feature-image

နေပယ်လ်မြို့သားတွေရဲ့ ‘Captain, Leader, Legend’ (သို့မဟုတ်) ‘ကာလီဒူ ကူလီဘေလီ’…

ပြီးခဲ့တဲ့ငါးနှစ်လောက်ကစပြီး အပြောင်းအရွှေ့ရာသီအချိန် ရောက်လာတိုင်း နာပိုလီအသင်းက ဆီနီဂေါနောက်ခံလူ ကာလီဒူ ကူလီဘေလီ ရဲ့ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီး ခြောက်သင်းစလုံးနဲ့ ကောလဟာလ သတင်းတွေ ပုံမှန်ထွက်ပေါ်လေ့ရှိပါတယ်..။ ဒါပေမယ့် ဒီတစ်ခါ နွေရာသီအပြောင်းအရွှေ့ ကာလမှာတော့ ၂၀၁၆ ခုနှစ်တုန်းက သူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) နဲ့ ရောက်ရှိလာခဲ့ပါပြီ..။

“နေပယ်လ်မြို့ကို လာဖူးတဲ့သူတိုင်း ရောက်လာချိန်မှာ တစ်ခါငိုကြွေးရသလို ခွဲခွာချိန်မှာလည်း နောက်တစ်ခါ ငိုကြွေးရတယ်..” ဆိုတဲ့ ဆိုရိုးစကား ရှိခဲ့ပါတယ်..။

မနေ့ကညပိုင်း နာပိုလီအသင်းပရိသတ်ကို နှုတ်ဆက်စကား ပြောကြားလိုက်ချိန်မှာ သူကိုယ်တိုင် သာမက မိုးပြာရောင် နာပိုလီအသင်းနဲ့ ဆက်နွယ်နေသူတိုင်း မျက်ရည်တွေ ဝိုင်းခဲ့ကြပါလိမ့်မယ်..။ ဒါပေမယ့် အခုတစ်ကြိမ် ကူလီဘေလီ ရဲ့ ညောင်ညိုပင်လမ်းခွဲကို သူတို့တွေဟာ အကောင်းဘက်က ရှုမြင်ပေးကြပါလိမ့်မယ်..။ ဘာဖြစ်လို့ပါလဲ…? ‘အနည်းဆုံးတော့ ဂျူဗင်တပ်စ်အသင်းကို ရောက်မသွားခဲ့ဘူး…’

တကယ်လို့သာ bianconeri ဖြူနက်ကျား ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် ၂၀၁၆ ခုနှစ်တုန်းက ဂွန်ဇာလို ဟီဂူရင် ထက်ပိုပြီး ဆိုးရွားတဲ့တုံ့ပြန်မှုတွေ ခံစားရပါလိမ့်မယ်..။ အဲဒီအချိန်တုန်းက အာဂျင်တီးနား တိုက်စစ်မှူးရဲ့ ဂျာစီအင်္ကျီတွေ မီးရှို့လိုက်တာ၊ သူ့ရဲ့ဓါတ်ပုံတွေကို နင်းခြေ၊ အိမ်သာခွက်ထဲ ထည့်ပစ်တာတွေ အပါအဝင် နေပယ်လ်မြို့က စားသောက်ဆိုင် တစ်ခုကဆိုရင် ဟီဂူရင် ဂျူဗင်တပ်စ်အသင်းမှာ ဒဏ်ရာရတာနဲ့ ပီဇာတစ်ချပ်ကို ယူရို (၁) ကျပ်နဲ့ promotion ပေးပါမယ်လို့ ကြော်ငြာခဲ့ဖူးပါတယ်..။



နေပယ်လ် ဘုရားကျောင်းက ဘုန်းတော်ကြီးတစ်ပါးကတော့ လူသားတွေရဲ့ ပျော့ညံ့မှု၊ ဆိုးညစ်တဲ့ စိတ်ဓါတ်တွေအကြောင်း တရားဟောစဉ်မှာ ဟီဂူရင် ရဲ့ အပြောင်းအရွှေ့ကို ဥပမာပေး ခိုင်းနှိုင်းခဲ့ပါတယ်..။ ဟီဂူရင် ရဲ့ သစ္စာဖောက်မှုကို သူတို့တွေဘယ်တော့မှ မေ့ပစ်မှာမဟုတ်သလို လုံးဝခွင့်လွှတ်ကြမှာ မဟုတ်ပါဘူး..။ ဒါ့ကြောင့်သူတို့တွေရဲ့ အာဖရိက သံမဏိကျောက်ဆောင်ကြီးဟာ ဂျီယိုဂီယို ချီလီနီ ရဲ့ နေရာကို အစားထိုးဖို့အတွက် ဂျူဗင်တပ်စ် အသင်းကို မပြောင်းခဲ့ပဲ ပရီးမီးယားလိဂ် ရပ်ဝန်းက ချယ်လ်ဆီးအသင်းကို မြန်မြန်ဆန်ဆန် ရွေးချယ်သွားတာကို နေပယ်လ်မြို့သားတွေ အများကြီးစိတ်သက်သာရာ ရခဲ့ကြပါလိမ့်မယ်..။

တကယ်တော့ နေပယ်လ်မြို့သားတွေဟာ ဆီနီဂေါ အသင်းခေါင်းဆောင်ကြီးကို ဟီဂူရင် ထက်ပိုပြီး ချစ်ကြပါတယ်..။ အာဂျင်တီးနား တိုက်စစ်မှူးဟာ နာပိုလီအသင်းနဲ့သုံးရာသီမှာ အီတလီစီးရီးအေရဲ့ တစ်ရာသီသွင်းဂိုးအများဆုံး ရရှိခဲ့တဲ့ ကစားသမားအဖြစ်စံချိန် အပါအဝင် လျှမ်းလျှမ်းတောက် အောင်မြင်မှု ရရှိခဲ့ပေမယ့် ကူလီဘေလီ ဟာ မိုးပြာရောင် နာပိုလီအသင်းကို ရှစ်နှစ်လုံးလုံး ဂုဏ်ထူးမှတ် ရလောက်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ပခုံးထမ်း တွန်းတင်ပေးခဲ့ပါတယ်..။ တကယ်တော့ နည်းပြ စပါလက်တီ ဟာ တိုရွန်တို အသင်းဆီ ထွက်ခွာသွားခဲ့တဲ့ လော်ရန်ဇို အင်ဆစ်ဂ်နေး ရဲ့ အရိုက်အရာကို ဆက်ခံမယ့် အသင်းခေါင်းဆောင်အဖြစ် ကူလီဘေလီ ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်..။

အဲဒီလို အစီအစဉ်နဲ့အတူ တစ်နှစ်ပဲကျန်ရှိတော့တဲ့ ‘K2’ ရဲ့ စာချုပ်သက်တမ်းကို တိုးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အခုတစ်ကြိမ်ဟာ အသက် (၃၁) နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကူလီဘေလီ အတွက် ဥရောပက ထိပ်တန်းအသင်းကြီး တစ်သင်းကို ရောက်ရှိနိုင်မယ့် နောက်ဆုံးအခွင့်အရေးပါပဲ..။ ဒ့ါကြောင့်စာချုပ်သက်တမ်းတိုးဖို့ သူ့ရဲ့ငြင်းဆန်မှုဟာ အံ့သြစရာ မဟုတ်ခဲ့ပါဘူး..။

သူ့ရဲ့နှုတ်ဆက်စာထဲမှာ ‘စွန့်စားမှုအသစ်ကို ရှာဖွေဖို့ အချိန်ရောက်လာပြီ ဖြစ်တဲ့အတွက်..’ ဆိုတဲ့ အကြောင်းချက်ဟာ မှန်ကန်ပေမယ့် နာပိုလီအသင်းမှာ ဒီလောက်အကြာကြီး ရှိနေခဲ့တာဟာ အံ့သြဖို့ ကောင်းခဲ့ပါတယ်..။ ပြီးခဲ့တဲ့ ငါးနှစ်ကျော်အတွင်း ထိပ်တန်းအသင်းကြီးတွေဟာ နာပိုလီအသင်းကနေ သူ့ကိုခေါ်ယူနိုင်ဖို့ ဥက္ကဌ အော်ရီလီယို ဒီ လော်ရန်းတစ် ကို အမျိုးမျိုး သွေးဆာင်ခဲ့ကြသလို စတာလင်ပေါင် (၁၀၇) သန်း (ယူရိုသန်း ၁၂၀) အထိ ပေးပြီးကမ်းလှမ်းခဲ့မှုတွေ (မန်ချက်စတာ ယူနိုက်တက်) ကိုတောင် ငြင်းပယ်ခဲ့ဖူးတယ်လို့ ဆိုကြပါတယ်..။



ကူလီဘေလီ ဟာ နာပိုလီအသင်းကို ပခုံးထမ်းရွက် မောင်းနှင်ခဲ့ပေမယ့် ဆုဖလားဆိုလို့ ၂၀၂၀ ခုနှစ်က ကိုပါ Coppa Italia ဖလားတစ်ကြိမ်ပဲ ရှိခဲ့ပါတယ်..။ ဒါ့အပြင် နာပိုလီအသင်းက သူ့ရဲ့အကြောင်း ပြောမယ်ဆိုရင် ဖျက်လို့မရတဲ့ အစွန်းအထင်းတစ်ခု အကြောင်းကိုလည်း ချန်ထားခဲ့လို့မရပါဘူး..။

၂၀၁၇/၁၈ ဘောလုံးရာသီ..၊ စီးရီအေ ချန်ပီယံဆုဖလားအတွက် ဂျူဗင်တပ်စ်အသင်းနဲ့ သူတင်ကိုယ်တင် ဖြစ်နေချိန် တူရင်မြို့က သူတို့နှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲစဉ်မှာ ကူလီဘေလီ ဟာ အဲဒီပွဲစဉ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး နေပယ်လ်သားတွေအတွက် အနိုင်ပွဲကို ဆောင်ယူပေးခဲ့ပါတယ်..။ ဒ့ါကြောင့် ရာသီကုန်ဖို့ လေးပွဲကျန်တော့တဲ့ အခြေအနေမှာ ဂျူဗင်တပ်စ်အသင်းကို တစ်မှတ်အကွာနဲ့ ဖိအားပေးနိုင်ခဲ့ပါတယ်..။

အဲဒီလိုနိုင်ပွဲနဲ့အတူ ပြန်လာခဲ့ကြတဲ့ အသင်းသားတွေကို နေပယ်လ်မြို့သူ့မြို့သား (၂၀,၀၀၀) ကျော်က စောင့်ကြိုပြီး အောင်ပွဲတွေခံခဲ့ကြပါတယ်...။ တချို့တွေကတော့ ပြိုင်ပွဲမပြီးခင်မှာ ဆုဖလားရသလို အောင်ပွဲခံတာဟာ စောလွန်းတယ်ဆိုပြီး ဝဖေန်ခဲ့ကြပါတယ်..။ နောက်တစ်ပါတ်ကျတော့ ဖီအိုရင်တီးနား အသင်းရဲ့ Stadio Artemio Franchi ကစားကွင်းပွဲစဉ်၊ ပွဲချိန် (၈) မိနစ်မှာတင် ကူလီဘေလီ ဟာ ဂျီအိုဗန်နီ ဆီမြွန်နီ ကို အဖျက်ကြမ်းပါတယ်.. ဆိုပြီး တိုက်ရိုက်အနီကတ်ဒ် အပြခံခဲ့ရပါတယ်..။ တစ်ယောက်လျော့နဲ့ နာပိုလီအသင်းဟာ ၃ဂိုးပြတ် ရှုံးနိမ့်ခဲ့သလို နာပိုလီအသင်းရဲ့ စီးရီးအေဆုဖလား မျှော်လင့်ချက်ဟာ အဲဒီရလဒ်နဲ့အတူ နိဂုံးချုပ်၊ အဆုံးသတ်သွားခဲ့ပါတယ်..။ နာပိုလီအသင်းဟာ အဲဒီဘောလုံးရာသီမှာ အသင်းရဲ့ တစ်ရာသီအတွင်း စံချိန်တင်ရမှတ်အနေနဲ့ (၉၁) မှတ်အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်..။

မနှစ်ကဘောလုံးရာသီမှာလည်း လက်ကျန် (၁၁) ကျန်တော့တဲ့အချိန်မှာ အမှတ်ပေးဇယားထိပ် တက်ရောက်နိုင်ခဲ့ပြီး မီလန်နှစ်သင်းကို စိန်ခေါ်နိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ချန်ပီယံဖြစ်မယ့် မီလန်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲက စတင်လို့ မတ်လ (၆) ရက်နေ့ကနေ ဧပြီလကုန်အတွင်း ယှဉ်ပြိုင်ခဲ့ရတဲ့ (၇) ပွဲအတွင်း (၃) ပွဲသာ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးချန်ပီယံဆုအတွက် မျှော်လင့်ချက် နောက်ထပ်တစ်ကြိမ် ချုပ်ငြိမ်းသွားခဲ့ရပြန်ပါတယ်..။

ရာသီကုန်တာနဲ့ ကူလီဘေလီ ရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ ထုံးစံအတိုင်း လှုပ်ခပ်လာပြန်ပါတယ်..။ အထူးသဖြင့် ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ယူရိုပါ လိဂ်ဖလားပွဲစဉ်မှာ ထူးရှယ်ခြေစွမ်းပြခဲ့တာကြောင့် ကမ့်ပ်နူး ကိုများ ပြောင်းရွှေ့တော့မလား.. ဆိုတဲ့ ထင်မြင်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်..။ နာပိုလီနည်းပြ စပါလက်တီ ကတော့ အဲဒီညပွဲစဉ်က သူ့ရဲ့ခြေစွမ်းအပေါ် ‘ကြောက်ခမန်းလိလိ ခြေစွမ်းပါပဲ..’ လို့ မှတ်ချက်ပေးခဲ့ပါတယ်..။



“ကျွန်တော်ဟာ ကာလီဒူ ကို အထူးလေးစားပါတယ်..။ အထူးသဖြင့် သူ့ရဲ့တည်ငြိမ်မှု (calmness) နဲ့ အသင်းကို ဦးဆောင်နိုင်တဲ့ တာဝန်ကို ထမ်းရွက်နိုင်စွမ်းကို ဖြစ်ပါတယ်..။ သူဟာအမြဲတမ်း အသင့်ရှိနေပြီး ပွဲရဲ့အခြေအနေကို လိုအပ်သလို ထိန်းချုပ်နိုင်တဲ့စွမ်းရည်နဲ့ ပြည့်စုံတဲ့သူ ဖြစ်ပါတယ်..။”

ကူလီဘေလီ ရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေကလည်း စပါလက်တီ ရဲ့ အကဲဖြတ်ချက်ကို ပံ့ပိုးထောက်ခံပေးနေပါတယ်..။ ဘယ်လ်ဂျီယမ်လိဂ် ပြိုင်ပွဲဝင် ဂျန့်ခ် အသင်းကနေ စတာလင်ပေါင် (၆.၅) သန်းနဲ့ ရောက်လာခဲ့ပြီးတဲ ၂၀၁၄ ခုနှစ်နောက်ပိုင်း အီတလီ စီးရီးအေပြိုင်ပွဲက စွမ်းဆောင်ရည် အချက်အလက်တွေ ကြည့်မယ်ဆိုရင် ကူလီဘေလီ ဟာ ဘောလုံးပေးပို့မှု (passes) (၁၄,၅၂၈) ကြိမ်၊ ဘောလုံးဖျက်ထုတ်မှု (tackles won) (၃၄၄) ကြိမ်နဲ့ ဘောလုံးပြန်လည်အရယူနိုင်မှု (recoveries) (၁၇၁၆) ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး စီးရီးအေက ကစားသမားတိုင်းထက် သာလွန်ခဲ့ပါတယ်..။

မနှစ်ကဘောလုံးရာသီမှာ သူ့ရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည် အချက်အလက်တွေကို ကြည့်မယ်ဆိုရင် တစ်ပွဲကိုပျမ်းမျှ (၁.၄) ကြိမ် ဖျက်ထုတ် (tackles) နိုင်ခဲ့ပြီး ဘောလုံးလမ်းကြောင်း ဖျက်တောက်မှု (interceptions) ပျမ်းမျှ (၁.၁) ကြိမ်၊ ဘောလုံးရှင်းထုတ်နိုင်မှု (clearances) ပျမ်းမျှ (၃.၁) ကြိမ်နဲ့ ပိတ်ဆို့နိုင်မှု (blocks) ပျမ်းမျှ (ဝ.၉) ကြိမ် ရှိခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းက စိတ်ဝင်စားခဲ့တယ်ဆိုတဲ့ မက်သီးယက်စ် ဒီ လစ်၊ မီလန် စကရီးနီးယား တို့ရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကူလီဘေလီ ဟာ ဘောလုံးလမ်းကြောင်း ဖျက်တောက်မှု (interceptions) နဲ့ ပိတ်ဆို့နိုင်မှု (blocks) အပိုင်းတွေမှာ သိသိသာသာ သာလွန်ခဲ့ပါတယ်..။ (မက်သီးယက်စ် ဒီ လစ် က အမြင့်ဘော ရှင်းထုတ်မှု (aerial duels) တွေမှာ ပိုမိုကောင်းမွန်ပြီး စကရီးနီးယား ရဲ့ ဘောလုံးပေးပို့မှု (passes) အချက်အလက်တွေဟာ သူတို့ထဲမှာ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်..။)



သူဟာ တစ်ပွဲကိုပျမ်းမျှ ဘောလုံးပေးပို့ (passes attempted) (၆၁.၄) ကြိမ် ပြုလုပ်ခဲ့ပြီး တိကျမှု ရာခိုင်နှုန်း (pass accuracy rate) (၈၆.၉%) ရာခိုင်နှုန်းအထိ ရှိခဲ့တာကြောင့် ဘောလုံးပေးပို့၊ ဖြန့်ဝရောမှာ ကောင်းမွန်တယ်လို့ ပြောနိုင်ပါတယ်..။ မနှစ်ကဘောလုံးရာသီမှာ သုံးဂိုးသွင်း၊ သုံးဂိုးဖန်တီးပေးနိုင်ခဲ့သလို အဝါကတ်ဒ်၊ အနီကတ်ဒ် အပြခံရတဲ့ မှတ်တမ်းတွေလည်း ကောင်းမွန်တာကြောင့် စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာမရှိပါဘူး..။

သောမတ်စ် တူခယ်လ် အတွက် အဓိကစဉ်းစားရမယ့် ပြဿနာက ဒဏ်ရာကြောင့် မကြာခဏ အနားယူခဲ့ရတာပဲ ဖြစ်ပါလိမ့်မယ်..။ ကူလီဘေလီ ဟာ နောက်ဆုံးနှစ်နှစ်ခွဲအတွင်း ဒဏ်ရာကြောင့် ပွဲပေါင်း (၃၁) ပွဲကို လွဲချော်ခဲ့ပါတယ်..။ ဒ့ါကြောင့်အသက် (၃၁) နှစ်အရွယ် ကစားသမား တစ်ယောက်အနေနဲ့ အချိန်ကြာလာတာနဲ့အမျှ ကြံ့ခိုင်မှုအခြေအနေ ပိုမိုကျဆင်းနိုင်လာတာကြောင့် နည်းပြအနေနဲ့ ဆီနီဂေါအသင်းခေါင်းဆောင် ကစားသမားကို လိမ္မာ၊ ပါးနပ်စွာ အသုံးချနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။



တကယ်တော့ ကြံ့ခိုင်မှုအပြည့် ရှိနေမယ့် ကူလီဘေလီ ဟာ ရီးရဲလ် မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ အန်တိုနီယို ရူဒီဂါ ရဲ့ နေရာမှာ အသင့်တော်ဆုံး အစားထိုး ဖြည့်စွက်မှု ဖြစ်ပါတယ်..။ အထူသဖြင့် ခံစစ်ကြောင်းကို ကွင်းလယ်အထိတင်ပြီး (high block) ကစားလေ့ရှိတဲ့ တူခယ်လ် ရဲ့ သုံးယောက်တန်း ခံစစ်ကြောင်းမှာ သူ့ရဲ့ ဘောလုံးလမ်းကြောင်းမှန်းဆရာမှာ (anticipation) ကောင်းမွန်မှု၊ ဘောလုံးပေးပို့ရာမှာ သပ်ရပ်၊ ကောင်းမွန်မှုတွေအပြင် အရပ်အမောင်းနဲ့ (၁၈၅ စင်တီမီတာ - ၆ ပေ၊ ၁ လက်မ) ကြံ့ခိုင်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေဟာ ပြိုင်ဘက်တိုက်စစ်မှူးတွေအတွက် ကျောက်ဆောင်ကြီးတစ်ခုအလား ထင်မှတ်စေမှာပါ..။

ကာလီဒူ ဟာ နာပိုလီအသင်းနဲ့ ပထမဆုံး ဘောလုံးရာသီမှာ ရုန်းကန်ခဲ့ရပေမယ့် နည်းပြမော်ရစ္စဇီယို ဆာရီ လက်ထက်မှာ အထူးတောက်ပခဲ့တဲ့ ခြေစွမ်းနဲ့အတူ နောက်ပိုင်းမှာလည်း တည်ငြိမ်တဲ့ခြေစွမ်းကို တောက်လျှောက် ထိန်းထားနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်လက်ရှိဘောလုံးလောကရဲ့ ခြေစွမ်းတည်ငြိမ်မှုအရှိဆုံး ဗဟိုနောက်ခံလူတွေထဲက တစ်ယောက်အဖြစ် အားလုံးက တညီတညွတ်ထဲ လက်ခံထားကြတာပါ..။ သူဟာအဲဒီခြေစွမ်းကို နိုင်ငံလက်ရွေးစင်အသင်းအထိပါ ဆက်လက်သယ်ဆောင်ခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကဖလား ပြိုင်ပွဲမှာ ဆီနီဂေါနိုင်ငံအတွက် ပထမဆုံးအကြိမ် ဆုဖလားကြီး ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်..။ အထူးသဖြင့် နောက်ဆုံးဗိုလ်လုပွဲမှာ အီဂျစ်အသင်းက မိုဟာမက် ဆာလာ ကို လုံးဝမလှုပ်နိုင်အောင် ထိန်းချုပ်ပြီး သူ့ရဲ့ခံစစ်ပိုင်း တည်ငြိမ်မှုနဲ့ ခံစစ်ကြောင်းကို ဦးဆောင်နိုင်တဲ့ စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်..။

ဒါ့ကြောင့်ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရတဲ့ ဂိုးသမား အက်ဒ်ဒွပ် မန်ဒီ အနေနဲ့ သူ့ရဲ့နိုင်ငံလက်ရွေးစင် အသင်းခေါင်းဆောင်ရဲ့ အကာအကွယ်ပေးမှုအောက်မှာ အာဖရိက ဖလားပြိုင်ပွဲက လက်စွမ်းလက်စမျိုးနဲ့ ပိုမိုတောက်ပ၊ တောက်ပြောင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်..။ ဒါ့အပြင်သူ့ရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းမွန်မှုတွေ၊ ခံစစ်ကြောင်းကို ဦးဆောင်နိုင်တဲ့ စွမ်းရည်တွေအပြင် အဝတ်လဲခန်းထဲမှာပါ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ စွမ်းရည်တွေကြောင့် နည်းပြတူခယ်လ် အတွက် အသက်အရွယ် ရလာတဲ့ ဘရာဇီးလ် နောက်ခံလူ သီယာဂို ဆေးလ်ဗား ရဲ့ နေရာကို အစားထိုးနိုင်ဖို့ ကူလီဘေလီ ဟာ အသင့်တော်ဆုံးသူ ဖြစ်ပါလိမ့်မယ်..။

နည်းပြ စပါလက်တီ ဟာ နာပိုလီအသင်းကို ရောက်စတုန်းက သူ့ရဲ့အရည်အချင်း အစစ်အမှန်ကို ကောင်းကောင်းမသိခဲ့ပါဘူး..။ ဒါပေမယ့် နှစ်လလောက် ကြာချိန်မှာ သူ့ထက်ပိုပြီး ကောင်းမွန်တဲ့သူ နောက်ထပ်တွေ့ဖို့ မလွယ်တော့ဘူး.. လို့ ဝန်ခံခဲ့တဲ့အပြင် အာဖရိကသားကြီးဟာ ‘ထိပ်တန်းကစားသမား တစ်ယောက်သာမက ရင့်ကျက်တဲ့စိတ်ဓါတ်၊ ခံယူချက်တွေနဲ့ပါ ပြည့်စုံတဲ့သူ’ ဖြစ်တယ်လို့ အသိအမှတ် ပြုခဲ့ပါတယ်..။

မနှစ်ကဘောလုံးရာသီရဲ့ ပထမဆုံး international break ဖြစ်တဲ့ စက်တင်ဘာလကုန်ပိုင်း ကာလမှာ ကူလီဘေလီ ဟာ ဆီနီဂေါအသင်းအတွက် သွားရောက်ခဲ့ပါတယ်..။ သူဟာ ဂျူဗင်တပ်စ်အသင်းနဲ့ အရေးကြီးတဲ့ပွဲစဉ်ကို အမှီပြန်လာပါ့မယ်လို့ ပေးထားတဲ့ကတိအတိုင်း အခက်အခဲတွေကြားထဲကနေ ပေးထားတဲ့ကတိအတိုင်း မဖြစ်မနေ အရောက်ပြန်လာခဲ့တဲ့အကြောင်းကို နည်းပြကြီး စပါလက်တီ အခုလိုပြောပြခဲ့ပါတယ်..။

“ကာလီဒူ ဟာ အဲဒီပွဲအတွက် ပြင်ဆင်ဖို့ အချိန်ပိုရနိုင်အောင် လေယာဉ်ခရီးစဉ်ကို နှစ်ကြိမ်တိတိ ပြောင်းလဲခဲ့ရပါတယ်..။ အဲဒါနဲ့တင် မပြီးသေးပါဘူး..။ လေဆိပ်ကို ရောက်တာနဲ့ အိမ်ကိုအရင်မပြန်ပဲ လေ့ကျင့်ကွင်းကို တခါတည်းတန်းပြီး လာခဲ့တာပါ..။ တကယ့်ကို စံပြုလောက်တဲ့ အပြုအမူပါပဲ..။ သူဟာအသင်းဖော်တွေကို ကိုယ်တိုင်စံနမူနာပြအဖြစ် ရှေ့ကနေလမ်းပြပြီးမှ အတုယူစေတဲ့သူ ဖြစ်ပါတယ်..။ လူတိုင်းလူတိုင်းမှာ ကာလီဒူ ရဲ့ ခံယူချက်မျိုး၊ စိတ်ဓါတ်မျိုးနဲ့ ကြိုးစားမှုမျိုး နည်းနည်းလေးစီသာ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့နည်းပြတွေအတွက် လုပ်ရကိုင်ရတာ ပိုပြီးလွယ်ကူပါလိမ့်မယ်..။”

သူ့ရဲ့မခိုမကပ် ကြိုးစားပေးဆပ်မှုတွေကြောင့် စပါလက်တီ ဟာ ကာလီဒူ ကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင်ပါဘူး.။ မနှစ်ကနွေရာသီမှာ ဆီနီဂေါနောက်ခံလူဟာ အသင်းကနေ ထွက်ခွာလိမ့်မယ်လို့ သူယုံကြည်ခဲ့ပါတယ်..။ ဒ့ါကြောင့်တစ်ရက်မှာ ကူလီဘေလီ ကို ခေါ်ပြီး ‘အသင်းကနေ ထွက်ဖို့ကြိုးစားမယ်ဆိုရင် အခန်းထဲမှာ သံကြိုးနဲ့ချည်ပြီး ပိတ်ထားလိုက်မယ်..’ လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်..။ အကြိမ်ကြိမ် ညှိနှိုင်းရင်းနဲ့ နောက်ဆုံးမှာတော့ Stadio Diego Maradona ကစားကွင်းမှာ နောက်ထပ်တစ်ရာသီပဲ ထပ်နေပေးပါ.. လို့ မေတ္တာရပ်ခံခဲ့တယ်လို့ သတင်းတစ်ချို့က ဖော်ပြကြပါတယ်..။ ဒ့ါကြောင့်အခုလို ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် စိတ်အပျက်ရဆုံးသူတွေထဲမှာ နည်းပြ စပါလက်တီ ဟာ ထိပ်ဆုံးကနေ ပါဝင်နေမှာ ဧကန်ပါပဲ..။



ဒါပေမယ့်သူဟာ တိုက်စစ်မှူးဟီဂူရင် ကြုံတွေ့ခဲ့ရတဲ့ အမုန်းတရားတွေ၊ တုံ့ပြန်မှုမျိုးကို ခံစားရမှာမဟုတ်ပါဘူး..။ အပြန်အလှန်အနေနဲ့ ကူလီဘေလီ ဘက်ကလည်း အဖက်ဖက်က ပြည့်စုံတဲ့ နောက်ခံလူတစ်ယောက်အဖြစ် တိုးတက်ခွင့်ရလာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ နာပိုလီအသင်းနဲ့ ပရိသတ်အပေါ် ကျေးဇူးရှိနေသလို သူတို့မိသားစုကို ဇာတိမြေအလား ခံစားရအောင် နွေးထွေးခဲ့ကြတဲ့ နေပယ်လ်မြို့သူမြို့သားတွေကို ကျေးဇူးတင်ရှိကြောင်းကိုလည်း အကြိမ်ကြိမ်အခါခါ ထုတ်ဖော်ပြောခဲ့ပါတယ်..။ ဒ့ါကြောင့် ကာလီဒူ ဟာ လက်ရွေးစင်အသင်းအတွက် သွားရောက်ကစား ပေးနေချိန်တွေမှာတောင် နေပယ်လ်သားတွေက သူ့ရဲဆီနီဂေါ အသင်းကိုပဲ တခဲနက် အားပေးခဲ့ကြတဲ့အထိ သူ့အပေါ် ချစ်ခင်ခဲ့ကြပါတယ်..။

ကူလီဘေလီ ဟာ သူ့ရဲ့သားနှစ်ယောက်ကို နေပယ်လ်မြို့မှာ မွေးဖွားခဲ့တဲ့ နေပယ်လ်သားတွေအဖြစ် အမြဲတမ်းဂုဏ်ယူခဲ့သလို နေပယ်လ်မြို့နဲ့ သူတို့မိသားစုကြားက ကြီးမားလှတဲ့ ချစ်ခြင်းတရားတွေကြောင့် ဘယ်လိုနေရာမှာ သူ့ရဲ့ကစားသမားဘ၀ အဆုံးသတ်ခဲ့သည် ဖြစ်ပါစေ.. ဒီမြို့၊ ဒီမြို့သူမြို့သားတွေနဲ့ သူတို့မိသားစုကြားက ထုံမွမ်းထားတဲ့ မေတ္တာနှောင်ကြိုးတွေဟာ ကွယ်ပျောက်သွားမှာ မဟုတ်ပါဘူး..။

ဒ့ါကြောင့်နေပယ်လ်မြို့သူမြို့သားတွေဟာ ကူလီဘေလီ ရဲ့ ရှစ်နှစ်တာ အပြာရောင်ခရီးတစ်ခု အဆုံးသတ်သွားတဲ့အပေါ် သူတို့တွေ ဝမ်းနည်းကြပါလိမ့်မယ်..။ ဒါပေမယ့် သံမဏိ ကျောက်ဆောင်ကြီး တစ်ခုအလား မာကျော ကြံ့ခိုင်လှတဲ့ အီတလီတောင်ပိုင်းရဲ့ ‘Captain, Leader, Legend’ နောက်ခံလူကြီးဟာ မြောက်ပိုင်းက တူရင်မြို့ကို မပြောင်းပါဘူး.. လို့ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက ပေးထားခဲ့တဲ့ အဲဒီကတိအတိုင်း သူ့ရဲ့နောက်ထပ်ခရီးတစ်ထောက်ကို ဂျူဗင်တပ်စ်အသင်းမှာခိုနားဖို့ မရွေးချယ်ခဲ့တဲ့အပေါ် သူတို့တွေ ကျေနပ်ပေးကြပါလိမ့်မယ်..။

Reference
=======
- Koulibaly: Chelsea's new £34 million centre-back is a true captain, leader and legend, by Mark Doyle, Goal
- Kalidou Koulibaly is finally heading to the Premier League, but why has it taken so long? The Chelsea-bound defender described by Carlo Ancelotti as 'one of the best' he's worked with is a towering presence and could be the perfect fit for Thomas Tuchel, by Oliver Salt, Mail Online