၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အသက် (၃၉) နှစ်အရွယ်ရှိ ဂျာမန်နည်းပြ ဘင်ဂျမင် ဝီဘာ မှာ နည်းပြသောမတ်စ် တူခယ်လ် နှင့်အတူ စတန်းဖို့ဒ် ဘရစ်ခ်ျသို့ စတင်ရောက်ရှိလာခဲ့သည်..။ ဝီဘာ မှာ နည်းပြသောမတ်စ် တူခယ်လ် ၏ ဗွီဒီယိုတည်းဖြတ်၊ သုံးသပ်သူ (video analyst) အဖြစ် ဆောင်ရွက်လျှက်ရှိပြီး ဂျာမန်နည်းပြကြီးနှင့် ၂၀၀၉ ခုနှစ်၊ မိန့်ဇ်အသင်းကတည်းက လက်တွဲခဲ့ခြင်းဖြစ်သည်..။ ထို့နောက် စတန်းဖို့ဒ် ဘရစ်ခ်ျ ကို မရောက်လာခင် ဘိုရုရှား ဒေါ့မွန်၊ ပီအက်စ်ဂျီအသင်းများတွင်လည်း ဂျာမနီနည်းပြကြီးနှင့်အတူ ထပ်ချပ်မကွာ လိုက်ပါခဲ့သည်…။
ချယ်လ်ဆီးအသင်း Official website မှာ နည်းပြဘင်ဂျမင် ဝီဘာ နှင့် တွေ့ဆုံခဲ့ရာတွင် သောမတ်စ် တူခယ်လ် နှင့် ဆက်ဆံရေးအကြောင်း၊ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းမှ နေ့စဉ်လုပ်ငန်း တာဝန်များအကြောင်းများနှင့် ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ၏ အဆိုးရွားဆုံးအချိန်တွင် လန်ဒန်မြို့သို့ ရောက်လာခဲ့ရသည့် အတွေ့အကြုံများအကြောင်းကို အောက်ပါအတိုင်း ပြောပြခဲ့ပါသည်..။
မေး - အားကစားလောကထဲကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ.. ဆိုတာ ပြောရရင်းနဲ့ ကျွန်တော်တို့ရဲ့ တွေ့ဆုံခန်းကို စလိုက်ကြမယ်လေ…
“ကျွန်တော်ဟာ တင်းနစ် ကစားသမား တစ်ယောက် ဖြစ်တာကြောင့် အားကစားလောကနဲ့ အစိမ်းသက်သက် မဟုတ်ပါဘူး..။ ကျွန်တော်ဟာ တင်းနစ်အားကစားကို အဆင့်မြင့်မြင့် ကစားနိုင်တဲ့အပြင် တစ်ဘက်ကလည်း မိန့်ဇ်မြို့မှာ အားကစားဆိုင်ရာ သိပ္ပံဘာသာရပ် (sport science) ကို ဆည်းပူးနေပါတယ်..။ အဲဒီမှာ သင်တန်းက အတန်းကြီးလာတာနဲ့အမျှ ငွေလိုလာတာကြောင့် အလုပ်တစ်ခုခု လုပ်ရတော့မယ့် အခြေအနေ ဖြစ်လာပါတယ်..။ ဒါ့ကြောင့် မိန့်ဇ်အသင်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်..။ အဲဒီအချိန်က သောမတ်စ် တူခယ်လ် ဟာ မိန့်ဇ်အသင်းကို တာဝန်ယူနေပါတယ်..။ ကျွန်တော်ဟာ သူ့ရဲ့လက်ထောက်နည်းပြ ပီဝာာ ကရာဝိတ်ဇ် နဲ့ ရင်းနှီးခဲ့ပါတယ်..။
ကျွန်တော်ဟာ မိန့်ဇ်အသင်းမှာ ပွဲတွေကို အစအဆုံး ဗွီဒီယိုမှတ်တမ်းတင်ပြီး နည်းပြတွေဆီ အစီရင်ခံစာ တင်ရပါတယ်..။ မိန့်ဇ်အသင်းရဲ့ ကင်းထောက်ဌာန (scouting department) မှာ စတင်တာဝန် ထမ်းဆောင်ခဲ့ရပြီး ရလာတဲ့လခနဲ့ sport science ကျောင်းလခ ပေးခဲ့ရပါတယ်..။ အဲဒီအလုပ်ဟာ ဘောလုံးလောကမှာ ကျွန်တော်ရခဲ့တဲ့ ပထမဆုံးအလုပ် ဖြစ်ပါတယ်..။”
မေး - သောမတ်စ် တူခယ်လ် နဲ့ ဘယ်လိုဆုံစည်းခဲ့ပြီး ဘယ်လိုအကြောင်းကြောင့် အခုအချိန်ထိ အတူတူဆက်ပြီး အလုပ်လုပ်နိုင်ခဲ့တာလဲဗျ..?
“မိန့်ဇ်အသင်းရဲ့ scouting department မှာ အလုပ်လုပ်နေရင်း နည်းပြ သောမတ်စ် တူခယ်လ် နဲ့ တခါတလေ တွေ့ဖြစ်ပါတယ်..။ သောမတ်စ် ဟာ ဂျာဂင် ကလော့ပ် ရဲ့ နေရာကို အစားထိုးဖို့အတွက် ဒေါ့မွန်အသင်းကို ထွက်ခွာမယ့်အချိန် မိန့်ဇ်အသင်းမှာ သူနဲ့ရင်းနှီးတာဆိုလို့ ကျွန်တော်တစ်ယောက်တည်း ကျန်ပါတယ်..။ ဒ့ါကြောင့်သူ့ရဲ့နည်းပြအဖွဲ့မှာ ပါဝင်ဖို့ ကျွန်တော့်ကို ခေါ်သွားခဲ့ပါတယ်..။ ဒေါ့မွန်အသင်းကို ကျွန်တော်တို့ရောက်ပြီး သိပ်မကြာခင်မှာပဲ အာနို (မီချယ်လ်) ရောက်လာတယ်..၊ ဇော့တ်လ် က အသင်းက ကစားသမား..၊ အဲဒီလိုနဲ့ ကျွန်တော်တို့ရဲ့ အမာခံအုပ်စု စတင်ဖွဲ့ဖြစ်ပါတယ်..။
သောမတ်စ် နဲ့ ကျွန်တော်တို့ ညတွေအတူတူ လည်ဖြစ်ကြသလို ကော်ဖီဆိုင် အတူထိုင်ဖြစ်တာရှိပါတယ်..။ ဒါ့ကြောင့်သူနဲ့လုပ်ငန်းခွင်ပြင်ပ ရင်းနှီးမှုရှိပြီး ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီးခိုင်မာလာပါတယ်..။ သောမတ်စ် နဲ့ အလုပ်လုပ်မယ်ဆိုရင် သူ့အပေါ်မှာ ယုံကြည်မှုရော၊ သစ္စာရှိမှုကိုပါ ပြသနိုင်ဖို့ လိုအပ်ပါတယ်..။ အဲဒီကနေတဆင့် လုပ်ငန်းခွင်မှာရော၊ ပုဂ္ဂိုလ်ရေးအရပါ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ဆက်လက်တည်ဆောက် သွားနိုင်ပါတယ်..။ ကျွန်တော်ဟာ သောမတ်စ် အပြင် ဇော့တ် လို၊ အာနို မီချယ်လ် တို့နဲ့လည်း အင်မတန် ရင်းနှီးပါတယ်..။”
မေး - အောင်မြင်တဲ့ တင်းနစ်အားကစားသမား တစ်ယောက်ဖြစ်ဖို့ရော အိပ်မက်ရှိသေးလား…
“professional တင်းနစ် ကစားသမားအဖြစ် ခဏတဖြုတ် ကစားခဲ့ဖူးပါတယ်..။ ကျွန်တော်ဟာ ကမ္ဘာတစ်ဝန်းက တင်းနစ်ပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင်ခဲ့ဖူးသလို တင်းနစ်မှာ လက်ရည်ကောင်းပြီး ပါရမီလည်း ရှိပုံရပါတယ်..။ ဒါပေမယ့် ကမ္ဘာ့ထိပ်တန်း တင်းနစ်သမား (၅၀) ထဲထိ ပါဝင်လောက်တဲ့ လက်ရည်ရှိလား.. ဆိုတာတော့ မပြောတတ်ဘူးဗျ..။ ဒ့ါကြောင့်တင်းနစ်ကစားရင်း စီးပွားရှာနိုင်မယ့် အဆင့်ထိတော့ မရောက်ခဲ့ပါဘူး..။
ဒါ့အပြင်ပြိုင်ပွဲတွေ အဆင့်မြင့်လာလေလေ၊ ဖိအားတွေ များလာလေလေပါပဲ..။ နောက်ပြီးလက်မောင်းကြွက်သား အရွတ်ယောင်ရမ်းတဲ့ဒဏ်ရာ ရခဲ့တာဟာ တင်းနစ်ကစားနည်းကို စွန့်လွှတ်ဖို့ လုံလောက်တဲ့အကြောင်း ဖြစ်ခဲ့ပါတယ်..။ အဲဒီမှာ ဘဝတဆစ်ချိုးပါတယ်..။ တကယ်တော့ ကျွန်တော်ဟာ တင်းနစ်ကစားနည်းကို အရမ်းချစ်မြတ်နိုးခဲ့တဲ့အပြင် ပထမဆုံး ရည်းစားဦးလိုလည်း ဖြစ်နေတာကြောင့် အဲဒီလိုစွန့်လွှတ်လိုက်ရတဲ့အပေါ် အရမ်းကိုစိတ်မကောင်း ဖြစ်ခဲ့ရပါတယ်..။ ဒါပေမယ့် အခုပြန်ကြည့်လိုက်တဲ့အချိန် အဲဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ပြောနိုင်ပါတယ်..။”
မေး- ချယ်လ်ဆီးအသင်းမှာ ခင်ဗျားတာဝန်ယူရမယ့် နေ့စဉ်လုပ်ငန်းတွေကို ပြောပြနိုင်မလား.?
“ကျွန်တော်ဟာ တီဗွီထဲမှာ ပါဝင်လေ့မရှိတဲ့ နောက်ကွယ်ကလူတစ်ယောက်ပါ..။ နောက်ကွယ်မှာပဲ အလုပ်လုပ်ရသလို ကျွန်တော့်ရဲ့ အလုပ်တွေကို ပွဲမစခင် စတင်ရပါတယ်..။ ကျွန်တော်တို့အသင်း ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်တွေကို လေ့လာပြီး သူတို့နဲ့ပတ်သက်တဲ့ file တစ်ခုကို ဂျိမ်းစ် မဲလ်ဘုန်း နဲ့ သူ့ရဲ့ဌာနနဲ့အတူ ပူးပေါင်း ထုတ်နုတ်ယူရပါတယ်..။ သူတို့ဌာနက ပြင်ဆင်ပေးတဲ့ file ကို ကျွန်တော်က အချောသတ် ပြုပြင်ပေးပြီး သောမတ်စ် ဆီကို ပို့ပေးရပါတယ်..။
ပြိုင်ဘက်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို လေ့လာပြီး ကျွန်တော်တို့ရဲ့ နည်းစနစ်ပိုင်း ပြင်ဆင်မှုတွေ..၊ ဘယ်လိုလုပ်ပြီး ပွဲကိုချဉ်းကပ်ရမယ်.. ဆိုတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပါတယ်..။ ပွဲကန်တဲ့နေ့တွေမှာတော့ ကျွန်တော်ဟာ အပေါ်စီးကနေ ခြုံပြီးမြင်နိုင်အောင် ပွဲကြည့်စင်ပေါ်ကပဲ ကြည့်တာများပါတယ်..။ ပွဲကန်နေတဲ့ တစ်ချိန်လုံး ကျွန်တော်ဟာ ယိုဂီ (ဇော့တ် လို) နဲ့ တောက်လျှောက် ဆက်သွယ်နေရပြီး ပထမပိုင်း ပြီးတာနဲ့ အဝတ်လဲခန်းထဲကို သွားပါတယ်..။ အဲဒီမှာ ပြိုင်ဘက်အသင်းနဲ့ နည်းစနစ်၊ ပြင်ဆင်မှုတွေကို သုံးသပ်နိုင်အောင် ကွင်းထဲက နည်းပြအဖွဲ့ကို ပြိုင်ဘက်နည်းပြရဲ့ ကစားကွက် video clips တွေကို ပြသပါတယ်..။“
မေး - ကမ္ဘာ့ကလပ် အသင်းပြိုင်ပွဲတုန်းက သောမတ်စ် တူခယ်လ် ကိုဗစ်ရောဂါ ကူးစက်ခံရမှုကြောင့် ပွဲကိုအနီးကပ် မကြီးကြပ်နိုင်ခဲ့ပါဘူး..။ ခင်ဗျားဟာ Microsoft Teams ကနေတဆင့် သူ့ဆီက ညွှန်ကြားချက်တွေကို အသင်းသားတွေဆီကို ဖြန့်ဝေပေးခဲ့ရတယ်နော်..။ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရသေးလဲ..?
“အဲဒီပွဲဟာ ကျွန်တော့်အတွက် တကယ့်ကို ခက်ခဲခဲ့တဲ့ပွဲပါ..။ တကယ်တော့ သောမတ်စ် မလာနိုင်တဲ့အချိန် အဲဒီလို ဗွီဒီယို ကွန်ဖရင့်စ်ကနေတဆင့် ဆက်သွယ်ရတာကို မကြိုက်ပါဘူး..။ သူဟာကျွန်တော်တို့အသင်းနည်းပြအဖွဲ့မှာ အဓိက ဗဟိုချက်မ ဖြစ်တာကြောင့် သူမပါဝင်နိုင်တာနဲ့ အကုန်လုံးဒုက္ခရောက်ရပါတယ်..။
အဲဒီပွဲမှာ ကျွန်တော်ဟာ ကွန်ပျူတာ laptop ကနေတဆင့် သူနဲ့စကားပြောရပြီး သူပြောချင်တဲ့ စကားတွေကို ကျန်တဲ့နည်းပြအဖွဲ့တွေဆီ လက်ဆင့်ကမ်းရပါတယ်..။ ဒါဟာသူကိုယ်တိုင် တိုက်ရိုက်ပြောတာနဲ့ မတူပါဘူး..။ ဒါ့အပြင် တချို့ဟာတွေကို ကစားသမားတွေဆီ တိုက်ရိုက်ပြောကြားရဖို့ လိုအပ်ပါတယ်..။ ဒ့ါကြောင့် သူ့ရဲ့ပြောစကားကို ကြားလူတစ်ယောက်ကနေ ကစားသမားတွေဆီ လက်ဆင့်ကမ်းရတဲ့အပြင် သူတို့ဆီက ပြန်ပြောတဲ့တုံ့ပြန်မှုတွေ လိုအပ်တဲ့အခါ ပိုပြီးခက်ခဲပါတယ်..။
သောမတ်စ် ကလည်း ကွင်းထဲကို ကိုယ်တိုင်ကိုယ်ကျ မလာနိုင်တာဟာ အတော်လေးကို ခက်ခဲခဲ့ပါလိမ့်မယ်..။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရလိုက်တာကြောင့် သူဟာဗိုလ်လုပွဲမှာ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်စီမံ နိုင်ခဲ့ပါတယ်..။ ကိုယ့်အသင်း ကန်တဲ့ပွဲကို ပျက်ကွက်တာဟာ သူ့အတွက်လည်း အရမ်းကိုခက်ခဲပါလိမ့်မယ်..။ ဒါပေမယ့် ကျွန်တော်တို့နည်းပြအဖွဲ့အပေါ် ယုံကြည်လို့ရတယ်ဆိုတာ ပြသနိုင်ခဲ့သလို သူညွှန်ကြားလိုတဲ့ တကယ့်အသေးစိတ် အချက်အလက်တွေကို ကစားသမားတွေဆီကို အတိအကျ ရောက်ရှိအောင် လက်ဆင့်ကမ်းနိုင်ခဲ့တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်..။”
မေး - အပြင်မှာကျ သောမတ်စ် ဟာ ဘာတွေကို နှစ်သက်လေ့ရှိလဲ..? သူနဲ့အဖွဲ့ကျအောင် ဘယ်လိုအရာတွေကို နားလည်ထားဖို့ လိုအပ်လဲဗျ..
“သူဟာအားကစား ပရိသတ်တစ်ယောက်ဖြစ်ပြီး အားကစားပွဲတွေ ကြည့်တာရော၊ ကိုယ်တိုင်ကစားတာကိုပါ နှစ်ခြိုက်ပါတယ်..။ ဒ့ါကြောင့်သူဟာ ဂေါက်သီးရိုက်တာ၊ တင်းနစ်ရိုက် ကစားတာ၊ စားပွဲတင်တင်းနစ် စတာတွေကို ဝါသနာပါပါတယ်..။ တခြားကစားနည်းတွေ အတူတူကစားရင်း ကျွန်တော်တို့ပိုပြီး ရင်းနှီးလာပါတယ်..။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ကစားခဲ့ကြသလို သူဟာအမြဲတမ်းအရမ်းကို အနိုင်လိုချင်တဲ့သူ ဖြစ်တဲ့အတွက် သူ့ကိုအနိုင်ယူရတာ အရမ်းနှစ်သက်ပါတယ်..။
ဘောလုံးမှာတော့ သူဟာကျွန်တော်တို့ရဲ့ ဆရာဖြစ်ပေမယ့် တခြားအားကစားနည်းတွေမှာ ကျွန်တော်က ပိုကောင်းပါလိမ့်မယ်..။ ဘယ်လိုပဲဖြစ်ဖြစ်ပါ.. သူရှုံးနိမ့်တဲ့အချိန်တွေမှာ ချွေးတွေပြန်ပြီး ဒေါသတွေတရှူးရှူး ထွက်နေတာ ကြည့်လို့အရမ်းကောင်းပါတယ်..။”
မေး - ချယ်လ်ဆီးအသင်းကို ပြောင်းလာဖို့ လန်ဒန်မြို့ကို ခင်ဗျားတို့ရောက်လာချိန်တုန်းက ကိုဗစ်ရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးအချိန် ဖြစ်ပါတယ်..။ အဲဒီအချိန်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ ချယ်လ်ဆီးအသင်းမှာ အသားကျအောင် ဘယ်လိုပြင်ဆင်ခဲ့ရလဲ ပြောပြနိုင်မလားဗျ..?
“အရမ်းကိုခက်ခဲပါတယ်..။ ပဲရစ်မြို့ရဲ့ ခရစ်စ်မတ် ကာလမှာ ကျွန်တော်တို့ အလုပ်ပြုတ်ခဲ့ကြပါတယ်..။ အနာဂတ်က ဘယ်လိုဖြစ်မလဲ မသိတာကြောင့် စိတ်ဖိစီးမှု အများဆုံးအချိန်လို့ ပြောရမှာပါ..။ အဲဒီအချိန်မှာ ချယ်လ်ဆီးအသင်းက ကမ်းလှမ်းမှု ရခဲ့တာကြောင့် လန်ဒန်ကိုလာရဖို့ အခွင့်အရေး ရှိလာပါတယ်..။ ကျွန်တော်တို့အတွက် သိပ်ကိုကောင်းမွန်တဲ့ အခွင့်အရေး ဖြစ်ပေမယ့် လန်ဒန်ကိုပြောင်းဖြစ်မယ် ဆိုတဲ့အကြောင်း မိသားစုဝင်တွေကို ပြောရပါတယ်..။ ဒါပေမယ့် ကိုဗစ်ကမ္ဘာ့ကပ် ရောဂါကြောင့် သူတို့တွေ လန်ဒန်ကို မလိုက်လာနိုင်သေးပါဘူး..။
မိသားစုဝင်တွေ မပါလာနိုင်တာဟာ ကျွန်တော်တစ်ယောက်တည်း သာမက ကျန်တဲ့နည်းပြအဖွဲ့ဝင်တွေ အတွက်ပါ အခက်တွေ့ခဲ့ရပါတယ်..။ ကောင်းတဲ့အချက်ကတော့ တစ်ချိန်လုံးလိုလို အတူတူရှိနေရတဲ့အတွက် အလုပ်သစ်ပေါ်မှာ အချိန်ပြည့်အာရုံနှစ်ပြီး စူးစိုက်နိုင်ခဲ့ပါတယ်..။ ချယ်လ်ဆီးကိုရောက်ပြီး အစောပိုင်း ရက်သတ္တပါတ်တွေမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ဆုံးမှာ ချန်ပီယံလိဂ် ဖလားဗိုလ်စွဲနိုင်ခဲ့တာကြောင့် ပင်ပန်းခဲ့သမျှတွေ ပြေပျောက်ခဲ့ရပါတယ်..။”
မေး - ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့အပေါ် ဘယ်လိုခံစားခဲ့ရလဲ..?
“အဲဒီချန်ပီယံလိဂ် ဆုဖလားကြီးဟာ ကျွန်တော်တို့ရဲ့ ဘဝတွေကို ပြောင်းလဲပေးခဲ့ပါတယ်..။ ဗိုလ်မစွဲခင် အရင်တစ်နှစ်မှာ ပီအက်စ်ဂျီအသင်းနဲ့ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရပါတယ်..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်းနဲ့အတူ ဗိုလ်စွဲခဲ့ရတာဟာ တကယ်ဖြစ်နေသလား.. လို့တောင် ထင်ယောင်ထင်မှား ဖြစ်ရပါတယ်..။ ဒါပေမယ့် အဲဒီဗိုလ်လုပွဲအတွက် ပြင်ဆင်နေတဲ့ နေ့တွေမှာ ဖလားရလိမ့်မယ်.. ဆိုတဲ့ ခံစားချက် ရရှိနေသလို ကစားသမားတွေရဲ့ အနေအထားကလည်း သိပ်ကိုကျေနပ်ဖို့ ကောင်းနေခဲ့ပါတယ်..။
ကျွန်တော်တို့တစ်သင်းလုံးဟာ အောင်ပွဲဆာလောင်စိတ် အပြည့်ရှိနေခဲ့သလို ဗိုလ်လုပွဲစဉ်အထိ ပြင်ဆင်မှုတွေအားလုံး မှန်ကန်ခဲ့ပါတယ်..။ ဗိုလ်လုပွဲပြီးတဲ့အချိန် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတူ အောင်ပွဲခံခွင့်ရခဲ့တာဟာ တကယ့်ကို ကြည်နူးဖို့ကောင်းလှသလို ဘဝတစ်လျှောက်လုံး အမှတ်တရ ဖြစ်နေမှာပါ..။ ပီအက်စ်ဂျီအသင်းနဲ့ ဗိုလ်လုပွဲ တက်ရောက်ခဲ့ရတုန်းကတော့ ကိုဗစ်ရောဂါကြောင့် ပရိသတ်တွေ မပါဝင်ပဲ ကစားခဲ့ရတာ ဖြစ်ပါတယ်..။ အဲဒီလိုပရိသတ်မပါနိုင်တဲ့ ဗိုလ်လုပွဲမျိုး ထပ်ပြီးမကြုံတော့ဘူးလို့ ထင်တာပါပဲ..။”
မေး - ခင်ဗျားတို့ဟာ ဆုဖလားတွေအများကြီး ဆွတ်ခူးခဲ့တဲ့သူတွေ ဖြစ်ပါတယ်..။ အဲဒီလိုအောင်ပွဲတွေကို ရယူနိုင်ဖို့ ရည်မှန်းချက်ထားခဲ့လား..? တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လိုတွေ ပြင်ဆင်ခဲ့ပါသလဲ..?
“ကျွန်တော်တို့ဟာ ရည်မှန်းချက် အကြီးကြီး မထားပါဘူး..။ ရေတိုမှာ ဘယ်လိုအရာတွေ ဆွတ်ခူးနိုင်မလဲ ဆိုတာ လက်တွဲကျကျ ဆန်းစစ်ရင်း အဲဒီရေတိုရည်မှန်းချက်ကို ရရှိအောင် ကြိုးစားပါတယ်..။ ဥပမာ- မိန့်ဇ်အသင်းမှာဆိုရင် တန်းမဆင်းရဖို့ ဖြစ်ပါတယ်..။ တန်းဆင်းရတဲ့ အန္တရာယ်က လွတ်ကင်းပြီးဆိုရင် နောက်ထပ်တစ်ဆင့်ကို ဘယ်လိုတက်နိုင်မလဲ..? စဉ်းစားရပါတယ်…။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေဟာ ပြောင်းလွယ်၊ ပြင်လွယ် ရှိပါတယ်..။ ကျွန်တော်တို့ အဲဒီလိုပဲ အလုပ်လုပ်ကြပါတယ်..။ ဒ့ါကြောင့်ကျွန်တော်တို့ဟာ အခြေအနေတွေနဲ့ အမြဲတမ်းလိုက်လျောညီထွေ ရှိနေရပါတယ်..။
ရည်မှန်းချက် အရမ်းကြီးလွန်းတာဟာ လက်တွေ့မကျပါဘူး..။ ဒါ့ကြောင့်အခုလက်ရှိအချိန်မှာ ရာသီအဖွင့် တာထွက်ကောင်းဖို့ကိုပဲ ရည်မှန်းထားပါတယ်..။ ခရီးလမ်းကြောင်းတစ်လျှောက် အမှားအယွင်းတွေ ပြုလုပ်လို့ မရပါဘူး..။ ကျွန်တော်တို့ရဲ့ အခုနှစ်ရာသီ ရည်မှန်းချက်ကတော့ သောမတ်စ် တူခယ်လ် ရဲ့ ပထမဆုံး အင်တာဗျူးမှာ ပြောခဲ့တဲ့အတိုင်းပါပဲ.. ‘ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားပါတယ်..။’”
မေး - ဒါဆိုရင် အနာဂတ်မှာ ကိုယ့်ကိုယ်ကို နည်းပြတစ်ယောက်၊ ဒါမှမဟုတ် မန်နေဂျာတစ်ယောက် ဖြစ်လာမယ်လို့ ရည်မှန်းထားသေးလား.. ဘင်နီ ရေ..
“သောမတ်စ် ရဲ့ နည်းပြအဖွဲ့ထဲမှာ သောမတ်စ်၊ အာနို၊ ဇော့တ် တို့နဲ့အတူ လိုအပ်နေသရွှေ့၊ အသင်းမှာ အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်ခွင့် ရနေသရွေ့ တခြားဘယ်ကိုမှ မပြောင်းပါဘူး..။ ကျွန်တော်တို့အသင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေမှာ ကျွန်တော်ဟာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာ သိနေခဲ့တဲ့အတွက် အရမ်းကျေနပ်မိပါတယ်..။ ဒ့ါကြောင့်ကျွန်တော်ဟာ နောက်ထပ် သောမတ်စ် တူခယ်လ် တစ်ယောက်၊ နောက်ထပ် အားကစားဒါရိုက်တာ တစ်ယောက် မဖြစ်ချင်ပါဘူး…။ အခုအချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့နေသလို ချယ်လ်ဆီးလို ထိပ်တန်းအသင်းကြီးတစ်သင်းမှာ တတ်အားသရွေ့ ပါဝင်ခွင့်ရနေတဲ့အပေါ် ကျေနပ်၊ ပျော်ရွှင်ရပါတယ်..။
ကျွန်တော်ဟာ လိုအပ်လာရင် တခြားအလုပ်တွေ တာဝန်ယူပေးဖို့လည်း အဆင်သင့်ပါပဲ..။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ကျွန်တော်ဟာ အခုအပါတ်မှာ အပြောင်းအရွှေ့ ဈေးကွက်အပေါ် အာရုံစိုက်ရပါတယ်..၊ ဒါပေမယ့် နောက်တစ်ပါတ်ကစပြီး ပြိုင်ဘက်အသင်းရဲ့ အသေးစိတ်တွေကို စတင်လေ့လာရပါတော့မယ်..။ အသင်းရဲ့အတွင်းထဲမှာလည်း ကျွန်တော့်ရဲ့ အလုပ်တွေ၊ စွမ်းဆောင်မှုတွေအပေါ် ထိုက်တန်တဲ့ အားပေး၊ ချီးမြှောက်မှုတွေ ရရှိနေပါတယ်..။ ဒ့ါကြောင့် အတိုင်းထက်အလွန်.. ပျော်ရွှင်ရပါတယ်.. လို့ပဲ ပြောချင်ပါတယ်..။”