feature-image

အပြာရောင် တိုက်စစ်မှူးသစ် ‘ရာဟင်း စတာလင်း’ နဲ့ တွေ့ဆုံခြင်း..

အမေရိကန် ဘီလျံနာ သူဌေးကြီး တော့ဒ် ဘိုလေး ဦးဆောင်သော အစုအဖွဲ့မှာ ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့ပြီး ပထမဆုံးပြုလုပ်ခဲ့သော ကြီးမားသည့်အပြောင်းအရွှေ့အဖြစ် မန်ချက်စတာ စီးတီးအသင်းမှ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်မှူး ရာဟင် စတာလင်း အား ခေါ်ယူခဲ့သည်..။ ချယ်လ်ဆီးအသင်း၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်တွင် လာရောက်ပူးပေါင်းခဲ့သည့် တိုက်စစ်မှူး စတာလင်း မှာ ချယ်လ်ဆီးအသင်း Official website နှင့် တွေ့ဆုံခဲ့ရာတွင် အနောက်လန်ဒန်သို့ ပြန်လာခဲ့သည့် ခရီးစဉ်အတွက် သူ၏ရည်မှန်းချက်နှင့် ယခုနှစ်ရာသီအတွက်  သူ၏မျှော်မှန်းချက်များကို အခုလိုပြောပြခဲ့ပါသည်..။

မေး - ရာဟင်း ရေ..၊ ချယ်လ်ဆီးအသင်းကနေ ကြိုဆိုပါတယ်နော်..။ ကဲ.. ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ရာသီကြိုခရီးစဉ်မှာ လာရောက်ပူးပေါင်းခဲ့ပြီး အခုလက်ရှိအချိန်ထိ ခင်ဗျားရဲ့အခြေအနေ ဘယ်လိုရှိလဲဗျ..?

“ဟုတ်ကဲ့ပါ..။ အခုပထမဆုံး ရက်သတ္တပါတ်ကတော့ သိပ်ကိုကောင်းတယ်လို့ ပြောရမှာပါပဲ..။ မယုံနိုင်လောက်အောင် မြန်မြန်ဆန်ဆန် အထိုင်ကျခဲ့တာကြောင့် အခုဆိုရင် ကျွန်တော့်ရဲ့အိမ်လိုပဲ ခံစားနေရပါပြီ..။ အသင်းဖော်သစ်တွေကလည်း ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုခဲ့ကြပါတယ်..။ ဒ့ါကြောင့်အရမ်းကို အဆင်ပြေ ချောမွေ့ခဲ့တဲ့ ရက်သတ္တပါတ်လို့ ပြောရမှာပါပဲ..။”

မေး - အခုအမေရိကန်ခရီးစဉ်မှာ ကြုံတွေ့နေရတဲ့ ပြင်းထန်တဲ့အပူချိန်နဲ့ စိုထိုင်းဆ (humidity) များပြားတဲ့ အခြေအနေတွေကရော ခင်ဗျားအတွက် အဆင်ပြေရဲ့လား..

“ဟုတ်ပါတယ်..။ အပူချိန်မြင့်မားတာကြောင့် ကျွန်တော်တို့ရဲ့ပြေးအား၊ အရှိန်နှုန်းတွေကို ထိခိုက်တာပေ့ါ..။ ဒါပေမယ့် အခုလိုပြင်းထန်တဲ့ ရာသီဥတု၊ ပတ်ဝန်းကျင်အခြေအနေမှာ လေ့ကျင့်ခဲ့ရတာဟာ လာမယ့်ဘောလုံးရာသီမှာ ကောင်းကောင်းအကျိုးဖြစ်ထွန်းမှာပါ..။ ဒ့ါကြောင့်အဲဒီအခြေအနေတွေကို ရင်ဆိုင်ရင်း ဆက်လက်ပြီး အကောင်းဆုံးကြိုးစား၊ လေ့ကျင့်သွားပါမယ်..။”



မေး - ‘သိပ်ကိုအဆင်ပြေခဲ့တဲ့ ပထမဆုံး ရက်သတ္တပါတ်’ လို့ ခင်ဗျားပြောခဲ့တယ်နော်..။ ချယ်လ်ဆီးအသင်းမှာ ခင်ဗျားနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ အင်္ဂလန်အသင်းဖော်တွေဆီက ဘယ်လိုအကူအညီတွေ ရရှိခဲ့လဲဗျ..

“မှန်တာပေ့ါ..။ မေ့စ် (မေဆန် မောင့်) နဲ့ ရိစ် (ရိစ် ဂျိမ်းစ်) တို့ကို နိုင်ငံလက်ရွေးစင် အသင်းမှာကတည်းက ရင်းနှီးခဲ့ပြီးသားပါ..။ ကာလန်၊ ချီလီ တို့နဲ့လည်း အရင်ကတည်းက အရမ်းကိုခင်မင်ခဲ့ပါတယ်..။ သူတို့အပြင် တခြားကစားသမားတွေကလည်း နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်..။ ဒ့ါကြောင့်အရင်ကတည်းက ရောက်ခဲ့ဖူးတဲ့ အိမ်တစ်ခုလို ခံစားနေခဲ့ရပါတယ်..။ ကျွန်တော့်အနေနဲ့ အိမ်သားတစ်ယောက်အနေနဲ့ ပိုမိုကြိုးစား၊ ခွန်အားစိုက်ထုတ်ဖို့ကိုပဲ အာရုံစိုက်ရမှာပါ..။ ကျန်နေသေးတဲ့ အသင်းဖော်တွေနဲ့ ဆုံရမယ့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရပါတယ်..။”

မေး- ခင်ဗျားရဲ့ အသက်အရွယ်နဲ့ဆိုရင် အခုတစ်ကြိမ် အပြောင်းအရွှေ့ဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ပြောရမှာပါ..။ ချယ်လ်ဆီးအသင်းကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းကို ပြောပြနိုင်မလား..?

“ချယ်လ်ဆီးအသင်းဟာ အခုနောက်ဆုံးနှစ်နှစ်အတွင်းမှာ ပြည်တွင်းဖလားတွေရဲ့ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို လေးကြိမ်၊ ငါးကြိမ် တက်ရောက်နိုင်ခဲ့သလို ချန်ပီယံလိဂ် ဖလားကို ဗိုလ်စွဲခဲ့တယ်..။ အခုဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ ပြင်ဆင်နေပါတယ်..။ အသင်းနဲ့ဆွေးနွေးမှု ပြုလုပ်တဲ့အချိန်မှာ အသင်းရဲ့ လျှောက်လှမ်းလိုတဲ့ အနာဂတ်လမ်းကြောင်းကို သိမြင်လာသလို ရည်မှန်းချက်ကြီးမားတဲ့ အသင်းဖြစ်တယ်ဆိုတာ သေချာတာကြောင့် ဒီအသင်းကိုရောက်ရှိချင်စိတ် ပိုမိုပြင်းထန်လာပါတယ်..။

နောက်ပြီးဒီအသင်းဟာ ကျွန်တော့်အတွက် တစ်ကိုယ်ရည် တည်ဆောက်ခွင့် ရရှိနိုင်တဲ့ နေရာတစ်ခု ဖြစ်နိုင်တယ်ဆိုတာ ခံစားမိခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ကျွန်တော့်ရဲ့အနာဂတ်လမ်းကြောင်းကို အကောင်းဆုံး လျှောက်လှမ်းနိုင်အောင် တွန်းတင်ပေးမယ့် ပလက်ဖောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်..။“



မေး - အသင်းနဲ့ဆွေးနွေးခဲ့တယ်လို့ ခင်ဗျားပြောခဲ့တယ်နော်..။ နည်းပြသောမတ်စ် တူခယ်လ် နဲ့ရော ဘာတွေဆွေးနွေးခဲ့သေးလဲဗျ..။ သူကခင်ဗျားကို ဘယ်လိုနေရာမှာ ကစားရမယ်လို့ ပြောခဲ့သေးလဲ..?

“နည်းပြသောမတ်စ် တူခယ်လ် နဲ့ ဆွေးနွေးခဲ့တဲ့ အသေးစိတ်အချက်တွေကို ပြောမပြတော့ပါဘူး..။ သူနဲ့စကားပြောဖြစ်တဲ့အချိန်မှာ သူများနဲ့မတူပဲ ထူးခြားတဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာ သိလာရသလို ကျွန်တော့်ကို ဘယ်လောက်တောင် လိုချင်ခဲ့လဲဆိုတဲ့ သူ့ရဲ့ဆန္ဒကိုပါ သိမြင်လာရပါတယ်..။ အဲဒီမှာ ချယ်လ်ဆီးကို ရွေးချယ်ဖို့ ကျွန်တော့်ရဲ့စိတ်တွေကို ပိုမိုခိုင်မာလာစေပါတယ်..။ ဒီနေရာဟာ ကျွန်တော့်အတွက် အသင့်တော်ဆုံး နေရာတစ်ခုလို့ ခံစားလာခဲ့ရပါတယ်..။”

မေး - ခင်ဗျားဟာ အသက် (၂၇) နှစ်ပဲ ရှိနေသေးတယ်ဆိုပေမယ့် အတွေ့အကြုံတွေ အများကြီးရှိနေပြီး ဖြစ်တဲ့အပြင် ကြီးမားတဲ့အောင်မြင်မှု အများအပြား ဆွတ်ခူးထားခဲ့တဲ့သူလည်း ဖြစ်ပါတယ်..။ အဲဒီလို အောင်မြင်မှုတွေ ဆွတ်ခူးချင်တဲ့ ဆာလောင်စိတ် (winning mentality) ဘယ်လောက်တောင် အရေးပါတယ်ဆိုတာ ပြောပြနိုင်မလား..?

“Yeah..! ချယ်လ်ဆီးအသင်းဟာ အောင်မြင်မှုကြီးတွေကို စဉ်ဆက်မပြတ် ရယူခဲ့တဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် ဒီအသင်းမှာ အောင်မြင်မှုတွေကို ဆာလောင်တဲ့စိတ် (winning mentality) ရှိနေနှင့်ပြီး ဖြစ်ပါတယ်..။ အဲဒီဆာလောင်စိတ်ကို တစ်နှစ်ပြီးတစ်နှစ် ဆက်လက်သယ်ဆောင်ပြီး မလျော့တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ အရင်နှစ်တွေက ရရှိခဲ့တဲ့ အောင်မြင်မှုတွေ၊ ဆုဖလားတွေအပေါ် အခြေခံရင်း ဆက်တိုက် တည်ဆောက် ကြိုးစားသွားရမှာပါ..။

သောမတ်စ် တူခယ်လ် လို ထိပ်တန်းမန်နေဂျာ တစ်ယောက်ဟာ အဲဒီအတိုင်းပဲ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်..။ တစ်နှစ်မှာအောင်မြင်မှု ရပြီးတာနဲ့ နောက်တစ်နှစ်ကို မှိန်းပြီးအနားယူနေမယ်.. ဆိုတာမျိုး မဟုတ်ပါဘူး..။ အဲဒီလို တစ်နှစ်ပြီးတစ်နှစ် ဆုဖလားတွေကို စိန်ခေါ်ဖို့ မျှော်မှန်းချက် ကြီးမားမှုတွေဟာ ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်..။ ဒီအသင်းနဲ့အတူ နောက်ထပ်ဆုဖလားတွေ ဆက်လက်စိန်ခေါ်သွားနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်..။”



မေး - ခင်ဗျားဟာ လန်ဒန်မြို့သား တစ်ပိုင်းလို့ ပြောလို့ရပါတယ်..။ ဒ့ါကြောင့်လန်ဒန်ကို ပြန်လာရတာဟာ ခင်ဗျားအတွက် ဇာတိမြေ..၊ ကိုယ့်ရဲ့အိမ်ကို ပြန်လာရတယ်လို့ မခံစားရဘူးလား..?

“မှန်ပါတယ်..။ လန်ဒန်မြို့ကို ပြန်လာတဲ့အခါတိုင်း အိမ်ကိုပြန်လာရတယ်.. ဆိုတဲ့ ခံစားချက်တွေ ရလေ့ရှိပါတယ်..။ ကျွန်တော်ဟာ လူငယ်ကစားသမား ဘဝကတည်းက အင်္ဂလန်မြောက်ပိုင်းကို ရောက်ခဲ့တာ ဖြစ်တာကြောင့် လန်ဒန်မှာရှိနေတဲ့ မိသားစုဟာ ကျွန်တော့်ဆီကို လာရတာပေ့ါ..။ အခုအခါမှာတော့ သူတို့ဆီကို ကျွန်တော်ပြန်သွားရသလို ဖြစ်သွားပါလိမ့်မယ်..။ ဒီလိုအနေအထားဟာ ကျွန်တော့်အတွက် စိတ်အာရုံ ထွေပြားစရာ ဖြစ်လာနိုင်ပေမယ့် ကျွန်တော်ဟာ လုံလောက်တဲ့ ရင့်ကျက်မှု ရှိနေပြီဖြစ်သလို ကျွန်တော့်ရဲ့ ကလေးတွေ၊ မိသားစုဝင်တွေဟာလည်း သူတို့အဖိုးတွေ၊ အဖွားတွေ၊ ဆွေမျိုးတွေနဲ့ ပိုမိုရင်းနှီး၊ နီးကပ်မှုရလာမှာပါ..။”

မေး - အခုအမေရိကန် ပြည်ထောင်စု ခရီးစဉ်မှာ ချယ်လ်ဆီးပရိသတ်တွေဟာ ခင်ဗျားကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရခဲ့တဲ့အပေါ် အရမ်းကိုစိတ်လှုပ်ရှား၊ ပျော်ရွှင်ခဲ့ကြပါတယ်..။ စတန်းဖို့ဒ် ဘရစ်ခ်ျကို ရောက်လာတဲ့အချိန်ကျရင်လည်း ခင်ဗျားကိုသူတို့ထပ်မံ စောင့်ကြိုနေကြပါဦးမယ်..။ ခင်ဗျားကို မျှော်လင့်ချက် ကြီးမားနေကြတဲ့ အပြာရောင်ပရိသတ်ကြီးအတွက် ကြိုဆိုနှုတ်ခွန်းဆက် စကားလေး ပြောကြားပေးနိုင်မလား..?

“ပထမဆုံးအနေနဲ့ ကျွန်တော့်ကို အခုလိုနွေးနွေးထွေးထွေးနဲ့ ကြိုဆိုခဲ့တဲ့အပေါ် အထူးကျေးဇူးတင်ရှိပါတယ်လို့ ပြောကြားချင်ပါတယ်..။ ကျွန်တော့်အတွက် တကယ့်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချိန်ကာလပါပဲ..။ အခုလိုကြိုဆိုမှုတွေရဲ့ နောက်ကွယ်မှာ ကျွန်တော့်ဘက်က ဘယ်လိုပြန်ပြီး ပေးဆပ်ရမယ်ဆိုတာ နားလည်ပါတယ်..။

အခုလိုချယ်လ်ဆီးအသင်းကို ရောက်လာခဲ့တာဟာ ကျွန်တော့်ရဲ့အနာဂတ်အတွက် နောက်ထပ်ခြေတစ်လှမ်း ဖြစ်ပါတယ်..။ အဲဒီခြေလှမ်းကို အောင်အောင်မြင်မြင် လှမ်းလျှောက်နိုင်ဖို့ အစွမ်းကုန် တိုက်ပွဲဝင်ရပါမယ်..။ ဒီလိုတိုက်ပွဲဝင်နိုင်ဖို့ ချယ်လ်ဆီးအသင်း၊ စတန်းဖို့ဒ် ဘရစ်ခ်ျ နဲ့ အပြာရောင်ပရိသတ်ကြီးဟာ အကောင်းဆုံး၊ အပြည့်စုံဆုံး လျှောက်လှမ်းတစ်ခု ဖြစ်လာမှာပါ..။

ကျွန်တော်ဟာ စတန်းဖို့ဒ် ဘရစ်ခ်ျ မြက်ခင်းစိမ်းပေါ်မှာ နောက်ထပ်နှစ်ပေါင်းများစွာ ခြေချဖို့အတွက် ထိုက်တန်တဲ့သူတစ်ယောက် ဖြစ်လာမယ့်အပြင် သွင်းဂိုးတွေနဲ့အတူ အပြာရောင် ပရိသတ်ကြီးကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်လို့ စကားလက်ဆောင် ပါးလိုက်ချင်ပါတယ်..။”