အသက် (၂၁) နှစ်အရွယ် ပြင်သစ်လူငယ် နောက်ခံလူ ဝက်စ်လေ ဖိုဖာနာ မှာ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ရန် မနေ့ကသဘောတူညီမှု ရရှိခဲ့သည်..။ စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းသို့ ရောက်ရှိလာခဲ့သည့် ဖိုဖာနာ မှာ ကော့ဘ်ဟမ် လေ့ကျင့်ကွင်းတွင် အသင်းဖော်သစ်များနှင့် မိတ်ဆက်ပြီး ချယ်လ်ဆီး Official website နှင့် တွေ့ဆုံရာတွင် အိပ်မက်တစ်ခု အကောင်အထည်ပေါ်ခဲ့သလို ဖြစ်ခဲ့ရသည့် သူ၏အပြောင်းအရွှေ့အကြောင်း ယခုလို ပြောပြခဲ့ပါသည်..။
မေး - ဝက်စ်လေ ရေ.. ချယ်လ်ဆီးအသင်းကနေ ကြိုဆိုလိုက်ပါတယ်နော်..။ အခုကျော်ဖြတ်ခဲ့တဲ့ ရက်သတ္တပါတ်တွေဟာ ခင်ဗျားအတွက် အတော်လေး ခက်ခဲခဲ့မှာပါ.။ ဒါပေမယ့် နောက်ဆုံးမှာ အခုလိုအပြာရောင် သွေးသစ်တစ်ယောက် ဖြစ်လာခဲ့ရတဲ့အပေါ် ခင်ဗျားရဲ့ခံစားချက်ကို ပြောပြနိုင်မလား..?
လွန်ခဲ့တဲ့နှစ်ရက်လောက်ဟာ ကျွန်တော့်အတွက် တကယ့်ကို ကြီးကျယ်ခမ်းနားခဲ့ပါတယ်..။ နောက်ဆုံးမှာတော့ အရမ်းပျော်ခဲ့ရတယ်ပေါ့ဗျာ..။ ဒီနေ့မနက်မှာပဲ အသင်းနဲ့အတူ စတင်လေ့ကျင့်ခွင့် ရခဲ့ပါတယ်..။ ကျွန်တော့်အတွက် အိပ်မက်မက်နေသလိုပါပဲ..။ ဒ့ါကြောင့်စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းထက်မှာ ချယ်လ်ဆီးအသင်းနဲ့ အပြာရောင် ပရိသတ်တွေအတွက် ကစားခွင့်ရမယ့်အချိန်ကို အထူးစိတ်လှုပ်ရှားနေရပါတယ်.။
ကျွန်တော်ဟာ ဆုဖလားတွေကို ဆွတ်ခူးဖို့အတွက် ဒီကိုရောက်လာတာပါ..။ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ FA ဖလား၊ Carabao ဖလား.. အားလုံးပါပဲ..။ ကျွန်တော်ဟာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် ရောက်လာခဲ့တာ ဖြစ်သလို ချယ်လ်ဆီးအသင်းဟာလည်း ဆုဖလားတွေ ဆွတ်ခူးဖို့ တည်ဆောက်ထားတဲ့ အသင်းဖြစ်ပါတယ်..။ ဒ့ါကြောင့်အဲဒီလို အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းသသွားနိုင်ရပါမယ်…။
မေး - ခင်ဗျားဟာ ပြင်သစ်လိဂ်ပြိုင်ပွဲက စိန့် အက်တီယန်း အသင်းနဲ့စတင်ပွဲထွက်ခွင့် ရခဲ့တာ သုံးနှစ်ကျော်ကျော်လေးပဲ ရှိသေးပေမယ့် ဒီနှစ်တွေအတွင်းမှာ ခင်ဗျားရဲ့ ကစားသမားဘဝဟာ တရှိန်ထိုး တိုးတက်လာခဲ့ပါတယ်..။ အဲဒီလိုအရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တဲ့ ကာလအပေါ် ခင်ဗျားရဲ့မယုံကြည်နိုင်အောင် ဖြစ်နေရလိမ့်မယ်လို့ ထင်မိတာပဲ..
Yeah..! သိပ်မှန်တာပေ့ါဗျာ..။ မနှစ်ကဘောလုံးရာသီမှာ ဒီလိုအချိန်မှာ ပြင်းထန်တဲ့ဒဏ်ရာကြောင့် အချိန်အကြာကြီး အနားယူခဲ့ရပါတယ်..။ အခုအချိန်ကျတော့ ခင်ဗျားတို့နဲ့အတူ ရှိနေခဲ့ပြီလေ..။ ချယ်လ်ဆီးအသင်းကို ရောက်လာခွင့်ရဖို့ဆိုတာ ကျွန်တော့်အတွက် အိပ်မက်တစ်ခုပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ ငယ်ငယ်ကတည်းက ချယ်လ်ဆီးအသင်းဟာ ကျွန်တော့်ရဲ့နှလုံးသားထဲမှာ ရှိနေခဲ့တာပါ..။ ဒ့ါကြောင့်အခုအချိန် ခင်ဗျားတို့နဲ့အတူတူ ရှိနေခွင့်ရခဲ့တဲ့အတွက် အရမ်းကိုကျေနပ်၊ ပျော်ရွှင်မိပါတယ်..။
မေး - မနှစ်ကရာသီကြိုကာလမှာ ခြေထောက်ကျိုး ဒဏ်ရာရခဲ့တဲ့အချိန် အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲဗျ..။ ခင်ဗျားအတွက် ပထမဆုံးအကြိမ် စိတ်ဓါတ်ကြံ့ခိုင်မှု ဘယ်လောက်ရှိလဲ.. စမ်းသပ်တဲ့ စာမေးပွဲတစ်ခု ဖြစ်ခဲ့မှာပဲ…
ကျွန်တော့်အတွက် အရမ်းကိုခက်ခဲခဲ့တဲ့ ကာလတစ်ခုပါ..။ အထူးသဖြင့် ဘောလုံးကစားခြင်းနဲ့ မြက်ခင်းစိမ်းကို နှစ်ခြိုက်တဲ့ ကျွန်တော့်အတွက် ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ခုနှစ်လတာ ကာလဟာ ကစားသမားတစ်ယောက် အနေနဲ့ရော၊ လူပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ပါ အရမ်းကိုခက်ခဲလွန်းခဲ့ပါတယ်..။ အခုဆိုရင် စိတ်ရော၊ ခန္ဏာကိုယ်ပါ အကောင်းဆုံး အခြေအနေမှာ ရှိနေခဲ့ပါပြီ..။ အဲဒီလိုခက်ခဲတဲ့ ကာလကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ခြင်းဟာ ကျွန်တော့်ကို စိတ်ဓါတ်ပိုင်းအရ ပိုပြီးရင့်ကျက်၊ တည်ငြိမ်လာတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးခဲ့တယ်.. လို့လည်း ခံစားမိပါတယ်..။
မေး - လူငယ်နောက်ခံလူ တစ်ယောက်အနေနဲ့ သီယာဂို ဆေးလ်ဗား၊ ကာလီဒူ ကူလီဘာလီ၊ ဆီဇာ အက်ဇ်ပီလီကွဲတား တို့လို ဂန္တဝင် နောက်ခံလူတွေနဲ့အတူ လက်တွဲခွင့်ရမယ့် အခွင့်အရေး၊ ခံစစ်ကစားခြင်း အတတ်ပညာတွေကို သူတို့ဆီကနေ သင်ယူရနိုင်မယ့် အခွင့်အရေးတွေအတွက် စိတ်လှုပ်ရှားနေခဲ့မှာပဲနော…
ဒါပေါ့,, တကယ့်ကို ရူးသွပ်နိုင်လောက်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ ငယ်ငယ်တုန်းက အဲဒီဂန္တဝင် ကစားသမားကြီးတွေရဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေ၊ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို TV ကနေ အစဉ်တစိုက် အားပေးလာခဲ့တာပါ..။
မာဆေးလ် အသင်းရဲ့ပွဲတွေကို သွားပြီးကြည့်ရှုလေ့ရှိသလို အက်ဇ်ပီလီကွဲတား ကို မာဆေးလ်အသင်းမှာ ကြည့်ခဲ့ဖူးပါတယ်..။ ဒ့ါကြောင့်အခုအချိန်မှာ သူနဲ့အတူ တွဲဖက်ကစားခွင့်ရမယ်ဆိုတာဟာ တကယ့်ကို အိပ်မက်တစ်ခုလိုပါပဲ..။ တခြားဂန္တဝင် ကစားသမားကြီးတွေလည်း ပါတာပေ့ါဗျာ..
ကျွန်တော်ဟာ PlayStation ကစားရင် သူတို့တွေနဲ့ပဲ ကစားခဲ့တာပါ..။ အခုဆိုရင် သူတို့တွေနဲ့အတူတူ လေ့ကျင့်ခွင့် ရတော့မယ်ဆိုတာဟာ တကယ့်ကို မယုံနိုင်စရာပါပဲ..။
မေး - ကဲ.. နောက်ဆုံးအနေနဲ့ မေးချင်တာက ခင်ဗျားဟာ ဆုဖလားတွေ ဆွတ်ခူးနိုင်ရုံမက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ယောက် ဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးပါတယ်.. ဒ့ါကြောင့်အခုလို ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့် ရခဲ့တာဟာ ခင်ဗျားရဲ့ ရည်မှန်းချက်တွေကို ဘယ်လိုအတိုင်းအတာထိ ဖြည့်ဆည်းနိုင်လိမ့်မယ်လို့ ယူဆမိလဲဗျ..
အများကြီး အထောက်အကူ ဖြစ်မှာပေ့ါဗျာ..။ ဘာဖြစ်လို့လည်းဆိုတော့ ချယ်လ်ဆီးအသင်းဟာ တကယ့်ထိပ်တန်း အသင်းကြီးတစ်သင်း ဖြစ်တာကြောင့်ပါ..။ ကျွန်တော်ဟာ ထိပ်တန်းကစားသမား တစ်ယောက် ဖြစ်ချင်တယ်..၊ အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်ချင်ပါတယ်..။ ဒါဟာလည်း ဘာမှမထူးဆန်းပါဘူး…၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ အကောင်းဆုံး ကစားသမားတွေနဲ့ ကစားခွင့်ရနေတာကြောင့်ပါပဲ..။
ဒ့ါကြောင့်ချယ်လ်ဆီးအသင်းဟာ ကျွန်တော့်ရဲ့ရည်မှန်းချက်တွေကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်ပါလိမ်မယ်..။ ချယ်လ်ဆီးအသင်းဟာ ထိပ်တန်းအသင်းကြီးတွေထဲက အကောင်းဆုံးအသင်းတစ်သင်း ဖြစ်သလို အသင်းရဲ့အမြုတေ DNA ထဲမှာ အောင်ပွဲဆာလောင်စိတ်အပြည့် ရှိပါတယ်..။ အခုဆိုရင် ကျွန်တော်ဟာ အဲဒီလို ရေခံမြေခံကောင်းတဲ့ အသင်းကို ရောက်နေပြီဖြစ်တာကြောင့် အပြာရောင်တွေရဲ့ အနာဂတ်အောင်မြင်မှုတွေမှာ တစိတ်တပိုင်းအနေနဲ့ ပါဝင်ခွင့်ရချင်ပါတယ်..။