feature-image

ချယ်လ်ဆီးအသင်း ခံစစ်ကြောင်းရဲ့ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်.. ‘ဝက်စ်လေ ဖိုဖာနာ’

အင်္ဂလန်မြေကို စတင်ခြေချလာခဲ့တဲ့ အသက် (၁၉) နှစ်သားအရွယ် ပြင်သစ်လူငယ်လေး တစ်ယောက်ဟာ သူ့ရဲ့ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်ကို အမြဲတမ်းအမှတ်ရနေခဲ့မှာပါ..။ လက်စ်တာအသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူး ဂျေမီ ဗာဒီ ရဲ့ ခြေစုံပစ်ဝင် ဖျက်ထုတ်မှုဟာ အင်္ဂလန်ဘောလုံးလောကရဲ့ ခပ်ကြမ်းကြမ်း ကြိုဆိုနှုတ်ခွန်းဆက်သံ ဖြစ်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီလူငယ်လေးဟာ ကြမ်းတမ်းတဲ့ ပရီးမီးယားလိဂ်ရပ်ဝန်းထဲမှာ လျှင်လျှင်မြန်မြန်ပဲ အသားကျခဲ့ပါတယ်..။

ဒ့ါကြောင့်မနှစ်က ဘောလုံးရာသီမှာ ဒဏ်ရာကြောင့် အနားယူရချိန် အပြာရောင်မြေခွေးအသင်းမှာ သူ့ရဲ့ဆုံးရှုံးမှုကို အသင်းနည်းပြ ဘရန်ဒန် ရော်ဂျားစ် ဟာ လီဗာပူးလ်အသင်းမှာ ဗာဂျီလ် ဗန် ဒိုက်ခ် မပါဝင်နိုင်ခဲ့တာနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်..။ အင်္ဂလန်မြေကို ခြေချပြီးနောက်ပိုင်း လျှင်မြန်တဲ့အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တဲ့ ဝက်စ်လေ ကို ချယ်လ်ဆီးအသင်းနဲ့ ပြင်သစ်အသင်း ဂန္တဝင်နောက်ခံလူဟောင်း ဖရန့် လီဘော့ဖ် က ကိုင်လီ အမ်ဘတ်ပေး ရဲ့ တိုးတက်နှုန်းနဲ့ ခိုင်းနှိုင်းခဲ့ပါသေးတယ်..။

ဒါ့အပြင် နာမည်ကျော် တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ပယ်ရီ အမ်းမရစ်ခ် အူဘားမီးယန်း ကို မလှုပ်နိုင်အောင် ထိန်းချုပ်နိုင်ခဲ့တဲ့ ဖိုဖာနာ ကို လက်စ်တာအသင်းက သူ့ရဲ့တွဲဖက် သမ္ဘာရင့်နောက်ခံလူ ဂျွန်နီ အီဗန်စ် က တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ယောက် ဖြစ်လာမယ်လို့ ကြိုတင်နမိတ်ဖတ်ခဲ့ဖူးပါတယ်..။ လက်စ်တာအသင်းနည်းပြ ဘရန်ဒန် ရော်ဂျားစ် ဟာ ဝက်စ်လေ ဖိုဖာနာ ရဲ့ ခြေစွမ်းနဲ့ အလားအလာကို ပြီးခဲ့တဲ့ဧပြီလကပဲ အခုလိုမှတ်ချက်ပေးခဲ့ပါတယ်..။

“သူဟာ ပင်ကိုယ်ပါရမီ အင်မတန် ထူးချွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်..။ အခုအချိန်မှာ သူဟာကျောက်ရိုင်းတစ်ပွင့်၊ အစွမ်းကုန် တောက်ပခွင့်မရသေးတဲ့ ကြယ်ပွင့်တစ်ပွင့်ပဲ ရှိပါသေးတယ်..။ သူ့ဆီမှာရှိနေတဲ့ ထူးခြားတဲ့ပင်ကိုယ် ခြေစွမ်းအပေါ်မူတည်ပြီး မျှော်မှန်းကြည့်လိုက်မယ်ဆိုရင် နောင်တစ်ချိန်မှာ တကယ့်ကို ထူးချွန်တဲ့ ထိပ်တန်းကစားသမား တစ်ယောက် ဖြစ်လာမယ်လို့ ကျွန်တော်အတတ် ပြောရဲပါတယ်..။”


အခုလက်ရှိအချိန်မှာ ဖိုဖာနာ ဟာ အသက် (၂၁) နှစ်အရွယ်ပဲ ရှိနေသေးပေမယ့် တကယ့်ကိုထူးချွန်တဲ့ နောက်ခံလူတစ်ယောက် ဖြစ်တယ်ဆိုတာ သက်သေပြနေပြီး ဖြစ်တယ်လို့ ပြောလို့ရနေသလိုပါပဲ..။ ဘာဖြစ်လို့လဲဆိုတော့ ချယ်လ်ဆီးအသင်းဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ တစ်ကြိမ်တစ်ခါမှတောင် ပွဲထွက်ခွင့် မရသေးတဲ့ လူငယ်နောက်ခံလူ တစ်ယောက်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၇၀) သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့ပြီး ဘောလုံးလောကရဲ့ ကြေးအကြီးဆုံး နောက်ခံလူတွေထဲမှာ တစ်ယောက်အဖြစ် ပါဝင်စေခဲ့ပါတယ်..။ အဲဒီလိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေးဟာ လက်စ်တာ အသင်းနဲ့အတူ ပြသခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကို ရောင်ပြန်ဟပ်ခဲ့တဲ့ တန်ကြေးဖြစ်သလို နည်းပြသောမတ်စ် တူခယ်လ် ဟာ သူ့ကိုဘယ်လောက်တောင်မှ အလိုရှိနေတယ်..၊ တန်ဖိုးထားနေတယ်.. ဆိုတာကို ထင်ဟပ်စေခဲ့ပါတယ်..။

ချယ်လ်ဆီးအသင်းကို ရောက်လာခဲ့ပြီး ဂျာမနီနည်းပြ သောမတ်စ် တူခယ်လ် ရဲ့ ခံစစ်ပိုင်းရလဒ်တွေဟာ ကောင်းမွန်ခဲ့ပါတယ်..။ သူ့ရဲ့အသင်း ခံစစ်ပိုင်းစွမ်းဆောင်ရည်တွေကို ကြည့်မယ်ဆိုရင် ဂျာဂင် ကလော့ပ် ရဲ့ လီဗာပူးလ်အသင်းနဲ့ ပေးဂိုးမရှိ (clean sheets) ပွဲအရေအတွက် တူညီခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းကို သူရောက်ရှိလာခဲ့တဲ့ အချိန်ကစပြီး ပရီးမီးယားလိဂ် အသင်းတွေရဲ့ ပေးဂိုးမှတ်တမ်းကို ကြည့်မယ်ဆိုရင် ပက်ပ် ဂွာဒီယိုလာ ရဲ့ မန်ချက်စတာ စီးတီးအသင်းထက် ပေးဂိုးနှစ်ဂိုးပဲ ပိုများခဲ့ပါတယ်..။

ဒါပေမယ့် အခုဒီနှစ် ဘောလုံးရာသီမှာတော့ သူ့ရဲ့ခံစစ်ကြောင်းမှာ အဓိကကျောက်ဆောင်ကြီး အန်တိုနီယို ရူဒီဂါ ကို ရီးရဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခွင့်ပေးလိုက်ရတာဟာ တကယ့်ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်..။ တူခယ်လ် အနေနဲ့ ရူဒီဂါ ကြီးရဲ့ ခံစစ်ပိုင်း အရေအသွေးကိုသာမက သူ့ရဲ့အမြန်နှုန်းကိုပါ လက်လွှတ်ခဲ့ရတာပါ..။ ဂျာမန်နောက်ခံလူ ကျောက်ဆောင်ကြီးဟာ မနှစ်ကဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အမြန်ဆုံးကစားသမား (fastest player) ဖြစ်ပြီး တစ်ယောက်ချင်း အမြန်နှုန်းမှာ မိုဟာမက် ဆာလာ နဲ့ အက်ဒ်မာ ထရာအိုရေး တို့ထက် ပိုပြီးလျှင်မြန်ပါတယ်..။



သောမတ်စ် တူခယ်လ် ဟာ အခုနှစ်နွေရာသီမှာ အသက် (၃၁) နှစ်အရွယ် ဂါနာနောက်ခံလူ ကာလီဒူ ကူလီဘာလီ ကို ခေါ်ယူပြီး လစ်လပ်သွားတဲ့ အန်တိုနီယို ရူဒီဂါ ရဲ့ နေရာကို အစားထိုးခဲ့ပါတယ်..။ ဝါရင့်ဆီနီဂေါ နောက်ခံလူကြီးဟာ အသက် (၃၇) နှစ်အရွယ် သီယာဂို ဆေးလ်ဗား နဲ့အတူ အခုနှစ်ဘောလုံးရာသီ ချယ်လ်ဆီးအသင်းရဲ့ အဓိကနောက်ခံလူအတွဲအဖက် ဖြစ်နိုင်ပါမယ်..။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ အသက်အရွယ်ကြောင့် သောမတ်စ် တူခယ်လ် ဟာ ညာဘက်နောက်ခံလူ နေရာမှာ ရိစ် ဂျိမ်းစ် ကို ဆီဇာ အက်ဇ်ပီလီကွဲတား ထက် ပိုပြီးအားကိုးခဲ့တာ ဖြစ်နိုင်ပါတယ်..။

အန်တိုနီယို ရူဒီဂါ ဟာ တာတိုပြေးတဲ့နေရာမှာ အမြန်နှုန်း တစ်နာရီကို (၃၆.၇) ကီလိုမီတာအထိ ရှိခဲ့ပြီး တစ်ဦးချင်းအမြန်နှုန်းအနေနဲ့ ချယ်လ်ဆီးအသင်းက နောက်ခံလူတွေဟာ သူ့ကိုလုံးဝမယှဉ်နိုင်ခဲ့ပါဘူး..။ အသင်းက နောက်ခံလူတွေထဲမှာ အမြန်ဆုံးဖြစ်တဲ့ ထရေဗာ ချာလိုဘာ တောင်မှ တစ်နာရီကို (၃၃.၂) ကီလိုမီတာပဲ အမြန်ဆုံး ပြေးနိုင်စွမ်းရှိပါတယ်..။ ဒီလိုလျှင်မြန်မှု အားနည်းနေတာကို ဖိုဖာနာ က ပြောင်းလဲပေးနိုင်ပါလိမ့်မယ်..။ မနှစ်က ဘောလုံးရာသီ၊ လက်စ်တာအသင်းမှာ သူ့ရဲ့အမြန်ဆုံး ပြေးလွှားနိုင်ခဲ့တဲ့နှုန်းက တစ်နာရီကို (၃၄.၅) ကီလိုမီတာ ရှိခဲ့ပါတယ်..။ သူဟာပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးနောက်ခံလူတွေထဲမှာ ပါဝင်တာကြောင့် အဲဒီအမြန်နှုန်းအပေါ် မူတည်ပြီး အသင်းဟာ ကစားပုံအမျိုးမျိုး ပြောင်းလဲနိုင်စွမ်း ရှိပါတယ်..။ ပီအက်ဗွီ အိုင်ဒိုဗန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဖိုဖာနာ နဲ့ ပတ်သက်ပြီး ကွင်းလယ်ကစားသမား ဂျိမ်းစ် မက်ဒီဆင် က အခုလိုပြောကြားခဲ့ပါတယ်..။
“သူဟာလျှင်မြန်တဲ့ နောက်ခံလူတစ်ယောက်ဖြစ်ပြီး တစ်ဖက်အသင်းရဲ့ တန်ပြန်တိုက်စစ်ဆင်လာမယ့် လမ်းကြောင်းတွေကို ဖြတ်တောက်၊ ပိတ်ဆို့နိုင်တာကြောင့် ကျွန်တော်တို့တွေဟာ ခံစစ်ကိုပြန်ဆင်းစရာ မလိုပဲ လွတ်လွတ်လပ်လပ် တိုက်စစ်ဆင်နိုင်ပါတယ်..။”

လက်စ်တာ အသင်းနည်းပြ ဘရန်ဒန် ရော်ဂျားစ် ကလည်း ဖိုဖာနာ ရဲ့ ကစားဟန်ကြောင့် သူတို့အသင်းရဲ့ ကစားပုံအပေါ် ဘယ်လိုသက်ရောက်မှု ရှိခဲ့တယ်.. ဆိုတဲ့အကြောင်း ယခုလိုပြောပြခဲ့ပါတယ်..။

“ကျွန်တော်တို့ဟာ ခံစစ်ဆင်တဲ့နေရာမှာ ကိုယ့်အသင်းမှာ ရှိနေတဲ့ ဗဟိုခံစစ်မှူးတွေ (center halves)၊ နောက်ခံအစွန်လူတွေ (full backs) ရဲ့ အနေအထားပေါ် မူတည်ပြီး ကွင်းရဲ့အကျယ်အဝန်းကို ဘယ်လိုအသုံးချမလဲ.. ဆုံးဖြတ်ပါတယ်..။ တကယ်လို့ ခံစစ်ကြောင်းကို ကိုယ့်အသင်းရဲ့ ဂိုးဧရိယာထဲထိ ဆင်းခံမယ်ဆိုရင် (defence too deep) အမြင့်ဘော၊ အပေါ်ဘောတွေကို ကြောက်ရမယ်..။ အဲဒီလို မဖြစ်ချင်ရင် pressing ကို ဦးစားပေးပြီး ခံစစ်ကြောင်းကို ကွင်းလယ်အထိ တက်မယ်ပေါ့.. (defence high)။ ဒါဆိုရင် ခံစစ်ကြောင်းရဲ့နောက်မှာ နေရာလွတ်.. ကွင်းအကျယ်ကြီး ပေးရပါမယ်..။

ကျွန်တော်ကတော့ ဖိုဖာနာ လိုမျိုး လျှင်မြန်ပြီး ဘောလုံးလမ်းကြောင်း တွက်ဆတာ (anticipation) ကောင်းမွန်တဲ့ ကစားသမား အလိုရှိပါတယ်..။ သူတို့လိုကစားသမားတွေဟာ မိမိအသင်းရဲ့ တိုက်စစ်ဇုန်အတွင်းမှာပဲ ခံစစ်ကစားနိုင်စွမ်း ရှိပါတယ်..။ ဒ့ါကြောင့် ဘောလုံးလမ်းကြောင်း မှန်းဆတာ ကောင်းမွန်ရမယ်…၊ တစ်ကွင်းလုံးအနှံ့ ပြေးလွှား၊ ပိတ်ဆို့နိုင်စွမ်း ရှိရမယ်.. (closing the pitch)၊ တိုက်စစ်အလျှင်မပြတ်သွားအောင် ထိန်းထားနိုင်စွမ်း ရှိရပါမယ်.. (sustain the attacks)။ ပထမဆုံးပြုလုပ်တဲ့ တိုက်စစ်၊ ပေးပို့မှုတွေနဲ့ ချက်ချင်းဂိုးနိုင်ဖို့ မလွယ်ပါဘူး..။ ဘောလုံးပျက်သွားရင် အမြန်ဆုံး ပြန်ပြီးအရယူနိုင်ရမယ်…၊ ဆုံးရှုံးသွားတဲ့ ဘောလုံးတွေကို အမြန်ဆုံးလိုက်လံ ဖိအားပေးပြီး သူတို့အသင်းရဲ့ ခံစစ်ဇုန်မှာပဲ ပြန်လည်အရယူနိုင် (counter press) ရပါမယ်..။”


ထိပ်တန်းအသင်းတစ်သင်းအဖြစ် ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ပွဲကိုထိန်းချုပ်၊ ကစားနိုင်ဖို့ဆိုရင် မိမိကစားသမားတွေဟာ ပြိုင်ဘက်အသင်းရဲ့ ပေးပို့မှုတွေ၊ ဘောလုံးလမ်းကြောင်းတွေကို ဖျက်တောက်နိုင်စွမ်း ရှိရမယ်..၊ ကိုယ့်အသင်းခံစစ်ဇုန်ထဲကနေထွက်ပြီး ဘောလုံးကိုအရယူနိုင်စွမ်း ရှိရပါမယ်..။ ဒီလိုတိုက်စစ်ဆင်ရင်းနဲ့ ဘောလုံးအရယူနိုင်အောင် ကြိုးစားရာမှာ လွတ်ထွက်သွားတဲ့ ဘောလုံးတွေကို နောက်ကနေ ပြန်လိုက်ပြီး အရယူ၊ ဆယ်ယူနိုင်စွမ်းရှိတဲ့ လျှင်မြန်တဲ့ နောက်ခံလူတွေ ရှိနေဖို့ လိုအပ်သလို သူတို့တွေဟာ ပွဲရဲ့အရှိန်ကိုပါ လိုအပ်သလို အတင်အချပြုလုပ်၊ ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ်..။ ဖိုဖာနာ ဟာ တစ်ဦးချင်း ဘောလုံးစွမ်းရည် ကောင်းမွန်တာကြောင့် ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်နဲ့ ကိုက်ညီတဲ့သူ ဖြစ်သလို ခုန်အားကောင်းမွန်တဲ့သူ ဖြစ်တဲ့အတွက် အမြင့်ဘောတွေကို သူ့ထက်အရပ်မြင့်တဲ့ တိုက်စစ်ကစားသမားတွေထက် အရင်ဦးအောင် ဖျက်ထုတ်နိုင်စွမ်းရှိပါတယ်..။ ဒ့ါကြောင့်မနှစ်က ဘောလုံးရာသီမှာ ဖိုဖာနာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ရာသီပထမပိုင်းမှာ လက်စ်တာအသင်းရဲ့ စွမ်းဆောင်ရည် အတော်လေးကို ဆိုးရွားခဲ့ပါတယ်..။

“သူလိုကစားသမားမျိုး မပါဝင်နိုင်ခဲ့ရင် ဘယ်အသင်းမဆို ဒုက္ခရောက်မှာပါပဲ.။ ကျွန်တော်တို့နည်းပြ တစ်ယောက်အနေနဲ့ ကိုယ့်အသင်းမှာ အစားထိုးမရနိုင်တဲ့ အရည်အသွေးမျိုး ရှိနေတဲ့ ကစားသမားမျိုးကို ဆုံးရှုံးတဲ့အချိန်မှာ အခက်အခဲနဲ့ ရင်ဆိုင်ရတာကို မချွင်းမချန်တမ်း ဝန်ခံရဲဖို့ လိုအပ်ပါတယ်..။ ဒ့ါကြောင့်ကျွန်တော်တို့အသင်း စွမ်းဆောင်ရည် ကျဆင်းနေပါတယ်..။ ဒါတွေကိုချက်ချင်းပြန်ပြီး ကောင်းမွန်လာဖို့ ပုံသေနည်း..၊ ဖော်မြူလာကွက်တွေ မရှိပါဘူး..။”

လက်စ်တာအသင်းဟာ အခုအချိန်မှာ အဲဒီလိုပြဿနာနဲ့ထပ်ပြီး ရင်ဆိုင်ခဲ့ရပြန်ပါပြီ..။ ဒါပေမယ့် အသက် (၁၉) နှစ်အရွယ် ပြင်သစ်လူငယ် နောက်ခံလူ ဖိုဖာနာ တစ်ယောက် လက်စ်တာ အသင်းကို ရောက်လာတဲ့ပုံစံကလည်း အငြင်းပွားစရာတွေနဲ့ပါပဲ..။ သူ့ရဲ့မိခင်အသင်းဖြစ်တဲ့ စိန့် အက်တီယန် အသင်းဟာ ‘Little Wes’ လို့ အမည်ပြောင်ပေးထားတဲ့ ဝက်စ်လေ ဖိုဖာနာ ကို လုံးဝလက်မလွှတ်ချင်ပါဘူး.။ ဒါပေမယ့် သူဟာလက်စ်တာ အသင်းကို အတင်းဇွတ်ပြီး ပြောင်းခွင့်ရအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်..။ ဒါ့ကြောင့်ပြင်သစ်မှာ ကျန်နေခဲ့တဲ့ သူ့ရဲ့မိသားစုဝင်တွေဟာ စိန့် အက်တီယန်အသင်း ပရိသတ်တွေရဲ့ ရန်ရှာခြင်းကိုတောင် ခံခဲ့ရပါတယ်..။

သူဟာ စိတ်ဓါတ်ခိုင်မာပြတ်သားပြီး ဆုံးဖြတ်ချက်ချပြီးရင် မဖြစ်ဖြစ်အောင် လုပ်တတ်ပါတယ်..။ အခုလည်း အဲဒီအတိုင်းပါပဲ…။ အခုအချိန်မှာ ခိုင်မာ၊ ပြတ်သားတဲ့ သူ့ရဲ့သံဌိဌာန်၊ စိတ်ဓါတ်အင်အားကို အသုံးချပြီး နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်အောင် ကြိုးစားရမှာတော့ပါ..။

ဒ့ါကြောင့် ဖိုဖာနာ အနေနဲ့ အခုအချိန်မှာတော့ အရာရာဟာ ‘ချယ်လ်ဆီး’ ပါ..။ ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ဒီဒီယာ ဒရော့ဘာ အသက် (၁၁) နှစ်သား ပြင်သစ်လူငယ်လေး တစ်ယောက်ရဲ့ အိပ်မက်ထဲကသူရဲကောင်း ဖြစ်ခဲ့ပါတယ်..။ သူစံပြုအားကျခဲ့ရတဲ့ ဂန္တဝင်သူရဲကောင်းကြီးရဲ့ လမ်းစဉ်အတိုင်း လိုက်နာရင်း ဖိုဖာနာ ဟာ ဒီဒီယာ ဒက်စ်ချမ့်ပ် ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ ပါဝင်ခွင့်ရအောင်၊ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံသရဖူ ကာကွယ်ခွင့်ရအောင် စီမံရတော့မှာပါ..။



အဲဒီလိုပြင်းပြတဲ့ စိတ်အားထက်သန်မှုတွေ၊ စိတ်ဓါတ်ခိုင်မာမှုတွေ၊ ကြီးမားတဲ့ မျော်လင့်ချက် အိပ်မက်တွေဟာ ချယ်လ်ဆီးအသင်းအတွက် အကျိုးရှိမှာ ဖြစ်သလို နည်းပြသောမတ်ဟ် တူခယ်လ် အနေနဲ့ ဘရန်ဒန် ရော်ဂျားစ် ပုံသွင်းယူပေးခဲ့တဲ့ ဖိုဖာနာ ရဲ့ ပြောင်းလွယ်ပြင်လွယ်တဲ့ ခံစစ်ကစားဟန်ကို အသင်းအတွက် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ပါလိမ့်မယ်..။ သူဟာ သုံးယောက်တန်း ခံစစ်ကြောင်းရဲ့ right center back နေရာမှာ အံဝင်အောင် ခြေစွမ်းပြနိုင်ခဲ့သလို လေးယာက်တန်း ခံစစ်ကြောင်းမှာလည်း ဗဟိုခံစစ်မှူးအဖြစ် တည်တည်ငြိမ်ငြိမ် ကစားနိုင်ပါတယ်..။ ဒါပေမယ့် ဖိုဖာနာ အနေနဲ့ ဆက်လက်တိုးတက်ဖို့ လိုအပ်နေသေးတဲ့ နေရာတစ်ခုကို နည်းပြဘရန်ဒန် ရော်ဂျားစ် က အခုလိုထောက်ပြခဲ့ပါတယ်..။

“သူဟာပင်ကိုယ်ပါရမီ ထူးချွန်ပြီး တောက်ပတဲ့ အနာဂတ်ကောင်းတွေ ရှိနေပေမယ့် ကျွန်တော်တို့ဟာ ဂရုတစိုက်နဲ့ ဆက်လက်ပျိုးထောင်ရမှာပါ..။ အထူးသဖြင့် သူဟာပွဲရဲ့အခြေအနေကို ဖတ်နိုင်စွမ်းနဲ့ နည်းစနစ်ပိုင်းမှာ အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ်..။ ဒါပေမယ့် သူဟာအခုမှ လူငယ်ကစားသမားလေး တစ်ယောက်အဖြစ်နဲ့ပဲ ရှိနေသေးတယ်ဆိုတာ နားလည်ထားရပါမယ်..။”

ဒါပေမယ့် သူဟာအခုအချိန်မှာ ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း (၇၀) တန် ကစားသမား အဖြစ် သတ်မှတ်ခံရပြီ ဖြစ်တာကြောင့် ဆက်လက်တိုးတက်ဖို့ လိုအပ်နေသေးတဲ့ လူငယ်ကစားသမားတစ်ယောက်အဖြစ် ရှုမြင်ထားမှုတွေကို ပြောင်းလဲရတော့မယ့်အချိန် ရောက်လာပါပြီ.။ ဒ့ါကြောင့်ခိုင်မာတဲ့ စိတ်ဓါတ်၊ ဆုံးဖြတ်ချက်ချပြီးရင် မဖြစ်ဖြစ်အောင် မဆုတ်မနစ် အကောင်အထည် ဖော်တတ်ခဲ့တဲ့ ‘ဝက်စ်လေ ဖိုဖာနာ’ ဟာ ထိပ်တန်းကစားသမား တစ်ယောက်အဖြစ် တင်ကြိုသတ်မှတ်ခံခဲ့ရတဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးဟာ သူနဲ့ထိုက်တန်တဲ့ တန်ကြေးဖြစ်တဲ့အကြောင်းကို အစွမ်းကုန်ထုတ်ပြ၊ သက်သေပြရတော့မယ့်အချိန် ရောက်လာပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ရပါတယ်..။

(Sky Sports သတင်းဌာနမှ ဆောင်းပါးရှင် Adam Bates ၏ ‘Wesley Fofana to Chelsea: World-class potential recognised at Leicester is perfect fit for Thomas Tuchel's defence' ဆောင်းပါးကို ပြန်ဆိုပါသည်..။)