အမေရိကန် ဘီလျံနာသူဌေးကြီး တော့ဒ် ဘိုလေး မှာ Consortium အစုအဖွဲ့တစ်ခုကို တည်ထောင်ပြီး ချယ်လ်ဆီးအသင်းကို အားကစားသမိုင်းတစ်လျှောက် အမြင့်မားဆုံးဈေးနဲ့ ဝယ်ယူခဲ့ပါတယ်..။ သူဟာ ချယ်လ်ဆီးအသင်းကို အမေရိကန်ပုံစံ စီမံခန့်ခွဲမှုဖြင့် အသင်းကိုမောင်းနှင်သွားရန် ရည်ရွယ်ထားသလို ဘောလုံးလောကအပေါ် တစ်ကမ္ဘာလုံးက စိတ်ဝင်စားမှု များပြားနေသော်လည်း အကျိုးအမြတ် ပြန်လည်ရရှိမှု အင်မတန်နည်းပါးနေကြောင်း မှတ်ချက်ပေးခဲ့သည်..။
ဘိုလေး မှာ အမေရိကန် ဘေ့စ်ဘောလိဂ် ပြိုင်ပွဲဝင် Los Angeles Dedgers အသင်းကိုပါ ပိုင်ဆိုင်ထားသူဖြစ်သည်…။ ထို့ကြောင့်အမေရိကန် ပြည်ထောင်စု အားကစားလောကမှ အတွေ့အကြုံများကို အသုံးချပြီး အမေရိကန် ကစားသမားများနည်းတူ ကစားသမား တစ်ဦးချင်းစီ၏ ပုံရိပ်များကို ချဲ့ထွင်နိုင်ခြင်းအားဖြင့် အသင်းအပေါ် အကျိုးရှိမည်ဖြစ်သလို ကွင်းတွင်း၊ ကွင်းပြင်ပ ပရိသတ်များ၏ စိတ်ဝင်စားမှုကို ပိုမိုဆွဲဆောင်နိုင်စွမ်း ရှိလာလိမ့်မည်ဟုလည်း ယုံကြည်ထားပါသည်..။
ချယ်လ်ဆီးအသင်းပိုင်ရှင်သစ်မှာ အသင်းကိုဝယ်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အသင်းနှင့်ပတ်သက်သည့် မှတ်ချက်များကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ပြုလုပ်ခဲ့သည့် SuperReturn International Conference အခမ်းအနားတွင် အောက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့သည်..။
ဘောလုံးလောက၏ စည်ပင်ဖွံ့ဖြိုးလာနိုင်မှု အလားအလာ..
“ဘောလုံးအသင်းတွေရဲ့ ဈေးကွက်အတွင်းကို ထိုးဖောက်နိုင်မှုပုံစံဟာ အမေရိကန်တွေရဲ့နောက်မှာ နှစ်ပေါင်းများစွာ ခေတ်နောက်ကျ၊ ကျန်နေခဲ့ပါတယ်..။ ဘောလုံးကစားနည်းဟာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ စိတ်ဝင်စားမှုကို ရရှိနေပေမယ့် အဆုံးစွန်ထိ ခြေကုတ်ယူနိုင်စွမ်း၊ စီးပွားရေးအရ ထိုးဖောက်နိုင်စွမ်းမှာ အားနည်းနေပါတယ်..။ ဥပမာအားဖြင့် ဥရောပဘောလုံးလောကကို အားပေးနေတဲ့ ပရိသတ်ဦးရေ လေးဘီလျံလောက် ရှိပါတယ်..။ ကျွန်တော်တို့ အမေရိကန် ပြည်ထောင်စုက National Football League (NFL) ပရိသတ်သန်း (၁၇၀) ပဲ ရှိပါတယ်..။ ဒါပေမယ့် NFL ဟာ မီဒီယာလမ်းကြောင်းကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ (၁၅) ဘီလီယံလောက် ဝင်ငွေရနေပေမယ့် ဘောလုံးကစားနည်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေစုစုပေါင်းဟာ NFL ကရတဲ့ ဝင်ငွေစုစုပေါင်းရဲ့ အစိတ်အပိုင်း သေးသေးလေး တစ်ခုစာပဲ ရှိပါတယ်..။”
အသင်းကြီးများနှင့် ယှဉ်ပြိုင်ပြီး ထိပ်တန်းကစားသမားများကို ခေါ်ယူနိုင်စွမ်း..
“ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်မှု စည်းမျဉ်းစည်းကမ်း (financial fair play) တွေကို ပိုမိုတင်းကျပ်လာတာနဲ့အမျှ ကစားသမားတွေကို စိတ်ကြိုက် ကြိုက်ကြေးပေးပြီး ခေါ်ယူနိုင်စွမ်းအပေါ် ကန့်သတ်မှုတွေ ရှိလာပါတယ်…။ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) အနေနဲ့ အဲဒီဘဏ္ဍာရေး စည်းမျဉ်းတွေကို ပိုပြီးအရေးတယူ ရှိလာသလို ပိုပြီးတင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားဖို့ ရှိနေပါတယ်..။ အဲဒီစည်းမျဉ်းတွေကို ချိုးဖောက်မယ်ဆိုရင် ဒဏ်ငွေဆောင်ရတာ..၊ ပြိုင်ပွဲတွေကနေ ထုတ်ပယ်ခံရတာတွေ ရှိလာနိုင်ပါတယ်..။”
အင်္ဂလိပ် ပရီးမီးယားလိဂ်မှ ထိပ်တန်းအသင်းများ၏ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း အခြေအနေ..
“ဆော်ဒီ အာရေးဗျ ရဲ့ နယူးကာဆယ်အသင်းမှာ ရင်းနှီးမြုပ်နှံလာမှုကြောင့် ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာ ‘Big Six’ ကနေ ‘Big Seven’ ဖြစ်လာပါမယ်..။ တစ်သင်းတည်းက ကြီးစိုးထားတာမျိုး မဟုတ်ပဲ အသင်းတိုင်းဟာ အောင်မြင်မှုတွေ ရနိုင်တယ်ဆိုတဲ့ အနေအထား ရှိနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်..။ မကြာတော့မယ့် အနာဂတ်မှာ English Football League ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းမှုတွေ ရှိလာပါမယ်..။ အဲဒီလို ပြင်ဆင်ဖွဲ့စည်းမှုတွေရဲ့နောက်မှာ ပိုပြီးတန်ဖိုးကြီးမားတဲ့ ရတနာအိုးကြီးတစ်ခု (more valuable assest) ပေါ်ထွက်လာပါလိမ့်မယ်..။”
ကစားသမားတွေရဲ့ ကိုယ်ပိုင်ပုံရိပ် (branding) တည်ဆောက်မှု..
“ကျွန်တော်တို့ဟာ ကစားသမားတွေဆီက ဝင်ငွေပိုမို ရရှိလာအောင် ဘယ်လိုစွမ်းဆောင်နိုင်မလဲ..? ဆိုတာ စဉ်းစားရပါမယ်..။ အခုလက်ရှိ အခြေအနေမှာ ကစားသမားတွေရဲ့ ဝင်ငွေရလမ်း.. လမ်းကြောင်းတွေဟာ တစစီ ပြန့်ကြဲနေပါတယ်..။ တစ်ချို့တွေက သူတို့နဲ့ နီးစပ်ရာသူတွေနဲ့ ပူးပေါင်းနေကြတယ်..၊ တစ်ချို့က အေးဂျင့်တွေဆီကနေ မှီခိုနေရတယ်..၊ တစ်ချို့တွေဟာ အသင်းရဲ့ဝင်ငွေအပေါ် မှီခိုနေရပါတယ်..။ ဒ့ါကြောင့်ပြန့်ကြဲနေတဲ့ သူတို့တွေရဲ့ ဝင်ငွေရလမ်းတွေကို ပိုပြီးစုစည်းကျစ်လျစ်၊ စနစ်ကျလာအောင် စွမ်းဆောင်ရပါမယ်..။ ကျွန်တော်ဟာ ကစားသမားတွေနဲ့ ဈေးကွက်ကို ချဲ့ထွင်ဖို့ မစဉ်းစားပါဘူး..၊ သူတို့တွေကို စီးပွားရေးသမားတွေအဖြစ် ပြောင်းလဲပေးနိုင်ဖို့ပါပဲ..။
အဲဒီအခန်းကဏ္ဍမှာတော့ အမေရိကန်က အများကြီးရှေ့ရောက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်..။ ဥပမာ- လီဘရွန် ဂျိမ်းစ် ကို ကြည့်ပါ..။ သူကိုယ်တိုင် စီးပွားရေးသမား တစ်ယောက်လို ဖြစ်နေပြီး သူ့ရဲ့ကွင်းပြင်ပ လုပ်ငန်းတွေကို စီမံခန့်ခွဲနေတဲ့အဖွဲ့တစ်ခု သီးခြားရှိနေပါတယ်..။ ဒါ့ကြောင့်အမေရိကန် အားကစားလောကမှာ ရှိနေတဲ့ စီမံခန့်ခွဲမှု၊ အယူအဆတွေကို အင်္ဂလိပ်အားကစားလောကမှာ တင်သွင်းပြီး တိုးတက်အောင် ဆောင်ရွက်ရပါမယ်..။”
လီဗာပူးလ်အသင်းပုံစံ စီမံခန့်ခွဲမှု (Liverpool Model) ကို အတုယူခြင်း..
“အောင်မြင်နေတဲ့ အသင်းတွေရဲ့ စီမံခန့်ခွဲမှု ပုံစံတွေကို ကြည့်မယ်ဆိုရင် လီဗာပူးလ် အသင်းကို စီမံခန့်ခွဲမှုပုံစံဟာ သိပ်ကိုကောင်းမွန်ပါတယ်..။ သူတို့ဟာ ချယ်လ်ဆီးအသင်းထက် မီလီယံဒေါ်လာ ရာပေါင်းများစွာ ဝင်ငွေတွေ (revenue) ပိုမိုရရှိနေသလို အသားတင် အမြတ်ငွေလည်း ပိုမိုရှာဖွေနိုင်ပါတယ်..။ ဒ့ါကြောင့်အခုအချိန်မှာ သူတို့နဲ့ ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးတစ်ခုကို ဖန်တီးနိုင်ရပါမယ်..။”