ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့စစ်ပွဲရဲ့ နောက်ဆက်တွဲ ဓားစာခံဖြစ်ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ မသေချာ မရေရာတဲ့ အသင်းပိုင်ရှင် အပြောင်းအလဲကာလကို ရင်တမမနဲ့ ဖြတ်ကျော်ခဲ့အပြီး နောက်ထပ်ပြဿနာသစ်များနဲ့ ထပ်မံရင်ဆိုင်နေရပါတယ်..။ အသင်းရဲ့ ဈေးကွက်ဌာန (marketing department) ဝန်ထမ်း (၁၂) ယောက်လောက်က သူတို့ရဲ့ ဘော့စ်ဟာ လူတွေရှေ့မရှောင်၊ လုပ်ဖော်ကိုင်ဖက်တွေရှေ့မရှောင် ငေါက်ငန်းပြောဆိုတတ်သလို တစ်ချို့ဆိုရင် သူ့ရဲ့ရှေ့မှာ အချိန်အကြာကြီး မတ်တတ်ရပ်နေရတာ..၊ အစည်းအဝေးကနေ ချက်ချင်းမောင်းထုတ်ပြီး အရှက်ခွဲတာတွေ ခံစားခဲ့ရပါတယ်..ဆိုတဲ့အကြောင်းကို လူသိရှင်ကြား ပြောကြားလာခဲ့ပါတယ်..။
အသင်းရဲ့ marketing department ဌာနအတွင်းမှာ ဖိအားတွေ ပိုပြီးများလာတာကြောင့် မနှစ်ကစလို့ ဌာနထဲက ဝန်ထမ်းတွေဟာ ရက်သတ္တပါတ်ပေါင်းများစွာ၊ တစ်ချို့ဆိုရင် လပေါင်းများစွာ နာမကျန်းခွင့်တွေယူပြီး အလုပ်ခွင်ကနေ ရှောင်ပြေးနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်..။ ဒ့ါအပြင် အဲဒီဌာနမှာ ခန့်ထားတဲ့ ဝန်ထမ်း အယောက် (၅၀) ဝန်းကျင်ထဲက အနည်းဆုံး ဝန်ထမ်း (၁၀) ယောက်လောက် တပြိုင်နက်တည်း အလုပ်ထွက်ကြတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်..။ အဆိုးရွားဆုံးကတော့ အခု ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ အစောပိုင်းမှာ လူသိများတဲ့ ဝန်ထမ်းတစ်ယောက် မိမိကိုယ်ကိုမိမိ အဆုံးစီရင်ပြီး ထွက်ပေါက်ရှာသွားခြင်းပါပဲ..။
အဲဒီလို လွတ်ရာလွတ်ကြောင်း ထွက်ပေါက်ရှာသွားရခြင်းရဲ့ အရင်းအမြစ် အကြောင်းရင်းဟာ အလုပ်ထဲက ဖိအားတွေကြောင့်လား..? သေသေချာချာ မသိရပေမယ့် အဲဒီဝန်ထမ်းရဲ့ အဆုံးစီရင်သွားတဲ့ သတင်းဟာ ဌာနတွင်းက ဝန်ထမ်းတွေအပေါ် ရိုက်ခတ်မှု ကြီးမားခဲ့ပါတယ်..။ အလုပ်ခွင်ထဲမှာ မပျော်ရွှင်နေတဲ့ ဝန်ထမ်းတွေ များပြားလာတာကြောင့် ဒီလိုဖြစ်ရခြင်းရဲ့ ဇစ်မြစ်၊ အကြောင်းတရားကို ရှာဖွေဖို့ ဖိအားတွေ များပြားလာချိန်မှာ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ marketing department ထဲက ‘အလုပ်ခွင် ယဉ်ကျေးမှု ဆန်းစစ်၊ သုံးသပ်ခြင်း (cultural review)’ ပြုလုပ်ဖို့ အတိုင်ပင်ခံ အဖွဲ့တစ်ဖွဲ့ကို ဌားရမ်းခဲ့ပါတယ်..။
ဒါပေမယ့် အသင်းကဝန်ထမ်းအများစုဟာ အဲဒီစုံစမ်းမေးမြန်းမှုဖြစ်စဉ် တစ်ခုလုံးအပေါ် အယုံအကြည်မရှိကြပါဘူး..။ သူတို့ရဲ့ အလုပ်ခွင်က အခြေအနေအပေါ် သုံးသပ်ချက်တွေ၊ သူတို့တွေရဲ့ ထွက်ဆိုချက်တွေကို စောင့်ကြည့်နေတဲ့ အသင်းအမှုဆောင် (executive) တစ်ယောက် ရှိနေပြီး စုံစမ်းမှုဖြစ်စဉ် တစ်ခုလုံးရဲ့ ရလဒ်ဟာ ဝန်ထမ်းတွေအပေါ်ကို ပုံချဖို့ပဲ ဖြစ်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်..။
ဒုက္ခတွင်းထဲက နေ့ရက်များ…
ချယ်လ်ဆီးအသင်းဟာ ဥရောပဘောလုံးလောကမှာ အောင်မြင်နေတဲ့ ထိပ်တန်းအသင်းကြီးတစ်သင်း ဖြစ်နေပေမယ့် အခု ၂၀၂၂ ခုနှစ်အတွင်း အသင်းဝန်ထမ်းတွေ ကြုံခဲ့ရတဲ့ မသေချာမရေရာမှုမျိုးကို ဒီလိုအသင်း၊ ဒီလိုဝန်ထမ်းတွေ ရင်ဆိုင်ကြရလိမ့်မယ်ဆိုတာ ကြိုတင်စဉ်းစားမိကြမှာ မဟုတ်ပါဘူး..။
အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ ကို ဗြိတိသျှအစိုးရက တင်းကျပ်တဲ့ တားမြစ်၊ ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်၊ မတ်လမှာပဲ ချယ်လ်ဆီးတို့ရဲ့ အပြာရောင်ကမ္ဘာလေးဟာ ခလောက်ဆန်ပြီး ကပြောင်းကပြန်တွေ ဖြစ်ကုန်ပါတယ်..။ အဲဒီလို တားမြစ်ပိတ်ပင်ခံရတဲ့ အချိန်ကနေစတင်ပြီး ချယ်လ်ဆီးအသင်း ကစားသမားတွေ၊ နည်းပြတွေကစလို့ အသင်းရဲ့အမှုဆောင်.၊ အောက်ခြေအလုပ်သမားအဆုံး.. ရှိသမျှ အသင်းဝန်ထမ်းတိုင်းဟာ သူတို့ရဲ့ အနာဂတ်အတွက် စိုးရိမ်ခဲ့ကြရပါတယ်..။
ဒါပေမယ့် မေလမှာ Los Angeles Dodgers အသင်းပိုင်ရှင် တော့ဒ် ဘိုလေး ဦးဆောင်တဲ့ အစုအဖွဲ့ဟာ ချယ်လ်ဆီးအသင်းကို စံချိန်တင်ဈေးနဲ့ ဝယ်ယူဖို့ သဘောတူနိုင်ခဲ့တာကြောင့် အဲဒီမသေချာ၊ မရေရာမှုတွေ ပျေက်ကွယ်သွားပါတယ်..။ အသင်းရဲ့ လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်နိုင်ခဲ့ပြီ.. ဆိုပေမယ့် ကန့်လန့်ကာနောက်ကွယ်က အက်ကွဲကြောင်းတွေ၊ အခက်အခဲတွေ ဆက်လက်ရှိနေဆဲပါပဲ..။ အဲဒီလို အက်ကွဲကြောင်းနဲ့ အသင်းဝန်ထမ်းတွေရဲ့ မကျေမနပ်မှုတွေကို သတင်းအစအန ရခဲ့တဲ့ The New York Times သတင်းဌာနဟာ ချယ်လ်ဆီးအသင်းရဲ့ ဝန်ထမ်းတွေ၊ လက်ရှိဝန်ထမ်းတွေအပါအဝင် လူပေါင်းတစ်ဒါဇင်လောက်ကို တွေ့ဆုံ၊ မေးမြန်းခဲ့ပါတယ်..။
အသင်းရဲ့ marketing department ဌာနအတွင်း၊ လုပ်ငန်းခွင်ထဲမှာ မပျော်ရွှင်မှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ အကြောက်တရားတွေ ကြီးစိုးနေခဲ့တာ အချိန်ကြာလှပါပြီ..။ ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလက Chelsea TV ရုပ်/သံဌာန အကြီးအကဲ ရစ်ချက် ဘစ်ဂ်နယ်လ် မိမိကိုယ်ကို အဆုံးစီရင်မှုဟာ ဌာနတွင်းက အကြောက်တရား၊ မြိုသိပ်ထားမှုတွေကို ပွင့်အန်ထွက်စေခဲ့ပါတယ်..။ ဝန်ထမ်းပေါင်း (၅၀) လောက် ရှိနေတဲ့ အဲဒီဌာနတွင်းရဲ့ အက်ကွဲကြောင်းတွေရဲ့ အဓိကတရားခံကတော့ အဲဒီဌာနရဲ့ ဌာနမှူးဖြစ်တဲ့ ‘ဂယ်ရီ တွဲလ်ထရီး’ ပါပဲ..။
ဝန်ထမ်းတွေရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး The New York Times သတင်းဌာနက ချယ်လ်ဆီးအသင်းရဲ့ ဘုတ်အဖွဲ့အသစ်ကို ဆက်သွယ် မေးမြန်းရာမှာ အသင်းဘက်က အခုလိုသတင်းထုတ်ပြန် ဖြေကြားခဲ့ပါတယ်..။
“အသင်း၏ လုပ်ငန်းခွင်၊ ကုမ္ပဏီ၏ ဌာနအတွင်းမှ ဝန်ထမ်းတစ်ဦးချင်းစီတိုင်းသည် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်တွင် ရှိနေသည်..၊ သူတို့၏ လုပ်ဆောင်မှုများအပေါ် တန်ဖိုးထားခံရသည်..၊ ပူးပေါင်းပါဝင်ခွင့်ရနေသည်.. ဆိုသည့် အသိရှိနေရန် အလွန်အရေးကြီးကြောင်း ဘုတ်အဖွဲ့သစ်မှ ခံယူထားပါသည်။ ထို့ကြောင့်အသင်းဘုတ်အဖွဲ့သစ် အနေဖြင့် အဆိုပါတန်ဖိုးထားမှု အညွှန်းကိန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ကနဦးခြေလှမ်းများကို စတင်ဆောင်ရွက်လျှက် ရှိပါသည်..။”
ဒါပေမယ့် အဲဒီထုတ်ပြန်ချက်မှာ ဌာနအကြီးအကဲ တွဲလ်ထရီး အပေါ် ဝန်ထမ်းတွေရဲ့ စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံ အရေးယူဆောင်ရွက်မယ်ဆိုတာ မပါဝင်ပါဘူး..။ အဲဒီကိစ္စအပေါ် သီးခြားမေးမြန်းရာမှာ ဖြေကြားပေးနိုင်ခြင်း မရှိဘူးလို့ပဲ ငြင်းဆိုခဲ့ပါတယ်..။ ဒါ့အပြင် ကွယ်လွန်သူ ဘစ်ဂ်နယ်လ် ရဲ့ မိသားစုဝင်တွေကလည်း သတင်းဌာနရဲ့ ဆက်သွယ်လာမှုကို တုံ့ပြန်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်..။
New York Times သတင်းဌာနက ဆက်သွယ်ခဲ့တဲ့ လက်ရှိအသင်းက ဝန်ထမ်းတွေ အပါအဝင် ဝန်ထမ်းဟောင်းတွေကတော့ တွဲလ်ထရီး ရဲ့လက်အောက်မှာ ဆိုးရွားလှတဲ့ လုပ်ငန်းခွင် ဆက်ဆံရေးအကြောင်းတွေကို မခြွင်းမချန် ဖြေကြားခဲ့ကြပါတယ်..။ အသင်းမှာ ကျန်ရစ်နေခဲ့တဲ့ ဝန်ထမ်းတွေကို မေးမြန်းရာမှာ သူတို့တွေဟာ အရေးမပါသလို ခံစားနေသလို အမြဲတမ်းအနိုင်ကျင့်ခံနေရတယ်..၊ တခါတလေဆိုရင် အစည်းအဝေးတွေကို တက်ရမှာတောင် ကြောက်ရွံ့နေမိတယ်.. ဆိုပြီး ဖြေကြားခဲ့ကြပါတယ်..။
အထူးသဖြင့် လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဟာ အခုလိုအလုပ်ခွင်မှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို မခြွင်းမချန် ဖြေကြားလိုက်ခြင်းအားဖြင့် သူတို့အပေါ် အငြိုးအတေးနဲ့ တုံ့ပြန်လာမှာ၊ ဒါမှမဟုတ် သူတို့ရဲ့ လုပ်ငန်းခွင်မှတ်တမ်းမှာ မှတ်ချက်ဆိုးတွေ ရေးထိုးပေးလိုက်မှာကို စိုးရွံ့မိကြောင်း ဖြေကြားခဲ့ကြပါတယ်..။ ဒါပေမယ့် ဇန်နဝါရီလတုန်းက ကွယ်လွန်ခဲ့တဲ့ ဘစ်ဂ်နယ်လ် ရဲ့ သေမှုသေခင်း မှတ်တမ်းမှာတော့ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့ရတဲ့ အကြောင်းရင်းမှာ ‘အလုပ်ပြုတ်ခဲ့ရခြင်းကြောင့် စိတ်ဓါတ်ကျခဲ့ရခြင်းနဲ့ ဆက်စပ်နိုင်ကြောင်း’ မှတ်ချက်ပေးခဲ့ပါတယ်..။
၂၀၂၂ ခုနှစ် မတ်လကို ရောက်လာချိန်မှာတော့ ဘစ်ဂ်နယ်လ် ရဲ့ သေကြောင်းကြံစည်ခဲ့မှု အပါအဝင် ကျန်ရစ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေရဲ့ ပြင်းထန်လာတဲ့ တုံ့ပြန်မှုတွေကြောင့် ချယ်လ်ဆီးအသင်းဟာ ပြင်ပက စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကို ဌားရမ်းပြီး marketing department ထဲက လုပ်ငန်းခွင် အခြေအနေနဲ့ တွဲလ်ထရီး ရဲ့ အနိုင်ကျင့်မှုတွေကို တိုင်ကြားမှုတွေအပေါ် စုံစမ်း၊ စစ်ဆေးမှုတစ်ခု ပြုလုပ်စေခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီစုံစမ်းရေး အဖွဲ့ရဲ့ ကနဦးတွေ့ရှိချက်မှာ ဘစ်ဂ်နယ်လ် ရဲ့ သေကြောင်းကြံစည်မှု၊ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင် တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီး ဘာတစ်ခုကိုမှ ဖော်ပြခဲ့ခြင်း မရှိတာကြောင့် အသင်းက ဝန်ထမ်းငယ်တွေကို စိတ်ပျက်စေခဲ့ပါတယ်..။
မပျော်ရွှင်တဲ့ အလုပ်ခွင်ကို စွန့်ခွာကြပြီ…
ချယ်လ်ဆီးအသင်းရဲ့ marketing department က နှုတ်ထွက်လာခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ကတော့ တွဲလ်ထရီး ရဲ့ လက်အောက်မှာ အနေအထိုင် ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ အလုပ်လုပ်ခဲ့ရတဲ့အပေါ် ဘယ်လိုမှမခံစား နိုင်တော့တာကြောင့် တခြားအလုပ်တစ်ခု မရရှိခင်မှာတင် အဲဒီဌာနကနေ ထွက်ခွာခဲ့ကြောင်း ပြောပြခဲ့ပါတယ်..။ စိတ်ရောဂါ ခံစားနိုင်လောက်တဲ့အထိ ဆိုးရွားခဲ့ရတဲ့ အတွေ့အကြုံ အသေးစိတ်ကို အသင်းဥက္ကဌ ဘရုစ် ဘတ်ခ် ဆီ စာရေးပြီး တိုင်ကြားခဲ့ပေမယ့် ဘာမှမထူးခြားခဲ့ဘူးလို့ ဆိုပါတယ်..။
အသင်းကနေ နှုတ်ထွက်လာခဲ့တဲ့ တခြားဝန်ထမ်းတွေဟာလည်း သူတို့ရဲ့အတွေ့အကြုံတွေကို အသင်းက အခြားအမှုဆောင် အရာရှိတွေ၊ အသင်းကနေ နှုတ်ထွက်ချိန်မှာ ဆောက်ရွက်ရတဲ့ exit interview တွေမှာ လူသားအရင်းအမြစ်ဌာန (Human Resources) ဝန်ထမ်းတွေကို ဖြေကြားခဲ့ကြပါတယ်..။ ဒါပေမယ့် ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်မလာတဲ့အပြင် ချယ်လ်ဆီးအသင်း marketing department က အပုတ်နံ့တွေဟာ ပြင်ပက အလုပ်အကိုင် ရှာဖွေရေးအဖွဲ့တွေအထိ တလှိုင်လှိုင် ပျံ့နှံ့လာခဲ့ပါတယ်..။
အဲဒီလိုအခြေအနေမှာ Marketing department ရဲ့ အလုပ်ခွင်အနေအထားကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်တော့မယ်.. ဆိုတဲ့ သတင်းထွက်လာချိန်မှာ အသင်းရဲ့ဝန်ထမ်းတွေဟာ တာဝန်ရှိလူကြီးတွေအပေါ် ယုံကြည်မှုပြန်လည် တိုးပွားလာခဲ့ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းက ဌားရမ်းထားတဲ့ စုံစမ်းရေးအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို တွဲလ်ထရီး ကိုယ်တိုင် ပြန်လည်ကြီးကြပ်မယ်ဆိုတဲ့ သတင်းထွက်ပေါ် လာချိန်မှာ မျှော်လင့်ချက်မဲ့သွားသလို ခံစားခဲ့ရတယ်လို့ ဝန်ထမ်းတွေက ပြန်လည်ပြောပြခဲ့ပါတယ်..။ အဲဒီစုံစမ်းမှုတွေကနေ ပေါ်ထွက်လာခဲ့တဲ့ မှတ်ချက်တွေနဲ့ ပတ်သက်ပြီး အခုအချိန်ထိ တစုံတရာ မကြားရသေးသလို အလုပ်ခွင် အတွင်းမှာလည်း ဘာအပြောင်းအလဲမှ ဖြစ်မလာခဲ့ပါဘူး..။ အသင်းရဲ့ marketing department က ဝန်ထမ်းဟောင်း တစ်ယောက်က တွဲလ်ထရီး ရဲ့ လက်အောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေအပေါ် အခုလိုမှတ်ချက် ပေးခဲ့ပါတယ်..။
“ချယ်လ်ဆီးအသင်းကို မရောက်လာခင်မှာ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို အင်မတန်မှ စိတ်ဓါတ်ပိုင်းခိုင်မာတဲ့သူလို့ ထင်ခဲ့ပါတယ်..။ ဒ့ါကြောင့်စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး..။ ဒါပေမယ့် အဲဒီကိုရောက်ပြီး မကြာခင်မှာပဲ မအိပ်နိုင် မစားနိုင်ခဲ့တဲ့နေ့တွေ ပိုပြီးများလာသလို ကြာလေလေ ပိုးဆိုးလာလေလေ ဖြစ်တာကြောင့် ကိုယ့်ကိုယ့်ကို စိတ္တဇရောဂါ စွဲကပ်လာနေပြီလို့ ထင်ယောင်ထင်မှားတွေ ဖြစ်လာခဲ့ရပါတယ်..။”
ဇန်နဝါရီလက မိမိကိုယ်ကို သေကြောင်းကြံစည်သွားခဲ့တဲ့ ဘစ်ဂ်နယ်လ် ရဲ့ ချယ်လ်ဆီးအသင်း နောက်ဆုံးနေ့ရက်တွေမှာ အဲဒီလိုစိတ်ဓါတ် ကစင့်ကလျားဖြစ်နေတဲ့ လက္ခဏာတွေ မြင်တွေ့ခဲ့ရတယ်လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေက ပြောပြကြပါတယ်..။
ရစ်ချက် ဘစ်ဂ်နယ်လ် ဟာ ချယ်လ်ဆီးအသင်းရဲ့ Chelsea TV ရုပ်သံချယ်နယ်ရဲ့ ဌာနမှူးဖြစ်ပြီး အသင်းမှာ လူချစ်လူခင် ပေါများပါတယ်..။ သူဟာအသင်းရဲ့ ရုပ်သံထုတ်လွှင့်မှုတွေကို ဦးစီးဆောင်ရွက်ခဲ့ပြီး အရင်တုန်းကတော့ ဆက်သွယ်ရေးဌာန (communication department) ရဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်ခဲ့ရပါတယ်..။ ဒါပေမယ့်အသင်းရဲ့ ဒစ်ဂျစ်တယ် မဟာဗျူဟာအရ သူတို့ရဲ့ဌာနစိတ်ကို marketing အောက်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်..။
အဲဒီအပြောင်းအလဲဟာ ရုပ်သံဌာနမှာ ဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူ့အတွက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်..။ သူဟာ marketing department ရဲ့ လက်အောက်ကို ရောက်လာချိန်မှာ အသင်းပိုင် social media တွေပေါ်မှာ ပို့စ်တွေဖန်တီးတဲ့တာဝန်ကို ဦးစားပေးခဲ့ရပြီး အဲဒီအသင်းရဲ့ social media အကောင့်တွေကို marketing department ရဲ့ ညွှန်ကြားမှုအောက်မှာ ဆောင်ရွက်ရပါတယ်..။ ဘစ်ဂ်နယ်လ် နဲ့ တွဲထရီးလ် တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ သက်တောင့်သက်သာ မရှိသလို ဘစ်ဂ်နယ်လ် ဟာ တခြားသူတွေလိုပဲ ဌာနမှူးရဲ့ အုပ်ချုပ်မှုပုံစံအတိုင်း အံဝင်နိုင်အောင် ရုန်းကန်ခဲ့ရပါတယ်..။
သမီးငယ်နှစ်ယောက်ရဲ့ ဖခင်ဖြစ်သူ ဘစ်ဂ်နယ်လ် ဟာ သူ့ရဲ့လုပ်ငန်းခွင် အဆင်မပြေမှုတွေကို ဟန်ဆောင်၊ ဖုန်းကွယ်ထားခဲ့တယ်လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းတွေက ပြောပြခဲ့ပါတယ်..။ ဘစ်ဂ်နယ်လ် ဟာ ဟာသဉာဏ် ထက်မြက်ပြီး လုပ်ဖော်ကိုင်ဘက်များအပေါ် အမြဲတမ်း အကောင်းမြင်စိတ်ရှိသူ ဖြစ်ပါတယ်..။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်တွေ သိသိသာသာ ကျဆင်းလာခဲ့ပြီး စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းအနားမှာ သူ့ကိုနောက်ဆုံး မြင်တွေ့လိုက်စဉ်က ပုံစံဟာ အတော်လေးကို ဖရိုဖရဲ ဖြစ်နေတဲ့ အသွင်အပြင်ပါပဲလို့ ဝန်ထမ်းတစ်ယောက်က ပြောပြခဲ့ပါတယ်..။ သူဟာ အဲဒီအချိန်လောက်မှာပဲ နာမကျန်း ဖြစ်နေတဲ့အတွက် ဆေးခွင့်တင်ပြီး အနားယူခဲ့ပါတယ်..။
ဘစ်ဂ်နယ်လ် ဟာ စက်တင်ဘာလမှာ ချယ်လ်ဆီးအသင်းကို ပြန်ရောက်လာခဲ့ပါတယ်..။ အလုပ်ပြန်တက်ပြီး နောက်ရက်မှာပဲ အလုပ်ထုတ်ခံခဲ့ရပါတယ်..။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလဆန်းမှာတော့ သူဟာမိမိကိုယ်ကို အဆုံးစီရင် သွားပါတယ်..။ သူ့ရဲ့ကွယ်လွန်တဲ့ သတင်းကို ထုတ်ပြန်ချိန်မှာ ဘစ်ဂ်နယ်လ် ဟာ လူချစ်လူခင်များပြီး ဘောလုံးလောကအပြင် ရုပ်သံထုတ်လွှင့်ရေး လုပ်ငန်းမှာပါ လူအများလေးစားခံရသူအဖြစ် ဖော်ပြခဲ့ပါတယ်..။ ဒါပေမယ့် သူ့ရဲ့သေမှုသေခင်း မှတ်တမ်း အစီရင်ခံစာမှာတော့ ကွယ်လွန်စဉ်အချိန်က သူ့ရဲ့စိတ်အဇ္ဇတ အခြေအနေဟာ ချယ်လ်ဆီးအသင်းက အလုပ်ထုတ်ခံခဲ့ရတာနဲ့ ဆက်စပ်နေတယ်လို့ အခုလိုဖော်ပြခဲ့ပါတယ်..။ “ရစ်ချက် ဟာ အလုပ်ထုတ်ခံခဲ့ရတဲ့နောက်ပိုင်း စိတ်ကစင့်ကလျား ဖြစ်နေပြီး စိတ်ကျရောဂါကိုပါ ခံစားနေရပါတယ်..” လို့ ဖော်ပြထားပါတယ်..။
ဒါပေမယ့် ဘစ်ဂ်နယ်လ် ရဲ့ အဆုံးစီရင်သွားမှု၊ ဌာနတွင်း လုပ်ငန်းခွင်အခြေအနေ သုံးသပ်စစ်ဆေးမှုတွေဟာ ချယ်လ်ဆီးအသင်းရဲ့ marketing ဝန်ထမ်းတွေရဲ့ အနေအထားကို ဘာမှအပြောင်းအလဲ မဖြစ်စေခဲ့ပဲ အလုပ်ထွက်တဲ့ ဝန်ထမ်းတွေ ဒလဟော များပြားနေဆဲပါပဲ..။ ဒါ့အပြင် အဲဒီဌာနက ထွက်ခွာခဲ့ကြတဲ့ ဝန်ထမ်းဟောင်းများဟာ အသင်းမှာကျန်နေခဲ့တဲ့ ဝန်ထမ်းများကို စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ ဆက်လက်ပြုလုပ်ပြီး အချင်းချင်း ဖေးမခဲ့ကြတယ်လို့ ပြန်လည်ပြောပြခဲ့ကြပါတယ်..။
အရင်တစ်ပါတ် ဗုဒ္ဓဟူးနေ့မှာတော့ အသင်းရဲ့ပိုင်ရှင်သစ်များဟာ ကွယ်လွန်သူ ဘစ်ဂ်နယ်လ် ရဲ့ ဆွေမျိုးသားချင်းများကို မိသားစု ရှေ့နေကနေတဆင့် ဆက်သွယ်လာခဲ့ပါတယ်..။ အသင်းရဲ့ထုတ်ပြန်ချက်မှာ “ရစ်ချက် ၏ မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းခဲ့ရသည်..။” လို့ ဖော်ပြထားသလို “ရစ်ချက် ကွယ်လွန်သွားခဲ့သည့် သတင်းမှာ အသင်းရှိဝန်ထမ်းများနှင့် ဘောလုံးလောကသားများအပေါ် အထူးဝမ်းနည်း၊ ကြေကွဲစေခဲ့သည်..” လို့ ဖော်ပြခဲ့ပါတယ်..။
ချယ်လ်ဆီးအသင်းက တာဝန်ရှိသူများဟာ ရစ်ချက် ဘစ်ဂ်နယ်လ် ရဲ့ မိသားစုဝင်များနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့် သူ့ရဲ့မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တဲ့ ဖြစ်ရပ်ဟာ အသင်းရဲ့အတွင်းထဲမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ်နေပြီဆိုတာ ညွှန်ပြနေတဲ့အချက် ဖြစ်တယ်လို့ အသင်းရဲ့ဝန်ထမ်းတွေက ယူဆပါတယ်..။ ဒါပေမယ့် အဲဒီလိုအချိန်မှာ အသင်းကိုရောင်းချရဖို့ ဖြစ်လာတာကြောင့် နဂိုကမှ မပျော်ရွှင်နေတဲ့ ဝန်ထမ်းတွေအပေါ် အနာဂတ်ရဲ့ မသေချာ၊ မရေရာမှုတွေဟာ ‘တစ်ဘူပေါ် နှစ်ဘူဆင့်’ လာပါတော့တယ်..။
အသင်းဟာ အခုအချိန်မှာ ပိုင်ရှင်သစ်တွေရဲ့ လက်အောက်ကို ရောက်ရှိသွားပြီဖြစ်သလို ယခင်အသင်းပိုင်ရှင် အဟောင်းလက်ထက်က သြဇာ၊ အာဏာကြီးမားခဲ့တဲ့ ခေါင်းဆောင်အားလုံးကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်..။ တကယ်တော့ အသင်းရဲ့ marketing ဌာနအတွင်းမှာ ကြုံတွေ့နေရတဲ့ လုပ်ငန်းခွင် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝန်ထမ်းတွေဟာ သူတို့ရဲ့မပျော်ရွှင်မှု၊ စိုးရိမ်နေရမှုတွေကို အသင်းရဲ့ နေ့စဉ်လုပ်ငန်းတွေကို ကြီးကြပ်နေတဲ့ အမှုဆောင်ချုပ် (chief executive) ဂိုင်း လောရင့်စ် နဲ့ အသင်းဥက္ကဌ ဘရုစ် ဘတ်ခ် တို့ထံ အများဆုံး ဖွင့်ဟ၊ တိုင်ကြားခဲ့ကြပါတယ်..။
ဒါပေမယ့် အခုအချိန်မှာ သူတို့နှစ်ယောက်စလုံးဟာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တာကြောင့် အဲဒီလိုဝန်ထမ်းတွေရဲ့ အဆင်မပြေမှု၊ တိုင်ကြားမှုတွေဟာ အဟောသိကံ ဖြစ်ကုန်တော့မလား..? အသင်းဝန်ထမ်းတွေရဲ့ အလုပ်ခွင်တွင်း အေးမြမှုတွေကို တားဆီးနေတဲ့ လက်တွေကို ဖယ်ရှားဖို့ရော ဖြစ်နိုင်ပါ့မလား..? ဆိုတာကတော့…
(ဝန်ခံချက်- အလုပ်ခွင်ဌာနတွင်း အဆင်မပြေမှုတွေကို မသိကျိုးနွံ ပြုနေတဲ့ ဗြူရိုကရက်ကြီးများကို ကိုယ်စားပြုတဲ့ ‘လရောင်ကာသည့်လက်’ ဆိုတဲ့ စကားစုဟာ စာရေးဆရာ သက္ကမိုးညို ရဲ့ လုံးချင်းဝတ္ထု ခေါင်းစဉ်ကို ပြန်လည်မှီငြမ်းထားခြင်း ဖြစ်ပါတယ်..။)
(The New York Times မှ ဆောင်းပါးရှင် Tariq Panja ၏ ‘Concerns, Complaints and a Suicide Shake Chelsea F.C’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)