feature-image

စတာလင်း နဲ့ ဒမ်ဘယ်လေ တို့ကို ဦးစားပေးနေတဲ့ ချယ်လ်ဆီးအပြောင်းအရွှေ့ လှုပ်ရှားမှုများ…

ချယ်လ်ဆီးအသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် ဘာစီလိုနာ အသင်းမှ ပြင်သစ်တိုက်စစ်မှူး အော့စ်မာနေ ဒမ်ဘယ်လေ နဲ့ ရာဟင်း စတာလင်း တို့အား ဦးစားပေး ပစ်မှတ်များအဖြစ် သတ်မှတ်ထားပြီး နည်းပြ သောမတ်စ် တူခယ်လ် အတွက် တိုက်စစ်အားဖြည့်မှုများ အပါအဝင် စတာလင်ပေါင်သန်း (၁၅၀) ကျော် သုံးစွဲပြီး အသင်းကို အားဖြည့်မှု ပြုလုပ်သွားမည်ဟု သတင်းများ ပေါ်ထွက်နေပါသည်..။

အဆိုပါတိုက်စစ်မှူးနှစ်ဦးအတွက် ညှိနှိုင်းမှုများကို အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေး က ယာယီ အားကစား ဒါရိုက်တာအဖြစ် ဦးစီးဆောင်ရွက်လျှက်ရှိပြီး သက်ဆိုင်ရာ ကစားသမားများ၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးလျှက်ရှိနေပါသည်..။ အမေရိကန် ဘီလျံနာသူဌေးကြီးမှာ မန်ချက်စတာ ယူနိုက်တက်အသင်း တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို ၏ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျ မန်းဒက်စ် နှင့် ပေါ်တူဂီနိုင်ငံတွင် ယခင်အပါတ်အတွင်းက တွေ့ဆုံခဲ့သည်..။ အဆိုပါတွေ့ဆုံမှုတွင် တော့ဒ် ဘိုလေး က လက်ရှိဥရောပ အပြောင်းအရွှေ့ ဈေးကွက်အတွင်း အရေးပါသော ကစားသမားများ၏ အခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်..။

တော့ဒ် ဘိုလေး မှာ ဘရုစ် ဘတ်ခ် တာဝန်ယူထားသော အသင်းဥက္ကဌရာထူးကို လက်လွှဲရယူခဲ့သလို အသင်းဒါရိုက်တာ မာရီနာ ဂရာနော့ဗ်ကီးယားစ် ၏ အားကစား ဒါရိုက်တာ တာဝန်များကိုလည်း ရယူထားပါသည်..။ အသင်းပိုင်ရှင်သစ်မှာ ချယ်လ်ဆီးအကယ်ဒမီ ဒါရိုက်တာ နီးလ် ဘတ် နှင့် ပေါ်တူဂီနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပြီး ချယ်လ်ဆီးအသင်း၏ နေ့စဉ်လုပ်ငန်း ဆောင်တာများအကြောင်းကို အသေးစိတ် မေးမြန်းခဲ့သည်..။



မာရီနာ ဂရာနော့ဗ်ကီးယားစ် မှာ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှ အရေးကြီးသည့် အဆက်အသွယ်များနှင့် အသင်းပိုင်ရှင်သစ်ကို မိတ်ဆက်ပေးခဲ့သော်လည်း တော့ဒ် ဘိုလေး မှာ ချယ်လ်ဆီးအသင်းနှင့် ပတ်သက်သည့် အကြံဉာဏ်များကို နည်းပြ သောမတ်စ် တူခယ်လ် အပေါ် အဓိက မှီခိုနေပါမည်..။ ရေရှည်အနာဂတ်အတွက် အားကစား ဒါရိုက်တာ တစ်ဦးကို ယခုနှစ်အတွင်း ခန့်အပ်သွားရန်ရှိနေပြီး လီဗာပူးလ်အသင်း အားကစား ဒါရိုက်တာဟောင်း မိုက်ကယ် အက်ဒ်ဝဒ် အား ချဉ်းကပ်မှုများ ထပ်မံပြုလုပ်သွားရန် ရှိပါသည်..။ တော့ဒ် ဘိုလေး မှာ အချက်အလက်များအပေါ် အခြေခံပြီး သုံးသပ်မှုများ ဆောင်ရွက်တတ်သူ ဖြစ်သည်နှင့်အညီ လီဗာပူးလ် အသင်းတွင် မိုက်ကယ် အက်ဒ်ဝဒ် ချမှတ်ခဲ့သည့် ပုံစံအတိုင်း အတုယူ၊ ဆောင်ရွက်သွားပါမည်..။

အဆိုပါအစီအမံ တစိတ်တဒေသအဖြစ် ချယ်လ်ဆီးအသင်း၏ ‘အချက်အလက်များ စီမံခန့်ခွဲသည့်အသင်း (analytics team)‘ ကို အဆင့်မြှင့်တင်သွားရန် စီစဉ်လျှက်ရှိသည်..။ ချယ်လ်ဆီးအသင်း ဘုတ်အဖွဲ့သစ်တွင် ပါဝင်သော non-executive director ဒယ်နီ ဖင်ကယ်လ်စတိုင်း မှာ အချက်အလက်များကို စီမံခန့်ခွဲ၊ သုံးသပ်သည့် အခန်းကဏ္ဍတွင် အတွေ့အကြုံများခဲ့သူ တစ်ယောက်ဖြစ်ပြီး ၂၀၀၅ ခုနှစ်က သူ၏ဘောလုံးဆိုင်ရာ ဆောင်းပါးများအတွက် အချက်အလက်များကို သုံးသပ်နိုင်ရန် လက်ရှိလီဗာပူးလ်အသင်းမှ သုတေသနဌာန ဒါရိုက်တာ အီယန် ဂရေဟမ် ကို ဌားရမ်း၊ ခန့်အပ်ခဲ့ဖူးသည်..။

သို့သော် ရေတိုအနေဖြင့် အသင်း၏ အပြောင်းအရွှေ့ ဈေးကွက်အတွင်း အဆုံးအဖြတ်များအတွက် သောမတ်စ် တူခယ်လ် နှင့် သူ၏နည်းပြအဖွဲ့ထံမှ အကြံပြုချက်များကို အဓိကအားထားသွားမည်ဖြစ်ပြီး ညှိနှိုင်းမှုများကို တော့ဒ် ဘိုလေး ကိုယ်တိုင်ဦးစီး ဆောင်ရွက်သွားပါမည်..။



အသင်းဥက္ကဌသစ်မှာ ချယ်လ်ဆီးအသင်းကို ရေရှည်တွင် အကျိုးအမြတ် ကြီးမားနိုင်မည့် ပစ်မှတ်များကို ဦးစားပေး ကြိုးစားခေါ်ယူသွားမည့်အပြင် Los Angeles Dodegers အသင်း၏ ပုံစံအတိုင်း အသင်း၏စီးပွားရေး လုပ်ငန်းများကို မောင်းနှင်သွားမည်ဟု အသင်းကိုဝယ်ယူစဉ်က ကတိပေးခဲ့သည်..။ တော့ဒ် ဘိုလေး တို့၏ LA Dodgers အသင်းမှာ အမေရိကန် ဘေ့စ်ဘောလိဂ် ပြိုင်ပွဲတွင် အကောင်းဆုံး ကစားသမားများကို အမြင့်မားဆုံး လစာပေးပြီး ခေါ်ယူနိုင်သည့် အသင်းတစ်သင်း ဖြစ်နေပါသည်..။

လက်ရှိအချိန်တွင် အော့စ်မာနေး ဒမ်ဘယ်လေး ၏ အခြေအနေမှာ ရှုပ်ထွေးလျှက်ရှိပါသည်..။ ပြင်သစ်တိုက်စစ်မှူးမှာ ဇွန်လအကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း နည်းပြ ဇာဗီ က လက်လွှတ်လိုခြင်း မရှိကြောင်း သိရသည်..။ အသက် (၂၅) နှစ်အရွယ် တိုက်စစ်မှူးမှာ ဘာစီလိုနာ အသင်းတွင် ဆက်လက်ရှိနေ လိုသော်လည်း လစာတိုးမြှင့်ရရှိလိုနေပြီး လက်ရှိလစာဖြစ်သည့် တစ်ပါတ်လျှင် စတာလင်ပေါင် (၁၅၀,၀၀၀) ထက် ပိုမိုရရှိရန် တောင်းဆိုလျှက်ရှိသည်..။



ချယ်လ်ဆီးအသင်းမှာ မြင့်မားသည့် စာချုပ်လက်မှတ်ထိုးကြေး (signing-on fees) နှင့် တစ်ပါတ်လျှင် လစာ စတာလင်ပေါင် (၂၀၀,၀၀၀) ဝန်းကျင်၊ လေးနှစ်သက်တမ်း စာချုပ်ဖြင့် ကမ်းလှမ်းသွားနိုင်ပါသည်…။ ဘာစီလိုနာ အသင်းမှာ စတာလင်ပေါင် တစ်ဘီလီယံခန့် အကြွေးတင်နေပြီး ဘဏ္ဍာရေးစည်းမျဉ်းအတိုင်း လိုက်နာရမည် ဖြစ်သောကြောင့် အဆိုပါကမ်းလှမ်းမှုအတိုင်း ပြုလုပ်နိုင်ရန် အခက်အခဲ ရှိနေပါသည်..။

တော့ဒ် ဘိုလေး မှာ ဂျော့ခ်ျ မန်းဒက်စ် နှင့် တွေ့ဆုံခဲ့သော်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒို အား ကမ်းလှမ်းသွားဖွယ် မရှိပေ..။ သို့သော် နည်းပြသောမတ်စ် တူခယ်လ် မှာ ရာဟင်း စတာလင်း နှင့် ဆွေးနွေးခဲ့ပြီး ဖြစ်သလို မန်ချက်စတာ စီးတီးအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သည့် အင်္ဂလန်တိုက်စစ်မှူးအတွက် စတာလင်ပေါင်သန်း (၆၀) ဝန်းကျင်ဖြင့် ကမ်းလှမ်းသွားဖွယ် ရှိနေပါသည်..။

အသက် (၂၇) နှစ်အရွယ် တိုက်စစ်မှူးမှာ လာမည့်နှစ်ပါတ်အတွင်း သူ၏အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ပြီး ရာသီကြို လေ့ကျင့်ခန်းများကို အသင်းသစ်နှင့်အတူ စတင်နိုင်ဖွယ် ရှိနေပါသည်..။ ချယ်လ်ဆီးအသင်းမှာ တိုက်စစ်ပိုင်း အားဖြည့်မှုများအပြင် ဗဟိုခံစစ်မှူးများကိုလည်း အားဖြည့်ရန် အလိုရှိနေပါသည်..။



ချယ်လ်ဆီးအသင်း၏ ကာလရှည် ပစ်မှတ်ဖြစ်သော ပြင်သစ်နောက်ခံလူ ဂျူးလက်စ် ကွန်ဒီ မှာ ဘာစီလိုနာ အသင်းသို့ ရောက်ရှိသွားနိုင်ခြေ ရှိနေပြီး တော့ဒ် ဘိုလေး နှင့် တူခယ်လ် တို့မှာ ဂျူးဗင်တပ်စ် အသင်းမှ မက်သီးယက်စ် ဒီ လစ် အား ခေါ်ယူနိုင်ရန် ကြိုးစားသွားဖွယ် ရှိနေပါသည်..။ အသက် (၂၂) နှစ်အရွယ် ဟော်လန်နောက်ခံလူမှာ အသင်းနှင့်စာချုပ်ချုပ်ဆိုစဉ်က စာချုပ်ဖျက်သိမ်းခ (release clasue) စတာလင်ပေါင် (၁၀၃) သန်းဖြင့် ထွက်ခွာနိုင်ကြောင်း ထည့်သွင်းခဲ့သော်လည်း စာချုပ်သက်တမ်း နှစ်နှစ်သာ ကျန်ရှိနေသောကြောင့် ချယ်လ်ဆီးအသင်းမှာ အဆိုပါ release clause ထက် နည်းပါးသော ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူသွားနိုင်ဖွယ် ရှိနေပါသည်..။

နည်းပြသောမတ်စ် တူခယ်လ် မှာ အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် ကို ဘာစီလိုနာ၊ အန်တိုနီယို ရူဒီဂါ ကို ရီးရဲလ် မက်ဒရစ်အသင်းသို့ အသီးသီး လက်လွှတ်ခဲ့ရသလို ဝါရင့်နောက်ခံလူများဖြစ်သည့် ဆီဇာ အက်ဇ်ပီလီကွဲတား နှင့် မားကို့စ် အလွန်ဆို တို့ကိုလည်း ဘာစီလိုနာအသင်းက ခေါ်ယူလိုနေကြောင်း သတင်းများ ပေါ်ထွက်လျှက်ရှိပါသည်..။



သို့သော် တော့ဒ် ဘိုလေး မှာ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ပွဲဦးထွက်တွင် မျက်နှာပန်းလှလှဖြင့် တာထွက်ကောင်းမွန်ရန် ဆန္ဒပြင်းပြလျှက်ရှိပါသည်…။ ၂၀၁၂ ခုနှစ်က LA Dodgers အသင်းကိုဝယ်ယူစဉ် အတွေ့အကြုံများအရ အစောပိုင်း ကနဦးကာလများတွင် အပြောင်းအရွှေ့၊ အဝင်အထွက်များကို ခပ်မြန်မြန် ပြုလုပ်ခြင်းဖြင့် အသင်းအတွင်း ခွန်သစ်၊ အားသစ်များ ရရှိလာနိုင်ကြောင်း ယခုလို မှတ်ချက်ပေးခဲ့ဖူးသည်..။

“အကောင်းဆုံးဆိုတဲ့ A list ကစားသမားတွေကို ခေါ်ယူမယ်..၊ ကစားသမားတွေကို လစာအကောင်းဆုံး ပေးနိုင်တဲ့..၊ သူတို့အတွက် အကျိုးအမြတ် အများဆုံး ရရှိစေနိုင်မယ့် အသင်းအဖြစ် ဖန်တီးပေးနိုင်ခြင်းအားဖြင့် အသင်းကို ခွန်သစ်၊ အားသစ်တွေ ပြန်လည်မွေးဖွားနိုင်ပါမယ်..။ ဒါမှလည်း ပရိသတ်တွေဟာ အသင်းကို ပြန်လည်အားပေးလာကြမှာဖြစ်ပြီး အောင်ပွဲတွေ ရရှိလိုတဲ့ စိတ်ဆန္ဒတွေ ပြန်လည်ပေါက်ဖွား လာကြပါလိမ့်မယ်..။”

('REVEALED: Chelsea want both Raheem Sterling and Ousmane Dembele this summer in a huge £150m splurge as billionaire new owner Todd Boehly seeks 'a jolt of energy' to revitalise Thomas Tuchel's squad for a title tilt' by Mark Draper, from Daily Mail)