feature-image

'ချယ်လ်ဆီးမှာ အရမ်းပျော်ရွှင်နေပါတယ်..' ဆိုတဲ့ သောမတ်စ် တူခယ်လ် နှင့် တွေ့ဆုံခြင်း..

ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ် တူခယ်လ် မှာ Sky Sports ရုပ်သံဌာနမှ တင်ဆက်သော Soccer AM အစီအစဉ်တွင် ယခုနှစ်ဘောလုံးရာသီ ပြင်ဆင်မှုများအကြောင်း၊ အသစ်ခေါ်ယူခဲ့သော ကစားသမားများအပေါ် ထင်မြင်ချက်များ၊ ရာဟင်း စတာလင်း နှင့် ယှဉ်ပြိုင်ခဲ့သည့် စားပွဲတင်တင်းနစ်ပွဲစဉ်အကြောင်း၊ ရက်ပ်တေးဂီတအကြောင်းများကို အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်..။

ပီဝာာ ဒေးလ် - Hi..! သောမတ်စ် ရေ.. အခုဘောလုံးရာသီသစ်မှာ ခင်ဗျားနဲ့ နောက်ထပ်တွေ့ခွင့်ရခဲ့တဲ့အပေါ် အရမ်းဝမ်းသာမိပါတယ်..။ ခင်ဗျားတော့ မပြောတတ်ဘူး.. ကျွန်တော်ဖြင့် အခုဘောလုံးရာသီအသစ် စတင်မယ့်အချိန်အပေါ် အရမ်းကို စိတ်လှုပ်ရှားနေရပါတယ်..။ အခုအချိန်မှာ ခင်ဗျားရော ဘယ်လိုခံစားနေရလဲဗျ..?

သောမတ်စ် တူခယ်လ် - ကျွန်တော်လည်း ခင်ဗျားနဲ့ထပ်တူပါပဲ..။ အထူးသဖြင့် ကျွန်တော်တို့အသင်းဟာ အသင်းပိုင်ရှင် အသစ်တွေနဲ့ အပြောင်းအလဲကာလမှာ (transition) ရှိနေပါတယ်..။ ပီတာ ချက် အသင်းကနေ ထွက်သွားခဲ့တာဟာ ကျွန်တော့်အတွက် တကယ့်ကိုအရေးပါတဲ့ အကြောင်းအရာတစ်ခုလို့ ပြောရမှာပဲဗျ..။ သူဟာ ကျွန်တော်နဲ့ အသင်းသားတွေ၊ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းကလူတွေ အပါအဝင် အသင်းကလူတွေ အားလုံးရဲ့ကြားမှာ ပေါင်းကူး၊ ဆက်ဆံပေးတဲ့သူဖြစ်ပါတယ်..။ လူတိုင်းနဲ့လည်း အဆင်ပြေအောင် ပြောဆို၊ ဆက်ဆံနိုင်တဲ့သူ ဖြစ်တာကြောင့် ကျွန်တော့်အတွက် တကယ့်ကိုကြီးမားတဲ့ အထောက်အပံ့တစ်ခုလို့ ပြောရမှာပါ..။ အခုဆိုရင် သူဟာအသင်းမှာ မရှိတော့ဘူးပေါ့ဗျာ..

ဒ့ါအပြင် တခြားထင်သာ၊ မြင်သာတဲ့ အပြောင်းအလဲတွေ အများကြီးပါပဲ..။ အဲဒီအပြောင်းအလဲတွေအပေါ် ကျွန်တော်တို့ အကောင်းမြင်စိတ် ထားရှိပါတယ်..။ အထူးအကောင်းမြင်စိတ် ရှိတာပါ..။ ဒါပေမယ့် ကျွန်တော်တို့အသင်းဟာ အပြောင်းအလဲကာလတစ်ခုမှာ ရှိနေတယ်..၊ ဒ့ါကြောင့်ကျွန်တော်တို့တွေဟာ ရာသီအသစ် စတင်မယ့်အချိန်ကို စိတ်လှုပ်ရှားနေတာ မှန်ပေမယ့် တကယ့်ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ဖြစ်ပေါ်လာဖို့ နည်းနည်းတော့ စောင့်ရဦးမယ်.. ထင်ပါတယ်..။



ပီတာ ဒေးလ် - ဟုတ်ကဲ့ပါ..။ ကဲ.. နွေရာသီ အားလပ်ရက်ကို အရင်ပြန်သွားကြတာပေ့ါ..။ ပြီးခဲ့တဲ့နွေရာသီ အားလပ်ရက်တွေမှာ ခင်ဗျားဟာ အသင်းရဲ့အကြောင်း လုံးဝမစဉ်းစားမိအောင် လျစ်လျူရှုထားလို့ ရခဲ့လားဗျ..? ဒါမှမဟုတ် ရာသီမစခင် ဒီကစားသမားတွေတော့ ခေါ်လို့ရခဲ့ရင်ကောင်းမယ်..၊ ဒီလိုနည်းစနစ်ပိုင်း အပြောင်းအလဲတွေ လုပ်ခဲ့ရင်ကောင်းမယ်.. စသဖြင့်ပေါ့ဗျာ.. ထွေထွေရာရာတွေ စဉ်းစားဖြစ်ခဲ့လား..? ဒီလိုမှမဟုတ်ပဲ လုံးဝကိုအေးအေးဆေးဆေး.. အားလုံးကိုမေ့ထား ခဲ့တာပဲလား…?

သောမတ်စ် တူခယ်လ် - ပုံမှန်အားဖြင့် ကျွန်တော်ဟာ အားလပ်ရက် အနားယူပြီဆိုတာနဲ့ အသင်းနဲ့ပတ်သက်တာ အားလုံးကိုမေ့ထားခဲ့ပါတယ်..။ အဲဒီလိုမေ့ထားလို့ရအောင် ကိုယ့်ကိုယ်ကို လေ့ကျင့်ထားခဲ့ပါတယ်..။ အရင်နှစ်တွေမှာ အဲဒီလိုလုပ်နိုင်ခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ မဖြစ်နိုင်ခဲ့ပါဘူး..။ အသင်းပိုင်ရှင်သစ်တွေ ရောက်လာပါတယ်..၊ သူတို့နဲ့ ဆက်ဆံရေးအသစ်တွေ တည်ဆောက်ရတယ်..၊ အပြောင်းအလဲ ရာသီကို ရောက်လာတယ်..၊ အသင်းရဲ့အဓိက ကစားသမားတွေ လက်လွှတ်လိုက်ရပါတယ်..။

ဒါ့ကြောင့်ဒီတစ်ခါ နွေရာသီအားလပ်ရက်ဟာ အရင်နှစ်တွေနဲ့ မတူခဲ့ပါဘူး..။ ဒါ့အပြင်အနားယူရတာ ပိုပြီးတော့ တိုသွားတယ်လို့ ခံစားခဲ့ရပါတယ်..။ တကယ်လည်း အမှန်တကယ် အနားယူခဲ့ရတဲ့ ရက်တွေအတော်လေးကို နည်းပါးခဲ့ပါတယ်..။

ပီတာ ဒေးလ် - ကဲ.. ဒုတိယအဆင့်အနေနဲ့ ခင်ဗျားတို့ရဲ့ ရာသီကြိုပြင်ဆင်မှုတွေအကြောင်း ပြောပြပါလား..? ကစားသမားတွေကို မနားတမ်းပြေးခိုင်း.. သူတို့တွေ အမောတွေဆို့ပြီး လေးဘက်တွေထောက်သွားအောင် တရစပ် ပြေးခိုင်းတာပဲလား.. ဟားဟား..

သောမတ်စ် တူခယ်လ် - ပြေးခိုင်းရတာပေ့ါ..။ သူတို့တွေကို အဝေးကြီးတွေ ပြေးခိုင်းခဲ့ပါတယ်..။ ကျွန်တော်တို့ လေ့ကျင့်ခန်းတွေ အများကြီး ပြုလုပ်ခဲ့တယ်.. တစ်ရက်ကိုနှစ်ကြိမ် လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပါတယ်..။ ဒ့ါအပြင် ကျွန်တော်ဟာ ဘောလုံးနဲ့အတူ လေ့ကျင့်ရတာကို သဘောကျပါတယ်..။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ နည်းစနစ်ပိုင်းတွေကို ကျေညပ်အောင်၊ on the ball.. off the ball ကစားပုံတွေ အသားကျအောင်.၊ ဘောလုံးစွမ်းရည် လေ့ကျင့်ခန်းတွေကို နည်းစနစ်ပိုင်း လေ့ကျင့်ခန်းတွေ၊ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေနဲ့ သမမျှတစွာ ရောစပ်နိုင်အောင် ကြိုးစားပြင်ဆင်ခဲ့ပါတယ်..။



ကစားသမားတွေအတွက် သင့်တင့်လျှောက်ပတ်တဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို ရေးဆွဲပြီး အချိန်တိုအတွင်းမှာ ပွဲတွေယှဉ်ပြိုင်နိုင်ဖို့ အသင့်ဖြစ်လာအောင် ကြိုးစားပြင်ဆင်ရပါတယ်..။ ဒီတစ်ခါရာသီကြို ပြင်ဆင်မှုအနေနဲ့ ကျွန်တော်တို့ဟာ အမေရိကန် ပြည်ထောင်စုမှာ (၁၄) ရက်.. (၁၅) ရက်လောက် အကြာကြီးနေခဲ့ခဲ့ရပါတယ်..။ အဲဒီကခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတုအောက်မှာ ကစားသမားတွေရဲ့ ကြံ့ခိုင်ရေးပိုပြီး ကောင်းမွန်လာအောင် လေ့ကျင့်ခဲ့ကြပါတယ်..။ ဖလော်ရီဒါ ပြည်နယ်မှာဆိုရင် အရမ်းကိုပူပြင်းသလို စိုစွတ်ထိုင်းမှိုင်းမှုလည်း များတယ်ဗျ..။

ပီတာ ဒေးလ် - အမေရိကန် ပြည်ထောင်စုရဲ့ ပူပြင်းစိုစွတ်တဲ့ ရာသီဥတုအောက်မှာဆိုရင် ခင်ဗျားတို့ဟာ ကစားသမားတွေကို အရမ်းပြင်းထန်ပြီး အစွမ်းကုန် မောင်းနှင်ရတဲ့ လေ့ကျင့်ခန်းမျိုးတွေ ပြုလုပ်လို့ ဘယ်ရမလဲဗျ..။ ကွင်းရဲ့ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် သုံးခေါက်လောက် အပြန်အလှန် ပြေးခိုင်းလိုက်ရင် ခင်ဗျားလူတွေ အကုန်လုံး မှောက်ကုန်မှာပေ့ါ…

သောမတ်စ် တူခယ်လ် - yeah.. မှန်ပါတယ်..။ အဲဒီလို ကြမ်းတမ်းလွန်းတဲ့ လေ့ကျင့်ခန်းတွေတော့ ဘယ်လုပ်နိုင်မလဲ..။ တကယ်တော့ ကျွန်တော်တို့လို နည်းပြတွေအကြိုက်ဆုံး.. စံနမူနာပြ နွေရာသီ လေ့ကျင့်ရေးစခန်း (boot camp) ဆိုတာက သြစတြီးယားတို့၊ ဆွစ်ဇာလန် တို့လို အေးမြတဲ့ ရာသီဥတုအောက်မှာ လေ့ကျင့်ရတာကိုပေ့ါဗျာ..။
ပီတာ ဒေးလ် - ဒါပေမယ့် အသင်းဘက်ကလည်း ဈေးကွက်အရ တောင်းဆိုမှုတွေ ရှိနေလေတော့.. သူ့ဘက်ကိုယ့်ဘက် လွန်ဆွဲရတာပေ့ါဗျာ..
သောမတ်စ် တူခယ်လ် - တစ်ခုပြောပြမယ်ဗျ..။ ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားတစ်ယောက် ဖြစ်ခဲ့ဖူးတော့ ကစားသမားတိုင်းဟာ အဲဒီလိုပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ နေ့စဉ်ရက်ဆက် ပြုလုပ်ရပြီဆိုရင် အဲဒီလေ့ကျင့်ခန်း အစီအစဉ်တွေကို မုန်းလာပါတယ်..။ သူတို့ကို မနားတမ်း ခိုင်းနေတဲ့ ကြံ့ခိုင်ရေးနည်းပြတွေ၊ နည်းပြအဖွဲ့ဝင်တွေကို မုန်းတယ်..၊ မိနစ် (၉၀) အပြည့်.. အားလုံးနီးပါးဆိုရင် နှစ်နာရီနီးပါး အင်အားကုန်ခမ်း သွားလောက်အောင် မောင်းနင်ခဲ့တဲ့ နည်းပြချုပ်ကိုလည်း မုန်းတာပါပဲ..။  ဒါပေမယ့် နည်းပြတွေဟာ တစ်နေကုန်နီးပါး အသင်းသားတွေနဲ့ အတူတူရှိနေတယ်..၊ တောင်တက်.. တောင်ဆင်းခရီးတွေ အတူတူ ပြေးတက်ကြ၊ ပြေးဆင်းကြတယ်..၊ ဒါမှမဟုတ် တောင်တက်စက်ဘီးတွေ စီးကြတယ်ပေ့ါဗျာ..။



အဲဒီလိုပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဟာ ကစားသမားတွေအတွက် အကျိုးရှိတယ်လို့ ကျွန်တော်ယုံကြည်နေဆဲပါပဲ.။ ဒါ့ကြောင့်ကျွန်တော့်ရဲ့စိတ်ကြိုက် လေ့ကျင့်ရေးစခန်းဖွင့်မယ့် နေရာကို ရွေးခိုင်းမယ်ဆိုရင် လာမယ့်ဘောလုံးရာသီကျ သြစတြီးယားမှာ ဟိုးရှေးတုန်းကအတိုင်း လေ့ကျင့်ရေးစခန်းဖွင့်ပြီး လေ့ကျင့်ဖို့ ဆန္ဒပြုမယ်ဗျာ.. ဟားဟား..

ပီတာ ဒေးလ် - ဟေးး.. အခုအစီအစဉ်ကို ခင်ဗျားရဲ့ကစားသမားတွေ ကြည့်နေလိမ့်မယ်လို့ မထင်မိဘူးလား..
သောမတ် တူခယ်လ် - အားး… အခုအချိန်လောက်ဆို သူတို့ရဲ့ အေးဂျင့်တွေဆီကိုတောင် ဖုန်းခေါ်ပြီးနေလောက်ပြီ… ဟားဟား..
ပီတာ ဒေးလ် - ဘာလဲ… ဒီနှစ်ထဲမှာပဲ ဒီအသင်းကနေ လစ်လို့ရအောင် လုပ်ပေးပါတော့..၊ သောမတ်စ် ဟာ နောက်နှစ်ကျရင် boot camp ကို သြစတြီးယားမှာ သွားပြီးဖွင့်ဖို့ စီစဉ်နေပြီလို့ ပြောမှာလား.. ဟားဟား..။ ကဲကဲ.. ဟုတ်ကဲ့ပါ..၊ အခုနှစ်မှာ အသစ်ခေါ်ယူခဲ့တဲ့ ကစားသမားတွေအကြောင်း ကျွန်တော်တို့ နည်းနည်းပြောရအောင်ဗျာ..။ အခုလက်ရှိအချိန်ထိ ခင်ဗျားတို့ခေါ်ယူထားတဲ့ ကစားသမားတွေအပေါ် ကျေနပ်မှုရှိရဲ့လား..?

သောမတ်စ် တူခယ်လ် - No.. မကျေနပ်ပါဘူး..။ ဒါပေမယ့် အရမ်းကိုပျော်ရွှင်ပါတယ်.. super happy ပါ..။ Boom..!
ပီတာ ဒေးလ် - Wow..! ဖြေသွားတာ သဘောကျတယ်ဗျာ… ရှိတ်လိုက်ပါဦး..

သောမတ်စ် တူခယ်လ် - ရာဟင်း စတာလင်း နဲ့ ကာလီဒူ ကူလီဘာလီ တို့နှစ်ယောက်ဟာ တကယ့်ထိပ်တန်း ကစားသမားတွေ ဖြစ်ကြသလို ခံယူချက်နဲ့ စိတ်ဓါတ်ပိုင်းတွေမှာလည်း ပြည့်စုံ၊ ကောင်းမွန်သူတွေ ဖြစ်ကြပါတယ်..။ ဒ့ါအပြင် ကျွန်တော်တို့အတွက် အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို ဖြည့်ဆည်းပေးနိုင်မယ့် ကစားသမားတွေလည်း ဖြစ်ကြပါတယ်..။ ခံစစ်ပိုင်းမှာ ကာလီဒူ ကို အားဖြည့်နိုင်ခဲ့တယ်..၊ ရာဟင်း ကို တိုက်စစ်ပိုင်းမှာ အားဖြည့်နိုင်ခဲ့တယ်..။ အဲဒီခေါ်ယူမှုတွေဟာ သိပ်ကိုကောင်းမွန်တဲ့ ခေါ်ယူမှုတွေပါပဲ..။

ပီတာ ဒေးလ် - ချယ်လ်ဆီးအသင်းကို ရာဟင်း စပြီးရောက်လာတဲ့နေ့က ခင်ဗျားနဲ့အတူ စားပွဲတင် တင်းနစ်ပြိုင်ရိုက်ခဲ့တဲ့အကြောင်း ပြောပြပါဦး..။ သူကခင်ဗျားကို ပင်းပေါင်ကစားနည်း သင်ခန်းစာ ကောင်းကောင်းပေးခဲ့တာပေါ့.. ပွဲဦးထွက်မှာတင် ခင်ဗျားအတော် ခံစားလိုက်ရမှာပဲ..

သောမတ်စ် တူခယ်လ် - အမယ်.. ဒါဟာကစားသမားသစ်တွေ ပျော်ရွှင်အောင် လုပ်ပေးရတဲ့ အစီအစဉ်တွေထဲက တစ်ခုပါဗျာ..။
ပီတာ ဒေးလ် - ဟားဟား.. ဆိုလိုချင်တာက ကလေးတွေပျော်အောင် အလျော့ပေးလိုက်တာပေ့ါ.. ဟားဟား..
သောမတ်စ် တူခယ်လ် - yeah..! အခုအချိန်ထိ ကျွန်တော်လက်ကုန် ရိုက်ခဲ့တယ်လို့ သူထင်နေတုန်းပဲဗျ..။ ကျွန်တော့်ရဲ့လက်ဆအမှန်ကို လျှိုထားနိုင်တဲ့တာကြောင့် ကိုယ့်ကိုယ်ကို အရင်ဆုံး ဂုဏ်ပြုတယ်နော.. ဟားဟား..။ ရာဟင်း ကတော့ အခုအချိန်ထိ ကျွန်တော့်ကို ဘယ်အချိန်ရိုက်ရိုက် အေးဆေးပါ…ဆိုပြီး ကျေနပ်နေလေရဲ့.. ဟားဟား..။ ကျွန်တော်ကလည်း ပွဲမြန်မြန်ဖြတ်မှ ရမယ်လေ..၊ သူဟာနောက်ရက်ကျရင် ကစားသမား အသစ်အနေနဲ့ ပြင်ဆင်ရမှာတွေ၊ လေ့ကျင့်ရမှာတွေ.. လုပ်စရာတွေအများကြီး ရှိနေတာကြောင့်ပါ..

ပီတာ ဒေးလ် - ဗွီဒီယို ထဲမှာတော့ ‘နောက်ဆိုရင် ရာဟင်း နဲ့ ဘယ်တော့မှ မရိုက်တော့ဘူး..’ ဆိုပြီး ခင်ဗျားအော်ဟစ်နေတာ ကြားလိုက်တယ်နော်…
သောမတ်စ် တူခယ်လ် - သူဟာစောစောအိပ်ယာဝင်ဖို့ ရှိတာကြောင့် အရင်ထွက်သွားခဲ့ပါတယ်..။ သူမရှိတော့တဲ့နောက်ပိုင်း ကျွန်တော့်ရဲ့ ပုံမှန်လက်စွမ်း ပြန်ရခဲ့ပြီး ကစားတာ ပိုကောင်းလာခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီအချိန်ကျ ကျွန်တော့်ရဲ့လက်အမှန်ကို သူမမြင်လိုက်ရဘူးပေါ့ဗျာ..။ တော်ကြာ.. ကျွန်တော့်ကို ရှုံးခဲ့ရင် သူအိပ်မရပဲ ဖြစ်နေပါလိမ့်မယ်.. ဟားဟား..


တူခယ်လ် နှင့် စတာလင်း တို့၏ စားပွဲတင်တင်းနစ်ပွဲ ဗွီဒီယိုကြည့်ရန် ယခုစာကြောင်းကို နှိပ်ပါ

ပီတာ ဒေးလ် - အိုကေ.. အိုကေ… ရပါပြီ..။ ခင်ဗျားဟာနဲ့ ခင်ဗျားတော့ ဟုတ်နေတာပဲ..။ ဒါနဲ့ခင်ဗျားဟာ ရက်ပ်ပင်း (rapping) တွေ ရွတ်တာရော အတော်ဟုတ်တယ် ထင်ပါတယ်…။ ကွင်းဘေးစည်းမှာ စတုတ္ထဒိုင်နဲ့ ရေရေလည်လည် ပွားနေတာကို rap သီချင်းစာသား ထည့်ထားတဲ့ ဗွီဒီယို You tube မှာ ထွက်လာပါတယ်..။ ခင်ဗျားကြည့်ပြီးပြီလား..?

သောမတ်စ် တူခယ်လ် - အာ…. ကျွန်တော်က ရက်ပ်သီချင်းတွေဆိုတာ မကောင်းပါဘူး.။ ဒါပေမယ့် အဲဒီဗွီဒီယိုမှာတော့ ကျွန်တော်ဟာ ရက်ပ်သီချင်း အဆိုကောင်းသလို ဖြစ်နေပါတယ်..။ ကျွန်တာ်ကြည့်ပြီးပါပြီ..၊ အဲဒီဗွီဒီယို ကလစ်လေးကို ကြည့်ပြီးတာနဲ့ ကျွန်တော်လည်း ခွက်ထိုးခွက်လန် ရယ်ဖြစ်တာပဲ.. ဟားဟား..။

အဲဒီစတုတ္ထဒိုင်တွေဟာ အတော်လေး သနားစရာ ကောင်းပါတယ်..၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေဟာ ကွင်းဘေးမှာပဲ ရှိနေရတာကြောင့် ကျွန်တော်တို့လို နည်းပြတွေ ရေရေလည်လည် ပွားတဲ့ဒဏ်တွေကို မနည်းမနော ခံရတာပါပဲ..။ အဲဒီဗွီဒီယိုမှာ သီချင်းရွေးထားတာလည်း ကောင်းတာကြောင့် ကျွန်တော်နှစ်ခြိုက်မိပါတယ်..။


သောမတ်စ် တူခယ်လ် ၏ rapping ဗွီဒီယိုကြည့်ရန် ယခုစာကြောင်းကိုနှိပ်ပါ..

ပီဝာာ ဒေးလ် - ဒါပေမယ့် ခင်ဗျားဟာ ရက်ပ်တေးဂီတကို တေးဂီတကို အရမ်းကြီးခုံမင်လိမ့်မယ်လို့ မထင်ပါဘူး..
သောမတ်စ် တူခယ်လ် - မှန်ပါတယ်..။ ကျွန်တော်က ရှေးတုန်းက သီချင်းတွေ၊ တိုက်ဆွေးသီချင်းတွေကို ပိုကြိုက်ပါတယ်..။ ကျွန်တော်တို့ငယ်စဉ်တုန်းက ခေတ်စားခဲ့တဲ့ သီချင်းတွေပေ့ါဗျာ.. Fleetwood Mac တို့၊ Simply Red လို အဖွဲ့တွေ နားထောင်ဖြစ်တာ များပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ ကားမောင်းရင်းနဲ့ သီချင်းနားထောင်လေ့ မရှိပါဘူး.။ အံ့သြသွားတယ်မလား…

ပီတာ ဒေးလ် - ဒါဆိုရင် ကားမောင်းနေတဲ့အချိန်မှာ ဘာလုပ်လေ့ရှိလဲဗျ.. အဲဒီအချိန်ကျမှ ရက်ပ်သီချင်းတွေ ရွတ်တာလာ..?
သောမတ်စ် တူခယ်လ် - ဖြစ်နိုင်ပါတယ်.. ဟားဟား..
ပီတာ ဒေးလ် - ဒါဆို ရက်ပ်သီချင်းတွေ တကယ်ကြိုက်တာလား..!!
သောမတ်စ် တူခယ်လ် - ရက်ပ်သီချင်းတွေနဲ့ ရက်ပ်ဂီတကို ကျွန်တာ်ကြိုက်နှစ်သက်ပါတယ်..။ အတည်ပြောတာနော်..။ Rap House ဂီတတွေကိုလည်းကြိုက်ပါတယ်..။ ကျွန်တော်ဟာ ရှေးတုန်းက သီချင်းတွေကို နှစ်သက်ပေမယ့် ကားမောင်းတဲ့အခါမှာ ရက်ပ်သီချင်းတွေ နားထောင်တတ်ပါတယ်..။

ပီတာ ဒေးလ် - ကဲ.. သောမတ်စ် ရေ.. အခုလိုအချိန်ပေးပြီး ဖြေကြားပေးတာ ကျေးဇူးပါနော်..။ ရာသီသစ်မှာ အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းရင်း.. မကြာခင်မှာ ပြန်ဆုံကြတာပေါ့ဗျာ..