feature-image

ချယ်လ်ဆီးအသင်းရဲ့ set pieces နည်းပြ ‘အန်တော်နီ ဘယ်ရီ’ နဲ့ တွေ့ဆုံခြင်း..

အသက် (၃၆) နှစ်အရွယ် အင်္ဂလန်နိင်ငံသားမှာ  ဂန္တဝင်ကွင်းလယ် ကစားသမားဟောင်း ဖရန့် လမ်းပတ် နည်းပြအဖြစ် တာဝန်ယူနေသည့် ချယ်လ်ဆီးအသင်းကို ၂၀၂၀ ခုနှစ်တွင် ရောက်ရှိလာခဲ့သည်..။ အသင်းကို မရောက်လာခင်ကတည်းက ဘယ်ရီ မှာ ‘တည်ကန်ဘောများကို အထူးပြု လေ့ကျင့်သူ (set pieces specialist)’ အဖြစ် ကစားသမားများနှင့် နည်းပြအသိုင်းအဝိုင်းကြားတွင် လူသိများခဲ့ပြီးဖြစ်ပါသည်..။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဂျာမန်နည်းပြ သောမတ်စ် တူခယ်လ် က နည်းပြအဖြစ် တာဝန်ယူချိန်တွင် ဘယ်ရီ မှာ တူခယ်လ် ၏ နည်းပြအဖွဲ့ဝင် တစ်ယောက်အဖြစ် ဆက်လက် လက်တွဲခဲ့ပြီး ချန်ပီယံလိဂ်၊ ဥရောပ စူပါဖလားနှင့် ကမ္ဘာ့ကလပ်အသင်း ချန်ပီယံဆုများကို ဆွတ်ခူးရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်..။ အန်တော်နီ ဘယ်ရီ မှာ ယခုနှစ်ဆန်းပိုင်းတွင် ဘယ်လ်ဂျီယမ် လက်ရွေးစင်အသင်း၏ set piece နည်းပြတာဝန်ကို ချယ်လ်ဆီးအသင်းနှင့်အတူ ပူးတွဲထမ်းဆောင်လျှက် ရှိပါသည်…။

ချယ်လ်ဆီးအသင်း Official website မှာ နည်းပြအန်တော်နီ ဘယ်ရီ နှင့် တွေ့ဆုံခဲ့ပြီး အောင်မြင်မှုနည်းပါးခဲ့သော ကွင်းလယ်ကစားသမားဘဝမှ နည်းပြဘဝသို့ စောစီးစွာ ပြောင်းလဲလိုက်သည့်အကြောင်းများ၊ set pieces များကို အထူးပြု လေ့လာခဲ့ရသည့် အကြောင်းရင်းခံနှင့် တူခယ်လ် ၏ နည်းပြအဖွဲ့ဝင်တစ်ယောက်အဖြစ် သူ၏အမြင်များကို အောက်ပါအတိုင်း ပြောပြခဲ့ပါသည်..။



မေး - အန်တော်နီ ရေ..၊ ခင်ဗျားရဲ့ကစားသမားဘ၀ အကြောင်းတွေကနေ စကြတာပေ့ါ…။ ခင်ဗျားဟာ Legaue One ပြိုင်ပွဲတွေမှာ ပွဲပေါင်း (၃၀၀) ကျော် ကစားခဲ့တဲ့ ကွင်းလယ် ကစားသမားတစ်ယောက် ဖြစ်ပါတယ်..။ အဲဒီအချိန်က အကြောင်းတွေကို နည်းနည်းပြောပြပါလား..?

“ကျွန်တော့်ရဲ့ ကစားသမားဘဝကို အခုအချိန်မှာ ပြန်ပြီးကြည့်လိုက်မယ်ဆိုရင် အရမ်းကြီးဂုဏ်ယူစရာ မကောင်းလှပါဘူး..။ ဒါပေမယ့်အများကြီး သင်ယူခဲ့ရပါတယ်..။ ဒါ့ကြောင့်အခုအချိန်မှာ ပြန်တွေးကြည့်ရင် အဲဒီအချိန်က ဖြတ်သန်းခဲ့သမျှ အစစအရာရာတိုင်းဟာ ကျေးဇူးတင်စရာတွေကြီးပါပဲ…။ အဲဒီလိုဖြည့်ဆည်းခဲ့မှုတွေကြောင့်ပဲ အောက်တန်းအဆင့် ပြိုင်ပွဲတွေအကြောင်း ကောင်ကောင်းသိခဲ့တဲ့အတွက် အခုလိုအဆင့်မှာ အလုပ်လုပ်ခွင့်ရခဲ့တဲ့အခါ အများကြီးအထောက်အကူ ဖြစ်ခဲ့ပါတယ်..။

ကစားသမားဘဝမှာ ကျွန်တော်ဟာ ကိုယ်ရရှိခဲ့တဲ့ အဆင့်အတန်းထက် ပိုပြီးကောင်းမွန်ခဲ့တယ်လို့တော့ ထင်မိပါတယ်..။ ဒါပေမယ့် အခုအချိန်မှာ ပြန်ပြီးကြည့်လိုက်ရင်တော့ အလယ်အလတ်တန်းမှာပဲ ရှိခဲ့တယ်ဆိုတာ အဖြစ်မှန်ပါပဲ..။ ကျွန်တော်ဟာ ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်နိုင်ဖို့ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ ပြည့်မှီခဲ့ပါတယ်..။ ပင်ကိုယ်ပါရမီနဲ့ တစ်ဦးချင်း ကျွမ်းကျင်မှုအပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိခဲ့ပါလိမ့်မယ်..။ ထိပ်တန်းကစားသမား တစ်ယောက်ဖြစ်ဖို့ အထုံပါရမီ မရှိခဲ့ဘူးလို့ ပြောရမှာပါပဲ..။”

မေး - ဒါဆိုရင် နည်းပြဘဝကို ပြောင်းလဲလိုက်ဖို့ ဘယ်လိုအချိန်မှာ စဉ်းစားလိုက်တာလဲဗျ..

“ကျွန်တော်ဟာ (၂၄) နှစ်အရွယ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်..။ ဂုံညှင်းရိုးပြုတ်ထွက်တဲ့ ပြင်းထန်ဒဏ်ရာကြောင့် ကျွန်တော့်ရဲ့ ကစားသမားဘ၀ ပြီးဆုံးသလောက် ဖြစ်သွားခဲ့ပါတယ်..။ (၁၇) လလောက် အနားယူခဲ့ရပြီး ပြန်လည်ကောင်းမွန်လာချိန်မှာ အရင်တုန်းက ခြေစွမ်းမျိုး ပြန်လည်မရနိုင်တော့ဘူးဆိုတာ နားလည်လိုက်ပါတယ်..။ အဲဒီအချိန်ကစပြီး နည်းပြသင်တန်းအဆင့်ဆင့်ကို တက်ရောက်ရင်း ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ နည်းပြဖြစ်ခဲ့တာပါ..။

အသက် (၃၀) အရွယ်မှာပဲ ဝီဂန်အသင်းရဲ့ နည်းပြရာထူးကို ပေါလ် ကွတ်ခ် နဲ့အတူ လက်တွဲပြီး တာဝန်ယူခွင့် ရခဲ့ပါတယ်..။ အဲဒီတာဝန်ကို စတင်ရယူခဲ့စဉ်က ကျွန်တော်ဟာ အင်္ဂလန်နိုင်ငံရဲ့ အသက်အငယ်ဆုံးနည်းပြ (first team coach) ဖြစ်ခဲ့ပါတယ်..။ တကယ်တော့ လူငယ်အကယ်ဒမီမှာ ကစားသမားတွေကို လေ့ကျင့်ပေးနေတဲ့ ကျွန်တော့်ကို မန်နေဂျာတစ်ယေက်က မျက်စိကျပြီး လက်တွဲခေါ်ယူခဲ့တာကြောင့် ကျွန်တော်ကံကောင်းခဲ့ပါတယ်..။ ဒါ့ကြောင့်လည်း အသက်ငယ်ငယ်နဲ့ နည်းပြဘဝကို စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်..။”

မေး - ခင်ဗျားဟာ ဝီဂန်အသင်းမှာ အသင်းကြီး ကစားသမားတွေနဲ့ စတင်ထိတွေ့ခွင့် ရခဲ့တယ်နော်..။ ရိစ် ဂျိမ်းစ် ဟာ ၂၀၁၈/ ၁၉ ဘောလုံးရာသီမှာ ခင်ဗျားရှိနေတဲ့ ဝီဂန်အသင်းကို အဌားရောက်လာခဲ့သေးတယ်…

“မှန်တာပေ့ါ..။ ကျွန်တော်တို့ဟာ လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ကို တန်းတက်ခွင့်ရခဲ့ပြီး ရိစ် ဂျိမ်းစ် ကို နောက်ထပ်တစ်နှစ် ထပ်ပြီးခေါ်ယူခဲ့ပါတယ်..။ သူ့ဆီက စကားတစ်ခွန်းကြားရဖို့ထက် ပွဲစဉ်အလိုက် အကောင်းဆုံးဆု ရရှိတာက သူ့အတွက် ပိုပြီးလွယ်ကူပုံ ရပါတယ်..။

ဒါပေမယ့် သူဟာအသက် (၂၀) တောင် မပြည့်သေးပေမယ့် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ထူးချွန်တဲ့ ကစားသမား တစ်ယောက်အဖြစ် အကောင်းဆုံး သက်သေပြနိုင်ခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ သူ့ကိုနေရာစုံ ပြောင်းလဲကစားခဲ့ပါတယ်..။ သူဟာကွင်းထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်နေတာကြောင့် အဓိကကွင်းလယ် ကစားသမား တစ်ယောက်အဖြစ် အများဆုံး ကစားစေခဲ့ပါတယ်..။ သူကလည်း အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။

နောက်ထပ်တစ်နှစ် အကြာမှာတော့ ကျွန်တော်တို့ဟာ ဒူဂျွန် စတာလင်း ကို ထပ်ပြီးအဌားခေါ်ယူခဲ့တာကြောင့် ချယ်လ်ဆီးကစားသမားတွေနဲ့ အကျိုးပေးတယ်လို့ ပြောရမလိုပါပဲ..။ ဝီဂန်အသင်းဟာ ကျွန်တော့်အတွက် တကယ့်ကို ပြီးပြည့်စုံခဲ့တဲ့ လေ့ကျင့်ကွင်းတစ်ခု ဖြစ်ခဲ့ပါတယ်..။ နည်းပြချုပ် ပေါလ် ကွတ်ခ် ဟာ ကျွန်တော့်ကို အများကြီးသင်ကြား ပေးခဲ့သလို လက်တွေ့သင်ခန်းစာတွေကို လေ့ကျင့်နိုင်မယ့် အခွင့်အရေးလည်း ပေးခဲ့ပါတယ်..။ သူ့ဆီမှာ သုံးနှစ်သုံးမိုး ပညာဆည်းပူးပြီးချိန်မှာတော့ ကျွန်တော်ဟာ နည်းပြတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ယုံယုံကြည်ကြည် လက်ခံနိုင်ခဲ့ပါတယ်..။”

မေး- ခင်ဗျားဟာ set piece အထူးပြု လေ့ကျင့်ပေးတဲ့သူ တစ်ယောက်အဖြစ် လူသိများခဲ့ပါတယ်..။ ဘယ်လိုလုပ်ပြီး အဲဒီအပိုင်း တစ်ခုထဲကို ထဲထဲဝင်ဝင် လေ့လာဖြစ်ခဲ့တာလဲ.?

“UEFA Pro License သင်တန်းကနေ စတယ်လို့ ပြောရပါမယ်..။ အဲဒီနည်းပြသင်တန်းမှာ ကျွန်တော်ဟာ စာတမ်း တင်သွင်းဖို့ စီမံချက်တစ်ခု တင်ပြရပါတယ်..။ ကျွန်တော်ဟာ ဝီဂန်အသင်းမှာ ရှိနေတဲ့အချိန်ဖြစ်ခဲ့ပြီး လက်ပစ်ဘော (throw in) တွေနဲ့ ပတ်သက်ပြီး လက်ပစ်ဘောတွေကနေ ဘောလုံးပိုင်ဆိုင်မှု ဆက်လက်ထိန်းသိမ်းနိုင်အောင် ဘယ်လိုကြိုးစားရမလဲ.. ဆိုတဲ့ စီမံချက်တစ်ခုကို ပြင်ဆင်ခဲ့ပါတယ်..။ အဲဒီကနေစပြီး ကိုယ့်ရဲ့အသင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူနိုင်ဖို့ ဘယ်လိုအပိုင်းတွေကို ပိုပြီးကြိုးစားသင့်လဲ.. ဆိုတာတွေကို အထူးပြုလေ့လာ ဖြစ်ခဲ့ပါတယ်..။



အဲဒီလိုဘောလုံးပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့အပိုင်းတွေကို လေ့လာရင်း နောက်ဆုံးကျတော့ set pieces တွေမှာ အဆုံးသတ်ပါတယ်..။ set pieces တွေထဲမှာ ပြစ်ဒဏ်ဘော (free kicks) နဲ့ လက်ပစ်ဘောတွေ (throw ins) ပါဝင်တာပေ့ါ..။ လက်ပစ်ဘောတွေရဲ့ ဘဘော၊ သဘာဝကို ထဲထဲဝင်ဝင် အသေးစိတ် လေ့လာဖြစ်ခဲ့ပါတယ်..။ တိုက်ဆိုင်ချင်တော့ လီဗာပူးလ်အသင်းဟာ လက်ပစ်ဘောတွေကို အထူးပြုလေ့ကျင့်ဖို့ သီးသန့်နည်းပြ (Throw in coach) တစ်ယောက် ဌားရမ်းခဲ့တယ်ဆိုတဲ့ သတင်းကို ဖတ်မိပါတယ်..။ အဲဒီမှာ အဲဒီလို တည်ကန်ဘောတွေ၊ လက်ပစ်ဘောတွေဟာ တကယ်ပဲ အရေးပါလို့လား..? ဆိုတာ ပိုပြီးသိချင်လာခဲ့ပါတယ်..။

ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ် တစ်ရာသီလုံးကို လေ့လာခဲ့ရာမှာ လက်ပစ်ဘောပေါင်း (၁၇,၀၀၀) ကျော်လောက် လေ့လာခဲ့ပါတယ်..။ အဲဒီထဲက တစ်ချို့တွေ့ရှိချက်တွေဟာ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်..။ ဒ့ါကြောင့် လက်ပစ်ဘောတွေဟာ အရေးပါပါတယ်..။ ဒ့ါအပြင် တွေ့ရှိချက်တွေအရ နှစ်မိနစ်တိုင်းမှာ ပျမ်းမျှ လက်ပစ်ဘောတစ်ကြိမ်နှုန်းနဲ့ ခွင့်ပြုရလေ့ ရှိတာကြောင့် ကစားပွဲတစ်ပိုင်း (၄၅) မိနစ်ဆိုရင် လက်ပစ်ဘောတွေဟာ ပွဲတစ်ပွဲမှာ အတော်လေးကို အရေးပါတဲ့နေရာကနေ ပါဝင်တယ်ဆိုတာ တွေ့နိုင်ပါတယ်..။“   

မေး - ခင်ဗျားဟာ UEFA Pro License သင်တန်းတက်နေတုန်းမှာပဲ ဖရန့် လမ်းပတ် နဲ့ တွေ့ခဲ့တာ မဟုတ်ဘူးလားဗျ..။ အဲဒီကနေ ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့တာပေ့ါ…

“ကျွန်တော်ဟာ UEFA Pro License သင်တန်းမှာ ဖရန့် လမ်းပတ်၊ ဂျိုဒီ မောရစ်စ် တို့နဲ့ နှစ်နှစ်တောင် အတူတူ တက်ရောက်ခဲ့တာဗျ..။ ဒါပေမယ့်  ဖရန့် လမ်းပတ် ဟာ မမျှော်လင့်ပဲနဲ့ ကျွန်တော့်ဆီကို ဖုန်းခေါ်လာပါတယ်..။ သူကကျွန်တော်လုပ်နေတဲ့ အရာတွေကို သဘောကျတဲ့အကြောင်း ပြောခဲ့ရာကနေ ရာသီကုန်ချိန်ထိ ကျွန်တော်တို့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး..။



ဒီလိုနဲ့ နွေရာသီရောက်လာချိန် License သင်တန်း ပြီးသွားချိန်မှာ သူဟာကျွန်တော့်ကို ကမ်းလှမ်းလာပါတယ်..။ ဝီဂန်အသင်းဟာ ချန်ပီယံရှစ် ပြိုင်ပွဲမှာ အခြေအနေကောင်းခဲ့ပေမယ့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားနည်းခဲ့တာကြောင့် အုပ်ချုပ်ရေးအဖွဲ့ရဲ့ လက်အောက်ကို ရောက်သွားပါတယ်..။ ကျွန်တော့်အတွက် အဆိုးရွားဆုံး အချိန်တစ်ခု ဖြစ်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကို ပြောင်းလာဖို့ အခွင့်အလမ်း ပေါ်လာခဲ့တာပေ့ါဗျာ..။ အဲဒီအတွက် ဖရန့် ကို အမြဲတမ်းကျေးဇူးတင်မိပါတယ်..။”

မေး - ခင်ဗျားဟာ နိုင်ငံလက်ရွေးစင် အသင်းတွေနဲ့ တခြားအခွင့်အရေးတွေ ထပ်မံရရှိခဲ့ပါသေးတယ် မဟုတ်လားဗျ..။ အထူးသဖြင့် အိုင်ယာလန် လက်ရွေးစင်အသင်း၊ လက်ရှိမှာ ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်းတွေကို ကူညီခွင့်ရခဲ့တယ်လေ…

“ကျွန်တော်ဟာ ဖရန့် လမ်းပတ် နဲ့အတူ အသင်းကနေ ထွက်ခွာဖြစ်မလားလို့ စဉ်းစားနေချိန်မှာပဲ အိုင်ယာလန် အသင်းက လက်ထောက်မန်နေဂျာ ရာထူးနဲ့ ကမ်းလှမ်းလာတာပါ..။ ကျွန်တော်ဟာ သောမတ်စ် တူခယ်လ် တို့နဲ့ ဆက်ပြီးလက်တွဲမယ်ဆိုတာ သေချာသွားချိန်မှာ ချယ်လ်ဆီးအသင်းဘက်က ရာထူးနှစ်ခုကို တပြိုင်နက်တည်း ယူနိုင်ဖို့ စီစဉ်ပေးပါတယ်..။

အိုင်ယာလန်လက်ရွေးစင်အသင်းနဲ့ ရရှိခဲ့တဲ့ အတွေ့အကြုံ၊ မိနစ်တိုင်းဟာ အရမ်းကိုတန်ဖိုးရှိတာကြောင့် ကျွန်တော်အင်မတန် နှစ်ခြိုက်မိပါတယ်..။ အဲဒီအသင်းတွေမှာ ကျွန်တော့်လိုပဲ အလုပ်ကြိုးစားတဲ့ လူတန်းစား အုပ်စုတစ်ခု ရှိသလို အသင်းလိုက်စိတ်ဓါတ်ပိုင်း အထူးကောင်းမွန်တာကြောင့် သူတို့တွေနဲ့အတူ ကောင်းမွန်တဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်..။



နောက်တော့ ဘယ်လ်ဂျီယမ်အသင်းနည်းပြ ရော်ဘတ်တို မာတီးနက်ဇ် ဟာ ကျွန်တော့်ရဲ့ စွမ်းဆောင်ချက်တွေကို သဘောကျတဲ့အတွက် အခုနှစ်ဇန်နဝါရီလမှာ သူတို့နဲ့အတူ လက်တွဲဖို့ ချဉ်းကပ်ခဲ့ပါတယ်..။ ကျွန်တော်ဟာ အိုင်ယာလန်အသင်းကို မနှုတ်ဆက်ချင်ပဲ လမ်းခွဲခဲ့ရပေမယ့် ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတစ်သင်းနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို သွားရောက်ရမယ့် အခွင့်အရေးအတွက် သူတို့ရဲ့ကမ်းလှမ်းချက်ကို မငြင်းပယ်နိုင်ခဲ့ပါဘူး..။”

မေး - နည်းပြသောမတ်စ် တူခယ်လ် ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့ပါတယ်..။ ခင်ဗျားဟာ သူ့ရဲ့နည်းပြအဖွဲ့ထဲမှာ ဆက်လက်ပါဝင်ခဲ့ပြီး အခုအချိန်ထိ အရေးပါတဲ့ နည်းပြတစ်ယောက်အဖြစ် ဆက်လက်ပါဝင်နေဆဲပါပဲ..။ သောမတ်စ် တူခယ်လ်နဲ့ လက်တွဲခဲ့တဲ့ (၁၈) လတာ ကာလအတွင်း ခင်ဗျားရဲ့အမြင်ကို ပြောပြပါလား..?

“အခုဆိုရင် ကျွန်တော်ဂျာမန်တစ်ပိုင်း၊ ဂျာမန်မွေးစားသား တစ်ယောက်လိုတောင် ဖြစ်နေပါပြီ..။ အပြန်အလှန်အနေနဲ့ သူတို့ကို ကျွန်တော်ရဲ့ဇာတိ လီဗာပူးလ်အရပ်က ဘန်းစကားတွေ (Scouse) ပြန်ပြီး သင်ပေးရတာပေါ့..။ သူတို့နည်းပြအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခွင့်ရတာ အင်မတန် ကံကောင်းပါတယ်..။ သူတို့ရဲ့လုပ်ပုံကိုင်ပုံတွေအကြောင်း စမပြောခင် သူတို့ရဲ့အကျင့်စရိုက်၊ လက္ခဏာတွေကနေ စပြီးပြောရင် ပိုပြီးသင့်တော်ပါမယ်..။



သောမတ်စ် ကနေစပြီး အာနို (မီချယ်လ်)၊ ဘင်နီ (ဝီဘာ) နဲ့ ဂျိုဂီ (ဇော့တ် လို) တို့ဟာ တကယ့်ကို ခင်မင်ဖို့ကောင်းတဲ့သူတွေ ဖြစ်ကြပါတယ်..။ သူတို့ရဲ့ဆက်ဆံပုံတွေ၊ ကျွန်တော့်ကို သူတို့အဖွဲ့သား တစ်ယောက်အဖြစ် အလေးထား ဆက်ဆံပုံတွေကို ဒီထက်ပိုပြီး ကျေးဇူးတင်ဖို့တောင် တတ်နိုင်မှာ မဟုတ်ပါဘူး..။ သူတို့ရဲ့ လုပ်ပုံကိုင်ပုံ၊ စဉ်းစားတွေးခေါ်ပုံတွေဟာ ကျွန်တော့်လို လူငယ်နည်းပြ တစ်ယောက်အတွက် သူတို့နဲ့အနီးကပ်နေခွင့်ရပြီး အတွေးအမြင်တွေ ဖလှယ်ခွင့်ရတယ်..၊ အတွင်းစည်းကနေ အနီးကပ် ပါဝင်ခွင့်ရနေခဲ့တာဟာ တကယ့်ကို ပထမတန်းစား အတွေ့အကြုံပါပဲ..။”