ချယ်လ်ဆီးအသင်း ကစားသမားများမှာ ယခုနှစ်ဘောလုံးရာသီ၊ ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် အမေရိကန် ပြည်ထောင်စု၊ လော့စ် အိန်းဂျယ်လိစ်မြို့ကို စတင်ထွက်ခွာခဲ့ပါသည်..။ လူငယ်တောင်ပံ ကစားသမား ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း မှာ အဆိုပါခရီးစဉ်မတိုင်မီ ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံခဲ့ပြီး ဒဏ်ရာပြဿနာကြောင့် မသေချာ၊ မရေရာခဲ့ရတဲ့ မနှစ်ကဘောလုံးရာသီ၊ အမေရိကန် ပြည်ထောင်စုကို ပထမဆုံးအကြိမ် ရောက်ရှိတော့မည့် ခရီးစဉ်အပေါ် မျှော်လင့်ချက်များကို အခုလိုပြောပြခဲ့ပါသည်..။
မေး - ကာလန် ရေ..၊ ဘောလုံးရာသီ အသစ်ကနေ ကြိုဆိုနေပါတယ်နော..။ မနက်မိုးလင်း နေထွက်တာနဲ့ ခင်ဗျားတို့တတွေဟာ လေ့ကျင့်ကွင်းထဲကို အစောကြီး ရောက်နေကြတာ သတိထားမိပါတယ်..။ အခုတစ်ပါတ် လေ့ကျင့်ရတဲ့ အခြေအနေတွေကို ပြောပြနိုင်မလား..?
“လေ့ကျင့်ကွင်း အနေအထားဟာ အရမ်းကိုကောင်းပါတယ်..။ လူတိုင်းဟာ ပြန်လည်လေ့ကျင့်ရတာကို ပျော်ရွှင်နေကြပြီး ဘယ်သူ့ကိုကြည့်ကြည့် အပြုံးတွေနဲ့ပဲဗျ..။ မန်နေဂျာကလည်း ဒီတစ်ပါတ်မှ ပြန်ရောက်လာတာပါ..။ အသင်းကလူတိုင်းဟာ အကောင်းဆုံးခြေစွမ်းနဲ့ မန်နေဂျာကို သက်သေပြချင်ကြတာပါပဲ..။ ကျွန်တော်တို့အားလုံး ကြံ့ခိုင်မှုအကောင်းဆုံး အခြေအနေကို အမြန်ဆုံးရောက်ရှိချင်နေကြပါတယ်..။ တစ်ရက်ပြီးတစ်ရက် ကစားသမားတွေ ပိုပြီးစုံလင်လာတာကြောင့် ပိုပြီးပျော်ရွှင်စရာ ကောင်းလာပါတယ်..။”
မေး - ဒါပေါ့..၊ ခင်ဗျားတို့ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ တစ်ခုလုံးလိုလိုမှာ အားလုံးအတူတူ ရှိနေခဲ့ကြတာပဲ..။ ဒ့ါကြောင့်အခုကျတော့ ခင်ဗျားတို့ဟာ နွေရာသီကျောင်းပိတ်ရက် ပြီးဆုံးသွားတဲ့ ကျောင်းသားလေးတွေရဲ့ ပထမဆုံး ကျောင်းဖွင့်ရက်လို ဖြစ်နေမှာပေါ့…
“အားလပ်ရက် အနားယူစဉ်အချိန်တုန်းက ဘောလုံးရာသီအတွင်းမှာ မဆုံဖြစ်ခဲ့တဲ့ သူငယ်ချင်းတွေကို ပိုပြီးအချိန်ပေးခဲ့ရပါတယ်..။ ဒ့ါကြောင့်အခုအချိန်မှာ တစ်ရာသီလုံးလိုလို အတူတူကစားရမယ့် အသင်းဖော်တွေနဲ့ ပြန်လည်ဆုံတွေ့ရတာ ပျော်ရွှင်စရာ တစ်မျိုးကောင်းတာပေါ့..။ တကယ်တော့ နွေရာသီ အားလပ်ရက် ကာလမှာလည်း ကျွန်တော်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ဘာတွေလုပ်နေတယ်..၊ ဘယ်နေရာကို ရောက်နေတယ်.. စသဖြင့် အချိန်နဲ့တပြေးညီ အကုန်လုံးသိနေပါတယ်..။ အခုဆိုရင် အကုန်လုံးနီးပါး အသင်းကိုပြန်ရောက်နေပါပြီ ဆိုပေမယ့် လူစုံတက်စုံတော့ မဟုတ်သေးပါဘူး..။
ဒ့ါကြောင့်အမြန်ဆုံး လူပြန်စုံဖို့၊ အသင်းနဲ့အတူ အကောင်းဆုံး ပြန်လည်လေ့ကျင့်ပြီး အကောင်းဆုံးခြေစွမ်းကို အမြန်ဆုံး ပြန်လည်ရရှိဖို့က အရေးကြီးဆုံး ဖြစ်ပါလိမ့်မယ်..။”
မေး - မှန်ပါတယ်..။ နွေရာသီအားလပ်ရက်အချိန်မှာ ခင်ဗျားဘယ်ကိုရောက်နေတယ်..၊ ဘာတွေလုပ်နေတယ်.. ဆိုတာ ဆိုရှယ်မီဒီယာကနေတဆင့် ကျွန်တော်တို့လည်း တွေ့နေခဲ့ရပါတယ်..။
“ပြီးခဲ့တဲ့နွေရာသီ အားလပ်ရက်တွေမှာ ကျွန်တော်ဟာ ခွန်အားနဲ့ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်ဖို့ ကြိုးစားလေ့ကျင့်ခဲ့ပါတယ်..။ ကျွန်တော်သိခဲ့တဲ့ ကျွန်တော့်ရဲ့ အကောင်းဆုံး အခြေအနေကို ပြန်လည်ရောက်ရှိဖို့ ရည်မှန်းချက်ထားခဲ့ပါတယ်..။ အနားရခဲ့တဲ့ ခြောက်ပတ်ထဲမှာ တစ်ပါတ်ပဲ အားလပ်ရက်ယူပြီး ကျန်တဲ့ငါးပတ်လုံးလုံး ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှာပဲ ရှိနေခဲ့ပါတယ်..။ ဒ့ါကြောင့်သူများတွေတက်စောပြီး ကြိုတင်ပြင်ဆင်၊ လေ့ကျင့်ခဲ့တယ်လို့ပဲ ပြောရမှာပါ..။ အခုဆိုရင် အရင်ထက်ပိုပြီး သန်မာလာတယ်လို့ ခံစားနေရပါတယ်..။ လာမယ့်ရာသီသစ်မှာ ပုံစံအသစ်၊ ကစားဟန်အသစ်နဲ့ ကျွန်တော့်ကို မြင်တွေ့ကြရပါလိမ့်မယ်..။”
မေး - ခင်ဗျားရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေ ပိုပြီးသန်မာလာအောင် လေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့တာ ဘာကြောင့်လဲဗျ..?
“အခုနှစ်ဘောလုံးရာသီမှာ ကျွန်တော့်ရဲ့ အဓိကရည်မှန်းချက်က ပိုပြီးသန်မာ၊ ကြံ့ခိုင်လာဖို့ ဖြစ်ပါတယ်..။ မနှစ်က ဘောလုံးရာသီမှာ ဘောလုံးကိုဆွဲပြေးရင်း ဒီထက်သာ သန်မာမယ်ဆိုရင် အကုန်လုံးကို တွန်းတိုက်ပြီး ဖယ်ထုတ်ပစ်လို့ရတယ်.. ဆိုတဲ့ ခံစားချက် ရရှိခဲ့တာ အကြိမ်ကြိမ်အခါခါပါပဲ..။ ဒါ့ကြောင့်ကြွက်သားတွေ ပိုပြီးကြီးမား လာတဲ့အခါ ပြိုင်ဘက်တွေကလည်း သူတို့နဲ့အပြိုင် တွန်းတိုက်နိုင်စွမ်း ရှိတယ်ဆိုတာ သိသွားပါလိမ့်မယ်..။ ဒ့ါကြောင့်ကျွန်တော်ဟာ အတွန်းအတိုက် မခံရတော့ပဲ ကိုယ်ကသာစပြီး ပြိုင်ဘက်တွေကို တွန်းတိုက်၊ လှဲချနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာပါ..။”
မေး - ဟုတ်ပါတယ်..။ မနှစ်ကဘောလုံးရာသီ၊ ဒုတိယပိုင်းမှာ ခင်ဗျားဟာ ကြံ့ခိုင်မှုပြဿနာကြောင့် အခက်အခဲကြုံခဲ့ရပြီး ဇန်နဝါရီကနေစလို့ (၉) ပွဲပဲ ကစားခဲ့ရပါတယ်..။ ခင်ဗျားရဲ့နောက်ဆုံးပွဲဟာ မတ်လမှာ လူတန် တောင်း အသင်းနဲ့ ကစားခဲ့ရတဲ့ပွဲ ဖြစ်ခဲ့ပြီး အဲဒီပွဲမှာ ဒဏ်ရာရခဲ့တာနော်..။ မနှစ်က ဘောလုံးရာသီမှာ ခင်ဗျားကြုံခဲ့ရတဲ့ ဒဏ်ရာပြဿနာ၊ ကြံ့ခိုင်မှုပြဿနာအကြောင်း ပြောပြနိုင်မလား..? ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျားကြုံခဲ့ရတဲ့ အခက်အခဲတွဟာ လူတွေထင်မှတ်ထားတာထက် ပိုပြီးရှုပ်ထွေးခဲ့တယ် မဟုတ်လားဗျ..
“မှန်ပါတယ်..။ ကျွန်တော်ဟာ နောက်ကျောထဲက အာရုံကြောတစ်ချောင်း ညှပ်ခဲ့တဲ့ဒဏ်ကို ခံစားခဲ့ရပါတယ်..။ တစ်ကိုယ်လုံးကို ကျင်ထွက်သွားတာပါပဲ..။ ဒ့ါကြောင့်ကြွက်သား လေ့ကျင့်ခန်းတွေကို အားစိုက်ပြီး လေ့ကျင့်နိုင်ဖို့ ခက်ခဲခဲ့ပါတယ်..။ အကျိုးဆက်ကတော့ ခြေထောက်တွေမှာ အားမရှိတော့တာပေ့ါဗျာ..။ ကျွန်တော်ဟာ (၁၀) ကိုက်လောက်ကို ဘောလုံးပေးနိုင်ဖို့ ကြိုးစားပေမယ့် ပေးလိုက်တဲ့ဘောလုံးဟာ အားမပါပဲ ဖြစ်နေခဲ့ပါတယ်..။
အဲဒီအာရုံကြော ပြဿနာဟာ ဒီဇင်ဘာလတုန်းက ခံစားခဲ့ရတဲ့ ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်နိုင်ပါတယ်…။ ကိုဗစ်ရောဂါဟာ အချိန်အကြာကြီး ဒုက္ခပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး…။ အဲဒီနောက်ပိုင်းမှာ ခြေကျင်းဝတ် အရွတ်ကြော (Achilles tendon) ဒဏ်ရာရပါတယ်..။ ခြေကျင်းဝတ်ကြော ဒဏ်ရာကလည်း အတော့်ကို ဆိုးသဗျ..။ ဥပမာ ပြေးနေပြီဆိုရင် အရွတ်ကြောမှာ အားမထည့်နိုင်တာကြောင့် ခြေမကိုပဲ ကုတ်ပြီးပြေးနေရတာမျိုးပေ့ါဗျာ..။
ခြေကျင်းဝတ် အရွတ်ကြောမှာ အားမထည့်နိုင်တာကြောင့် ကျွန်တော်ဟာ ပြေးတဲ့ပုံစံကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်..။ အဲဒီမှာ နောက်ကျောက ပြဿနာ ထပ်ဖြစ်ပြန်ပါတယ်..။ အခုတော့ အားလုံးကောင်းသွားပါတယ်..။ ကျွန်တော့်ရဲ့ ခြေကျင်းဝတ် အရွတ်ကြောနဲ့လည်း အားပြန်ထည့်လို့ ရသွားပြီ ဖြစ်သလို နောက်ကျောက အာရုံကြော ပြဿနာလည်း မရှိတော့ပါဘူး..။ ကျွန်တော်ဟာ အရင်ကလို အင်ပြည့်အားပြည့် ပြန်လည်လေ့ကျင့် နိုင်ခဲ့တဲ့အပေါ်လည်း ကျေနပ်ပါတယ်..။ ခွန်အားအပြည့် အားထုတ်နိုင်ဖို့၊ အရင်လို အမြန်နှုန်းနဲ့ ကစားနိုင်ဖို့ ရည်မှန်းထားပါတယ်..။”
မေး - ဒါပေမယ့် အဲဒီလို ဒဏ်ရာပြဿနာနဲ့ ကာလအရှည်ကြီး အနားယူရတာဟာ ခင်ဗျားအတွက် ပထမဆုံးအကြိမ် မဟုတ်ပါဘူးနော်..။ ပြီးခဲ့တဲ့နှစ်တွေတုန်းကရော အဲဒီလို ဒဏ်ရာကြောင့် အချိန်အကြာကြီး အနားယူရတဲ့အခါ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံခဲ့ရလဲ..? ဘယ်လိုတွေ ကျော်ဖြတ်ခဲ့ရလဲ..?
“ခက်ခဲပါတယ်.။ ပထမဆုံးအကြိမ် ခြေကျင်းဝတ် အရွတ်ကြော ဒဏ်ရာရတဲ့အချိန်တုန်းက ကျွန်တော်ဟာ အသင်းမှာ ပုံမှန်ကစားခွင့် ရနေသလို ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြနေခဲ့တဲ့အချိန် ဖြစ်ပါတယ်..။ ဒ့ါကြောင့်အကြိုဗိုလ်လုပွဲ၊ ဗိုလ်လုပွဲတွေအတွက် မျှော်လင့်ချက်တွေကြီးမားပြီး အိပ်မက်ကောင်းနေစဉ်မှာ အဲဒီလို ဒဏ်ရာဆိုးနဲ့ ကြုံခဲ့ရတာကြောင့် အရမ်းကိုစိတ်ပျက်ခဲ့ရပါတယ်..။
အခုတစ်ကြိမ် ထပ်ပြီးကြုံလာရပြန်တော့လည်း ဒါမျိုးဟာ ဖြစ်တတ်ပါတယ်လို့ပဲ ဖြေသိမ့်ရပါတယ်..။ ဒါပေမယ့် လက်ကျန်ကစားသမားဘဝမှာ ကျွန်တော့်ရဲ့ ရည်မှန်းချက်တစ်ခုက ဒဏ်ရာပြဿနာ ကြုံတွေ့ရမှု နည်းပါးနိုင်သမျှ နည်းပါးနိုင်အောင် ကြိုးစားဖို့လည်း ပါဝင်ပါတယ်..။ ဒ့ါကြောင့်လေ့ကျင့်ရမယ့် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကို (၁၀၀%) ရာခိုင်နှုန်းပြည့် ကြိုးစားလေ့ကျင့်ပါမယ်..။ ဒီလိုနည်းအားဖြင့် ပွဲစဉ်တိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ပါလိမ့်မယ်..။”
မေး - မနှစ်က ဘောလုံးရာသီမှာ ခင်ဗျားရဲ့အကောင်းဆုံးပုံစံ ရခဲ့တဲ့အချိန်က ဘယ်တောင်ပံမှာ ကစားနေခဲ့ရတဲ့ ဆောင်းဦးအဝင် ကာလတွေပဲ ဖြစ်ပါလိမ့်မယ်..။ ခင်ဗျားဟာ ဘယ်တောင်ပံကနေ သွင်းဂိုးတွေ ရခဲ့တယ်..၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့သလို အဲဒီကာလ ပွဲစဉ် (၁၁) ပွဲမှာ (၁၀) ပွဲ ပါဝင်ခဲ့ရပြီး (၈) ပွဲအနိုင်ရခဲ့ပါတယ်..။ အဲဒီလို ပွဲထွက်နေရာ ပြန်လည်ရရှိအောင် ဘယ်လိုတိုက်ပွဲဝင်သွားဖို့ ပြင်ဆင်ထားလဲ..?
“ကျွန်တော်ကတော့ တတ်နိုင်သမျှ ကစားခွင့်ရချင်ပါတယ်..။ ပုံမှန်ကစားခွင့်ရမှပဲ တည်ငြိမ်တဲ့ခြေစွမ်း (consistency) ကို ရရှိမှာပါ..။ ဒ့ါကြောင့်ကျွန်တော်ဟာ ကစားခွင့်ရနိုင်သမျှ ကြိုစားကစားရဖို့ လိုအပ်ပါတယ်..။ အဲဒီ (၁၀) ပွဲဆက် ကစားခွင့်ရတဲ့ကာလမှာ ကျွန်တော်အနှစ်သက်ဆုံး ဘယ်တောင်ပံ တိုက်စစ်ကနေ ကစားခွင့်ရခဲ့တာကိုလည်း အရမ်းကျေနပ်မိပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ ဘယ်လိုကစားလိုက်ရင် အကောင်းဆုံး ခြေစွမ်းပြနိုင်မယ်..၊ ဘယ်လိုပုံစံ ကြိုစားလို့ရတယ်ဆိုတာ သိနေတဲ့အတွက် ဖြစ်ပါတယ်..။
အဲဒီအချိန်က ကျွန်တော်တို့ဟာ နိင်ပွဲဆက်နေသလို အမှတ်ပေးဇယား ထိပ်ဆုံးမှာလည်း ရှိနေတာကြောင့် အစစအရာရာ အဆင်ပြေ ချောမွေ့နေပါတယ်..။ အဲဒီအချိန်မှာ ဒဏ်ရာရခဲ့တာဟာ တကယ့်ကို ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ..။ ဒါပေမယ့် အခုအချိန်မှာ အရင်က ရရှိခဲ့ဖူးတဲ့ပုံစံနဲ့ခြေစွမ်းကို ပြန်လည်ရရှိဖို့ အရမ်းကိုဆန္ဒပြင်းပြ နေတာဟာလည်း ကျွန်တော့်အတွက် ကြီးမားတဲ့ တွန်းအားတစ်ခုလို့ ပြောရမှာပါ..။”
မေး - ဒီနေ့မှာ ထွက်ခွာမယ့် အမေရိကန် ပြည်ထောင်စု ခရီးစဉ်ဟာ ခင်ဗျားတို့အတွက် ကွင်းတွင်း၊ ကွင်းပြင် အတွေ့အကြုံသစ်တွေ အများကြီးရလိမ့်မယ်လို့ ယုံကြည်ရပါတယ်..။ အဲဒီခရီးစဉ်ကနေ ဘာတွေပြန်လည်ရရှိဖို့ မျှော်လင့်ထားတာရှိလဲဗျ..?
“အမေရိကန် ပြည်ထောင်စုကို အရင်တုန်းက တစ်ခါမှ မရောက်ဖူးပါဘူး..။ ဒ့ါကြောင့်ကျွန်တော့်အတွက် ပထမဆုံးအကြိမ် ရောက်ဖူးတာ ဖြစ်ပါလိမ့်မယ်..။ အမေရိကန် ပြည်ထောင်စုဟာ အလည်အပတ်သွားဖို့ ကောင်းမွန်တဲ့ နေရာတစ်ခုဖြစ်ပြီး နွေးထွေးပူပြင်းတဲ့ ရာသီဥတုရှိတယ်လို့ သိရပါတယ်..။ ကျွန်တော်တို့အတွက် အဆင်ပြေ ချောမွေ့တဲ့ ခရီးစဉ် ဖြစ်လာပါလိမ့်မယ်..။ အရင်တုန်းက အဲဒီကိုသွားဖို့ စိတ်ကူးခဲ့ဖူးပေမယ့် ဒဏ်ရာနဲ့ တခြားကိစ္စတွေကြောင့် အထမမြောက်ခဲ့ပါဘူး..။ ဒ့ါကြာင့်အခုလို အသင်းသားတွေနဲ့အတူ သွားရောက်ခွင့်ရတဲ့ ခရီးစဉ်ဟာ အထူးကျေနပ်ဖို့ ကောင်းပါလိမ့်မယ်ဆိုတာ အသေအချာပါပဲ…။
ကျွန်တော်တို့ အပြင်ကိုသွားတဲ့ အသင်းသားတွေအားလုံး အတူတူသွားကြရမှာပါ..။ ဒ့ါကြောင့်အထူး ပျော်ရွှင်ဖို့ကောင်းမှာ ဖြစ်တဲ့အပြင် တစ်ဘက်ကလည်း အစွမ်းကုန် ကြိုးစားလေ့ကျင့်ရင်း လာမယ့် ဘောလုံးရာသီသစ်အတွက် အကောင်းဆုံး ပြင်ဆင်နိုင်ဖို့လည်း လိုအပ်ပါတယ်..။”
မေး - ဟုတ်ကဲ့ပါ..။ အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ ပိုင်ရှင်သစ်တွေနဲ့အတူ ကဏ္ဍသစ်တစ်ခုကို လျှောက်လှမ်းနေရပါပြီ..။ အဲဒီအတွက် စိတ်ဝင်စားမှုတွေ၊ စိတ်လှုပ်ရှားစရာတွေ အများအပြား ရှိနေခဲ့မှာ အသေအချာပါပဲ..။ အဲဒီလို အပြောင်းအလဲတွေဟာ ခင်ဗျားတို့ရဲ့ အဝတ်လဲခန်းထဲက ပြင်ဆင်မှုတွေ၊ ပွဲကြိုပြင်ဆင်မှုတွေအပေါ် ရိုက်ခပ်မှု ရှိနိုင်မလား..?
“အခုအချိန်မှာ ရာသီအသစ် စတင်မယ့် ခံစားချက် တစ်ခုပဲ ရှိနေပါတယ်..။ ကျွန်တော်တို့အတွက် ကြီးမားတဲ့ ရိုက်ခပ်မှု၊ အပြောင်းအလဲတွေ ရှိလာတယ်လို့တော့ မထင်ပါဘူး..။ ကျွန်တော်တို့ဟာ တတ်နိုင်သမျှ အဲဒီအပြောင်းအလဲတွေနဲ့ မပတ်သက်အောင် ကြိုးစားခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ လေ့ကျင့်ဖို့၊ ပွဲကစားဖို့အတွက်ပဲ အာရုံစိုက်ပြီး တတ်စွမ်းသမျှ အကောင်းဆုံး ကြိုးစားသွားဖို့ပဲ ရှိပါတယ်..။
အပြောင်းအလဲ ကြီးကြီးမားမားတွေ ဖြစ်နေတာကို မြင်တွေ့နေရပေမယ့် ကျွန်တော်တို့ဟာ ဘောလုံးကစားဖို့၊ ကြိုးစားလေ့ကျင့်ဖို့အပေါ်ကိုပဲ ပိုပြီးအာရုံစိုက် ရပါတယ်..။ အခုလာမယ့် ရက်သတ္တပါတ်တွေမှာလည်း အဲဒီအတိုင်းပဲ ဖြစ်ပါလိမ့်မယ်..။”