‘ဘာဘရာ ရှာရုန်းန်…’
သူမဟာ မက်ဒေါနား၊ ရော့ဒ် စတီးဝတ်၊ ပရင့်စ် နဲ့ ကိ ရစ်ချက် တို့လို ကမ္ဘာကျော် တေးဂီတပညာရှင်တွေနဲ့ နှစ်ပေါင်း (၄၀) ကျော် လက်တွဲအလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ အပြာရောင်ကစားသမားတွေ ဖြစ်ကြတဲ့ ရုဒ် ဂူးလစ်၊ ဂီယန် ဖရန်ကို ဇိုလာ၊ ဖရန့် လမ်းပတ် နဲ့ မေဆန် မောင့် တို့ဟာ သူမကိုပိုပြီးရင်ခုန်စေခဲ့ပါတယ်…။
“တကယ်တော့ ရယ်စရာကြီးရှင့်..။ ကျွန်မဟာ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေနဲ့ တစ်ချိန်လုံးလိုလို တွေ့ဆုံနေခဲ့ရပြီး သူတို့တွေဟာ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေလို့ ပြောရမှာပါ..။ ဒါပေမယ့် ဘောလုံးသမား တစ်ယောက်ယောက်နဲ့ တွေ့ရတော့မယ်ဆိုရင် ကျွန်မဟာ အရမ်းကိုစိတ်လှုပ်ရှားခဲ့ပြီး တကယ့်ကြယ်ပွင့်တစ်ယောက်နဲ့ တွေ့ခွင့်ရခဲ့သလို ရင်ခုန်နေခဲ့ရတာပါပဲ..။”
အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုမြို့မှာ မွေးဖွားခဲ့တဲ့ ရှာရုန်းန် ဟာ ၁၉၇၄ ခုနှစ်မှာ လန်ဒန်မြို့ကို ပြောင်းရွှေ့၊ ခြေချပြီး ကမ္ဘာကျော်ဂီတ ပညာရှင်တွေရဲ့ မီဒီယာဆက်ဆံရေး ကိစ္စတွေကို ကိုင်တွယ်ပေးနေတဲ့ ကိုယ်ပိုင်အေဂျင်စီ တစ်ခုကို တည်ထောင်ခဲ့ပါတယ်..။ အခုဆိုရင် သူမရဲ့ MBC အေဂျင်စီဟာ Foo Fighters..၊ Depache Mode..၊ Lewis Capaldi..၊ Kasabian တို့လို ကမ္ဘာကျော် တေးဂီတအဖွဲ့တွေကို ကိုယ်စားပြု ကိုင်တွယ်ပေးနေသလို သူမဟာ Rolling Stones..၊ Sound စတဲ့ ကမ္ဘာကျော် တေးဂီတမဂ္ဂဇင်း တွေမှာ ပုံမှန်ဆောင်းပါးတွေ ရေးသေားနေတဲ့ ဆောင်းပါးရှင်၊ ဂျာနယ်လစ်တစ်ဦးလည်း ဖြစ်ပါတယ်..။
“ဗြိတိန်ကို မလာခင်က ဘောလုံးအားကစားနည်းအကြောင်း ဘာမှမသိခဲ့ပါဘူး..။ ကျွန်မဟာ ဘေ့စ်ဘောပရိသတ် တစ်ယောက်ပါ..။ အင်္ဂလန်ကိုစပြီး ရောက်လာတဲ့အချိန်က စတန်းဖို့ဒ် ဘရစ်ခ်ျကနေ နှစ်မိုင်လောက်ပဲဝေးတဲ့ Slanone လမ်းမှာ နေပါတယ်..။ အဲဒီအချိန်က ကျွန်မဟာ Rolling Stones တေးဂီတဝိုင်းရဲ့ ဂီတာသမား ကိ ရစ်ချက် ရဲ့အကြောင်း စာအုပ်တစ်အုပ် ရေးနေတာပါ..။ ဒ့ါကြောင့်သူနဲ့အနီးကပ်နေထိုင်၊ လေ့လာဖို့ လိုအပ်လာတဲ့ အခြေအနေမှာ သူက Chichester အရပ်မှာရှိတဲ့ သူ့ရဲ့အိမ်မှာပဲ ကျွန်မကို နေခွင့်ပေးခဲ့ပါတယ်..။
ကျွန်မဟာ တစ်နေကုန်အလုပ်လုပ်ပြီး ညပိုင်းကျရင် TV ကြည့်တယ်..၊ အဲဒီမှာ ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေကျ ‘Midweek Sports Special’ အားကစား အစီအစဉ်ကလွဲပြီး တခြားကြည့်စရာ မရှိပါဘူး..။ အဲဒီအစီအစဉ်ကို ကြည့်ရင်းနဲ့ပဲ ဘောလုံးကစားနည်းကို စွဲလန်းသွားတာပါ..။ ဒါနဲ့ပဲလန်ဒန်မြို့ကို နောက်တစ်ခေါက် ပြန်ရောက်တဲ့အခါ ဘောလုံးပွဲတွေစပြီး ကြည့်ဖြစ်ပါတယ်..။ တစ်ဆင့်တက်လာတာပေ့ါရှင့်…
ချယ်လ်ဆီးအသင်းရဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းဟာ ကျွန်မနဲ့အနီးဆုံးဖြစ်တာကြောင့် ချယ်လ်ဆီးပွဲတွေ ကြည့်ရင်းနဲ့ပဲ သူတို့ကို စွဲလန်းသွားခဲ့ပါတယ်..။ ဒီလိုနဲ့နောက်တစ်ဆင့်တက်ပြီး တစ်ရာသီစာလက်မှတ် (season ticket) ဝယ်ယူဖို့ ကြိုးစားခဲ့ပါတော့တယ်..။ အဲဒီအချိန်တုန်းက ချယ်လ်ဆီးအသင်းဟာ ပထမတန်း (ပရီးမီးယားလိဂ် မတည်ထောင်ခင်) မှာ တက်လိုက်၊ ဆင်းလိုက်ဆိုတော့ တစ်ရာသီစာလက်မှတ် ဝယ်ရတာ လွယ်ကူပါတယ်..။ ကျွန်မတို့ရဲ့ ချယ်လ်ဆီးဟာ ပထမတန်းနဲ့ ဒုတိယတန်းကြားမှာ ခေါက်တိုပြေးနေတဲ့ အသင်းလိုဖြစ်နေရကနေ တဖြည်းဖြည်းနဲ့ တိုးတက်မှုတွေ မြင်တွေ့လာခဲ့ရပါတယ်..။”
ရင်းနှီးတဲ့သူတွေက ‘BC’ လို့ အတိုကောက် ချစ်စနိုးခေါ်ဝေါ်ခဲ့တဲ့ ရှာရုန်းန် ရဲ့ ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံး အမှတ်တရကတော့ ၁၉၈၃/ ၈၄ ဘောလုံးရာသီ နောက်ဆုံးနေ့ ဖြစ်ပါလိမ့်မယ်.။ အဲဒီနေ့က ချယ်လ်ဆီးအသင်းဟာ ခါးသီးတဲ့ပြိုင်ဘက် လိဒ် ယူနိုက်တက်အသင်းကို စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ ၅ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ပထမတန်း တက်ရောက်ခွင့်ရပါတယ်..။ အသင်းရဲ့ နောက်ဆုံးဂိုးကို လိဒ် ယူနိုက်တက် အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ ပေါလ် ကာနိုဗေးလ် က သွင်းယူပေးလိုက်တဲ့အချိန် ချယ်လ်ဆီးပရိသတ်တွေဟာ ကျောင်းတော်ကရန်စ၊.. အငြိုးတွေနဲ့ အတိုး၊ အရင်းပေါင်းပြီး ပရိသတ်အကုန်လုံး ကွင်းထဲဆင်း အောင်ပွဲခံကြပါတယ်..။
အဲဒီမှာ စိတ်ဆိုး၊ ဒေါသထွက်ခဲ့ကြတဲ့ အဝေးကွင်းလိဒ် ပရိသတ်ဟာ မနိုင်.. နိုင်ရာမဲပြီး စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းရဲ့ အနောက်မြောက်ထောင့်က goal score ပြတဲ့ ဘုတ်ကြီးကို ထိုးခွဲပစ်လိုက်ကြပါတယ်..။ ချယ်လ်ဆီးအသင်း ဥက္ကဌ ကင် ဘိတ်စ် က လူရမ်းကား လိဒ် ယူနိုက်တက်အသင်းကို လိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်.. ပြစ်ဒဏ်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်..။
“လိဒ် ယူနိုက်တက်အသင်း ပရိသတ်တွေဟာ သူတို့ရဲ့နောက်မှာရှိနေတဲ့ score board ကြီးကို ဖျက်စီးပစ်လိုက်ကြပါတယ်..။ အဲဒီနေရာမှာ အခုတော့ မက်သယူး ဟားဒင်းစ် ပွဲကြည့်စင် ဖြစ်သွားပြီပေ့ါ..။ အဲဒီအချိန်က ကျွန်မတို့အသင်းဟာ ဆင်းရဲနေတာဆိုတော့ နောက်ထပ်ရာသီအသစ် စတင်တဲ့အချိန် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာ ဂိုးအရေအတွက်တွေပြဖို့ score board မရှိခဲ့ပါဘူး..။ တကယ့်အမှတ်တရပါပဲ..။
ကျွန်မတို့ ဘောလုံးပွဲစပြီး ကြည့်တဲ့အချိန်ကနေဆိုရင် ဘောလုံးလောက ရေစီးကြောင်းဟာ အများကြီးပြောင်းလဲသွားပါပြီ..။ ၁၉၈၀ ခုနှစ်လွန်ကာလ အင်္ဂလိပ်ဘောလုံးပွဲတွေဟာ လူရမ်းကား ပွဲကြည့်ပရိသတ်တွေကြောင့် နာမည်ပျက်ခဲ့ရတဲ့ အရိပ်ဆိုးတွေ ရှိနေခဲ့ပါတယ်..။ လိဒ်အသင်း ပရိသတ်တွေက ကျွန်မတို့ရဲ့ score board ကြီးကို ဖျက်ဆီးပစ်လိုက်ကြတဲ့ ဥပမာလို့ပေ့ါရှင့်..။ အခုခေတ်မှာတော့ ဘောလုံးပွဲတွေကို မိသားစုလိုက် လာကြည့်ကြတယ်...၊ ကလေးတွေအများကြီး လာကြည့်ကြပါတယ်…။ ကျွန်မတို့ဆီက ဘောလုံးပွဲတွေဟာ လူရမ်းကားတွေ ပျော်မွှေ့တဲ့ စားကျက်ကနေ မိသားစုလိုက် ကြည့်ရှုဖို့ အဆင်ပြေလာတဲ့ ပတ်ဝန်းကျင်တစ်ခုအဖြစ် တဖြည်းဖြည်း ရွှေ့လျားလာတာဟာ ကောင်းမွန်တဲ့တိုးတက်မှုပါ..။”
သူမဟာ ဒီဘက်ခေတ်တွေမှာ အသင်းရဲ့ ပထမဆုံး ဆုဖလားဖြစ်ခဲ့တဲ့ ၁၉၉၇ ခုနှစ်မှာ မစ်ဒယ်လ်ဘရော့အသင်းကို အနိုင်ရပြီး FA ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ဝင်ဘလေကွင်းထဲက ဗိုလ်လုပွဲကို ကိုယ်တိုင်ကိုယ်ကျ အားပေးခဲ့ပါတယ်..။ အဲဒီပွဲမှာ ရော်ဘတ်တို ဒီမက်တီယို ဟာ FA ဖလား ဗိုလ်လုပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံး သွင်းဂိုးတွေထဲမှာ ပါဝင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ အဖွင့်ဂိုးကို ပွဲချိန် (၄၂) စက္ကန့်မှာတင် အဝေးကန်ချက်နဲ့ လှလှပပ သွင်းယူပေးခဲ့ပါတယ်..။ အဲဒီဗိုလ်လုပွဲနဲ့အတူ နောက်ဆက်တွဲ ပါလာတာက ချယ်လ်ဆီးအသင်းရဲ့ နာမည်ကျော် ‘Blue Day’ သီချင်းပဲ ဖြစ်ပါတယ်..။ အဲဒီ Blue Day သီချင်း ပေါ်ပေါက်လာပုံအကြောင်းကို သူမက အခုလိုပြောပြခဲ့ပါတယ်..။
“အဲဒီသီချင်း ဖြစ်ပေါ်လာရတဲ့အကြောင်းက အတော်လေး အံ့သြဖို့ကောင်းပါတယ်..။ သီချင်းကို သီဆိုပေးခဲ့တဲ့ Snugg ဟာ ဝါနာဘရားသား ဓါတ်ပြားတိုက်မှာ ကျွန်မနဲ့အတူတူ လက်တွဲအလုပ်လုပ်နေတဲ့ လုပ်ဖော်ကိုင်ဘက်ပါ..။ သီချင်းရေးတဲ့သူကတော့ မိုက်ခ် ကော်နားရစ်စ် ပါ..။ သူကအဲဒီသီချင်းရေးပြီး ကျွန်မကို လာပြတဲ့အခါ Snugg နဲ့ဆို လိုက်ဖက်လိမ့်မယ်လို့ ကျွန်မတွေးလိုက်မိပါတယ်..။ ကံကောင်းတာက ဝါနာဘရားသား ဓါတ်ပြားတိုက်က ပုဂ္ဂိုလ်တွေကလည်း ကျွန်မနဲ့စိတ်ကူးကို သဘောတူကြပါတယ်..။
အဲဒီသီချင်းဟာ အင်္ဂလန်ရဲ့ လူကြိုက်အများဆုံး သီချင်းတွေကို စာရင်းပြုစုပေးတဲ့ Billboard ထိပ်တန်းသီချင်းများ စာရင်းရဲ့ ထိပ်ဆုံးသီချင်း (၃၀) စာရင်းဝင်ခဲ့ပါတယ်..။ ဒါပေမယ့် နည်းပြရုဒ် ဂူးလစ် က နာမည်အရမ်းကြီးသွားမှာစိုးလို့ Top of the Pops အစီအစဉ်မှာ လွှင့်ထုတ်ခွင့် မပေးခဲ့ပါဘူး..။ အဲဒီသီချင်းဟာ ဒီထက်ပိုပြီး နာမည်ကြီး၊ ကျယ်ပြန့်သွားရမယ့် သီချင်းပါ..။ တနင်္ဂနွေနေ့၊ မနက်ပိုင်းမှာ ချယ်လ်ဆီးကစားသမားတွေအားလုံး ကျွန်မတို့ စတူဒီယိုထဲလာပြီး သီချင်းဆိုကြပါတယ်..။ ကျွန်မတို့ကလည်း အဲဒီသီချင်း MTV အတွက် အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်မှာ ဗွီဒီယိုရိုက်၊ မှတ်တမ်းတင်ခဲ့ကြပါတယ်..။ တကယ့်ကို အမှတ်တရ ဖြစ်ခဲ့ရတဲ့ အချိန်တွေပါပဲ..။”
ချယ်လ်ဆီးအသင်း၏ Blue Day သီချင်းကို နားဆင်ရန် ဤစာကြောင်းကို နှိပ်ပါ
ရိုမန် အေဘရာမိုဗစ်ခ်ျ ရဲ့ခေတ်.. ချယ်လ်ဆီးအသင်းကို ဖြတ်သန်းခြင်း.
ရုရှဘီလျံနာသူဌေးကြီး ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ချယ်လ်ဆီးအသင်းကို ၂၀၀၃ ခုနှစ်၊ ဇွန်လမှာ ဝယ်ယူခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းဟာ အဲဒီအချိန်ကစပြီး အောင်မြင်မှုတွေ ဆက်တိုက်ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် ဆုဖလားကြီးကို ၂၀၀၅ ခုနှစ်မှာ ဘော်လ်တန်အသင်းရဲ့ Reebok Stadium ကစားကွင်းမှာ ပထမဆုံးအကြိမ် စတင်ရရှိခဲ့ပါတယ်..။ ဒါဟာနှစ်ပေါင်းငါးဆယ်အကြာမှာ အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သလို ချန်ပီယံလိဂ် ဆုဖလားကြီးကိုတော့ ၂၀၁၂ ခုနှစ်မှာ ဘေယန် မြူးနစ်အသင်းကို အနိုင်ရရှိခဲ့ပြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ ရှာရုန်းန် ဟာ အဲဒီနှစ်ပွဲစလုံးကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခွင့်ရခဲ့ပါတယ်..။
“ဘော်လ်တန်မှာ ကန်ခဲ့တဲ့ပွဲကို ကျွန်မသွားကြည့်ခဲ့ပါတယ်..။ အဲဒီအချိန်က ကျွန်မတို့အသင်းမှာ လမ်းပတ်၊ ဒရော့ဘာ၊ မက်ခလီလီ တို့လို ထိပ်တန်းကစားသမားတွေ ရှိနေပါပြီ..။ အရင်တုန်းကတော့ ဂလင်း ဟော်ဒယ်လ်၊ ရုဒ် ဂူးလစ် တို့ကနေ အစပြုလို့ ထိပ်တန်းကစားသမားတွေ၊ ထိပ်တန်း မန်နေဂျာတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့တာ မြင်ခဲ့ရသော်ငြား ရိုမန် အေဘရာမိုဗစ်ခ်ျ အသင်းကို ဝယ်ယူပြီးနောက်ပိုင်းမှာ ကျွန်မတို့အသင်းဟာ နောက်ထပ်ဘဝသစ်တစ်ခုကို ရောက်ရှိသွားခဲ့သလိုပါပဲ..။
မြူးနစ်မြို့မှာ ချန်ပီယံလိဂ်ဖလား ရရှိခဲ့တဲ့နေ့ဟာ ကျွန်မဘဝရဲ့ အကြီးကျယ်၊ အခမ်းနားဆုံး နေ့တစ်နေ့လို့ ပြောရမှာပါ..။ ဘေယန်အသင်းရဲ့ Allianz ကစားကွင်းကြီးကို အပြာရောင်မီးတွေ ထွန်းညှိပေးခဲ့တဲ့ အခိုက်အတန့်ဟာ တကယ့်ကို ကြည်နူးဖို့ကောင်းလှပါတယ်..။ သိပ်ကိုပျော်ရွှင်ခဲ့ရတဲ့ ရက်သတ္တပါတ်ပါပဲ..။ အဲဒီနှစ်ဘောလုံးရာသီမှာ ဘေယန် မြူးနစ်အသင်းဟာလည်း ကျွန်မတို့လိုပဲ အတက်အကျတွေ များခဲ့ပါတယ်..။ ဒ့ါကြောင့်ကွင်းထဲကို ရောက်တဲ့အချိန် နှစ်သင်းပရိသတ်တွေရဲ့ ဆက်ဆံပုံတွေ ကောင်းမွန်ခဲ့ပါတယ်..။
ဒါပေမယ့် ဘေယန်အသင်းက ဂိုးစသွင်းသွားတဲ့အချိန်ဟာ အတော်လေး စိတ်ပျက်ဖို့ ကောင်းခဲ့ပါတယ်..။ နောက်ပြီးသူတို့အိမ်ကွင်းလဲ ဖြစ်နေလေတော့ ကွင်းထဲမှာ ပွဲကြေငြာသူရဲ့ လေလှိုင်းသံဟာ သူတို့ဘက်ကို အရမ်းပင်းခဲ့ပါတယ်..။ သူတို့ဦးဆောင်ဂိုး ရသွားခဲ့တာ ပွဲချိန် (၈၃) မိနစ်မှာပါ.။ ကျွန်မနဲ့အတူလာတဲ့ သူငယ်ချင်းတစ်ချို့က တခြားဘက် ပွဲကြည့်စင်တွေမှာ ရှိနေတာကြောင့် ‘အခြေအနေမကောင်းဘူး..၊ ပြန်ကြရအောင်..’ ဆိုပြီး သူတို့ဆီ မက်ဆေ့ခ်ျရိုက် ပို့လိုက်ပါတယ်..။ အဲ… နောက်ထပ် ငါးမိနစ်အကြာမှာ ဒီဒီယာ ဒရော့ဘာ က ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်..။
ကျွန်မတို့ဟာ ဂျူအန် မာတာ ကန်တင်လိုက်တဲ့ ထောင့်ကန်ဘော အလံတိုင်နားမှာ ရှိနေတဲ့အချိန် ဂိုးဝင်သွားခဲ့တဲ့အတွက် အရမ်းကိုကံကောင်းခဲ့တယ်လို့ ပြောရမှာပါပဲ..။ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲမှာ သွင်းယူပေးခဲ့တဲ့ ဒရော့ဘာ ရဲ့ ချေပဂိုးနဲ့ ဘာစီလိုနာအသင်းကို သွင်းယူပေးခဲ့တဲ့ ဖာနန်ဒို တောရက်စ် ရဲ့ သွင်းဂိုးတွေဟာ ကျွန်မရဲ့ ဘဝတစ်သက်တာ အကြိုက်ဆုံး သွင်းဂိုးတွေပဲရှင့်..။”
ချယ်လ်ဆီးအသင်း ဘုတ်အဖွဲ့ဝင် ဖြစ်ပါပြီ…
ရှာရုန်းန် ဟာ ဘဝတူ ချယ်လ်ဆီးပရိသတ် တစ်ယောက်ဖြစ်တဲ့ Times သတင်းစာတိုက်က ပင်တိုင်ဆောင်းပါးရှင် ဒယ်နီ ဖင်ကယ်လ်စတိုင်း နဲ့ ရင်းနှီးခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ..။ လွန်ခဲ့တဲ့ မတ်လတုန်းက သူမဟာ ဖင်ကယ်လ်စတိုင်း ဆီကနေ ‘တကယ်လို့ တော့ဒ် ဘိုလေး တို့ ဦးဆောင်တဲ့အဖွဲ့သာ ချယ်လ်ဆီးအသင်းကို ဝယ်ယူဖို့ အရွေးခံရခဲ့မယ်ဆိုရင် အသင်းဘုတ်အဖွဲ့မှာပါဝင်ဖို့ စိတ်ဝင်စားရဲ့လား..?’ လို့ လှမ်းမေးတဲ့ မက်ဆေ့ခ်ျ တစ်စောင်ရခဲ့ပါတယ်..။
“ကျွန်မဟာ ဒယ်နီ နဲ့ ရင်းနှီးခဲ့တာ နှစ်ပေါင်း (၂၀) လောက် ရှိပါပြီ..။ သူကလည်း ကျွန်မတို့လို season ticket ပိုင်ရှင် ချယ်လ်ဆီးပရိသတ် တစ်ယောက်ပါပဲ..။ ဒယ်နီ က ကျွန်မဆီကို မက်ဆေ့ခ်ျပို့ပြီး မေးတဲ့အပြင် အပြင်မှာတွေ့ပြီး ဆွေးနွေးချင်တယ်လို့ ပြောပါတယ်..။ သူဟာ တော့ဒ် ဘိုလေး တို့ အစုအဖွဲ့မှာ ပါဝင်တဲ့ ဂျိုနသန် ဂိုးလ်စတိန်း နဲ့ ရင်းနှီးပါတယ်..။ သူတို့အဖွဲ့ဟာ အသင်းရဲ့အမာခံ ပရိသတ်နှစ်ယောက်ကို ဘုတ်အဖွဲ့မှာ ထည့်သွင်းဖို့ စီစဉ်နေပါတယ်..။ အင်္ဂလန်မှာ အသင်းတော်တော်များများဟာ အဲဒီအစီအစဉ်အကြောင်း ဆွေးနွေးခဲ့ကြပေမယ့် ဘယ်သူကမှ အကောင်အထည် မဖေါ်ခဲ့ပါဘူး..။
ဒယ်နီ က ကျွန်မကို အသင်းဘုတ်အဖွဲ့မှာ ပါဝင်ဖို့စိတ်ဝင်စားလား..? လို့ အမှန်တကယ် မေးလာချိန်မှာ ကမ္ဘာမြေကြီး ချာချာလည်သွားသလို ခံစားလိုက်ရပါတယ်..။ ဒယ်နီ နဲ့တွေ့ပြီး သိပ်မကြာခင်မှာပဲ ဂျိုနသန် ဂိုးလ်စတိန်း နဲ့ နောက်ထပ်တစ်ခါ တွေ့ပါတယ်..။ အခုဆိုရင် ကျွန်မဟာ ချယ်လ်ဆီးအသင်း ဘုတ်အဖွဲ့ဝင် ဖြစ်နေပါပြီ.။ ဘယ်လောက်တောင်မှ အိပ်မက်ဆန်လှလဲရှင့်..။ အခုအချိန်မှာ ကျွန်မတို့အသင်းဟာ ပိုင်ရှင်သစ်တွေနဲ့အတူ ကဏ္ဍသစ် စတင်နေတာ ဖြစ်တဲ့အတွက် အပြောင်းအလဲတွေဟာ နေ့စဉ်နဲ့အမျှပါပဲ..။ ဒါပေမယ့် ကျွန်မတို့ရဲ့ အဓိကတာဝန်က ပရိသတ်တွေ၊ fan အဖွဲ့တွေနဲ့ တရားဝင်ရော၊ တရားမဝင်ရော အမြဲတမ်း ထိတွေ့ဆက်ဆံပြီး ပရိသတ်တွေရဲ့ အသံကိုနားထောင်ပေးဖို့ပါ..။ ရှေ့ဆက်ပြီး လုပ်စရာတွေ အများကြီးရှိပါတယ်..။”
ရှာရုန်းန် ဟာ အသင်းဒါရိုက်တာ ရာထူးကို လက်မခံခင်အချိန်ထိ တော့ဒ် ဘိုလေး နဲ့ တွေ့ဆုံခဲ့ဖူးခြင်း မရှိခဲ့ပါဘူး..။ ဒါပေမယ့် အမေရိကန် သူဌေးကြီးရဲ့ အမျှော်အမြင်ကြီးမားမှုနဲ့ ရည်မှန်းချက် ကြီးမားမှုကို အထင်ကြီး၊ လေးစားမိတဲ့အကြောင်း ပြောပြပါတယ်..။ တော့ဒ် ဘိုလေး ဟာ အသင်းကိုဝယ်ယူပြီး တစ်လအတွင်းမှာပဲ အမေရိကန် ရှေ့နေတစ်ဦးဖြစ်တဲ့ ဘရုစ် ဘတ်ခ် ကို ဖယ်ရှားပြီး အသင်းဥက္ကဌ ရာထူးကို ရယူခဲ့ပါတယ်..။ ဒ့ါအပြင် မာရီနာ ဂရာနော့ဗ်ကီးယားစ် ရဲ့ အားကစား ဒါရိုက်တာ ရာထူးကိုပါ ယာယီရယူထားပါတယ်..။
ဒ့ါကြောင့်သူဟာအခုအချိန်ကနေစပြီး အပြောင်းအရွှေ့ရာသီ မပြီးဆုံးခင်အထိ အင်မတန်မှကို အလုပ်များနေပါတယ်..။ ဒါပေမယ့် သူဟာအသင်းရဲ့ရှေရှည်ရည်မှန်းချက်နဲ့ ကိုက်ညီမယ့်ဖွဲ့စည်းပုံကို ပြောင်းလဲနိုင်ဖို့ အသင်းရဲ့ စီမံခန့်ခွဲတဲ့ အပိုင်းတွေကို သေသေချာချာ ပြန်လည်ကိုင်တွယ်ရဖို့ ရှိနေပါသေးတယ်..။ အဲဒီတစ်ဆင့်ကတော့ အပြောင်းအရွှေ့ရာသီ ပိတ်သိမ်းပြီးတဲ့ စက်တင်ဘာလ (၁) ရက်နေ့ နောက်ပိုင်းမှာ စတင်၊ ဖြစ်လာနိုင်ပါတယ်..။
ချယ်လ်ဆီးအသင်းဟာ ရာဟင်း စတာလင်း (မန်ချက်စတာ စီးတီး)၊ ကာလီဒူ ကူလီဘာလီ (နာပိုလီ)၊ မာ့စ် ကူကူရယ်လာ (ဘရိုက်တန်) တို့ကို ခေါ်ယူထားသလို အနာဂတ်အတွက် ရည်မှန်းတဲ့အနေနဲ့ အမေရိကန် လူငယ်ဂိုးသမား ဂါဂါ ဆလိုနီးနား (ချီကာဂို ဖိုင်းယား)၊ ကာနေး ချူကွီမီးကား (အက်စ်တွန် ဗီလာ) နဲ့ ဆီဇာရီ ကာဆာရီ (အင်တာ မီလန်) တို့ကို ထပ်မံအားဖြည့် ထားပါတယ်..။
ဒ့ါအပြင် ဘာစီလိုနာအသင်းက တိုက်စစ်မှူး ပယ်ရီ အမ်းမရစ်ခ်- အူဘားမီးယန်း ကို ခေါ်ယူဖို့ နီးစပ်နေသလို ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင် ကိုလည်း နူးကမ့်ပ် ကနေ ထွက်ခွာလာအောင် ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်..။ နောက်ပြီး လက်စ်တာ အသင်းက ပြင်သစ်နောက်ခံလူ ဝက်စ်လေ ဖိုဖားနား နဲ့ အဲဗာတန်အသင်း တောင်ပံကစားသမား အန်တော်နီ ဂေါ်ဒွန် တို့ကိုလည်း ခေါ်ယူဖို့ ကြိုးစားနေဆဲပါပဲ..။
အသင်းပိုင်ရှင် တော့ဒ် ဘိုလေး ဟာ ရေရှည်မှာ အသင်းရဲ့လူခေါ်တဲ့ပုံစံကို လီဗာပူးလ်အသင်း ကျင့်သုံးနေတဲ့ အချက်အလက်တွေကို အခြေခံပြီး ကစားသမားရှာဖွေတဲ့ပုံစံအတိုင်း ပြောင်းလဲနိုင်ဖို့ ကြိုးစားနေပါတယ်..။ ချယ်လ်ဆီးအသင်းဟာ ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက်မှာ အချက်အလက်တွေကို အသုံးပြုခဲ့ပေမယ့် ပြိုင်ဘက်အသင်းတွေလောက် အချက်အလက်တွေကို သိပ်မအားကိုးဘူးလို့ ဆိုပါတယ်..။ ဒ့ါကြောင့်အသင်းကိုလက်ခံရရှိချိန်မှာ အချက်အလက်တွေနဲ့ ပတ်သက်ပြီး သိမ်းဆည်းထားတဲ့ ဒေတာတွေ အလွန်တရာ နည်းပါးနေခဲ့တဲ့အပေါ် အသင်းပိုင်ရှင်တွေ အလွန်အမင်း အံ့အားသင့်ခဲ့ကြတယ်လို့ CBS သတင်းဌာနက စုံစမ်းသိရှိခဲ့ရပါတယ်..။
တော့ဒ် ဘိုလေး ဟာ အသင်းရဲ့လစာပေးတဲ့ ပုံစံကိုလည်း ရေရှည်မှာအကျိုးရှိစေမယ့် ဆုကြေးတွေအများကြီး ခွဲဝေပေးတဲ့ပုံစံ ကျင့်သုံးစေလိုတယ်လို့ သိရပါတယ်..။ ဒါ့အပြင် လူငယ်အကယ်ဒမီကနေ အသင်းကြီးကို ရောက်ရှိလာဖို့ လမ်းကြောင်းပေါ်ထွက်လာစေဖို့ အသက် (၂၅) နှစ်အောက် ကစားသမားတိုင်းကို စာချုပ်သက်တမ်း ခုနှစ်နှစ်အထိ ကာလရှည်စာချုပ်ချုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်..။
ဒ့ါအပြင်အသင်းကိုပိုပြီး ခေတ်မှီ၊ ဆန်းသစ်လာစေဖို့နဲ့ ပရိသတ်တွေနဲ့ များများထိတွေ့၊ ဆက်ဆံနိုင်ဖို့ ဆန္ဒပြင်းပြနေတယ်လို့ ဆိုပါတယ်..။ အထူးသဖြင့် စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းကြီးကို ပြန်လည်မွန်းမံပြင်ဆင်ဖို့ မနှစ်တုန်းက Dodgers Stadium ကို ပြင်ဆင်ခဲ့ဖူးတဲ့ ဗိသုကာပညာရှင် ဂျဲနက် မာရီ စမစ် ကို တာဝန်ပေးခဲ့ပါတယ်..။
“တော့ဒ် ဟာ တကယ့်ကို ထူးချွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ သူ့ဆီကိုပို့တဲ့ အီးမေးလ်တိုင်းကို ပြန်ကြားလေ့ ရှိသလို အတွေးသစ်၊ အမြင်သစ်တွေကိုလည်း လက်ခံတတ်သူ ဖြစ်ပါတယ်..။ အရမ်းထူးချွန်သလို ခင်မင်ရင်းနှီးဖို့ ကောင်းပါတယ်..။ အသင်းပိုင်ရှင်သစ်တွေရဲ့ အတိတ်က ဖြတ်သန်းခဲ့တဲ့ ကောက်ကြောင်းတွေကို ပြန်ပြီးကြည့်မယ်ဆိုရင် ကျွန်မတို့အသင်းရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီနေခဲ့တာ တွေ့ရမှာပါ..။ တော့ဒ် ဆိုရင် Los Angeles Dodgers အသင်းကို အောင်မြင်မှုတွေ ရရှိအောင် လမ်းပြပေးခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ချက်တွေဟာ ကျွန်မတို့အတွက် စံနမူနာ ယူစရာပါပဲ..။
ဂျော်နီ ဂိုးလ်စတိန်း ကတော့ ကစားကွင်း တိုးချဲ့ရေး၊ အဆင့်မြှင့်တင်ရေးတွေမှာ တစ်ဘက်ကန်းခပ် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး ကျွန်မတို့အသင်းမှာ အဲဒီကျွမ်းကျင်မှုမျိုးရှိဖို့ ရှိနေဖို့လည်း လိုအပ်နေပါတယ်..။ သူတို့ဟာ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းကို ချဲ့ထွင်ရာမှာ ပွဲကြည့်စင် တစ်ခုပြီးတစ်ခု ပြန်လည်တည်ဆောက်သွားမှာ ဖြစ်တဲ့အတွက် နောက်ထပ်နေရာသစ်တစ်ခုကို ပြောင်းရွှေ့ဖို့ မလိုအပ်တော့ပါဘူး.။ ဒီအချက်ဟာ ကျွန်မတို့အသင်းအတွက် အင်မတန်မှ အရေးကြီးပါတယ်..။
ဗြိတိသျှအစိုးရရဲ့ တားဆီးပိတ်ပင်မှုတွေကြောင့် ကျွန်မတို့ဟာ မတ်လဆန်းကစပြီး လေးလ၊ ငါးလလောက် စိတ်ပျက်ခဲ့ရပါတယ်..။ ဒါပေမယ့် ကျွန်မတို့အားလုံးဟာ အခုအချိန်မှာ အကောင်းမြင်စိတ်နဲ့ ကြည်ကြည်လင်လင် ရှေ့ဆက်နိုင်ကြပြီ.၊ လှပတော့မယ့် အနာဂတ်အတွက် စိတ်လှုပ်ရှားနိုင်ကြပြီ.. လို့ ထင်ပါတယ်..။ အခုအချိန်မှာ ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် အားလုံးဟာ သစ်လွင်၊ ဆန်းသစ်နေတာပါပဲ..။ ဒ့ါကြောင့်ကျွန်မဟာ ကိုယ်တိုင်ပါဝင်ခွင့် မရခဲ့ရင်တောင်မှ ချယ်လ်ဆီးပရိသတ် တစ်ယောက်အနေနဲ့ အပြာရောင်တွေရဲ့ နောင်လာမယ့် အနာဂတ်အပေါ် မျှော်လင့်ချက်ရောင်ခြည်တွေ လင်းလက်နေလိမ့်မယ်လို့ ယုံကြည်နေပါတယ်..။”
၂၀၂၂/ ၂၃ ဘောလုံးရာသီအတွက် မျှော်လင့်ချက်များ…
ရှာရုန်းန် ဟာ အခုဘောလုံးရာသီသစ်အပေါ် မျှော်လင့်ချက်တွေ ကြီးမားနေပြီး အသင်းပိုင်ရှင်သစ်တွေဟာ ရိုမန် အေဘရာမိုဗစ်ခ်ျ ရဲ့လက်ထက်မှာ ဆုဖလာကြီးတွေ (၂၁) လုံးထိ ဆွတ်ခူးနိုင်ခဲ့တဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်..။
“ကျွန်မဟာ အမျိုးသားအသင်း မန်နေဂျာ သောမတ်စ် တူခယ်လ် နဲ့ အမျိုးသမီးအသင်း မန်နေဂျာ အမ်မာ ဟေးယက်စ် တို့ နှစ်ယောက်စလုံးအပေါ် အရမ်းကိုမျှော်လင့်ချက် ကြီးမားနေပါတယ်..။ ချယ်လ်ဆီးအမျိုးသမီး အသင်းဟာဆိုရင် မနှစ်ကဘောလုံးရာသီမှာ လိဂ်ဖလားနဲ့ FA ဖလားကို ရယူနိုင်ခဲ့ပြီး ဆုဖလားနှစ်လုံး Double ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်ဒီနှစ်မှာ အဲဒီ ဖလားနှစ်လုံး Double ကို ထပ်မံဆွတ်ခူးပြီး ချန်ပီယံလိဂ်ကို ရရှိခဲ့မယ်ဆိုရင် ဖလားသုံးလုံး Treble နဲ့ ပြီးပြည့်စုံသွားမှာပေ့ါရှင့်..။
ကျွန်မတို့ရဲ့ အမျိုးသားအသင်းဟာ ဆုဖလားတိုင်းကို ဗိုလ်စွဲရမယ်ဆိုတဲ့ ရည်မှန်းချက်ကို အမြဲတမ်းထားရှိနေနိုင်ပါတယ်..။ အနည်းဆုံးတော့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရလဒ်ကောင်းခဲ့မယ်ဆိုရင် ကျွန်မတို့အားလုံး ကျေနပ်နှစ်သိမ့် နိုင်ပါလိမ့်မယ်..။ လက်ရှိချယ်လ်ဆီးအသင်းကို ကျွန်မအရမ်းကျေနပ်ပါတယ်..။ မေဆန် မောင့်၊ ရိစ် ဂျိမ်းစ်၊ ဘင် ချီးဝဲလ်၊ ကိုင် ဟာဗာ့ဇ် တို့လို ထိပ်တန်း ကစားသမားတွေ ရှိနေသလို ရာဟင်း စတာလင်း ဟာ ထိပ်တန်းခေါ်ယူမှုတစ်ခုပါ..။ ကာလီဒူ ကူလီဘာလီ ဟာလည်း အဲဒီလိုပါပဲ..။ မာ့စ် ကူကူရယ်လား ဟာ စပါးအသင်းနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်..။
တကယ်တော့ ကျွန်မတို့အခက်အခဲတွေ့ခဲ့ရတဲ့ ကာလအပေါ် ပုံကြီးချဲ့တာတွေ များလွန်းခဲ့ပါတယ်..။ သတင်းဌာနတွေရဲ့ ခေါင်းစည်းသတင်းတွေမှာ ‘ချယ်လ်ဆီးအသင်း အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီ..!!’ ဆိုပြီး အများကြီးရေးခဲ့ကြပါတယ်..။ ‘အကျပ်အတည်း.. (crisis)’ ဟုတ်လား..? ဘယ်လို crisis လဲရှင့်..? အခုရာသီအစ၊ ပထမဆုံး ပွဲစဉ်မှာ ကျွန်မတို့ဟာ အဲဗာတန်အသင်းထက် ပိုပြီးကစားပုံ ကောင်းခဲ့ပါတယ်..။ တော့တင်ဟမ် အသင်းနဲ့ပွဲ မတိုင်ခင် စပါးအသင်းဟာ ကျွန်မတို့ထက် ပိုကောင်းတယ်လို့ ပြောကြပါတယ်..။ ဒါပေမယ့် တကယ်တမ်း ယှဉ်ပြိုင်ကြတဲ့အချိန်မှာ ကျွန်မတို့ဟာ သူတို့ထက်ပိုပြီး ကောင်းတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်..။”
ဘာဘရာ ရှာရုန်းန် ဟာ ဂီတလောကနဲ့ ဘောလုံးအားကစား.. အထူးသဖြင့် ချယ်လ်ဆီးအသင်းအပေါ် ထားရှိတဲ့ ချစ်ခြင်းတရား ကြီးမားလွန်းပါတယ်..။ ဒ့ါအပြင်အပြာရောင်တွေနဲ့ နှစ်ပေါင်းများစွာ ထဲထဲဝင်ဝင် ဖြတ်သန်းခဲ့တဲ့ သူမရဲ့အပြာရောင် အတွေ့အကြုံတွေ၊ အတွေးအမြင်တွေနဲ့အတူ နောက်ကွယ်မှာရှိနေတဲ့ ကျယ်ပြန့်လှတဲ့ အပြာရောင်ပရိသတ် ကွန်ယက်ဟာ အသင်းပိုင်ရှင်သစ်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အပြာရောင် ရတနာသိုက်တစ်ခု ဖြစ်နေပါလိမ့်မယ်..။
“အခုအချိန်မှာ ကျွန်မအပါအဝင် ချယ်လ်ဆီးပရိသတ်တွေအားလုံးဟာ လာမယ့်အနာဂတ်သစ် ကာလအတွက် အရမ်းကိုစိတ်လှုပ်ရှားနေကြပါတယ်…။ အဲဒီလိုကဏ္ဍသစ် ဖွင့်လှစ်ရာမှာ ကျွန်မတို့ ဆောင်ရွက်နေသလို ခြေလှမ်းသွက်သွက်နဲ့ အစွမ်းကုန်ကြိုးစားနိုင်ဖို့ လိုအပ်ပါတယ်..။ တကယ်လို့ ကျွန်မတို့ဟာ ကုန်လွန်ခဲ့တဲ့ အေဘရာမိုဗစ်ခ်ျ လက်ထက်က အောင်မြင်မှုတွေအတိုင်း ဆက်လက်ထိန်းသိမ်းနိုင်မယ်ဆိုရင် ကျွန်မတို့အားလုံးရဲ့ အပြာရောင်အိပ်မက် ကမ္ဘာလေးဟာ သာယာကြည်နူးဖို့ကောင်းမှာ အမှန်ပါပဲ..။”
(CBS Sports သတင်းဌာနမှ ဆောင်းပါးရှင် Ben Jacobs ၏ ‘Chelsea board member Barbara Charone opens up on representing the fans: 'The expectation is always to win' ဆောင်းပါးကို ပြန်ဆိုပါသည်..။)