feature-image

ချယ်လ်ဆီးအတွက် စတာလင်ပေါင်သန်း (၈၀၀) စတင်ရင်းနှီးမြုပ်နှံမယ့် အသင်းပိုင်ရှင်များ..

ချယ်လ်ဆီးအသင်းပိုင်ရှင်သစ်များမှာ ရိုမန် အေဘရာမိုဗစ်ခ်ျ ခေတ်လွန်အသင်းကို စတင်မောင်းနှင်နိုင်ရန်အတွက် ချေးငွေစတာလင်ပေါင်သန်း (၈၀၀) ခန့်ကို ရယူလိုက်ပြီဖြစ်ကြောင်း Financial Times သတင်းဌာနက ဖော်ပြခဲ့သည်..။

အဆိုပါချေးငွေထဲတွင် ပြန်လည်ဖြည့်တင်းနိုင်သည့် ရေတိုချေးငွေ (revolving credit facility) စတာလင်ပေါင်သန်း (၃၀၀) နှင့် ကာလတစ်ခု သတ်မှတ်ပြီး ပြန်လည်ပေးဆပ်ရမည့် နှစ်ရှည်ချေးငွေ (term loan) စတာလင်ပေါင်သန်း (၅၀၀) ပါဝင်သည်ဟု ဖော်ပြပါသည်..။ အဆိုပါချေးငွေ (သို့မဟုတ်) ‘မ’တည်ရင်းနှီးမည့် အကြွေးပမာဏမှာ မနှစ်ကဇူလိုင်လတွင် မန်ချက်စတာ စီးတီးအသင်း ရယူခဲ့သည့် စတာလင်ပေါင်သန်း (၆၅၀) ထက် ပိုမိုများပြားခဲ့ပါသည်..။



အမေရိကန် ဘီလျံနာသူဌေးကြီး တော့ဒ် ဘိုလေး နှင့် Clearlake Captial ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတို့မှာ ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့ရာတွင် အသင်းအတွက် စတာလင်ပေါင် (၁.၇၅) ဘီလီယံခန့် ပြန်လည်ရင်းနှီးမြုပ်နှံမည်ဟု ကတိကဝတ် ထားရှိခဲ့ရပြီး ယခုစတင်’မ’တည်ခဲ့သည့် ရင်းနှီးမြုပ်နှံမှုမှာ အဆိုပါကတိကဝတ်ကို ဖြည့်ဆည်းသည့်အနေဖြင့် ချေးငွေများရယူခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်..။ ယခု စတင်’မ’တည်ခဲ့သည့် ရေတိုချေးငွေ စတာလင်ပေါင်သန်း (၃၀၀) အား အသင်း၏ စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံသွားမည်ဖြစ်ပါသည်..။

သို့သော်ရိုမန် အေဘရာမိုဗစ်ခ်ျ အသင်းကိုရောင်းချစဉ်က The Rhaine Group မှာ အသင်း၏အမည်နာမနှင့် အသင်းပိုင်အဆောက်အဦး၊ ပစ္စည်းများကို အသုံးချပြီး ပေါင်နှံ၊ ဌားရမ်းချေးယူခြင်းအား ကန့်သတ်မှုများ ပြုလုပ်ထားခဲ့သဖြင့် ယခုရယူခဲ့သော ချေးငွေများနှင့် ပတ်သက်သည့် အတိုးအရင်းပေါင်း ပြန်လည်ပေးဆပ်ရမည့် လုပ်ငန်းစဉ်များတွင် ချယ်လ်ဆီးအသင်းနှင့် ပါဝင်ပတ်သက်မှု မရှိကြောင်း၊ အဆိုပါဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပြန်လည်ပေးဆပ်ရမည့် လုပ်ငန်းစဉ်များမှာ အသင်းပိုင်ရှင်တို့၏ စီးပွားရေး လုပ်ငန်းများနှင့်သာ ပတ်သက်မှုရှိသည်ဟု အသင်းပိုင်ရှင်များနှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်..။

အဆိုပါချေးငွေများက Bank of America နှင့် JP Morgan Bank များမှ ရယူခဲ့ခြင်းဖြစ်သည်..။



အသင်းပိုင်ရှင်များမှာ ယခုအပါတ်အတွင်း တွမ် ဂလစ်ခ် အား အသင်း၏ President of Business အဖြစ် ခန့်အပ်ပြီး အသင်း၏ စီးပွားရေးဆိုင်ရာ မဟာဗျူဟာများ ချမှတ်နိုင်ရန်၊ ဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ပရိသတ်များနှင့် ထိတွေ့မှုများ ဆောင်ရွက်နိုင်ရန် တာဝန်ပေးခဲ့သည်..။ ထို့အပြင် လစ်လပ်နေသော အားကစား ဒါရိုက်တာ ရာထူးနှင့် အခြားအရေးကြီးသော နေရာများကို လာမည့်ဒုတိယနှစ်ဝက်အတွင်း ပြန်လည်အစားထိုး၊ ခန့်အပ်နိုင်ရန် စီစဉ်နေသည်ဟု သိရပါသည်..။

အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေး နှင့် Clearlake အဖွဲ့မှာ ယခုနှစ်ဘောလုံးရာသီတွင် တန်ဖိုးကြီးခေါ်ယူမှုအဖြစ် မန်ချက်စတာ စီးတီးအသင်းမှ အင်္ဂလန်တိုက်စစ်မှူး ရာဟင်း စတာလင်း နှင့် နာပိုလီအသင်းမှ ဆီနီဂေါ နောက်ခံလူ ကာလီဒူ ကူလီဘေလီ တို့ကို ခေါ်ယူခဲ့သည်..။ ထို့အပြင် အသင်းပိုင်ရှင်သစ်များမှာ နည်းပညာများ၊ မီဒီယာလုပ်ငန်းများနှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် ဘောလုံးဈေးကွက် ဖွံ့ဖြိုးမှုနည်းပါးသေးသော နေရာများသို့ ချဲ့ထွင်ပြီး အသင်းအား ပိုမိုကြီးထွား၊ ကျယ်ပြန့်လာစေရန် စီစဉ်ထားသည်ဟု သိရသည်..။