feature-image

ချယ်လ်ဆီးအသင်းကို စတာလင်ပေါင် (၃) ဘီလီယံဖြင့် ရောင်းချနိုင်ဖွယ် ရှိနေတဲ့ ‘ရိုမန် အေဘရာမိုဗစ်ခ်ျ’

၂၀၀၃ ခုနှစ်မှ စတင်၍ ချယ်လ်ဆီးအသင်းအား ပိုင်ဆိုင်ခဲ့သည့် ရုရှသူဌေးကြီး မစ္စတာ ရိုမန် အေဘရာမိုဗစ်ခ်ျ မှာ မကြာသေးမီက ကမ္ဘာ့ချန်ပီယံ ကလပ်အသင်း ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် အသင်းအား စတာလင်ပေါင် (၃) ဘီလီယံတန်ကြေး ဈေးနှုန်းသတ်မှတ်ခဲ့ကြောင်း သိရသည်..။ ပရီးမီးယားလိဂ် အသင်းနှင့်ပတ်သက်သည့် ကိစ္စရပ်များအတွက် ဌားရမ်းထားသည့် The Raines Group အဖွဲ့မှ အသင်းအား ဝယ်ယူရန် စိတ်ဝင်စားနေသည့် ပုဂ္ဂိုလ်များအား ဗုဒ္ဓဟူးနေ့တွင် အသင်း၏ကြမ်းခင်းဈေးအား ဖော်ပြသည့် အကြောင်းကြားစာများ စတင်စေလွှတ်ရန် နှင့် ဝယ်ယူလိုသူများမှ မတ်လအလယ် နောက်ဆုံးထား၍ အကြောင်းပြန်ကြားရန် စီစဉ်ထားကြောင်း Sky News သတင်းဌာနက ဖော်ပြခဲ့သည်..။

ရုရှနိုင်ငံက အိမ်နီးနားချင်း ယူကရိန်းနိုင်ငံအား ကျူးကျော်ခဲ့သည့် စစ်ပွဲကြောင့် ဗြိတိသျှအစိုးရ၏ ပိတ်ပင်တားဆီးမှုများကို ရင်ဆိုင်ရဖွယ် ရှိနေသည့် ရိုမန် အေဘရာမိုဗစ်ခ်ျ ထံမှ ချယ်လ်ဆီးအသင်းအား ဝယ်ယူရန် စိတ်ဝင်စားနေသူ ဘီလျံနာ ရှစ်ဦးခန့် ရှိနေကြောင်း အဆိုပါ The Raine Group နှင့် နီးစပ်သူများက ပြောပြခဲ့ကြသည်..။

ယခုအပါတ်အစောပိုင်းက အသင်းအား စတာလင်ပေါင် (၂.၅) ဘီလီယံဖြင့် ကမ်းလှမ်းမှုတစ်ခု ရရှိခဲ့သော်လည်း ရုရှသူဌေးကြီးက ပယ်ချခဲ့ကြောင်း၊ သူ့အနေဖြင့် အနည်းဆုံး စတာလင်ပေါင် (၃) ဘီလီယံတန်ကြေးရှိ ကမ်းလှမ်းမှုများကိုသာ လက်ခံ၊ စဉ်းစားသွားဖွယ် ရှိနေသည်ဟု သိရသည်..။

ချယ်လ်ဆီးအသင်းအား ဝယ်ယူရန် စိတ်ဝင်စားနေသည့် ပုဂ္ဂိုလ်များထဲတွင် ဗြိတိန်နိုင်ငံမှ Ineos ကုမ္ပဏီစု ပိုင်ရှင်သူဌေးကြီး ဆာ ဂျင်မ် ရက်ကလစ်ဖ် နှင့် အမေရိကန်လူမျိုး ဘီလျံနာ တော့ဒ် ဘိုလီ တို့ ပါဝင်သည်ဟု သိရသော်လည်း ယခုတစ်ကြိမ် ထပ်မံကမ်းလှမ်းမှု ပြုလုပ်ဖွယ်ရှိ၊ မရှိ မသိရသေးပေ..။ သို့သော် The Raine Group အား ဆက်သွယ်လာသည့် စိတ်ဝင်စားသူများထဲတွင် အမေရိကန် ပြည်ထောင်စုနှင့် အာရှမှ သူဌေးကြီးများလည်း ပါဝင်သည်ဟု သိရသည်..။

အင်္ဂါနေ့က ဆွစ်သူဌေးကြီး ဟန်းစ်ဂျော့ခ်ျ ဝိုက်စ် က သူအပါအဝင် အခြားဝယ်ယူနိုင်ဖွယ်ရှိသူ သုံးဦးထံသို့ ချယ်လ်ဆီးအသင်းအား ဝယ်ယူလိုပါက ကမ်းလှမ်းမှု ပြုလုပ်နိုင်ကြောင်း အသိပေးလာမှုကို လက်ခံရရှိခဲ့သည်ကြောင်း ထုတ်ဖော်၊ ပြောဆိုခဲ့သည်..။ မစ္စတာ ရိုမန် အေဘရာမိုဗစ်ခ်ျ ၏ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များက မေလမတိုင်မီ အရောင်းအဝယ် အပြီးသတ်ရန် ဆန္ဒရှိနေသည်ဟု အသိပေးခဲ့ကြောင်း သတင်းများအရ သိရသည်..။

ချယ်လ်ဆီးအသင်း၏ မိခင်ကုမ္ပဏီမှာ မစ္စတာ အေဘရာမိုဗစ်ခ်ျ ထံမှ ချေးယူထားသည့် စတာလင်ပေါင် (၁.၅) ဘီလီယံအား ပြန်လည်ပေးချေရန် ရှိနေသည့်အတွက် အသင်း၏တန်ကြေးမှာ အနည်းဆုံး စတာလင်ပေါင် (၁.၅) ဘီလီယံ ရှိနေသည်ဟု ခန့်မှန်း တွက်ချက်ထားကြသည်..။ သို့သော် ရိုမန် အေဘရာမိုဗစ်ခ်ျ မှာ အသင်းအား ရောင်းချဖြစ်ပါက အဆိုပါချေးငွေများအား လူမှုဂရုဏာ လုပ်ငန်းများတွင် အသုံးချရန် ထပ်မံလှူဒါန်းသွားဖွယ် ရှိနေကြောင်း၊ ထို့ကြောင့်အသင်းအား ထိန်းကျောင်း၊ စောင့်ရှောက်ရန်အတွက် အသင်း၏ ရံပုံငွေ ဖောင်ဒေးရှင်းမှ ယုံကြည်ရသည့် ပုဂ္ဂိုလ်များ (charitable foundation trustees) အား လွဲပြောင်းခဲ့ခြင်းဖြစ်သည်ဟု ရုရှသူဌေးကြီးနှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်..။

သို့သော်သူ၏ မူလအစီအစဉ်မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး အဆိုပါလွှဲပြောင်းခံရသည့် ပုဂ္ဂိုလ်များ ရိုမန် အေဘရာမိုဗစ်ခ်ျ ၏ ကြံရွယ်ချက်အပေါ် ပိုပြီးရှင်းရှင်းလင်းလင်း သိရှိလိုကြကြောင်း ဖော်ပြခဲ့ကြသည်..။ ယခုအချိန်တွင် အသင်းအား ဖောင်ဒေးရှင်း အဖွဲ့ဝင်များထံ လက်လွှဲမည့် အစီအစဉ်အား စွန့်လွှတ်ခြင်း မရှိသေးသလို တစ်ဖက်ကလည်း အသင်းအား ရောင်းချနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်..။

ထိုသို့ချယ်လ်ဆီးအသင်းအား ရောင်းချရန် စီစဉ်နေသည်ဆိုသည့် သတင်းများအပေါ် ချယ်လ်ဆီးအသင်းနှင့် ရိုမန် အေဘရာမိုဗစ်ခ်ျ ၏ ပြောရေးဆိုခွင့် ရှိသူတို့က သီးခြားတုံ့ပြန် ပြောကြားလာခြင်း မရှိသေးပေ..။