feature-image

ရာသီကုန်အထိ ရှေ့ဆက်နိုင်တော့မယ့် ‘ချယ်လ်ဆီးအသင်း’

ချယ်လ်ဆီးအသင်းမှာ ဗြိတိသျှ အစိုးရ၏ ချမှတ်ထားသော ကန့်သတ်ချက်များကို ထပ်မံ ပြင်ဆင်ပေးမှုများကြောင့် ယခုနှစ် ဘောလုံးရာသီကုန်ချိန်ထိ ဆက်လက်ရှေ့ဆက်ခွင့် ရနိုင်တော့မည်ဖြစ်ကြောင်း နောက်ဆုံးသတင်းများအရ သိရသည်..။

ဗြိတိသျှ အစိုးရ၏ Office of Financial Sanctions Implementations (OFSI) ရုံးအဖွဲ့၏ သတ်မှတ်ချက် လိုင်စင်အရ ချယ်လ်ဆီးအသင်းမှာ ယခုနှစ်ဘောလုံးရာသီကုန်ချိန်အထိ ဆက်လက်ရှေ့ဆက်နိုင်ရန် မသေချာတော့သည့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်..။ သို့သော် ပရီးမီးယားလိဂ် အဖွဲ့ချုပ်၏ ရိုမန် အေဘရာမိုဗစ်ခ်ျ အား ချယ်လ်ဆီးအသင်း၏ ဒါရိုက်တာ တစ်ဦးအဖြစ် ပါဝင်ပတ်သက်ခွင့်ကို ပိတ်ပင်ခဲ့ကြောင်း ထုတ်ပြန်ချက်အပြီး ဗြိတိသျှ အစိုးရက ချမှတ်ထားသော လိုင်စင်အား ပြင်ဆင်ချက်များ ပြုလုပ်ပေးခဲ့သည်..။ အဆိုပါ OFSI ရုံးအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူက ပြင်ဆင်ပေးခဲ့သည့် ခွင့်ပြုချက်များနှင့် ပတ်သက်ပြီး ယခုလို ရှင်းပြခဲ့သည်..။

“ကျွန်တော်တို့အနေနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတဲ့ပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်း ဆက်လက်ပြီး ကစားခွင့်ရနေခြင်းအားဖြင့် လိဂ်အဖွဲ့ချုပ်တွေ၊ အခြားအားကစားဆိုင်ရာ အကျိုးအမြတ် ခွဲဝပေိုင်ခွင့်တွေ၊ ပရိသတ်တွေအပေါ်မှာ သက်ရောက်မှုအနည်းဆုံး ကျရောက်နိုင်အောင် စီစဉ်ပေးဖို့ လိုအပ်တယ်ဆိုတာကို နားလည်ပါတယ်..။

ဒ့ါကြောင့်ပိတ်ပင်မှုများ စတင်ချမှတ်ခဲ့တဲ့ အချိန်ကတည်းက ကျွန်တော်တို့ဟာ အသင်းမှ တာဝန်ရှိသူတွေနဲ့ အသေးစိတ် ညှိနှိုင်းမှုတွေ ပြုုလုပ်ခဲ့ပြီး အသင်းရဲ့ နေ့စဉ်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်နိုင်အောင် ပြင်ဆင်မှုတွေကို ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါတယ်..။”


ယခုနောက်ဆုံး ပြုလုပ်ခဲ့သော ပြင်ဆင်မှုများအရ ချယ်လ်ဆီးအသင်းမှာ ရုပ်သံကုမ္ပဏီများမှ ရရှိမည့် ရုပ်သံထုတ်လွှင့်ကြေးများ၊ UEFA, FIFA နှင့် FA အဖွဲ့ချုပ်များမှ ရရှိမည့် ဆုကြေးငွေများကို ဆက်လက်သုံးစွဲခွင့် ရရှိမည်ဖြစ်သည်..။ တွက်ချက်မှုများအရ အဆိုပါရရှိငွေ စုစုပေါင်းမှာ စတာလင်ပေါင် (၂၈) သန်းခန့် ရှိမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်း၏ လက်ကျန်သုံးလအတွက် ကုန်ကျစရိတ် အားလုံးအတွက် လုံလောက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်..။

ထို့အပြင် ဗြိတိသျှ အစိုးရ တာဝန်ရှိသူများမှာ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်း၏ ပွဲကန်မည့်နေ့ အသုံးစားရိတ် စုစုပေါင်းအား မူလက စတာလင်ပေါင် (၅၀၀,၀၀၀) သတ်မှတ်ထားရာမှ စတာလင်ပေါင် (၉၀၀,၀၀၀) ထိ တိုးမြှင့်ခွင့်ပြုပေးခဲ့သည်..။

လက်ရှိအချိန်တွင် အဝေးကွင်း ကုန်ကျစရိတ်အား စတာလင်ပေါင် (၂၀၀,၀၀၀) အထိသာ အများဆုံး သတ်မှတ်ထားဆဲ ဖြစ်သော်လည်း လိုင်လီအသင်းအား အနိုင်ရရှိပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့မည်ဆိုပါက လိုအပ်သည့် ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် စဉ်းစားနေကြောင်း သိရသည်..။

ယခုအချိန်တွင် အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များမှာ တစ်ရာသီစာ လက်မှတ်ဝယ်ယူထားသူများ (season ticket holders) မှလွဲ၍ ပွဲစဉ်အလိုက် လက်မှတ်ရောင်းချခွင့်အား ပိတ်ပင်ထားခြင်းကို ဖြေလျာ့ပေးရန် ဗြိတိသျှ အစိုးရနှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပါသည်..။

ထိုသို့လက်မှတ်ရောင်းချခွင့် ပိတ်ပင်ထားခြင်း ခံရသော်လည်း ယနေ့တွင်ယှဉ်ပြိုင်မည့် နယူးကာဆယ် အသင်းနှင့် ယှဉ်ပြိုင်မည့်ပွဲစဉ်နှင့် ဧပြီလ (၂) ရက်နေ့၊ ဘရန့်တ်ဖို့ဒ် အသင်းနှင့် ပွဲစဉ်လက်မှတ်များမှာ ကန့်သတ်ပိတ်ပင်မှုများ မပြုလုပ်မီက လက်မှတ်အကုန်အစင် ရောင်းချပြီး ဖြစ်သောကြောင့် အဆိုပါပွဲစဥ်များတွင် ပရိသတ်များမှာ စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းလုံးပြည့် တက်ရောက်အားပေးလိမ့်မည်ဟု ခန့်မှန်းနေကြသည်..။