မန်နေဂျာတစ်ယောက် အသင်းသစ် ပြောင်းပြီဆိုရင် လူငယ်သွေးသစ်၊ ကစားသမားသစ် ရှာဖွေရေးဌာနက ဝန်ထမ်းတွေ..၊ ကင်းထောက်တွေကို အတူတူခေါ်သွားလေ့ မရှိပါဘူး..။ ဒါပေမယ့် ဘရိုက်တန်အသင်းက နည်းပြဂရေဟမ် ပေါ်တာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ရာမှာ အဲဒီလိုမဟုတ်ခဲ့ပါဘူး..။ အရင်အပါတ် ဗုဒ္ဓဟူးနေ့..၊ စက်တင်ဘာလ (၈) ရက်နေ့က အနောက်လန်ဒန်အသင်းရဲ့ နည်းပြချုပ် (head coach) ရာထူးကို လက်ခံချိန်မှာ အသက် (၄၇) နှစ်အရွယ် အင်္ဂလိပ်လူမျိုးနည်းပြ ဂရေဟမ် ပေါ်တာ ဟာ ဘရိုက်တန်အသင်းက နည်းပြအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဘီလီ ရိဒ် (လက်ထောက်နည်းပြ)၊ ဘရွန် ဟမ်းဘတ် (နည်းပြအဖွဲ့ဝင်)၊ ဘရူနို (နည်းပြအဖွဲ့ဝင်)၊ ဘင် ရောဘတ်စ် (ဂိုးနည်းပြ) တို့နဲ့အတူ လက်ထောက် ကင်းထောက်ချုပ် ကိုင်လေ မက်ခ်ကောလေ ကိုပါ သူနဲ့အတူ ခေါ်ဆောင်သွားခဲ့ပါတယ်..။
ဂရေဟမ် ပေါ်တာ နဲ့ ကိုင်လေ မက်ခ်ကာလေး တို့ဟာ ဆွီဒင်နိုင်ငံက Ostersunds FK အသင်းမှာကတည်းက အတူတူ လက်တွဲလာခဲ့တာ အခုဆိုရင် ဆယ်နှစ်၊ ဆယ်မိုး ပြည့်မြောက်ခဲ့ပါပြီ..။ ဂရေဟမ် နဲ့ စတွ့ချိန်တုန်းက ကိုင်လေ မက်ခ်ကောလေး ဟာ အသက် (၂၆) နှစ်သား၊ ကြေးစားတစ်ပိုင်း ကစားသမား အနေနဲ့ပဲ ရှိနေပါသေးတယ်..။ Stirling တက္ကသိုလ်က ဘွဲ့ရတဲ့နေ့မှာပဲ တက္ကသိုလ်ဘောလုံးအသင်း နည်းပြတစ်ယောက်ရဲ့ ထောက်ခံအားပေးမှုနဲ့ ဂရေဟမ် ပေါ်တာ ဆီကို စာပို့ပြီး သူကိုင်တွယ်နေတဲ့ ဆွီဒင်ကအသင်းမှာ အလုပ်တစ်နေရာစာ ခန့်အပ်ပေးဖို့ လျှောက်လွှာတင်ခဲ့ပါတယ်..။
“ဂရေဟမ် က သူ့ရဲ့အသင်းမှာ လူပြည့်နေပြီ.. ဆိုတဲ့အကြောင်း ကျွန်တော့်ဆီကို စာပြန်ခဲ့ပါတယ်..။ ဒါပေမယ့် သူနဲ့ရင်းနှီးခဲ့တဲ့ တက္ကသိုလ် ဘောလုံးအသင်းနည်းပြ ဂျိမ်းစ် က ထပ်မံ တိုက်တွန်းခဲ့တာကြောင့် ကျွန်တော့်ကို အစမ်းခန့်ခြောက်လ အလုပ်လုပ်ပေးဖို့ ခေါ်ဆောင်ခဲ့ပါတယ်..။ ကျွန်တော်ကတော့ ဆွီဒင် မှာ ခြောက်လလောက် အလုပ်လုပ်ရရင်လည်း မဆိုးပါဘူး..၊ အဲဒီမှာ အတွေ့အကြုံယူပြီးအင်္ဂလန်ကို ပြန်လာမယ်..၊ အလုပ်သစ်ရှာဖွေမယ်… လို့ပဲ စိတ်ကူးခဲ့ပါတယ်..။”
ကိုင်လေ မက်ခ်ကောလေး ဟာ ဂရေဟမ် ပေါ်တာ နဲ့ စတင်ဆုံစည်းခဲ့ပုံကို အမှတ်တရ ပြန်လည်ပြောပြခဲ့ပါတယ်..။ ၂၀၁၂ ခုနှစ်၊ ဧပြီလမှာ သူဟာ ဂရေဟမ် ပေါ်တာ ကိုင်တွယ်နေတဲ့ ဆွီဒင်နိုင်ငံမြောက်ပိုင်းက Ostersunds FK အသင်းကို ရောက်ရှိခဲ့ပါတယ်..။ အဲဒီအချိန်အထိ သူဟာကစားသမားဘဝနဲ့ပဲ ရှေ့ဆက်ရမလား..? ဒါမှမဟုတ် နည်းပြဘဝဘက်ကို လိုင်းပြောင်းရမလား..? ၀ေခွဲမရ ဖြစ်နေတုန်းပါပဲ..။ ဒါပေမယ့် ဂရေဟမ် တို့နဲ့တွေ့ပြီး မကြာခင်မှာပဲ သူဟာနည်းပြဘဝနဲ့ အနာဂတ်ကို ဆက်လက်လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။
“ကျွန်တော်ဟာ အသင်းမှာ တဖြည်းဖြည်းနေရာ ရလာခဲ့တာနဲ့ ကစားသမားဘဝကို စောစောစီးစီး စွန့်လွှတ်ခဲ့တဲ့အပေါ် နောင်တမရမိတော့ပါဘူး..။ အလုပ်ထဲမှာပဲ စိတ်ရော၊ ကိုယ်ပါ နှစ်မြုပ်ခဲ့ပြီး နည်းပြတစ်ယောက်ပဲဖြစ်ဖြစ်၊ နည်းစနစ်သုံးသပ်သူ (analyst) တစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ် ရှေ့ဆက်ဖို့ ဆန္ဒတွေ ပြင်းပြလာခဲ့ပါတယ်..။ တကယ်လို့ ကစားသမားဘဝကိုသာ ပြန်လည်ရွေးချယ်ခဲ့မယ်ဆိုရင် ဒီလိုအခွင့်အရေးတွေကို ကျွန်တော်လက်လွှတ်ခဲ့ရမှာပါပဲ..။
ကျွန်တော်ဟာ အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်တွေမှာ နည်းနည်းပဲပါဝင်ရပါတယ်..။ ဒါပေမယ့် တခြားအလုပ်တွေကတော့ နေ့စဉ်နေ့တိုင်းလိုလို အများကြီးပါပဲ..။ ကစားသမားသစ် ရှာဖွေရေးနဲ့ ပတ်သက်တဲ့ အလုပ်တွေထဲမှာ အေးဂျင့်တွေဆီက အီးမေးလ်တွေ၊ ကိုယ်စိတ်ဝင်စားတဲ့ ကစားသမားတွေရဲ့ ပွဲတွေကိုလိုက်ကြည့်ရတာတွေ၊ ကိုယ်နဲ့ရင်ဆိုင်ရမယ့် အသင်းတွေရဲ့ပွဲတွေကို ကြည့်ရှုရတာတွေ.. စသဖြင့်.. အများကြီး ပါဝင်ပါတယ်..။ မနှစ်ကဘောလုံးရာသီနဲ့ ဒီနှစ်ဘောလုံးရာသီအတွက် ကျွန်တော်တို့ဟာ Prozone software နဲ့ စာချုပ်ထပ်ချုပ်ဖို့ ရှိပါတယ်..။ အဲဒီ software ကို အသုံးပြုပြီး ကစားပွဲတွေရဲ့ သုံးသပ်ချက်အမျိုးမျိုးကို ပြုလုပ်နိုင်ပါတယ်..။”
မက်ခ်ကောလေး ဟာ စကော့တလန်နိုင်ငံက Elgin မြို့လေးမှာ မွေးဖွားခဲ့ပါတယ်..။ သူ့ရဲ့ဦးလေးဖြစ်သူ စတိဗ် ပက်တာဆန် ဟာ စကော့တလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အက်ဘာဒင်း အသင်းရဲ့နည်းပြဟောင်းတစ်ယောက် ဖြစ်ပါတယ်..။ သူဟာ အသက် (၁၆) နှစ်အရွယ်မှာ ကျောင်းထွက်ပြီး ဒါဘီ ကောင်တီ အသင်းလူငယ် အကယ်ဒမီနဲ့ ဆက်သွယ်ခဲ့ပါတယ်..။ ဒါပေမယ့် Pride Park အကယ်ဒမီမှာ နှစ်နှစ်ကြာပြီးတဲ့အချိန် အသင်းကစာချုပ် ထပ်မချုပ်ခဲ့တာကြောင့် အဲဒီကနေ ထွက်ခွာခဲ့ရပါတယ်..။ ဒါဘီ ကောင်တီ ကနေ ထွက်လာခဲ့တဲ့သူ့ကို ဦးလေးဖြစ်သူ ပက်တာဆန် က အက်ဘာဒင်း အသင်းဆီ ခေါ်ယူခဲ့ပါတယ်…။
သူဟာအက်ဘာဒင်း အသင်းကြီးအတွက် ပွဲထွက်ခွင့်ကို ၂၀၀၆ ခုနှစ်၊ ဖေဖာ်ဝါရီလ ဟတ်စ် အသင်းနဲ့ပွဲမှာ ရရှိခဲ့ပေမယ့် မဖြစ်ထွန်းခဲ့ပါဘူး..။ အဲဒီကနေ စကော့တလန် လိဂ်ဝမ်းအဆင့်ပြိုင်ပွဲဝင် Peterhead အသင်း၊ Alloa အသင်းတွေဆီ အဆင့်ဆင့်ရောက်ရှိခဲ့ရာကနေ နောက်ဆုံးမှာ ဂရေဟမ် ပေါ်တာ နဲ့ ချိတ်ဆက်မိခဲ့တာပါ…။
Ostersunds အသင်းမှာ မက်ခ်ကောလေး ဟာ ဂရေဟမ် ပေါ်တာ ရဲ့ အတွင်းစည်း.. လူယုံတစ်ယောက်အဖြစ် ရောက်ရှိလာခဲ့ပြီး ဒီနေ့.. ဒီအချိန်ထိ လက်တွဲမဖြုတ်ခဲ့ကြပါဘူး..။ သူတို့ရဲ့အမာခံ အဖွဲ့လေးထဲမှာ စကော့တလန် ချန်ပီယံရှစ် ပြိုင်ပွဲဝင် Hamilton Accies အသင်းမန်နေဂျာဟောင်း ဘီလီ ရိဒ် ဟာ ဂရေဟမ် ပေါ်တာ ရဲ့ လက်ထောက်အဖြစ် ရောက်ရှိလာခဲ့ပြီး ဘရွန် ဟမ်းဘတ် ကတော့ နည်းစနစ်သုံးသပ်သူ (analyst) အဖြစ် ဆောင်ရွက်ခဲ့ပါတယ်..။ ဟမ်းဘတ် ဟာ နောက်ပိုင်းမှာ နည်းပြအဖွဲ့ဝင် (first team coach) အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ပြီး မက်ခ်ကောလေး ကတော့ ကစားသမားသစ် ရှာဖွေရေးဌာနရဲ့ ကင်းထောက်ချုပ် (head of recruitment department) အဖြစ် တဖြည်းဖြည်း တိုးတက်လာခဲ့ပါတယ်..။
ဆွီဒင်လိဂ်ပြိုင်ပွဲဝင် Ostersunds အသင်းကတည်းက အတွဲမိခဲ့ကြတဲ့ ဂရေဟမ် ပေါ်တာ နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဟာ ဆယ်စုနှစ်တစ်ခုအကြာ.. ဘရိုက်တန်အသင်းကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့ရာ လန်ဒန်အသင်းဟာ သူတို့အတွက် နစ်နာကြေး စတာလင်ပေါင်သန်း (၂၀) လောက် ပေးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်..။ ဒါ့အပြင် သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေအတွက် ပြောင်းရွှေ့စရိတ် အပါအဝင် အထွေထွေ ကုန်ကျစရိတ်များအတွက် စတာလင်ပေါင် (၂) သန်းလောက် ထပ်မံ ပေးချေခဲ့ရတယ်လို့ ဆိုကြပါတယ်..။ အခုဆိုရင် ဂရေဟမ် ပေါ်တာ ရဲ့ နည်းပြအဖွဲ့မှာ ဂိုးနည်းပြ ဘင် ရောဘတ်စ် နဲ့ ဘရိုက်တန်အသင်းရဲ့ နည်းပြအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကစားသမားဟောင်း ဘရူနို တို့ ပါဝင်လာခဲ့ပါတယ်..။
ဂရေဟမ် ပေါ်တာ ဟာ ဆွီဒင်နိုင်ငံမှာတောင် မထင်မရှားအသင်းလေး တစ်သင်းဖြစ်တဲ့ Ostersunds အသင်းကို တန်းတက်ခွင့်သုံးကြိမ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဆွီဒင်ရှုံးထွက်ဖလား (Swedish Cup) ဆွတ်ခူးနိုင်ခဲ့ပါတယ်..။ ဒါ့အပြင် ယူရိုပါလိဂ်ပြိုင်ပွဲမှာ နောက်ဆုံးအဆင့် (၃၂) သင်း ရှုံးထွက်ပွဲစဉ်အထိ တက်ရောက်ခွင့်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်..။ အဲဒီလို ထူးချွန်၊ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဆွမ်ဆီး စီးတီးအသင်းက ဂရေဟမ် ပေါ်တာ ကို ရအောင်ခေါ်ယူခဲ့ရာမှာ မက်ခ်ကောလေး ကလည်း head of recruitment အနေနဲ့ ထပ်ချပ်မကွာ ဆက်လက်လိုက်ပါခဲ့ပါတယ်..။
“ဆွမ်ဆီးအသင်းဟာ ကျွန်တော့်အတွက် သိပ်ကိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ အခွင့်အရေးတစ်ခုပါ..။ ကျွန်တော်ဟာ ဂရေဟမ် နဲ့ Ostersunds အသင်းမှာကတည်းက လက်တွဲခဲ့တာကြောင့် သူဘာကို လိုချင်လဲ..? သူဘယ်လို အလုပ်လုပ်လဲ.. အပါအဝင် သူ့ရဲ့အကြောင်း အလုံးစုံကို ခရေတွင်းကျ သိရှိထားပါတယ်..။ ဒ့ါကြောင့်သူနဲ့အတူ ဆက်လက်လက်တွဲခွင့်ရခဲ့တာဟာ ကျေနပ်စရာပါပဲ..။
ကျွန်တော်တို့ဟာ ဆွမ်ဆီးအသင်းမှာ ရှင်းလင်းပြီး လူတိုင်း အတိအကျ သိရှိ၊ လိုက်နာနိုင်မယ့်..၊ သူတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမယ့် စနစ်တစ်ခု တည်ဆောက်နိုင်ရမှာပါ..။ ဒ့ါကြောင့်ကျွန်တော်တို့ရဲ့ ကစားသမားသစ် ရှာဖွေရေးအသင်းဟာ ဆွမ်ဆီးအသင်းရဲ့ အမှန်တကယ် လိုအပ်နေတဲ့ အရာတွေကို သေသေချာချာ သိရှိရမှာ ဖြစ်ပါတယ်..။”
ဂရေဟမ် နဲ့ မက်ခ်ကောလေး တို့ဟာ ဆွမ်ဆီးအသင်းမှာ ဘောလုံးရာသီ တစ်ရာသီပဲ ကြာခဲ့ပြီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် (၁၀) နေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ သူတို့ရဲ့နောက်ထပ် ခရီးတစ်ထောက်ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ‘ဘရိုက်တန်’ အသင်းဖြစ်ပါတယ်..။ ဒီတစ်ခါ ဘရိုက်တန် အသင်းမှာတော့ မက်ခ်ကောလေး ဟာ ‘ကစားသမားသစ် ရှာဖွေရေးဌာန’ ရဲ့ လက်ထောက် ကင်းထောက်ချုပ် (assistant head of recruitment) အဖြစ် တာဝန်ယူရပါတယ်..။
ဘရိုက်တန်အသင်းရဲ့ ကင်းထောက်ချုပ်ဟာ ‘ပေါလ် ဝင်စတန်လေ’ ဖြစ်ပြီး သူနဲ့ မက်ခ်ကောလေး တို့နှစ်ယောက်ဟာ အင်မတန်မှ အတွဲအဖက်ညီကြတယ်လို့ အသင်းရဲ့အတွင်းလူ တစ်ယောက်က အခုလိုပြန်ပြောပြခဲ့ပါတယ်..။
“ကိုင်လေ မက်ခ်ကောလေး ဟာ ဂရေဟမ် ရဲ့ အကြံအစည်တွေကို သိထားပါတယ်..။ ဒ့ါကြောင့်ဂရေဟမ် အတွက် သင့်တော်မယ့် ကစားသမားတွေရဲ့ပုံစံ၊ အရည်အသွေး.. profiles တွေကို အတိအကျ သိထားပါတယ်..။ သူတို့နှစ်ယောက်ဟာ အတူတူလက်တွဲ အလုပ်လုပ်ခဲ့ကြတာ နှစ်အတော်ကြာခဲ့ပြီလေဗျာ..။ ပေါလ် ကတော့ ကင်းထောက်ဌာန တစ်ခုလုံးရဲ့ ကိစ္စအရပ်ရပ်ကို ကြီးကြပ်၊ အုပ်ချုပ်ပါတယ်..။
ဘရိုက်တန်အသင်းက ပေါလ် နဲ့ ကိုင်လေ တို့ရဲ့ ကစားသမားသစ် ရှာဖွေရေးဌာနဟာ ကစားသမားတွေကို လေ့လာ၊ သုံးသပ်ရာမှာ အချက်အလက်တွေအပေါ် မူတည်ပြီး (data driven) ရှာဖွေ၊ သုံးသပ်လေ့ရှိပါတယ်..။ ကိုင်လေ ဟာ ကစားသမား တစ်ယောက်ချင်းစီကို စိတ်ရှည်လက်ရှည်နဲ့ အသေးစိတ် လေ့လာလေ့ရှိသလို ခွဲခြမ်း စိတ်ဖြာတဲ့နေရာ၊ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ အင်မတန်မှ ထူးချွန်တဲ့သူ ဖြစ်ပါတယ်..။”
ချယ်လ်ဆီးအသင်းကို ရောက်ရှိချိန်မှာ မက်ခ်ကောလေး ရဲ့ အဓိကလုပ်ငန်း တာဝန်တွေဟာ အရင်အသင်းတွေက အတိုင်းပဲဖြစ်မှာပါ..။ ဒါပေမယ့် အခုလက်ရှိမှာတော့ လန်ဒန်အခြေစိုက်အသင်းမှာ အပြောင်းအလဲ ကြီးကြီးမားမားတွေ ဖြစ်နေပြီး အသင်းကို အသစ်တဖန် ပြန်လည်တည်ဆောက်နေတဲ့ အချိန်အခါ ဖြစ်နေပါတယ်..။ အသင်းရဲ့ ကစားသမား ရှာဖွေရး ကင်းထောက်ဌာန အကြီးအကဲ (head of International Scouts) အဖြစ် (၁၁) နှစ်ကြာ တာဝန်ယူခဲ့တဲ့ စကော့ မက်ခ်လာလန် ဟာ ချယ်လ်ဆီးအသင်းကို စွန့်ခွာခဲ့ပြီဖြစ်သလို အသင်းဒါရိုက်တာ မာရီနာ ဂရာနော့ဗ်ကီးယားစ်၊ နည်းစနစ်နဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် (Technical and Performance Advisor) ပီတာ ချက် တို့ဟာလည်း နွေရာသီကတည်းက အသင်းကို စွန့်ခွာသွားခဲ့ကြပါပြီ..။
ဒ့ါအပြင် အသင်းပိုင်ရှင်သစ်တွေ ဖြစ်ကြတဲ့ တော့ဒ် ဘိုလေး နဲ့ ဘာဒက် အက်ဘ်ဘာလေ တို့ဟာ ဂရေဟမ် ပေါ်တာ ကို နည်းပြအဖြစ် ငါးနှစ်သက်တမ်း စာချုပ်ချုပ်ဆိုခဲ့သလို မက်ခ်ကောလေး အပါအဝင် နည်းပြအဖွဲ့ဝင် ငါးဦးအထိ ခေါ်ဆောင်ခွင့် ပေးခဲ့ပါတယ်..။ ဒ့ါကြောင့် အင်္ဂလိပ်လူမျိုး နည်းပြကြီးဟာ တော့ဒ် ဘိုလေး တို့ရဲ့ အပြာရောင်ချယ်လ်ဆီးအသင်း အနာဂတ်သစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ရဖို့ ရှိနေသလို ‘ကိုင်လေ မက်ခ်ကောလေး’ ကလည်း အရေးပါတဲ့ ဇာတ်ဆောင်တစ်ဦးအဖြစ် ဂရေဟမ် ပေါ်တာ နဲ့အတူ ပါဝင်လက်တွဲ၊ အသုံးတော်ခံသွားရမယ့် အလားအလာ ရှိနေပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(Training Ground Guru မှ ဆောင်းပါးရှင် Simon Austin ၏ ‘Kyle Macaulay: From speculative letter to Graham Potter's inner circle’ ဆောင်းပါးကို ပြန်ဆိုပါသည်..။)