feature-image

ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ အစီအမံတွေ အကြောင်းကို ပြောပြခဲ့တဲ့ ‘သောမတ်စ် တူခယ်လ်'

မနှစ်ကဘောလုံးရာသီ နောက်ဆုံးရက်မှ စတင်ပြီး နည်းပြသောမတ်စ် တူခယ်လ် မှာ အသင်းပိုင်ရှင်နှင့် ယာယီအားကစား ဒါရိုက်တာ တော့ဒ် ဘိုလေး နှင့် စကားမပြောဖြစ်ခဲ့သည့်ရက် တစ်ရက်မှ မရှိခဲ့ပေ..။ သူတို့နှစ်ဦး တွေ့ဆုံသည့်အခါတိုင်း မပါမဖြစ်ခဲ့သည့် အကြောင်းအရာကတော့ ‘ကစားသမား အပြောင်းအရွှေ့ ကိစ္စ..’

ရည်မှန်းချက် ကြီးမားသည့် အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေး မှာ နည်းပြ သောမတ်စ် တူခယ်လ် နှင့်အတူ ပူးတွဲ၍ မန်ချက်စတာ စီးတီး၊ လီဗာပူးလ် အသင်းများကို စိန်ခေါ်ပြီး ပရီးမီးယားလိဂ် သရဖူကို တိုက်ပွဲဝင်နိုင်မည့် ချယ်လ်ဆီးအသင်းသစ် တစ်ခုကို တည်ဆောက်နိုင်ရန် ကြိုးပမ်းလျှက်ရှိပါသည်..။ အဆိုပါရည်မှန်းချက်ကြီးမှာ ကြီးမားလှသလို လွယ်ကူလှသည့် လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ခဲ့ပေ..။

“ချယ်လ်ဆီးအသင်းကို ပိုပြီးကောင်းမွန်တဲ့ အသင်းတစ်သင်း ဖြစ်လာဖို့၊ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ကျွန်တော်တို့အချင်းချင်း အမြဲတမ်း နီးနီးစပ်စပ် တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်..။ တကယ်တော့ အဲဒီလို ကစားသမား အပြောင်းအလဲကိစ္စရပ်တွေကို ကြီးကြပ်ရတာကို ကျွန်တော်မကြိုက်ပါဘူး.။ ရေရှည်မှာတော့ ကျွန်တော်ဟာ နည်းပြတာဝန်ကိုပဲ အာရုံစိုက်သွားမှာပါ..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ ဒီအသင်းကို နည်းပြတစ်ယောက် အဖြစ်နဲ့ ရောက်လာခဲ့တာ ဖြစ်ပါတယ်..။ ဒါပေမယ့် အခုလက်ရှိအချိန်မှာ ကျွန်တော့်ရဲ့ အကူအညီကို အလိုရှိနေသလို လိုလည်းလိုအပ်နေပါတယ်..။ ဒ့ါကြောင့်ကျွန်တော်ဟာ ရှေ့ကိုထွက်ပြီး အဲဒီတာဝန်ကို ထမ်းရွက်ခဲ့တာ ဖြစ်ပါတယ်..။”

ထို့ကြောင့် မနှစ်ကဘောလုံးရာသီတွင် အသင်းမှ စံချိန်တင်ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၉၇.၅) သန်းဖြင့် ခေါ်ယူခဲ့သည့် ဘယ်လ်ဂျီယမ် တိုက်စစ်မှူး ရိုမီလူ လူကာကူ အား အင်တာ မီလန် အသင်းသို့ ပြန်လည်အဌားချသွားခဲ့ရာတွင် ဂျာမန်နည်းပြ၏ အဆုံးအဖြတ်က အရေးပါခဲ့သည်..။ သို့သော် သောမတ်စ် တူခယ်လ် မှာ လူကာကူ အနေဖြင့် စတန်းဖို့ဒ် ဘရစ်ခ်ျ တွင် ဆက်လက်ရှိနေလိုကလည်း သူ့အတွက် ခွင့်ပြုနိုင်ရန် အခက်အခဲ ရှိလိမ့်မည်မဟုတ်ပေ..။

“ဒီကစားသမားကိုတော့ အသင်းကနေ ထွက်သွားအောင် စီစဉ်ပေးပါ.. လို့ ပြောဆိုခဲ့တဲ့ အစည်းအဝေးမျိုး လုံးဝမရှိခဲ့ပါဘူး..။ ကျွန်တော့်ဘက်က ရှင်းပါတယ်..။ တကယ်လို့ သူသာဒီမှာဆက်ပြီး ရှိနေချင်တယ်ဆိုရင် ကျွန်တော်တို့ဟာ သူ့ကိုအခုထက်ပိုပြီး ကောင်းမွန်တဲ့ အနေအထား ရောက်လာအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ..။ အဲဒီလိုပြုလုပ်သွားဖို့ဆိုရင် သူ့ရဲ့ကြံ့ခိုင်မှုနဲ့ခြေစွမ်း ပိုပြီးကောင်းမွန်အောင် ကြိုးစားရမယ်..၊ ကျွန်တော့်ရဲ့ နည်းပြတဲ့ပုံစံကိုလည်း ပိုပြီးကောင်းမွန်အောင် ကြိုးစားရမယ်..၊ အသင်းရဲ့ကစားပုံကိုလည်း သူနဲ့ပိုပြီး အံဝင်လာအောင် ပြောင်းလဲရပါမယ်..။

ဒ့ါကြောင့်သူဆက်ပြီး နေမယ်ဆိုရင် ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် ရိုမီလူ ကလည်း ရှင်းရှင်းလင်းလင်းပါပဲ..။ သူကအသင်းကနေ ထွက်ကိုထွက်ချင်နေတာပါ.. အဲဒီမှာ အသင်းပိုင်ရှင်တွေဟာ တထိုင်တည်းနဲ့ ထွက်ခွင့်ပေးဖို့ ဆုံးဖြတ်ပေးလိုက်ပါတယ်..။

သူ့ဆီကနေ အခုထက်ကောင်းမွန်တဲ့ ခြေစွမ်းတွေ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် စိတ်မကောင်း ဖြစ်မိပါတယ်..။ အချိန်နည်းနည်းပိုပေးဖို့ လိုအပ်တာလည်း ဖြစ်နိုင်ပါတယ်..။ ကြံ့ခိုင်မှုပိုပြီး ကောင်းဖို့ရယ်..၊ ကျွန်တော်တို့ရဲ့ ကစားဟန်နဲ့ ပိုပြီးအံဝင်ဖို့လည်း လိုအပ်ခဲ့တာပေ့ါ..။ ဒါပေမယ့် အခုအချိန်မှာ အဲဒီအဖြေတွေကို ရှာဖွေဖို့ မလိုတော့ပါဘူး..။ ရိုမီလူ ဘက်မှာ ရှင်းလင်းတိကျတဲ့ အဖြေရှိနေပြီဆိုတဲ့အချိန်မှာ အသင်းပိုင်ရှင်တွေဘက်ကလည်း ကျွန်တော်ပေးတဲ့ အကြံဉာဏ်အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်..။”


ရိုမီလူ လူကာကူ မှာ လက်ရှိအချိန်ထိ ယခုနှစ်ရာသီအတွက် အသင်းမှထွက်ခွာသွားခဲ့သော အဓိက ကစားသမား တစ်ဦးသာ ဖြစ်နေသေးသော်လည်း နွေရာသီအစောပိုင်းကာလတွင် ချယ်လ်ဆီးအသင်းမှာ အန်တိုနီယို ရူဒီဂါ နှင့် အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် တို့ကို ဆုံးရှုံးခဲ့ရသည်..။

ထို့ကြောင့် တော့ဒ် ဘိုလေး တို့မှာ သောမတ်စ် တူခယ်လ် ရွေးချယ်ပေးခဲ့သော ဆန်ကာတင် ကစားသမား စာရင်းထဲ ပါဝင်သော ကစားသမားများကို စတန်းဖို့ဒ် ဘရစ်ခ်ျဆီသို့ ခေါ်ယူနိုင်ရန် ကြိုးစားခဲ့ပါသည်..။ ထို့သို့ကစားသမားသစ် ခေါ်ယူရန် ကြိုးစားကြသည့် ဖြစ်စဉ်များတွင် အားလုံးပူးပေါင်း၊ ဆောင်ရွက်ရသော်လည်း နည်းပြကြီးတွင် ဗီတိုအာဏာဖြင့် ပယ်ချနိုင်သည့် အခွင့်အရေး ရှိနေခဲ့ပါသည်..။

“သူ (တော့ဒ် ဘိုလေး) က ကျွန်တော့်ကို ဘယ်လိုပုံစံ ကစားသမားတွေကို ခေါ်ယူပေးရမလဲ..? လို့ ထင်မြင်ချက် တောင်းပါတယ်..။ သူ့ဆီမှာလည်း သူနှစ်ခြိုက်တဲ့ ကစားသမားတွေ၊ သူ့ဆီကို ကမ်းလှမ်းထားတဲ့ ကစားသမားတွေ ရှိနေပါတယ်..။ ဒ့ါကြောင့်ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတိုင်းဟာ သူ့အမြင်၊ ကိုယ့်အမြင်နဲ့ အငြင်းအခုန် အသက်ဝင်လှပါတယ်..။ နောက်ဆုံးမှာ ရွေးချယ်ထားတဲ့ ကစားသမားစာရင်းတစ်ခု ထွက်လာပါတယ်..။ ဒါပေမယ့် ‘ရော့.. ဒီမှာ ကစားသမား ခြောက်ယောက်..၊ သူတို့ကို ရအောင်ခေါ်ပေး..၊ အဲဒီလို ရအောင်မခေါ်ပေးနိုင်ရင် ကျွန်တော် အသင်းကထွက်ပြီ..’ ဆိုတဲ့ ပုံစံမျိုး မဟုတ်ပါဘူး..။ ဘယ်တုန်းကမှ ကျွန်တော်အဲဒီလို မလုပ်ခဲ့ဖူးပါဘူး..။

ဒါပေမယ့် ဘယ်လိုနေရာက (positions) ကစားသမားတွေ၊ လိုချင်တဲ့ ကစားသမားတွေရဲ့ အရည်အသွေး (profiles) တွေကို သေသေချာချာ ဆွေးနွေးရပါတယ်..။ အဲဒီမှာ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်.. စာရင်းထွက်လာပါတယ်..။ အပြောင်းအရွှေ့ကာလတွေမှာ ကိုယ်လိုချင်တဲ့ ကစားသမား ပုံစံအတွက် လေးယောက်၊ ငါးယောက်၊ ခြောက်ယောက်အထိ ဆွဲထုတ်နေစရာ မလိုပါဘူး..။”

အဆိုပါရွေးချယ်ခဲ့သော ဆန်ကာတင် ကစားသမားစာရင်းတွင် ‘ရာဟင်း စတာလင်း’ ကဲ့သို့သော အချို့ကစားသမားများမှာ ဦးစားပေး ခေါ်ယူရမည့် ကစားသမားများအဖြစ် သီးသီးသန့်သန့် ထွက်ပေါ်လာခဲ့သည်..။ ဤသို့ဖြင့် အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးမှာ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၄၇.၅) သန်းဖြင့် ရောက်ရှိလာခဲ့ပါသည်..။ နည်းပြတူခယ်လ် မှာ အသက် (၂၇) နှစ်အရွယ် တိုက်စစ်မှူးအား အသင်း၏ တိုက်စစ်တွင် အားဖြည့်နိုင်ခဲ့သည့်အပေါ် အထူးကျေနပ်အားရလျှက် ရှိပါသည်..။

“သူဟာအဲဒီနေရာမှာ ကျွန်တော်တို့ရဲ့ နံပါတ်တစ်ဦးစားပေးပါ..။ တော့ဒ် ဘိုလေး ကို ပထမဆုံး ပေးလိုက်တဲ့ နာမည်လည်း ဖြစ်ပါတယ်..။ မန်ချက်စတာ စီးတီးအသင်းနဲ့ ယှဉ်ပြိုင်တဲ့ပွဲတိုင်း သူ့နဲ့ရင်ဆိုင်ရတာ အရမ်းကို ကြောက်စရာ ကောင်းပါတယ်..။ အဓိကအားဖြင့် သူ့ရဲ့ခွန်အားပါတဲ့ ကစားရှိန် (intensity) နဲ့ အဲဒီလို မြန်ဆန်ခွန်အားပါတဲ့ ထိုးဖောက်မှုတွေ အကြိမ်ကြိမ်အခါခါ ပြုလုပ်နိုင်စွမ်းပါပဲ..။

မနှစ်ကဘောလုံးရာသီမှာ သူရရှိခဲ့တဲ့ သွင်းဂိုးတွေ..၊ ကျွန်တော်တို့ကို ဒုက္ခပေးခဲ့တဲ့ သူ့ရဲ့ခြေစွမ်းတွေနဲ့ မသက်ဆိုင်ပါဘူး..။ ဒါပေမယ့် ကိုယ့်ကိုဒုက္ခကောင်းကောင်း ပေးနိုင်မယ့် ကစားသမားတွေဆိုရင် အချက်အလက် (data) တွေကိုလည်း အသေအချာ ကြည့်ဖြစ်ပါတယ်..။ အဲဒီမှာ သူ့ရဲ့ဂိုးရရှိအောင် ထိုးဖောက်နိုင်စွမ်းအပြင် အမြန်နှုန်းကို ခွန်အားနဲ့ ပေါင်းစပ်နိုင်တဲ့ စွမ်းအားကလည်း သိပ်ကိုထူးခြားပါတယ်..။ တစ်နာရီကို ကီလိုမီတာ (၃၀) ကျော်တဲ့ အမြန်နှုန်းနဲ့ အကြိမ်ကြိမ်အခါခါ ထိုးဖောက်နိုင်စွမ်းရှိတာဟာ သိပ်ကိုကောင်းလွန်းပါတယ်..။

ကျွန်တော်တို့ အသင်းက ကစားသမားတွေဟာ အဲဒီလိုအဆင့်ကို ရောက်ရှိအောင် ကြိုးစားရပါမယ်..။ အဲဒီလိုမြန်နှုန်းမြင့် အရှိန်အဟုန်နဲ့ ထိုးဖောက်နိုင်ဖို့ဟာ ကျွန်တော်တို့ရဲ့ လိုအပ်ချက် ဖြစ်ပါတယ်..။ အဲဒါကြောင့်လည်း သူဟာကျွန်တော်တို့ လိုချင်တဲ့ ကစားသမားစာရင်းမှာ ထိပ်ဆုံးက ရောက်နေခဲ့တာပါ..။”


ရာဟင်း စတာလင်း ၏ ကစားပုံမှာ ရိုမီလူ လူကာကူ နှင့် ကွဲပြားခြားနားသောကြောင့် မန် စီးတီး တိုက်စစ်မှူးကို လူကာကူ အား အစားထိုးရန် ခေါ်ယူခဲ့ခြင်း မဟုတ်ပေ..။ ထို့ကြောင့်ချယ်လ်ဆီးအသင်းမှာ တိုက်စစ်မှူးစစ်စစ် (out and out number nine) ကို ထပ်မံခေါ်ယူရန် အစီအစဉ်မရှိခဲ့ဟု ယူဆနိုင်သလို ခရစ်စ်တီယာနို ရော်နယ်လ်ဒို အား ခေါ်ယူရန် စိတ်ဝင်စားနေသည်ဆိုသည့် သတင်းများမှာလည်း အဆုံးသတ်သွားခဲ့ပြီဖြစ်သည်..။ ထို့အပြင် အသင်း၏ တိုက်စစ်အတွက် လုံလောက်သော ကစားသမား အင်အားရှိနေသည်ဟု သောမတ်စ် တူခယ်လ် က ယုံကြည်လျှက်ရှိပါသည်..။

“အခုလက်ရှိ အသင်းမှာ တီမို ဗာနာ က ‘No.9’..၊ ကိုင် ဟာဗာ့ဇ် ကလည်း ‘No.9’ ပါပဲ..။ နောက်ပြီး မစ်ချီ ဘတ်ရှုအားယီ နဲ့ အာမန်ဒို ဘရိုဂျားစ် တို့ ရှိနေပါတယ်..။ ရာဟင်း စတာလင်း လည်း ‘No.9’ ဆိုတော့ ဘယ်လိုပုံစံ စီမံရမလဲ.. စောင့်ကြည့်ရပါဦးမယ်..။

ဒ့ါကြောင့်အခုအချိန်မှာ နောက်ထပ်ထိပ်တန်း တိုက်စစ်မှူးတစ်ယောက် အားဖြည့်ဖို့က နံပါတ်တစ် ဦးစားပေး မဟုတ်ပါဘူး..။ ကျွန်တော်တို့ဆီမှာ တိုက်စစ်အရှိန်အဟုန်အတွက်၊ ဂိုးသွင်းနိုင်ဖို့ ယုံစားနိုင်ဖို့အတွက်၊ အပြောင်းအလဲတွေ ပြုလုပ်နိုင်ဖို့ လုံလောက်တဲ့ အင်အားရှိနေတယ်လို့ ယူဆပါတယ်..။ ကျွန်တော်တို့ဟာ အသင်းရဲ့ တခြားနေရာတွေအပေါ် အာရုံစိုက်ရပါဦးမယ်..။”


ထို့ကြောင့်ချယ်လ်ဆီးအသင်းမှာ ဘေယန် မြူးနစ်အသင်းမှ ထွက်ခွာရန် ရှိနေသည့် တိုက်စစ်မှူး လီဝန် ဒေါ့စကီး အား ခေါ်ယူရန် စိတ်ဝင်စားမှု ရှိနေပါသလား..? စပိန်လာလီဂါ ပြိုင်ပွဲဝင် ဘာစီလိုနာ အသင်းမှာ အသက် (၃၃) နှစ်အရွယ် ဥရောပ၏ အကောင်းဆုံး ထိပ်တန်းတိုက်စစ်မှူးကြီးအား ခေါ်ယူနိုင်ရန် ကြိုးစားနေသော်လည်း ဘဏ္ဍာရေး အခက်အခဲများကြောင့် အခက်တွေ့လျှက်ရှိပါသည်..။

“ကျွန်တော်တို့ သူ့ကိုခေါ်ယူနိုင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်လို့ မထင်ပါဘူး.။ သူဟာကမ္ဘာ့အကောင်းဆုံး ‘No.9’ တွေထဲက တစ်ယောက် ဖြစ်ပါတယ်..။ ဒါပေမယ့် တခြားအသင်းက ကစားသမားအကြောင်း ပြောဆိုရတာ သိပ်တော့အဓိပ္ပါယ် မရှိလှပါဘူး..။ ဈေးကွက်ထဲမှာ တခြား ‘No.9’ တွေလည်း ရှိပေမယ့် အခုလက်ရှိမှာတော့ ကျွန်တော်တို့ဟာ ကိုယ့်အသင်းမှာ ရှိနေတာနဲ့ပဲ ကျေနပ်ပါတယ်..။

ဦးစားပေးရမှာက ‘No.9’ နေရာ မဟုတ်ပါဘူး.။ တိုက်စစ်အတွက် ကျွန်တော်တို့ ဦးစားပေးဖြစ်တဲ့ စတာလင်း ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ကျွန်တော်ကတော့ အရမ်း၊ အရမ်းကို ကျေနပ်နေပါတယ်..။ သူတို့အားလုံးဟာ နေရာစုံ ကစားနိုင်တဲ့သူတွေ ဖြစ်ကြသလို လုံလောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ကြပါလိမ့်မယ်..။ တခြားရူးရူးမိုက်မိုက် အကြံအစည်တွေလည်း ရှိလာလိမ့်မယ်လို့ မထင်မိပါဘူး..။ ဘာဖြစ်လို့လည်းဆိုတော့ တိုက်စစ် ဟာ အခုအချိန်မှာ ဦးစားပေး မဟုတ်တာကြောင့်ပါ..။”


ရာဟင်း စတာလင်း အား ခေါ်ယူခဲ့ပြီးနောက် တူခယ်လ် နှင့် အသင်း၏ နောက်ထပ်ဦးစားပေး အစီအမံမှာ ခံစစ်ကြောင်းကို ဖြည့်ဆည်းဖို့ ဖြစ်ပါသည်..။ နာပိုလီအသင်းမှ ဆီနီဂေါ နောက်ခံလူ ကာလီဒူ ကူလီဘေလီ မှာ ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၄) သန်းဖြင့် ရောက်ရှိလာမှာ ဖြစ်သလို ပီအက်စ်ဂျီအသင်းမှ ပရက်စ်နယ်လ် ကင်ပမ်ဘေး နှင့် ဆီဗီးလားအသင်းမှ ဂျူလက်စ် ကွန်ဒီ တို့ကိုလည်း ခေါ်ယူရန် ကြိုးစားလျှက်ရှိပါသည်…။

"ကျွန်တော်တို့ဟာ ဗဟိုနောက်ခံလူတွေ အားဖြည့်ဖို့ လိုအပ်နေပါတယ်..။ တိုနီ နဲ့ အင်းဒရီးယက်စ် တို့ရဲ့ နေရာကို အစားထိုးရပါမယ်..။ အခုလက်ရှိမှာ အက်ဇ်ပီ (ဆီဇာ အက်ဇ်ပီကွဲတား) ဟာ ကျွန်တော်တို့နဲ့အတူ ရှိနေပေမယ့် သူ့အတွက် တခြား အစီအစဉ်တွေ ရှိနေပါတယ်..။ အဲဒီအတွက် ကျွန်တော်တို့ ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲပါ..။
ကျွန်တော်က ခင်ဗျားတို့ကို ပွင့်ပွင့်လင်းလင်း ပြောပြတာပါ..။ ဒါ့ကြောင့်ကျွန်တော်တို့ နောက်ခံလူ (၃) ယောက် ထပ်ပြီးအားဖြည့်ဖို့ လိုအပ်နေပါတယ်..။

အလယ်မှာ သီယာဂို ဆေးလ်ဗား..၊ ဘယ်ဘက်မှာ တိုနီ ရူဒီဂါ၊ အက်ဇ်ပီ.. ဒါမှမဟုတ် အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် တို့က ညာဘက်မှာ နေရာယူခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး back three အထိုင်ကို ကျွန်တော်တို့ တည်ဆောက်နိုင်ခဲ့ပါတယ်..။ back three ကစားတဲ့ အသင်းတွေ များများစားစား မရှိပေမယ့်  ကျွန်တော်တို့ရဲ့ ခံစစ်အထိုင်ဟာ အရမ်းကိုလုံခြုံခဲ့ပါတယ်..။

ထရေဗာ ချာလိုဘာ ကလည်း ခြေစွမ်းပြနိုင်ခဲ့ပြီး လိုအပ်တဲ့ ကွက်လပ်ကို ဖြည့်နိုင်ခဲ့ပါတယ်..။ သူဟာအခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေသေးပေမယ့် ပေးအပ်တဲ့ တာဝန်ကို ကျေပွန်နိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒါပေမယ့် ခံစစ်ပိုင်းမှာ အခုထက်ပိုပြီး တောင့်တင်းဖို့ လိုအပ်ပါသေးတယ်..။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး..။”

ယခုနောက်ပိုင်းနှစ်များတွင် ကော့ဘ်ဟမ် လူငယ်အကယ်ဒမီထွက် ကစားသမားများမှာ အသင်း၏အောင်မြင်မှုများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်..။ ထို့ကြောင့် မေဆန် မောင့်၊ ရိစ် ဂျိမ်းစ် တို့နောက်ပိုင်း အသင်းလူငယ် အကယ်ဒမီမှ ထွက်ပေါ်လာမည့် ကြယ်ပွင့်သစ်များကိုလည်း ပရိသတ်များက မျှော်လင့်လျှက်ရှိပါသည်..။ ယခုနောက်ဆုံး အပြာရောင်ပရိသတ်များ မျှော်လင့်နေကြသည့် လူငယ်ကြယ်ပွင့်သစ်ကတော့ ‘လီဗိုင်း ကော်ဝေးလ်’ ပဲ ဖြစ်ပါသည်..။ အသက် (၁၉) နှစ်အရွယ် ဗဟိုနောက်ခံလူမှာ ၂၀၂၁/၂၂ ဘောလုံးရာသီတွင် ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဟာဒက်စ်ဖီးလ် တောင်းအသင်းသို့ အဌားထွက်ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့သည်..။



သို့သော် အသင်းမှခေါ်ယူမည့် နောက်ခံလူအသစ်များမှာ ကော်ဝေးလ် ၏ ကစားခွင့်အနေအထားအပေါ် သက်ရောက်မှုရှိမှာ အမှန်ပဲ ဖြစ်ပါသည်..။ ကူလီဘေလီ တို့လို နောက်ခံလူမှာ လူငယ်ကစားသမားများအတွက် စံနမူနာပြ အတုယူရမည့် ကစားသမား ဖြစ်လာနိုင်သော်လည်း လူငယ်နောက်ခံလူများ၏ တိုးတက်လမ်းကို အတားအဆီးတစ်ခု ဖြစ်နိုင်ပါသေးသည်..။ ထို့ကြောင့်အသင်းအနေဖြင့် လူငယ်ကစားသမားများနှင့် ဝါရင့်ကစားသမားများကို သမ၊ မျှတစွာ နေရာပေးနိုင်ရန်လည်း လိုအပ်ပါသည်..။

“ကျွန်တော်တို့ဟာ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတွေအတွက် တိုးတက်နိုင်မယ့် လမ်းကြောင်း ဖွင့်ပေးနိုင်ဖို့ လိုအပ်သလို တစ်ဖက်ကလည်း အောင်မြင်မှုတွေ ရရှိဖို့လည်း လိုသေးတာကြောင့် အဲဒီနှစ်ခုကြားက မျှခြေကို ရှာဖွေနိုင်ဖို့ လိုပါတယ်..။ လူငယ်ကစားသမားလေးတွေကို အားကိုးလွန်းပြန်ရင်လည်း သူတို့ရဲ့ပွဲထွက်ကာလမှာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့၊ ပရိသတ်တွေ မျှော်မှန်းထားတဲ့ အဆင့်အတန်းမျိုးကို မရရှိခဲ့တာမျိုး ဖြစ်နိုင်ပါတယ်..။ ဒါဆိုရင် ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး..။

ထရေဗာ ချာလိုဘာ ဟာ ပြင်သစ်လိဂ်ကို အဌားထွက်ပြီး အသင်းကို ပြန်ရောက်လာပါတယ်..။ သူ့ရဲ့အကြောင်း ကျွန်တော်ကောင်းကောင်း မသိခဲ့ပေမယ့် ရာသီကြိုကာလပြီး ငါးပတ်၊ ခြောက်ပတ်လောက် အတွင်းမှာတင် သူဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း ပြသနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်လူငယ် ကစားသမားတွေအတွက် အခွင့်အရေး ရဖို့ဆိုတာ သူတို့ရဲ့လက်ထဲမှာပဲ ရှိပါတယ်..။ ကျွန်တော်ဟာ ကစားသမား တစ်ယောက်ကို အသက်အရွယ်၊ အကယ်ဒမီက ပေါ်ထွက်လာတာ၊ အသင်းကြီးတစ်သင်းကနေ ပြောင်းလာတာ.. စတဲ့အချက်တွေအပေါ် မူတည်ဆုံးဖြတ်ခဲ့တာ မရှိခဲ့ပါဘူး..။ အဲဒီအချက်တွေဟာ အရေးမပါပါဘူး..။”


ယခုအချိန်တွင် ကစားသမားသစ်များ ခေါ်ယူအားဖြည့်ပြီးသော်လည်း တော့ဒ် ဘိုလေး နှင့် သောမတ်စ် တူခယ်လ် တို့မှာ အနားယူရန် အချိန်မရသေးပါဘူး..။ အသင်းရှိကစားသမားများကို စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုများကို ပြုလုပ်ရမည့် အခန်းကဏ္ဍကလည်း အရေးပါလှပါသည်..။ အထူးသဖြင့် ၂၀၂၂/၂၃ ဘောလုံးရာသီကုန်ချိန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ကွင်းလယ်ကစားသမား အန်ဂိုလို ကန်တေး နှင့် ဂျော်ဂင်ဟို တို့၏ စာချုပ်သက်တမ်း ကိစ္စများပဲ ဖြစ်ပါသည်..။

တူခယ်လ် ကတော့ အသင်းမှ အဓိကကစားသမားနှစ်ယောက်၏ အနာဂတ် မသေချာမရေရာမှုများနှင့် ကြုံတွေ့ရနိုင်သည့် နောက်ထပ်ဘောလုံးရာသီတစ်ခုကို ထပ်မံမကြုံတွေ့လိုကြောင်း ဝန်ခံခဲ့ပါသည်..။

“တိုနီ ရူဒီဂါ နဲ့ အင်းဒရီးယက်စ် တို့ရဲ့ အနာဂတ် မသေချာ၊ မရေရာခဲ့တဲ့ အနေအထားတွေကို ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်..။ ဒ့ါကြောင့်အဲဒီလို အခြေအနေမျိုးကို ကျွန်တော်တို့ထပ်ပြီး မကြုံချင်တော့ပါဘူး..။ ဒ့ါကြောင့်အသင်းအတွက် အကောင်းဆုံးဖြစ်မယ့် ဖြေရှင်းမှုတွေကို အမြန်ဆုံးရ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်..။”