feature-image

အလန် ရှီးယားရားကို‘အပြောတစ်မျိုး၊ အလုပ်တစ်မျိုး’ လို့ ပြစ်တင်ခဲ့တဲ့ ချယ်လ်ဆီးအသင်း ဂန္တဝင်ကစားသမားကြီး..

နယူးကာဆယ် အသင်းနှင့် အင်္ဂလန်အသင်း တိုက်စစ်မှူးဟောင်း အလန် ရှီးယားရား ၏ ချယ်လ်ဆီးအသင်းနှင့် အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ တို့အပေါ် ဝေဖန်ပြောကြားချက်များနှင့် ပတ်သက်ပြီး ချယ်လ်ဆီးအသင်း ဂန္တဝင် ကစားသမားဟောင်းကြီး ပေါလ် ကာနိုဗေးလ် မှာ နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှူးဟောင်းအား ‘အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ကြောင်သူတော် တစ်ယောက် (hypocritical)’ ဟု ပြင်းပြင်းထန်ထန် တုံ့ပြန်၊ ၀ေဖန်ခဲ့သည်..။

ယခုလအစောပိုင်းက ချယ်လ်ဆီးအသင်းနှင့် ရိုမန် အေဘရာမိုဗစ်ခ်ျ တို့မှာ ရုရှသူဌေးကြီး အသင်းအား ရောင်းချရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ကြေငြာချက်များ ထုတ်ပြန်ခဲ့သည်..။ အဆိုပါကြေငြာများနှင့် မရှေးမနှောင်းတွင် ဗြိတိသျှ အစိုးရက ရိုမန် အေဘရာမိုဗစ်ခ်ျ အား ပိတ်ပင် တားဆီးမှုများကို ပြုလုပ်ခဲ့ရာ မသေချာ၊ မရေရာမှုများနှင့် ပိုမိုရှုပ်ထွေးလာခဲ့သည်..။

အဆိုပါအခြေအနေများနှင့် ရင်ဆိုင်နေရချိန်တွင် တိုက်စစ်မှူးဟောင် အလန် ရှီးယားရား မှာ ရုရှအစိုးရအား အပြစ်တင်ခြင်း လုံးဝမပြုလုပ်ခဲ့ပဲ ချယ်လ်ဆီးအသင်းနှင့် ရိုမန် အေဘရာမိုဗစ်ခ်ျ တို့ကိုသာ ဆက်တိုက်ဝေဖန် နေခဲ့သည်..။



အထူးသဖြင့် ချယ်လ်ဆီးအသင်း၏ ကြေငြာချက်တွင် ယူကရိန်းတွင် အခက်အခဲ ကြုံတွေ့နေရသူ အားလုံးကို ထောက်ခံအားပေးခဲ့ကြောင်း ပါရှိခဲ့သော်လည်း တိုက်စစ်မှူးဟောင်း အလန် ရှီးယားရား က ချယ်လ်ဆီးအသင်းနှင့် ရိုမန် အေဘရာမိုဗစ်ခ်ျ တို့မှာ ယူကရိန်းနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲအပေါ် ရေငုံ၊ နှုတ်ဆိတ် နေခဲ့သည်ဟု BBC Match of the Day အစီအစဉ်တွင် ပြောကြားခဲ့သည်..။

သူ၏ပြောကြားချက်အပေါ် ချယ်လ်ဆီးပရိသတ်များက ကျေနပ်မှုမရှိခဲ့သလို ချယ်လ်ဆီးအသင်း ဂန္တဝင်တောင်ပံ ကစားသမားဟောင်း ပေါလ် ကာနိုဗေးလ် က သူ၏ကိုယ်ပိုင် Twitter မှတဆင့် ယခုလို တုံ့ပြန်ခဲ့သည်..။

“အလန် ရေ…

ငါတို့အသင်းနဲ့ ပတ်သက်ပြီး နောက်တစ်ခါ ထပ်မပြောခင် မင်းရဲ့အသင်းအကြောင်းကိုပဲ အရင်စဉ်းစားလိုက်ပါဦး..။ အခုလို အပြောတစ်မျိုး၊ အလုပ်တစ်မျိုး.. ကြောင်သူတော်တွေ မြင်နေရတာ သေတောင် သေလိုက်ချင်ပြီ..”


ကာနိုဗေးလ် မှာ သူ၏ပြောကြားချက်တွင် The Guardian သတင်းဌာနမှ ဆောင်းပါးရှင် Barney Ronay ၏ ဆောင်းပါးကို ယှဉ်တွဲ ဖော်ပြခဲ့သည်..။ အဆိုပါဆောင်းပါးတွင် Barney Ronay က အလန် ရှီးယားရား မှာ နယူးကာဆယ် အသင်းပိုင်ရှင်များ၏ ဆော်ဒီ အာရေးဗျ နိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျက်ကွယ်ပြုပြီး ချယ်လ်ဆီးအသင်းကိုသာ တစိုက်မတ်မတ် ဝေဖန်နေကြောင်း ထောက်ပြ၊ ရေးသားခဲ့သည်..။



ထို့အပြင် ပေါလ် ကာနိုဗေးလ် မှာ ချယ်လ်ဆီးအသင်း ကြုံတွေ့နေရသည့် အခက်အခဲများကို အကာအကွယ် ပေးသင့်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည့် ပထမဆုံး လူမည်းကစားသမား တစ်ယောက်လည်း ဖြစ်ခဲ့သည်..။

“ယူကရိန်းနိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ ဗလာဒီမာ ပူတင် ရဲ့ စစ်ပွဲအပေါ် လူသားစိတ် ရှိတဲ့သူတိုင်းက ဆန့်ကျင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။ ကျွန်တော်လည်း အဲဒီစစ်ပွဲကို ဆန့်ကျင်သလို အခုလို စစ်ပွဲဆင်နွဲခဲ့တဲ့အပေါ် အပြစ်တင် ရှုံ့ချပါတယ်..။

ဒါ့အပြင် ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ပူတင် နဲ့ အဆက်အသွယ် ရှိတယ်လို့ ဗြိတိသျှ အစိုးရက စွပ်စွဲခဲ့ပြီး ကန့်သတ် ပိတ်ပင်မှုတွေ အပြစ်ဒဏ် ချမှတ်ခဲ့တာ၊ ကျွန်တော်တို့အသင်းရဲ့ ပိုင်ရှင်အဖြစ် ဆောင်ရွက်ပိုင်ခွင့်ကို တားဆီးခဲ့တာတွေကိုလည်း ကျွန်တော်ထောက်ခံပါတယ်..။

ဒါပေမယ့် ကျွန်တော်တို့ ချယ်လ်ဆီးအသင်းကို နိုင်ငံရေးကစားကွက် တစ်ခုအဖြစ် အသုံးမချဖို့နဲ့ အသင်းပိုင်ရှင် အသစ်ဆီကို အမြန်ဆုံး လွှဲပြောင်းပေးနိုင်အော် ကြိုးစား ဆောင်ရွက်ပေးဖို့ ဗြိတိသျှ အစိုးရကို ကျွန်တော်အလေးအနက် တိုက်တွန်းလိုက်ပါတယ်..။

ချယ်လ်ဆီးအသင်းဟာ နိုင်ငံရေး ကစားကွက်နဲ့ ပတ်သက်နေတယ်လို့ ခံယူခဲ့မယ်ဆိုရင်တော့ အမှားကြီး မှားနေပြီလို့ ပြောရမှာပါပဲ..။”