မိတတ်ပါတယ်..။ လူတိုင်းဟာ အမှားတွေ ကျူးလွန်နေကြတာပါပဲ..။ ဒါပေမယ့် လူကာကူ နဲ့ ပတ်သက်ပြီး တုံ့ပြန်မှုတွေဟာ ပြင်းထန်လွန်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်..။ သူဟာပြီးခဲ့တဲ့ ကမ္ဘာ့ကလပ် ဖလားပြိုင်ပွဲရဲ့ အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲတွေမှာ ဂိုးတွေသွင်းပေးခဲ့တာ မေ့ထားလို့ မရပါဘူး..။ အဲဒီဂိုးတွေဟာ ကျွန်တော်တို့အတွက် အင်မတန်မှ ကြီးမားတဲ့ သွင်းဂိုးတွေ ဖြစ်ပါတယ်..။
လူတိုင်းက သူ့ကို ‘ဂိုးလည်း မသွင်းနိုင်ဘူး..၊ ဂိုးလည်းမသွင်းနိုင်ဘူး..’ လို့ ပြောရင်းနဲ့ပဲ သူဟာကျွန်တော်တို့ အသင်းရဲ့ သွင်းဂိုးအများဆုံး ရရှိထားတဲ့ ကစားသမား ဖြစ်နေပါပြီ..။ ဒါပေမယ့် လူတိုင်းကတော့ ထိပ်တန်းကစားသမားတွေ၊ ပြောင်းရွှေ့ကြေး အများကြီး ပေးထားရတဲ့ ကစားသမားတွေအပေါ် ဖိအားတွေ အကုန်ပုံပြီး ပစ်ပေးတတ်ကြပါတယ်..။”
တိုက်စစ်မှူး ရိုမီလူ လူကာကူ မှာ ယခုနှစ်ဘောလုံးရာသီတွင် ခြေကျင်းဝတ် ဒဏ်ရာနှင့် ကိုဗစ်ရောဂါပိုး ကူစက်မှုတို့ကြောင့် ကာလရှည်အနားယူခဲ့ရသည့်အတွက် (၂၆) ပွဲသာ ကစားခွင့်ရထားပြီး (၁၀) ဂိုး သွင်းယူထားနိုင်ပါသည်..။
ကိုင် ဟာဗာ့ဇ် မှာ မနှစ်ကဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၉) ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီတွင် (၇) ဂိုး သွင်းယူပေးထားသည်..။ သို့သော် သူ၏ယခုနှစ်ရာသီ သွင်းဂိုးများတွင် ပရီးမီးယားလိဂ်ပွဲစဉ်များမှ ရရှိသောသွင်းဂိုး (၂) ဂိုးသာ ပါဝင်သေးသည်..။
“ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးမှတ်တမ်း အချက်အလက်တွေအပေါ် စိတ်ပျက်မိပေမယ့် ကိုယ့်ရဲ့ခြေစွမ်း ကောင်းသထက် ပိုပြီးကောင်းမွန်လာအောင် ကြိုးစားရမှာ ကျွန်တော့်ရဲ့တာဝန် ဖြစ်ပါတယ်..။ အခုဆိုရင် ကျွန်တော် လူငယ်သွေးသစ် ကစားသမား တစ်ယောက် မဟုတ်တော့ပါဘူး..။ ကျွန်တော်ဟာ အသင်းကြီးတွေမှာ ကစားခဲ့တာ ငါးနှစ်ကျော်ခဲ့ပြီ ဖြစ်သလို ဘောလုံးရာသီ တစ်ခုမှာ ဂိုးတွေအများကြီး သွင်းပေးနိုင်တယ်ဆိုတာ သက်သေပြခဲ့ပြီးလည်း ဖြစ်ပါတယ်..။
ဒ့ါကြောင့်ကျွန်တော်ဟာ ရင်ကော့၊ ခေါင်းမော့ပြီး ဂိုးတွေအများကြီး သွင်းပေးနိုင်အောင်၊ ဂိုးတွေဖန်တီး ပေးနိုင်အောင် ဆက်လက်ကြိုးစားသွားမှာပါ..။ လူတိုင်းလူတိုင်းက ကျောနံပါတ် (၉) တွေကို ဂိုးတွေသွင်းပေး၊ ဂိုးတွေဖန်တီးပေးနေတာပဲ မြင်ချင်နေကြတာ ဖြစ်ပါတယ်..။”
ဂျာမန်လူငယ် တိုက်စစ်မှူးမှာ ပိုပြီးတိုးတက်သည့် ခြေစွမ်းများ၊ သွင်းဂိုးများ ရရှိနိုင်ရန်အတွက် ကြိုးစားသွားမည့်အပြင် ကျရောက်လာမယ့် ဖိအားများကိုလည်း ခံနိုင်ရည်ရှိသူဖြစ်ကြောင်း ပါးလ်မီးရက်စ် အသင်းနှင့် ကမ္ဘာ့ကလပ် ချန်ပီယံဖလား၊ ဗိုလ်လုပွဲနေ့က ပွဲချိန် (၁၁၇) မိနစ်တွင် ရရှိခဲ့သည့် ပင်နယ်တီ ပြစ်ဒဏ်ဘောအား သွေးအေး၊ တည်ငြိမ်စွာ အဆုံးသတ်ရင်း သက်သေပြသခဲ့ပြီးလည်းဖြစ်သည်..။
“ကွင်းထဲမှာ ကိုယ်တစ်ယောက်တည်း ရပ်နေပြီး တစ်ကမ္ဘာလုံးက ကိုယ်ကန်သွင်းမယ့် ပွဲချိန်နောက်ဆုံးမိနစ် ပင်နယ်တီကန်ချက်ကို စောင့်ကြည့်နေကြမယ်ဆိုရင် အရမ်းကိုစိတ်လှုပ်ရှားရတာပါပဲ..။ ဒ့ါကြောင့်ကျွန်တော်ဟာ စိတ်ကိုတည်ငြိမ်အောင် ထိန်းထားရင်း ငယ်စဉ်တုန်းက ကြုံခဲ့ရတဲ့ အခုလိုအနေအထားတွေကို ပြန်စဉ်းစားရပါတယ်..။ တကယ်တော့ ဒီလိုအခိုက်အတန့်တွေဟာ သိပ်ကိုပျော်ရွှင်၊ ကျေနပ်ဖို့ကောင်းတဲ့ အချိန်ကာလတွေပဲ ဖြစ်ပါတယ်..။
အခုဆိုရင် ကျွန်တော်ဟာ ခင်ဗျားတို့နဲ့အတူ ထိုင်နေရင်း ‘ဘာဖြစ်လို့ ဒီလိုအဆုံးအဖြတ် အခိုက်အတန့်တွေအပေါ် မပျော်ရွှင်နိုင်ရမှာလဲ..? ငယ်တုန်းက ဒီလိုပွဲတွေကိုကြည့်ရင်း ကွင်းထဲမှာ ကန်နေရတဲ့ သူတို့တွေရော ဘယ်လိုခံစားနေရလဲ..? သေချာတာတော့ သူတို့တွေ အရမ်းပျော်နေကြပါလိမ့်မယ်..’ ဆိုပြီး တွေးခဲ့ဖူးတာ မဟုတ်လားဗျ…။
ဒ့ါကြောင့်ကျွန်တော်ဟာ ဘောလုံးကို အရင်အာရုံစိုက်တယ်..၊ နောက်ပြီးဂိုးပေါက်ကို ဦးနှောက်ထဲမှာပါ အလွတ်ရလာအောင် ပုံဖော်ရပါတယ်..။ ပြီးရင်အဲဒီအဆုံးအဖြတ် အခိုက်အတန့်တွေအပေါ် ကြည်နူး၊ ပျော်ရွှင်ရပါတယ်..။ ငယ်တုန်းက အခုလိုကမ္ဘာ့ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်မယ့် အခိုက်အတန့်ကို ဖန်တီးပေးနိုင်တဲ့သူ ဖြစ်လာမယ်လို့ တစ်ခါမှမစဉ်းစားခဲ့ဖူးပါဘူး..၊ ဒ့ါကြောင့်ဂိုးမဝင်ခဲ့ဘူး ဆိုရင်တောင် ကိုယ့်ကိုယ်ကို အပြည့်အ၀ ဂုဏ်ယူနိုင်မှာပါ..။ အဲဒီလိုတွေးရင်းနဲ့ပဲ ဖိအားတွေကို လျော့ချနိုင်ခဲ့ပါတယ်..။”
(Daily Mail မှ ဆောင်းပါးရှင် Matt Barlow ၏ “That goal changed everything': Kai Havertz reflects on being Chelsea's Champions League match-winner - as he aims to step up on the big occasion once more against Liverpool in the Carabao Cup final on Sunday” အင်တာဗျူး ဆောင်းပါးကို ပြန်ဆိုပါသည်..။)