အမေရိကန် ဘီလျံနာသူဌေးကြီးနှင့် လုပ်ငန်းရှင် တော့ဒ် ဘိုလေး မှာ ၂၀၂၂ ခုနှစ်၊ မေလတွင် လုပ်ငန်းရှင်အစုအဖွဲ့ တစ်ခုကို ဦးဆောင်ပြီး ချယ်လ်ဆီးအသင်းကို စတာလင်ပေါင် (၄.၂၅) ဘီလီယံဖြင့် လက်ပြောင်း၊ ဝယ်ယူခဲ့သည်..။ အပြောင်းအလဲများကို ခပ်သွက်သွက် ပြုလုပ်ခဲ့သည့် အသင်းပိုင်ရှင်သစ်များမှာ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ရာသီတွင် ကစားသမားသစ်များခေါ်ယူရန် စတာလင်ပေါင်သန်း (၂၇၀) ကျော် သုံးစွဲခဲ့ပြီး မရှေးမနှာင်းမှာပင် နည်းပြချုပ် သောမတ်စ် တူခယ်လ် အား ရာထူးမှထုတ်ပယ်ခဲ့ပါသည်..။ ထို့နောက် ဘရိုက်တန်အသင်းမှ အင်္ဂလိပ်လူမျိုးနည်းပြ ဂရေဟမ် ပေါ်တာ အား ငါးနှစ်သက်တမ်း စာချုပ်ဖြင့် အစားထိုး ခန့်အပ်ခဲ့ပါသည်..။
အမေရိကန်လုပ်ငန်းရှင် သူဌေးကြီးမှာ ယခင်အပါတ်အင်္ဂါနေ့၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ်မြို့တွင် ကျင်းပခဲ့သည့် SALT Conference အခမ်းအနားတွင် ချယ်လ်ဆီးအသင်း၏ အနာဂတ်အစီအမံများနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် အကြံပြုချက်များကို ပြောပြခဲ့ပါသည်..။ သူ၏ပြောကြားချက်များထဲမှ ကောက်နှုတ်ချက်များနှင့် အနာဂတ်အကြံအစည်များအပေါ် သုံးသပ်ချက်များကို တင်ဆက်ပေးလိုက်ပါသည်..။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ တန်းဆင်းခွင့်ကို play-off ပုံစံဖြင့် ကျင်းပရန်..
တော့ဒ် ဘိုလေး - “ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ အင်္ဂလန်ဘောလုံးပွဲတွေရဲ့ပိရမစ် ထိပ်ဆုံးမှာ ရှိနေပါတယ်…။ နှစ်စဉ်နှစ်တိုင်း ချန်ပီယံရှစ်ကို သုံးသင်းတန်းဆင်းပြီး ချန်ပီယံရှစ်ပြိုင်ပွဲကသုံးသင်း တန်းတက်ခွင့်ရပါတယ်..။ ဒ့ါကြောင့်အမှတ်ပေးဇယား အောက်ခြေမှာ ဘာတွေဖြစ်နေလဲ..? ဆိုတဲ့အပေါ် စိတ်ဝင်စားမှု များပြားခဲ့သလို တစ်ချို့တန်းဆင်းဇုန် ရုန်းကန်ရတဲ့ ပွဲစဉ်တွေဟာ ရုပ်သံထုတ်လွှင့်မှု အများဆုံး ပြုလုပ်ခဲ့ရတဲ့ ပွဲစဉ်တွေထဲမှာ ပါဝင်ခဲ့ပါတယ်..။
ကျွန်တော်ကတော့ ပရီးမီးယားလိဂ်အနေနဲ့ အမေရိကန် အားကစားပြိုင်ပွဲတွေကနေ နည်းနည်းပါးပါး သင်ယူပြီး ‘အမှတ်ပေးဇယားအောက်ဆုံးက အသင်းလေးသင်းအတွက် ပြိုင်ပွဲတစ်ခု ကျင်းပပေးလို့ မရနိုင်ဘူးလား..?’ စဉ်းစားသင့်တယ်လို့ အကြံပေးပါတယ်..။”
အကြံပြုချက်အပေါ် သုံးသပ်ချက် - တော့ဒ် ဘိုလေး မှာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံရှစ် ပြိုင်ပွဲကြားတွင် လက်ရှိကျင့်သုံးနေသော ‘သုံးသင်းတန်းတက်၊ သုံးသင်းတန်းဆင်း’ စနစ်အစား အမှတ်ပေးဇယား အောက်ဆုံးမှ လေးသင်းအား ပြိုင်ပွဲတစ်ခုကျင်းပပြီး တန်းဆင်းရသည့်စနစ် ကျင့်သုံးရန် အကြံပြုခဲ့ပုံရပါသည်..။ အမေရိကန် ဘေ့စ်ဘောအသင်း Los Angeles Dodgers နှင့် ဘတ်စ်ဘောအသင်း LA Lakers တို့ကို ပိုင်ဆိုင်ထားသည့် တော့ဒ် ဘိုလေး အနေဖြင့် တန်းတက်၊ တန်းဆင်း စနစ်ဆိုသည်မှာ ထူးဆန်းနေပုံရပါသည်..။
သို့သော်သူ၏အဆိုပြုချက်မှာ အမေရိကန် အားကစားပြိုင်ပွဲများဖြစ်သည့် NBA..၊ MLB နှင့် NFL ပြိုင်ပွဲများတွင် ရာသီကုန်ချိန်၌ ချန်ပီယံမှ အောက်ဆုံးအထိ play-off ထိပ်တိုက်ယှဉ်ပြိုင်သည့်ပုံစံ ကျင့်သုံးပြီး အဆင့်သတ်မှတ်သည့် စနစ်ကို ရည်ညွှန်းလိုပုံရပါသည်..။ သို့သော်အဆိုပါ အောက်ဆုံးလေးသင်းအား မည်သည့်ပုံစံ ယှဉ်ပြိုင်စေလိုသည်.. သို့မဟုတ် တန်းဆင်းအသင်း အရေအတွက်မည်မျှ.. စသည်တို့ကို အသေးစိတ် ပြောကြားခဲ့ခြင်း မရှိသလို ဂျာမနီနှင့် ပြင်သစ်တို့တွင် ကျင့်သုံးနေသည့် ပရီးမီးယားလိဂ်အဆင့်ပြိုင်ပွဲမှ အောက်ဆုံးအသင်းတစ်သင်းနှင့် ချန်ပီယံရှစ်ပြိုင်ပွဲမှ အသင်းတစ်သင်းတို့ play-off ပွဲစဉ် ယှဉ်ပြိုင်ပြီး တန်းဆင်းရမည့် နောက်ဆုံးအသင်း တစ်သင်းကို ဆုံးဖြတ်သည့်ပုံစံကို ရည်ညွန်းလိုသလား ပြောကြားခဲ့ခြင်း မရှိခဲ့ပေ..။
တန်းဆင်းဇုန် ရုန်းကန်နေရသည့် အသင်းများမှာ သူ၏အကြံပြုချက်အား ‘နောက်ဆုံးကောက်ရိုးတစ်မျှင်’ အဖြစ် ကြိုဆိုကြပါမည်..။ သို့သော်လည်း မနှစ်ကဘောလုံးရာသီမှ နောဝစ်ခ်ျအသင်းကဲ့သို့ တန်းမဆင်းရမည့် အနိမ့်ဆုံးရမှတ်နှင့် (၁၆) မှတ်အထိ ကွာခြားခဲ့သော အသင်းများအတွက် ထိုသို့နောက်ဆုံးအကြိမ် အသက်ကယ်ဆေး တစ်ခွက်မှာ ထိုက်တန်မှုရှိ၊ မရှိ..? ကလည်း စဉ်းစားစရာ အချက်တစ်ချက် ဖြစ်လာပါမည်..။
ရာသီကုန်ချိန်တွင် ကျင်းပလေ့ရှိသည့် English Football League လက်အောက်ရှိ play-off ပွဲစဉ်များမှ စိတ်လှုပ်ရှားစရာ ပွဲစဉ်များ ဖြစ်ခဲ့ပြီး ရုပ်သံလွှင့်ထုတ်မှုများကို ကြည့်ရှု၊ အားပေးခဲ့ကြသော ကြီးမားသည့် ပရိသတ် အင်အားရှိနေပါသည်..။ ထို့ကြောင့် တော့ဒ် ဘိုလေး အကြံပြုခဲ့သည့် တန်းဆင်းဇုန် play-off ပြိုင်ပွဲမှာ ရုပ်သံ ကုမ္ပဏီများအတွက် အကျိုးအမြတ်များပြားမည့် အစီအစဉ်တစ်ရပ် ဖြစ်လာမှာ မြေကြီးလက်ခပ်မလွဲ ဧကန်ဖြစ်ပါသည်..။
တောင်ပိုင်း vs မြောက်ပိုင်း All-Star ပွဲစဉ် ကျင်းပရန်..
တော့ဒ် ဘိုလေး - “ပရီးမီးယားလိဂ်မှာ ဘာကြောင့် All Star ပွဲစဉ် ကျင်းပလို့ မရနိုင်တာလဲ..? လူတိုင်းက ဘောလုံးပိရမစ်ကနေ ပိုက်ဆံပိုပြီးရလာဖို့ ပြောနေကြပါတယ်..။ ကျွန်တော်တို့ လော့စ် အိန်းဂျယ်လိစ် မှာဆိုရင် မေဂျာလိဂ် ဘေ့စ်ဘော (MLB) ပြိုင်ပွဲရဲ့ တနင်္လာနေ့၊ အင်္ဂါနေ့ ပွဲစဉ်တွေကနေ ဒေါ်လာသန်း (၂၀၀) လောက် ရှာဖွေနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်အင်္ဂလန်မှာလည်း တောင်ပိုင်း vs မြောက်ပိုင်း ပရီးမီးယားလိဂ် All-Star ပွဲစဉ်ကနေ ဘောလုံးပိရမစ်အတွက် လိုအပ်နေတဲ့ ငွေကြေးတွေကို အလွယ်တကူ ရှာဖွေနိုင်ပါလိမ့်မယ်..။”
အကြံပြုချက်အပေါ် သုံးသပ်ချက် - NBA..၊ MLB နှင့် NFL ပြိုင်ပွဲများမှ ကောင်းပေ့၊ ညွှန့်ပေ့.. ကစားသမား အညွှန့်အဖူးများကို ရွေးထုတ်ပြီး သီးခြားပြိုင်ပွဲ ကျင်းပလေ့ရှိသည့် ဓလေ့ထုံးစံမှာ အမေရိကန်ဆန်လွန်းခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း တောင်ပိုင်း နှင့် မြောက်ပိုင်း ခွဲခြားကာ နှစ်စဉ်ကျင်းပရန် အကြံပြုခဲ့ပုံရပါသည်..။
အဆိုပါပွဲစဉ်မှ ရလာသည့်ဝင်ငွေများဖြင့် English Football League (EFL) နှင့် အခြားအပျော်တမ်းလိဂ်များကို ထောက်ပံ့ရန်ငွေကြေးများ ရရှိလာနိုင်သည်ကို MLB ဘေ့စ်ဘော All-Star ပွဲစဉ်များမှ ဒေါ်လာသန်း (၂၀၀) ခန့် ရှာဖွေနိုင်ခဲ့သည့် သာဓကဖြင့် နှိုင်းယှဉ်ခဲ့ခြင်းဖြစ်သည်..။ အဆိုပါငွေကြေး ပမာဏမှာ ပရီးမီးယားလိဂ် အောက်ခြေမှ ဝင်ငွေနည်း လိဂ်ပြိုင်ပွဲဝင် အသင်းများအတွက် အင်မတန်မှ အကျိုးရှိစေပါမည်..။
သို့သော် တော့ဒ် ဘိုလေး ၏ All-Star ပွဲစဉ် အကြံပြုချက်မှာ ပရိသတ်အများစု၏ ပြင်းထန်သည့်ဝေဖန်မှု၊ ငြင်းဆန်တုံ့ပြန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး လီဗာပူးလ်နည်းပြ ဂျာဂင် ကလော့ပ် ကလည်း ‘ကမ္ဘာလှည့် ဖျော်ဖြေရေး သရုပ်ပြ ဘတ်စ်ကတ်ဘောအသင်းဖြစ်တဲ့ Harlem Globetrotters ကိုပါ ဖိတ်ကြားသင့်တယ်..’ ဟူ၍ သူ၏အကြံအစည်ကို လှောင်ပြောင်ခဲ့ပါသည်..။ တကယ်တော့ ဂျာမန်နည်းပြကြီးများ ဖြစ်နိုင်ခြေများကို ထည့်သွင်းစဉ်းစားပြီးမှသာ ယခုကဲ့သို့ တုံ့ပြန်၊ ပြောကြားလိုက်ခြင်း ဖြစ်နိုင်ပါသည်..။
ပထမဦးဆုံးအချက်အနေဖြင့် တစ်နှစ်ပတ်လုံး ပွဲစဉ်များဖြင့် ပြည့်နှက်နေသည့် အင်္ဂလိပ်ဘောလုံးပြက္ခဒိန်ထဲတွင် အဆိုပါ All-Star ပွဲစဉ်အား မည်ကဲ့သို့ ထည့်သွင်းနေရာပေးမလဲ..? ဆိုသည့် ပြဿနာဖြစ်ပါသည်..။ သို့တည်းမဟုတ် အဆိုပါ All-Star ပွဲစဉ်အား နှစ်စဉ်ကျင်းပနေသည့် ရာသီအဖွင့် Community Shield ပွဲစဉ်၏ နေရာတွင် အစားထိုးမည်လော..?
ထို့အပြင် ဂျာဂင် ကလော့ပ် အရိတ်အမြွတ် ပြောပြခဲ့သည့် ခါးသီးသော ပြိုင်ဘက်အသင်းများမှ ကစားသမားများအား မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီး.. အာဆင်နယ်.. စသည့် အသင်းစွဲများကို ဖယ်ထားပြီး ခဏတာ ငြိမ်းချမ်းရေးရယူဖို့ ဆွဲဆောင်ရမည့် အခက်အခဲကလည်း ရှိနေသေးသည်..။ အဆိုပါအခက်အခဲမှာ နိုင်ငံတကာ လက်ရွေးစင်အသင်းများအတွက် ရွေးချယ်ခံရချိန်တွင် မိမိ၏နိုင်ငံအတွက် အသင်းချစ်စိတ်၊ အသင်းစွဲကို ချန်ထားခဲ့သည်နှင့် တူညီမည်မဟုတ်ပေ..။ ထို့ကြောင့်ကစားသမားများမှာ ‘တောင်ပိုင်း..၊’.. ‘မြောက်ပိုင်း’ ဆိုသည့် အမည်နာမအတွက် စိတ်ပါလက်ပါ အားထည့်ကစားပေးကြမှာလား..? ဆိုသည့် မေးခွန်းကလည်း စဉ်းစားစရာပင်ဖြစ်ပါသည်..။
ကမ္ဘာတစ်ဝန်းတွင် ကွန်ယက်အသင်းများ ဖြန့်ကျက်ခြင်း..
တော့ဒ် ဘိုလေး - “ကျွန်တော်တို့ဟာ ‘အသင်းတွေ ပေါင်းစပ်ထားတဲ့ပုံစံ (multi-club model)’ ကို ကျင့်သုံးဖို့အတွက် ဆွေးနွေးနေကြပါတယ်..။ အဲဒီအတိုင်း အခြေခံပြီး ရှေ့ဆက်သွားဖို့ စီစဉ်နေပါတယ်..။ တစ်ချို့နိုင်ငံတွေမှာ ကျွန်တော်တို့ရဲ့ အသင်းတွေကို ဖြန့်ကျက်ထားခြင်းဖြင့် အားသာချက်တွေ အများကြီးရရှိနိုင်ပါတယ်..။ Red Bulls ကွန်ယက်ဆိုရင် ရလဒ်ကောင်းတွေ မြင်တွေ့နေရပါပြီ..။ သူတို့ရဲ့ကွန်ယက်ထဲက လိုက်ပ်ဇစ် နဲ့ ဆဲလ်ဇ်ဘတ် နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ခွင့်ရနေပါတယ်..။
သူတို့ဟာ အသင်းတွေကို ဘယ်လိုပုံစံနဲ့ ကွန်ယက်ဖြန့်ကျက်၊ ဆောင်ရွက်လို့ရလဲ.. ဆိုတာ ပြသနေပါတယ်..။ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီးအသင်းဟာ အသင်းတွေအများအပြား ပါဝင်တဲ့ ကွန်ယက်ကြီးတစ်ခုကို တည်ဆောက်ထားနိုင်ခဲ့ပါပြီ..။”
သူ၏အကြံအစည်အပေါ် သုံးသပ်ချက် - ‘အသင်းတွေ ပေါင်းစပ်ထားတဲ့ပုံစံ (multi-club model)’ မှာ ချယ်လ်ဆီးအသင်းကို ဝယ်ယူစဉ်က တော့ဒ် ဘိုလေး ၏ မူလအစီအစဉ်ထဲတွင် မပါဝင်ခဲ့သော်လည်း လက်တွေ့တွင် အောင်မြင်မှုရရှိနိုင်မည့် အကြံအစည်တစ်ခု ဖြစ်ပါသည်..။ အစီအစဉ် တင်ဆက်သူ အန်တော်နီ စကာရာမူဆီ က အဆိုပါမော်ဒယ်လ်အား အသေးစိတ် ရှင်းပြရန် တောင်းဆိုခဲ့ရာတွင် တော့ဒ် ဘိုလေး က ချယ်လ်ဆီးအသင်းအနေဖြင့် ကမ္ဘာအရပ်ရပ်မှ အသက် (၁၈) နှစ်နှင့် (၂၀) နှစ်ကြားရှိ အရည်အသွေးမြင့် လူငယ်ကစားသမားများကို ရှာဖွေဖော်ထုတ်၊ ခေါ်ယူနိုင်ရန် ဆန္ဒရှိနေကြောင်း၊ အသင်းတွင် ရိစ် ဂျိမ်းစ်..၊ မေဆန် မောင့် တို့ကဲ့သို့ လူငယ်ကစားသမားလေးမျာအား ထိပ်တန်းအသင်းကြီးအဆင့်တွင် ပါဝင်နိုင်အောင် ပျိုးထောင်၊ မြှင့်တင်ပေးနိုင်သည့် အကောင်းဆုံး လူငယ်အကယ်ဒမီတစ်ခု ရှိနေပြီးဖြစ်ကြောင်း ပြောဆိုခဲ့သည်..။
ထို့အပြင် ဘိုလေး က မန်ချက်စတာ စီးတီးနှင့် လီဗာပူးလ်အသင်းများတွင် စူပါစတား ကစားသမားများအဖြစ် ထွန်းတောက်နေသည့် ကီဗင် ဒီ ဘရိုင်း နှင့် မို ဆာလာ တို့အား ချယ်လ်ဆီးအကယ်ဒမီထွက် ကစားသမားများအဖြစ် ထည့်သွင်းပြောကြားခဲ့ရာ ပရိသတ်အများ၏ ဝေဖန်၊ တုံ့ပြန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်..။ သို့သော် ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ခွဲထွက်ခဲ့သည့် Brexit နောက်ပိုင်းတွင် ပြောင်းလဲလာခဲ့သည့် အခင်းအကျင်းအရ ပရီးမီးယားလိဂ် အသင်းများမှာ နိုင်ငံရပ်ခြားမှ overseas ကစားသမားများကို ခေါ်ယူနိုင်ရန် ပိုမိုခက်ခဲလာခဲ့ပြီး ကစားသမားများမှာ ပရီးမီးယားလိဂ် အသင်းများတွင် ပါဝင်ခွင့်ရရန် သတ်မှတ်ထားသည့် တင်းကျပ်သည့် စည်းမျဉ်း၊ သတ်မှတ်ချက်များကို ပြည့်မှီနိုင်ရန် အခြားလိဂ်ပြိုင်ပွဲများ၊ နိုင်ငံလက်ရွေးစင် အသင်းအတွေ့အကြုံများ ကြိုတင်ရရှိနိုင်ရန် လိုအပ်လာခဲ့သည်..။ ထို့ကြောင့် ဘိုလေး အဆိုပြုခဲ့သည့် multi-club model မှာ လူငယ်သွေးသစ်များကို အသင်းကြီးသို့မခေါ်ဆောင်နိုင်ခင် ပြုစုပျိုးထောင်ပေးနိုင်ရန် လမ်းကြောင်းတစ်ခုအဖြစ် အောင်မြင်နိုင်မည့် အစီအမံတစ်ခု ဖြစ်ပါသည်..။
မန်ချက်စတာ စီးတီးအသင်းမှာ စပိန်လာလီဂါမှ ဂျီရိုနာ၊ ဘယ်လ်ဂျီယမ်လိဂ်မှ Lommel..၊ အမေရိကန် ပြည်ထောင်စုမှ New York City FC အသင်းများနှင့် ကွန်ယက်ချိတ်ဆက်ထားပြီး ဖြစ်သလို ချယ်လ်ဆီးအသင်းမှာ အဆိုပါကွန်ယက်အသင်းများမှ အကျိုးကျေးဇူးအများအပြား ရရှိနိုင်သည်ကို မြင်တွေ့လာရပြီ ဖြစ်ပါသည်..။
တော့ဒ် ဘိုလေး မှာ ပေါ်တူဂီမှအသင်းများနှင့် ဘယ်လ်ဂျီယမ်မှ အသင်းများနှင့် ကွန်ယက်ချိတ်ဆက်ရန် ရည်ညွှန်း ပြောဆိုခဲ့သလို စူပါအေးဂျင့် ဂျော့ခ်ျ မန်းဒက်စ် နှင့် ချိတ်ဆက်ပြီး ပေါ်တူဂီလိဂ်ပြိုင်ပွဲဝင် အသင်းတစ်သင်းအား ဝယ်ယူနိုင်ရန် ကြိုးစားခဲ့ဖူးသည်..။ အဆိုပါ မတူညီသော လိဂ်ပြိုင်ပွဲဝင် အသင်းများအချင်းချင်း ချိတ်ဆက်သည့် multi-club model မှာ အနာဂတ်တွင် အသင်းကြီးတစ်သင်း၏ မရှိမဖြစ် အင်္ဂါရပ်တစ်ခု ဖြစ်လာနိုင်သလို ချယ်လ်ဆီးအသင်းမှာ မန်ချက်စတာ စီးတီးအသင်းကို အဘက်ဘက်တွင် လိုက်မှီ၊ ပခုံးချင်းယှဉ်နိုင်ရန် ကြိုးစားလျှက်ရှိနေသည့် အနေအထားတွင် ကွန်ယက်ချင်း ချိတ်ဆက်နိုင်မည့် အသင်းများကို အမြန်ဆုံးရရှိနိုင်ရန် ဆန္ဒပြင်းပြလျှက်ရှိပါသည်..။
ဥရောပ စူပါလိဂ်ပြိုင်ပွဲ
တော့ဒ် ဘိုလေး - “ချန်ပီယံလိဂ် ပြိုင်ပွဲမှာ စူပါလိဂ်ပြိုင်ပွဲက အဆိုပြုထားတဲ့ အစိတ်အပိုင်း အတော်များများ ပါဝင်ပြီးဖြစ်ပါတယ်..။ အဲဒီပြိုင်ပွဲမှာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေဟာ အကောင်းဆုံးသော ပြိုင်ပွဲကြီးတစ်ခုမှာ ပါဝင်နေကြပါတယ်..။ ဒ့ါကြောင့်ချန်ပီယံလိဂ် ပြိုင်ပွဲဟာ အနာဂတ်ရဲ့ တောင်းဆိုချက် အတော်များများနဲ့ ကိုက်ညီနေတယ်လို့ ယုံကြည်ပါတယ်..။ တကယ်လို့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဗိုလ်စွဲခဲ့မယ်ဆိုရင် ယူရိုသန်း (၁၀၀) လောက် ဝင်ငွေရရှိပါလိမ့်မယ်..။ အဲဒီပမာဏဟာ ဒီပြိုင်ပွဲကြီး အောင်မြင်နေတဲ့ အကြောင်းတရား တစ်ခု ဖြစ်ပါတယ်..။
တကယ်လို့ The Masters ဂေါက်သီးရိုက်ပြိုင်ပွဲ အနိုင်ရခဲ့မယ်ဆိုရင် ဆုကြေးဒေါ်လာ နှစ်သန်းလောက် ရပါမယ်..။ အဲဒီပမာဏချင်း ယှဉ်ကြည့်မယ်ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ် ပရိသတ်တွေရဲ့ ချစ်ခြင်းတရားတွေ၊ ဘောလုံးကစားနည်းအပေါ် ချစ်မြတ်နိုးမှုတွေဟာ ဒီပြိုင်ပွဲကြီးကနေ စွန့်ခွာနိုင်ဖို့.. ဒါမှမဟုတ် ကြီးကြီးမားမား ပြောင်းလဲနိုင်ဖို့.. ခက်ခဲပါလိမ့်မယ်..။
ကျွန်တော်ဟာ ဘယ်အရာကိုမှ ‘လုံးဝမဖြစ်နိုင်ပါဘူး..’ လို့ အပြီးသတ် မငြင်းပယ်ပါဘူး..။ ဖြစ်နိုင်ခြေ အလားအလာ အားလုံးကို အရှင်ဖွင့်ထားပေမယ့် အခုအချိန်မှာ ဥရောပ စူပါလိဂ်အကြောင်း ကျွန်တော်တို့ ဆွေးနွေးနေတာ မရှိပါဘူး..။”
အကြံပြုချက်အပေါ် သုံးသပ်ချက် - တော့ဒ် ဘိုလေး မှာ ဥရောပ စူပါလိဂ်ပြိုင်ပွဲဖြင့် သီးခြားခွဲထွက်ပြီး တစ်စင်ထောင်မည့် အကြံအစည်ကို သဘောမတူကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သော်လည်း အနာဂတ်တွင် ဖြစ်လာနိုင်ခြေ ရှိ၊ မရှိ အပေါ် ယတိပြတ် ငြင်းပယ်ခဲ့ခြင်းလည်း မရှိခဲ့ပေ..။ ထို့အပြင် ပြီးခဲ့သည့်နှစ်က တစ်စင်ထောင်၊ ခွဲထွက်လိုသူများ အဆိုပြုခဲ့သည့် စူပါလိဂ် အဆိုပြုချက်မှ အဓိကအချက် အများအပြားမှာ လက်ရှိကျင်းပနေသည့် ချန်ပီယံလိဂ် ပြိုင်ပွဲပုံစံတွင် ပါဝင်နေသည်ကိုလည်း မှန်မှန်ကန်ကန် ထောက်ပြနိုင်ခဲ့ပါသည်..။ ထို့ကြောင့် လက်ရှိကျင်းပနေသည့် ပုံစံကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်လိုက်ရုံဖြင့် ဝင်ငွေရလမ်းများ အကြီးအကျယ် ပြောင်းလဲသွားနိုင်မယ့် အလားအလာကို ပြောကြားခဲ့ပါသည်.။
ချယ်လ်ဆီးအသင်း ပရိသတ်အများစုမှာ အင်္ဂလန်အသင်းများမှ ပရိသတ်အများစုနည်းတူ ဥရောပ စူပါလိဂ်ဖြင့် သီးခြားခွဲထွက်မည့် အကြံအစည်အပေါ် ခါးခါးသီးသီး ငြင်းဆန်ခဲ့ဖူး..၊ ငြင်းဆန်လျှက်ရှိနေချိန်တွင် ဥရောပ စူပါလိဂ်နှင့် ပတ်သက်သည့်မေးခွန်းအပေါ် ရဲရဲဝံ့ဝံ့ ဖြေကြားရဲခဲ့သည့်ကိုတော့ ချီးကျူးရပေမည်…။
မီဒီယာ အခွင့်အရေးများ..
တော့ဒ် ဘိုလေး - “အပြောင်းအလဲတွေ ဖြစ်လာမှာပါ..။ အခုလက်ရှိမှာ ချယ်လ်ဆီအသင်းက ထုတ်ထားတဲ့ Application (The 5th Stand) ကို ကြည့်မယ်ဆိုရင် Dodgers ရဲ့ ‘At Bat’ app ထက် အများကြီး ခေတ်နောက်ကျနေတာ တွေ့ရမှာပါ..။ ဒ့ါကြောင့်အပြောင်းအလဲတွေ ဖြစ်လာပါလိမ့်မယ်..။
ပရီးမီးယားလိဂ်မှာ ကောင်းတဲ့အချက်က တစ်ကမ္ဘာလုံးဆိုင်ရာ ပိုင်ဆိုင်မှု (ထုတ်လွှင့်ပြသခွင့်) ရှိနေတာပါပဲ..။ တကယ်လို့ Dodgers အသင်းကိုသာ အဲဒီထုတ်လွှင့်ခွင့်အတိုင်း အာရှဒေသမှာ ဖြန့်ကျက်ခွင့် ရမယ်ဆိုရင် ကျွန်တော်တို့အတွက် အကျိုးအမြတ်တွေ အများကြီးရရှိပါလိမ့်မယ်..။ ဒါပေမယ့် အခုအချိန်မှာ အမေရိကန် အားကစား ရှုထောင့်ဘက်ကနေ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ ရသင့်တဲ့ပမာဏရဲ့ ၃၀ပုံရင် ၁ပုံလောက်ပဲ ရနေတာဆိုတော့ ပရီးမီးယားလိဂ်ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ပိုင်ဆိုင်မှုဟာ (ထုတ်လွှင့်ပြသခွင့်) မက်မောလောက်စရာ မကောင်းဘူး ဖြစ်နေပါတယ်..။
ဒါပေမယ့် အဲဒီစည်းမျဉ်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရေးသားထားခဲ့တဲ့ စည်းမျဉ်းတွေဖြစ်တာကြောင့် အခုနောက်ဆုံးပေါ် အတွေးအခေါ်ဖြစ်တဲ့ ‘လက်ချောင်းထိပ်တွေနဲ့ အရာရာအားလုံးကို ထိတွေ့ခွင့်ရှိရမယ်..’ ဆိုတဲ့ အယူအဆကို မဖြည့်ဆည်းနိုင်ဘူး.. ဖြစ်နေပါတယ်..။
တကယ်တော့ ကျွန်တော်တို့ဆီမှာ ‘ပရီးမီးယားလိဂ်’ ဆိုတဲ့ တစ်ကမ္ဘာလုံးကို ဖြန့်ကျက်ပြီးသား အမှတ်တံဆိပ်တစ်ခု ပိုင်ဆိုင်ထားပါတယ်..။ ဒါဟာအဓိကအချက်ဖြစ်ပြီး အဲဒီအပေါ် အခြေခံထားတဲ့ ကမ္ဘာလုံးမှာ ပျံ့နှံ့နေတဲ့ ပရိသတ်အင်အားထုကြီး ရှိနေပါတယ်..။ အဲဒီပရိသတ်ကြီးနဲ့အတူ တိုးတက်၊ စီးမျောနိုင်ဖို့က ကျွန်တော်တို့ရဲ့ နံပါတ်တစ် ရည်မှန်းချက် ဖြစ်ပါတယ်..။ ဒ့ါကြောင့်အဲဒီပရိသတ်ကြီးအတွက် တခြားဘယ်ကမှ မရနိုင်တဲ့ အရာတွေကို ကျွန်တော်တို့ ပေးစွမ်းနိုင်ရပါမယ်..။
ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ရင် ကျွန်တော်တို့သည်သာ တစ်ခုတည်းသော အရာရာအားလုံးကို ခံစား၊ ရှာဖွေနိုင်တဲ့ တစ်ခုတည်းသော နေရာတစ်ခု ဖြစ်ရပါမယ်..။ ကျွန်တော်တို့ဟာ ဒစ်ဂျစ်တယ် ပလက်ဖောင်း..၊ မီဒီယာ လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်နိုင်မယ့် အရာတွေကို စဉ်းစားတဲ့အခါ အသင်းအပေါ်မှာ ဂရုအစိုက်ဆုံးဖြစ်တဲ့ ပရိသတ်တွေနဲ့ စဉ်ဆက်မပြတ် တိုက်ရိုက်ထိတွေ့၊ ဆက်ဆံနိုင်ဖို့က အရေးအကြီးဆုံးအချက် ဖြစ်ပါမယ်..။”
သူ၏အကြံအစည်အပေါ် သုံးသပ်ချက် - တော့ဒ် ဘိုလေး မှာ အမေရိကန် အားကစားလောကတွင် အသုံးပြုနေပြီဖြစ်သော အသင်းပိုင် App တစ်ခုဖြင့် အသင်းနှင့်ပတ်သက်သည့် အရာအားလုံး (တိုက်ရိုက်လွှင့်ထုတ်သည့် live ပွဲစဉ်များ အပါအဝင်) ကို လွှမ်းခြုံနိုင်သည့် အခြေအနေမျိုးကို ယူဆောင်လာချင်သည့်ဆန္ဒ ရှိနေပုံရပါသည်..။ မေဂျာလိဂ် ဘေ့စ်ဘောပြိုင်ပွဲတွင် သူပြောပြခဲ့သည့် ‘At Bat’ App အတွက် တစ်နှစ်စာ အသုံးပြုကြေး (subscription fees) ဒေါ်လာ (၂၀) ပေးသွင်းရုံဖြင့် ပရိသတ်တစ်ဦးမှာ တိုက်ရိုက်လွှင့်ထုတ်သည့် ပွဲစဉ်အများအပါအဝင်၊ highlights များ၊ ပွဲစဉ်နှင့် ပတ်သက်သည့် အချက်အလက်များ၊ ကစားသမားများနှင့် ပတ်သက်သည့် အချက်အလက်များကို အရယူနိုင်မည်ဖြစ်သည်..။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆိုပါလွှမ်းခြုံနိုင်မှုမျိုး ရရှိပါက အထူးစိတ်ဝင်စားဖွယ်ကောင်းမည် ဖြစ်သော်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ ရုပ်သံလွှင့်ဈေးကွက် အနေအထားက အမေရိကန် ပြည်ထောင်စုနှင့် တူညီမှုမရှိပေ..။ ပရီးမီးယားလိဂ် ပွဲစဉ်များကို ဗြိတိန်နိုင်ငံအတွင်း ထုတ်လွှင့်အတွက် Sky Sports နှင့် BT Sports ရုပ်သံကုမ္ပဏီများက စတာလင်ပေါင် (၅) ဘီလီယံခန့် ပေးချေထားခဲ့ရသောကြောင့် အဆိုပါကုမ္ပဏီကြီးများအနေဖြင့် သူတို့ပိုင်ဆိုင်ထားသော ရုပ်သံထုတ်လွှင့်ခွင့် အလုံးစုံကို အသင်းပိုင် Apps များထံ မျှဝေ၊ သုံးစွဲခွင့်ပေးရန် ခက်ခဲပေလိမ့်မည်..။ ထိုသို့အသင်းများကို မျှဝမေည့်အစား သူတို့ကိုယ်ပိုင် websites များနှင့် social media ပလက်ဖောင်းများကို အသုံးပြုရန်သာ ပိုမိုအားသန်ပေလိမ့်မည်..။
တကယ်တော့ ဥရောပစူပါလိဂ်ပြိုင်ပွဲအဖြစ် ခွဲထွက်ရန် အကြံအစည်တွင် အသင်းများက ရုပ်သံထုတ်လွှင့်ခွင့်ကို ပိုမိုပိုင်ဆိုင်လိုကြပြီး မိမိတို့၏ ပွဲစဉ်များကို ကိုယ်ပိုင်အသင်း channels များတွင် ပြသခွင့် ရယူလိုမှုများကလည်း အဓိက အရေးအပါအဆုံး အချက်တစ်ချက်အနေဖြင့် ပါဝင်ခဲ့သည်..။ သို့သော် တော့ဒ် ဘိုလေး မှာ ကမ္ဘာအနှံ့အပြားရှိ ချယ်လ်ဆီးပရိသတ်များအနေဖြင့် ကစားကွင်းနောက်ကွယ်မှ အသင်း၏အဖြစ်အပျက်များ၊ ကစားသမားများနှင့် ပတ်သက်သော အစီအစဉ်များကို အသင်းပိုင် The 5th Stand မိုဘိုင်းလ် App နှင့် အခြား official ပလက်ဖောင်းများမှ ဆက်လက်ကြည့်ရှုခွင့်ရရန် အာမခံခဲ့ပါသည်..။
တော့ဒ် ဘိုလေး တို့မှာ အသင်းပိုင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှတဆင့် ကမ္ဘာတစ်ဝန်းရှိ အပြာရောင်ပရိသတ်များနှင့် ပိုမိုထိတွေ့ခွင့်ရရှိစေရန် ရည်ရွယ်ထားသော်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ နိုင်ငံတကာ ထုတ်လွှင့်ခွင့်များမှ ရရှိသည့်အကျိုးအမြတ်ပမာဏမှာ ပြည်တွင်း ရုပ်သံထုတ်လွှင့်မှုမှ ရရှိသည့်ဝင်ငွေထက် အပုံကြီးများပြားနေသည့်အချက်ကို မေ့မထားရန် လိုအပ်ပါသည်..။ ယခုအချိန်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတိုင်းမှာ ပရီးမီးယားလိဂ်နှင့် တစ်နိုင်ငံချင်းစီ သီးခြားရုပ်သံလွှင့်ထုတ်ခွင့် သဘောတူညီမှုများ ရရှိထားပြီး ဖြစ်သောကြောင့် ချယ်လ်ဆီးအပါအဝင် ပရီးမီးယားလိဂ် အသင်းများက မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်များဖြင့် လွှင့်ထုတ်ရန် ကြိုးစားလာပါက တစ်ဘက်နှင့်တစ်ဘက် ပွတ်တိုက်မှုများ ဖြစ်ပေါ်လာနိုင်ပေသည်..။
သို့သော် ချယ်လ်ဆီးအသင်း၏နောက်ကွယ် ကမ္ဘာတစ်ဝန်းတွင် ကျယ်ပြန့်သော ပရိသတ်အင်အားစုတစ်ခု ရှိနေသောကြောင့် အဆိုပါပရိသတ်များမှာ တော့ဒ် ဘိုလေး တို့အတွက် အကျိုးအမြတ်ရှာဖွေစရာ ဈေးကွက်သစ်တစ်ခု ဖြစ်နေပေလိမ့်မည်..။
ဒေတာ အချက်အလက်များကို ဝေမျှခြင်း
တော့ဒ် ဘိုလေး - “ချယ်လ်ဆီးအသင်းမှာ ပိတ်ဆို့နေတဲ့နံရံ အများအပြားကို ကျွန်တော်တို့ ဖြိုချရဖို့ ရှိနေပါတယ်..။ အရင်တုန်းကဆိုရင် အသင်းကြီးနဲ့ လူငယ်အကယ်ဒမီတို့ဟာ တစ်ဘက်နဲ့တစ်ဘက် အချက်အလက်တွေ ဝေမျှပေးကြတာလည်း မရှိကြပါဘူး..။ ကစားသမားတွေနဲ့ ပတ်သက်ရင်လည်း သူတို့တစ်ဦးချင်းစီ ဘယ်ကနေလာတယ်..၊ သူတို့တွေရဲ့ စွမ်းဆောင်ရည်တွေအပေါ် အချက်အလက်တွေ မျှဝေ၊ သုံးစွဲကြတာ မရှိခဲ့ကြပါဘူး..။
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အားလုံးဟာ တစ်သွေးထဲ၊ တစ်သားထဲ..၊ တစ်သင်းထဲ (One Team) ဖြစ်သွားအောင် စုစည်းကြဖို့၊ လူငယ်အကယ်ဒမီ၊ အသင်းကြီးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ တစ်လှေထဲစီးပြီး အတူတကွ တိုးတက်သွားကြဖို့ပဲ ဖြစ်ပါတယ်..။
အဲဒီအတွက် အသင်းဟာ ချောမွေ့စွာ လည်ပတ်နေတဲ့ စက်ကြီးတစ်လုံးလို ဖြစ်နေရပါမယ်..။”
သူ၏အစီအမံအပေါ် သုံးသပ်ချက် - တော့ဒ် ဘိုလေး ၏ ပြောဆိုချက်မှာ သောမတ်စ် တူခယ်လ် ကို ထုတ်ပယ်လိုက်ခြင်း အကြောင်းကို တစိတ်တပိုင်း ရှင်းပြခဲ့ခြင်းလည်း ဖြစ်ခဲ့သည်..။ အဆိုပါအခမ်းအနား ပြောကြားချက်တွင် ဂျာမန်နည်းပြကြီး၏ အသင်းနှင့်ပတ်သက်သည့် အနာဂတ်အတွေးအမြင်များမှာ အသင်းပိုင်ရှင်များနှင့် တစ်ထပ်တည်း မဖြစ်ခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါသည်..။
သူ၏ပြောကြားချက်တွင် ပါရှိခဲ့သော ပထမအသင်းကြီးနှင့် လူငယ်အကယ်ဒမီ အကြားတွင် ‘အချက်အလက်များ မျှဝေ၊ သုံးစွဲခြင်းမရှိ..’ ဆိုသည့် အချက်မှာ ထူးဆန်းလှပါသည်..။ သို့သော်ညှိနှိုင်းမှုအနည်းငယ် ပြုလုပ်လိုက်ရုံဖြင့် အဆိုပါအခက်အခဲမှာ ချောချောမွေ့မွေ့ဖြင့် ပြေလည်သွားနိုင်ပေသည်..။
ချယ်လ်ဆီးအသင်းမှာ နှစ်စဉ်နှစ်တိုင်းတွင် လူငယ်သွေးသစ် အများအပြား မွေးထုတ်နိုင်ခဲ့သော်လည်း အသင်းကြီးထံ ရောက်ရှိလာနိုင်ခြင်း မရှိသည့်အတွက် အဌားထွက်ခွာစေခြင်းဖြင့်သာ အချိန်ကုန်ခဲ့ရသည်..။ လွန်ခဲ့သည့် နှစ်များအတွင်းက ရိစ် ဂျိမ်းစ်၊ တန်မီ အေဘရာဟမ်၊ မေဆန် မောင့်၊ ထရေဗာ ချာလိုဘာ၊ ကော်နာ ဂါလက်ချာ တို့လို လူငယ်အကယ်ဒမီ ကစားသမားများမှာ အသင်းကြီးသို့ ရောက်ရှိလာခဲ့ပြီး လူငယ်အကယ်ဒမီနှင့် အသင်းကြီးကြားမှ အချိတ်အဆက် တိုးတက်လာကြောင်း ပြသနိုင်ခဲ့သည်..။
တော့ဒ် ဘိုလေး တို့မှာ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့တွင် ကစားသမားသစ်များ ဝယ်ယူ၊ အားဖြည့်ရန် စတာလင်ပေါင်သန်း (၂၇၀) ကျော် သုံးစွဲခဲ့သော်လည်း သူ၏ပြောကြားချက်အရ လူငယ်အကယ်ဒမီနှင့် အသင်းကြီးကြားမှ အချိတ်အဆက် တိုးတက်လာရန် အသင်းပိုင်ရှင်သစ်များဘက်မှ အလေးပေးမှုရှိကြောင်း၊ မျက်ခြေမပြတ် စောင့်ကြည့်လျှက်ရှိနေကြောင်း ကတိပေးလိုက်ခြင်းဖြစ်ပါသည်..။
ထို့အပြင် ယခုအချိန်တွင် ချယ်လ်ဆီးအသင်းမှာ အခြားသော ထိပ်တန်းအသင်းကြီးများနည်းတူ ဒေတာ အချက်အလက်နှင့် သတင်းအချက်အလက်များ အပေါ်တွင် မူတည်ပြီး ဆုံးဖြတ်ချက်များကို ချမှတ်သည့် အလေ့အထသို့ ကူးပြောင်းနေပြီဖြစ်ကြောင်း မီးစိမ်းပြသလိုက်ခြင်းလည်း ဖြစ်ပါသည်..။
(Daily Mail သတင်းဌာနမှ ဆောင်းပါးရှင် Adam Shergold ၏ ‘Boehly's blueprint for football's future: It's not just All-Star games... Chelsea's American owner wants four-team relegation play-off and sees 'partner clubs' as key but won't give Super League a 'hard no'' ဆောင်းပါးကို ပြန်ဆိုပါသည်..။)