feature-image

ချယ်လ်ဆီးအသင်း ရာသီအသစ်ကိုစတင်ဖို့ အသင့်ဖြစ်နေပြီလား..?

“ကျွန်တော်တို့ ဆက်ပြီးကြိုးစားရဦးမယ့် အနေအထားတွေ ကျန်ရှိနေပါသေးတယ်..”

လာမယ့် ၂၀၂၂/ ၂၃ ဘောလုံးရာသီအတွက် ချယ်လ်ဆီးအသင်းရဲ့ ရာသီကြို ပြင်ဆင်မှုကာလ နောက်ဆုံးအပါတ် ပြင်ဆင်မှုတွေအပြီး စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ အဖွင့်ပွဲစဉ်အတွက် ချယ်လ်ဆီးအသင်းရဲ့ အသင့်ဖြစ်နေမှု အခြေအနေအပေါ် နည်းပြသောမတ်စ် တူခယ်လ် က အထက်မှာ ပြောကြားခဲ့တဲ့အတိုင်း သုံးသပ်၊ ဖြေကြားခဲ့ပါတယ်..။ အထူးသဖြင့် အူဒီးနိစ်အသင်းနဲ့ ခြေစမ်းပွဲစဉ်နှစ်ပွဲအပြီးမှာ အဲဒီစကားတွေ ပြောကြားခဲ့တာ ဖြစ်တဲ့အတွက် ချယ်လ်ဆီးအသင်းဟာ ခြေကုန်လက်ပန်း ကျခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စု ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်ကနေ အားအင်တွေ ပြန်လည်ပြည့်ဖြိုးလာပြီလို့ ယူဆလို့ မရတဲ့သဘောပါပဲ..။

သောမတ်စ် တူခယ်လ် ဟာ အာဆင်နယ်အသင်းကို ၄ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ သူ့ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုဟာ ‘လုံလောက်မှု မရှိခဲ့ဘူး..’..၊ ‘ပြိုင်ပွဲတစ်ခုအတွက် အသင့်မဖြစ်သေးဘူး.’ လို့ ကောက်ချက်ချခဲ့ပါတယ်..။ ဒါ့အပြင် ရာဖင်ဟာ၊ ဂျူလက်စ် ကွန်ဒီ တို့လို ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားရာမှာ အဆင်မပြေခဲ့မှုတွေ အပါအဝင် အသင်းရဲ့ အပြောင်းအရွှေ့ ဈေးကွက်အတွင်း လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး “အရည်အချင်းပြည့် ကစားသမားတွေ နောက်ထပ်အများကြီး ခေါ်ယူနိုင်ဖို့ လိုအပ်နေသေးတယ်..” ဆိုတဲ့အကြောင်း အသင်းပိုင်ရှင်သစ်တွေကို သတိခေါင်းလောင်း ထိုးထားခဲ့ပါတယ်..။



ချယ်လ်ဆီးအသင်းဟာ တော့ဒ် ဘိုလေးနဲ့ Clearlake Capital တို့နဲ့ ကဏ္ဍသစ် တစ်ခေတ်ဆန်းခဲ့တာဟာ အခုမှမနက်ခင်း အရုဏ်တက်၊ မိုးသောက်စကာလပဲ ရှိနေပါသေးတယ်..။ ဒါပေမယ့် ရိုမန် အေဘရာမိုဗစ်ခ်ျ ကို ဗြိတိသျှအစိုးရက တားဆီး၊ ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အသင်းအပေါ် ထိခိုက်ခဲ့ရတဲ့ အကျိုးဆက်တွေကို အခုအချိန်ထိ ခံစားနေရဆဲ ဖြစ်ပါတယ်..။ ဒ့ါကြောင့်အခုအချိန်မှာ လာမယ့်ရာသီအသစ် စတင်ချိန်နဲ့ ပတ်သက်ရင် အပြာရောင်တွေရဲ့ စိတ်ထဲမှာ မနှစ်ထက် ပိုပြီးတိုးတက်ဖို့ဆိုတာ အသာထားလို့ မနှစ်က တတိယရခဲ့တဲ့ခြေစွမ်း၊ ပြည်တွင်းဖလား နှစ်လုံးမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ခြေစွမ်းကိုတောင် ပြန်ပြီးရပါ့မလား..? ဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေကြပါတယ်..။

အခုနှစ်နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကာလီဒူ ကူလီဘေလီ နဲ့ ရာဟင်း စတာလင်း တို့ဟာ အသင်းအတွက် တကယ့်ကို ကောင်းမွန်ခဲ့တဲ့ ခေါ်ယူအားဖြည့်မှုတွေ ဖြစ်လာမယ့် အလားအလာတွေ ရှိနေပါတယ်..။ ဒါပေမယ့် အန်တိုနီယို ရူဒီဂါ နဲ့ အင်းဒရီးယက်စ် ခရစ်စ်တီယန်ဆန် တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရသလို တိုက်စစ်မှူး ရိုမီလူ လူကာကူ ကို အင်တာ မီလန်အသင်းသို့ ပြန်လည်အဌားချခဲ့ပါတယ်..။ ဒ့ါကြောင့်အသင်းဟာ မနှစ်က အနေအထားအတိုင်း ပြန်လည်တောင့်တင်းဖို့ဆိုရင် အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းမယ့် စက်တင်ဘာ (၁) ရက်နေ့ မတိုင်မီ နောက်ထပ်ခေါ်ယူအားဖြည့်မှုတွေ အချိန်မှီပြုလုပ်နိုင်ဖို့ လိုအပ်နေပါတယ်..။

ဒါ့အပြင် တီမို ဗာနာ၊ ဟာကင် ဇီးယက်ခ်ျ၊ မားကို့စ် အလွန်ဆို နဲ့ ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ တို့ အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေကြသလို ချယ်လ်ဆီးအသင်းဟာ မာ့စ် ကူကာရယ်လာ (နောက်ဆုံးရရှိတဲ့ သတင်းများအရ ချယ်လ်ဆီးအသင်းနဲ့ ဆေးစစ်ခံယူမှုု ပြီးစီးသွားပြီလို့သိရ..)၊ ဝက်စ်လေ ဖိုဖားနား၊ ဖရန်ကီ ဒီဂျောင် တို့ကိုခေါ်ယူဖို့ ကြိုးစားနေပါတယ်..။ အဲဒီလို အဝင်ကြမ်း၊ အထွက်ကြမ်းမယ့် အလားအလာဟာ အသင်းကို ကြီးမားတဲ့ ပြုပြင်၊ ပြောင်းလဲမှု (major overhaul) ပြုလုပ်တဲ့အနေအထားလို့ ပြောလို့ရပါတယ်…။ ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းနှစ်သင်းဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးလ်အသင်းတွေကတော့ သူတို့ရဲ့ရှိပြီးသား ခိုင်မာတဲ့အုတ်မြစ်အပေါ် နောက်ထပ်ပိုမိုပြီး တောင့်တင်းလာအောင် အင်အားဖြည့်တင်းဖို့ ကြံစည်အားထုတ်နေကြတာပဲ ဖြစ်ပါတယ်..။



မနှစ်ကဘောလုံးရာသီ ပြီးဆုံးတဲ့အချိန် ချယ်လ်ဆီးအသင်းနဲ့ လက်ရှိပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းတို့ကြားမှာ အမှတ်ကွာခြားချက် (၂၁) မှတ် ရှိပါတယ်..။ ဒါဟာ ၂၀၂၀/ ၂၁ ဘောလုံးရာသီကထက် နှစ်မှတ်ပိုများခဲ့ပါတယ်..။ မန်ချက်စတာ စီးတီးအသင်းဟာ နော်ဝေးတိုက်စစ်မှူး အားလင်း ဟာလန်း နဲ့ တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့် နိုင်ခဲ့တဲ့အချိန်မှာ ချယ်လ်ဆီးအသင်းကတော့ နွေရာသီအားလပ်ရက်မှာ ပျောက်ဆုံးသွားခဲ့တဲ့ မနှစ်ကဘောလုံးရာသီကခြေစွမ်းကို ပြန်လည်ရှာတွေ့ဖို့ ကြိုးစားနေရတဲ့ အနေအထားမှာ ရှိနေပါတယ်..။ ဒါ့ကြောင့်လည်း အခုလက်ရှိအချိန်မှာ သောမတ်စ် တူခယ်လ် ဟာ ဆုဖလားတွေ ဆွတ်ခူးဖို့အကြောင်းတွေကို တစ်ခွန်းမှ မဟသေးတာ ဖြစ်နိုင်ပါတယ်..။

ဒ့ါကြောင့်သူတို့ရဲ့ရေတိုရည်မှန်းချက်က ပရီးမီးယားလိဂ်ရဲ့ ရာသီအဖွင့်ကာလပဲ ဖြစ်ပါလိမ့်မယ်…။ ချယ်လ်ဆီးအသင်းဟာ အခက်အခဲတွေနဲ့ ကြုံတွေ့နေခဲ့ရပေမယ့် လာမယ့်ရာသီအဖွင့် ကာလကို အကောင်းဆုံး ကျော်ဖြင်နိုင်မှ ထိပ်ဆုံးကနှစ်သင်းအပြင် အခုနှစ်ရာသီမှာ ပြင်ဆင်မှု ကောင်းမွန်ခဲ့ပြီး မျှော်လင့်ချက်ကောင်းတွေနဲ့ တောက်ပနေတဲ့ တော့တင်ဟမ်၊ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့နဲ့အတူ တန်းတူ၊ ရင်ဘောင်တန်းပြီး ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်..။

လာမယ့်ရာသီ ပွဲစဉ်ဇယားအရ ချယ်လ်ဆီးအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် အနားယူရမယ့် နိုဝင်ဘာလ မရောက်ခင်အချိန်ထိ တော့တင်ဟမ်၊ လက်စ်တာ၊ ဝက်စ်ဟမ်း၊ လီဗာပူးလ်၊ ဝုလ်ဖ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေကို အိမ်ကွင်းစတန်းဖို့ဒ် ဘရစ်ခ်ျမှာ ဧည့်ခံရမှာပါ..။ မနှစ်ကဘောလုံးရာသီ၊ အချက်အလက် မှတ်တမ်းများအရ ချယ်လ်ဆီးအသင်းဟာ ထိပ်သီးအသင်း ခြောက်သင်း (big six) ထဲမှာ အိမ်ကွင်းရလဒ် အဆိုးရွားဆုံးအသင်း ဖြစ်ခဲ့ပြီး အိမ်ကွင်းပွဲစဉ် (၁၉) ပွဲထဲမှာ (၉) ပွဲပဲ အနိုင်ရခဲ့သလို ဘရန့်တ်ဖို့ဒ် (၁ - ၄)၊ အာဆင်နယ် (၂ - ၄) အသင်းများကို ရှုံးနိမ့်ခဲ့တဲ့အပြင် ရီးရဲလ် မက်ဒရစ် အသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ကွာတားဖိုင်နယ် ပွဲစဉ်မှာလည်း (၁ - ၃) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်..။



ဒ့ါကြောင့်လာမယ့်ဘောလုံးရာသီ အဖွင့်ကာလမှာလည်း အသင်းကောင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရမယ့် အိမ်ကွင်းပွဲစဉ်တွေမှာ ရလဒ်တွေ ဆက်လက်ဆိုးရွားနေဦးမယ်ဆိုရင် ရာသီကြိုပြင်ဆင်မှုတွေအပေါ် စိတ်တိုင်းမကျခဲ့မှုတွေဟာ ဖိအားတွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်..။

ဒါပေမယ့် အရာရာအားလုံးဟာ ဆိုးဆိုးရွားရွား ပျက်စီးတော့မယ့် ဖြစ်စဉ်တစ်ခုဆီကို ချီတက်နေတာမျိုးတော့ မဟုတ်ပါဘူး..။ ကာလရှည်ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ ဘင် ချီးဝဲလ် ကြောင့် ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်၊ ညာတောင်ပံနှစ်စုံကို ပြန်လည်အသက်သွင်းနိုင်တော့မှာ ဖြစ်သလို အူဒီးနိစ်အသင်းနဲ့ ခြေစမ်းပွဲမှာ အဓိကကွင်းလယ် ကစားသမား အန်ဂိုလို ကန်တေး ဟာ တစ်ချိန်တုန်းက သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်လည်ပြသနိုင်ခဲ့ပါတယ်..။ ဒ့ါအပြင် လူငယ်ခြေတက် ကွင်းလယ်ကစားသမား ကော်နာ ဂါလက်ချာ ကလည်း အသင်းအတွက် ခွန်အားသစ်တွေ ဆောင်ယူပေးနိုင်မှာပါ..။

အီတလီမှာ ကန်ခဲ့တဲ့ နောက်ဆုံးခြေစမ်းပွဲမှာ ကိုင် ဟာဗာ့ဇ်၊ မေဆန် မောင့် နဲ့ ရာဟင်း စတာလင်း တို့ရဲ့ တိုက်စစ်အတွဲဟာ အချိတ်အဆက် ကောင်းမွန်ပြီး ထိုးဖောက်ပုံ မြန်ဆန်ခဲ့ပါတယ်..။ ဒါပေမယ့် အဆုံးသတ် ဂိုးသွင်းယူခြင်းနှင့် အခွင့်အရေးများကို ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်းမှာ လိုအပ်ချက်တွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အဲဒီအားနည်းချက်တွေကို အလျှင်မြန်ဆုံး ပြုပြင်နိုင်ဖို့ လိုအပ်ပါတယ်..။ ဒါ့အပြင် အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေး တို့ဟာ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ တက်တက်ကြွကြွ လှုပ်ရှားနေရင်း နည်းပြသောမတ်စ် တူခယ်လ် ရဲ့ အသင်းအတွက် လိုအပ်တဲ့ဖြည့်ဆည်းမှုတွေ ပြုလုပ်ပေးနိုင်ဖို့ အားကြိုးမာန်တက် ကြိုးစားနေကြတာ တွေ့နေရပါတယ်..။ ဒါ့ကြောင့် ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ရာသီ မပိတ်သိမ်းခင်မှာ ဖြည့်ဆည်းမှုအသစ်တွေနဲ့ ပိုမိုအင်အား တောင့်တင်းလာမှာ သေချာသလောက် ရှိနေပါတယ်..။



ဒါ့အပြင် ပွဲစဉ်ဇယား ရေးဆွဲထားပုံအရ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးလ်အသင်းတွေဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီနဲ့ ပြိုင်ပွဲက ပြန်လာတဲ့အချိန်တွေမှာ ပွဲကျပ်တွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်…။ ဒ့ါကြောင့်သူတို့နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့ရာသီတွေကလို တစ်ရာသီကိုရမှတ် (၉၀) ကျော်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ စွမ်းဆောင်မှုမျိုး ပြန်လည်ရရှိနိုင်ဖို့ မလွယ်ကူနိုင်ပါဘူး..။ အဲဒီအချက်ဟာ ချယ်လ်ဆီးအသင်း အပါအဝင် ထိပ်ဆုံးကအသင်း နှစ်သင်းကို အလဲထိုးနိုင်ဖို့ ကြိုးစားနေတဲ့ အသင်းတွေအတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်..။

ဒ့ါကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာ ဝေးကွာနေခဲ့ရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကြီးကို ပြန်လည်ဆွတ်ခူးနိုင်ဖို့ဆိုရင် အရင်နှစ်တွေနဲ့ မတူညီပဲ ရာသီတစ်ဝက်မှာ ခေတ္တရပ်နားရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အနားပေးကာလကို အကောင်းမွန်ဆုံး အသုံးချနိုင်ဖို့ လိုအပ်ပါတယ်..။ အဲဒီလို အသုံးချနိုင်ဖို့ဆိုရင် ချယ်လ်ဆီးအသင်းအနေနဲ့ မန် စီးတီး နဲ့ လီဗာပူးလ်အသင်း နှစ်သင်းပြီးရင် အကောင်းဆုံးအသင်း ဖြစ်တယ်ဆိုတာကို သေသေချာချာ သက်သေပြရပါလိမ့်မယ်..။ ရာသီကြိုပွဲစဉ်တွေကြောင့် မောပန်းနေလား..? ပင်ပန်းနေပါလား..? သောမတ်စ် တူခယ်လ် နဲ့ သူ့ရဲ့ကစားသမားတွေအတွက်ကတော့ အောင်မြင်မှုတွေဆီကို လျှောက်လှမ်းရမယ့် စိန်ခေါ်မှုတွေနဲ့ ခရီးကြမ်းဟာ လာမယ့်စနေနေ့ကနေ ပြန်လည်စတင်တော့မှာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..

(Sky Sports မှ ဆောင်းပါးရှင် Peter Smith ၏ ‘Cause for concern at Chelsea? ဆောင်းပါးကို ပြန်ဆိုပါသည်..။)