ချယ်လ်ဆီးအသင်း ကစားသမားများဖြစ်သည့် ရာဟင်း စတာလင်း၊ ကာလီဒူ ကူလီဘာလီ၊ မာ့ခ် ကူကူရယ်လာ နှင့် ကော်နာ ဂါလက်ချာ တို့မှာ ဂန္တဝင်ကစားသမားများထဲမှ နေရာအလိုက် အကောင်းဆုံး (၁၁) ယောက်ကို ‘First Choice XI’ အသင်းအဖြစ် ချယ်လ်ဆီးအသင်း Official website နှင့် Go Market ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတို့ ပူးပေါင်းတင်ဆက်သော ‘First Choice XI’ အစီအစဉ်မှတဆင့် အောက်ပါအတိုင်း ရွေးချယ်၊ ဖွဲ့စည်းပေးခဲ့ပါသည်..။
ဂျိုး ဖလီမွန်စ် - ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအသင်းနဲ့ Go Market ကုမ္ပဏီတို့ ပူးပေါင်း တင်ဆက်တဲ့ ‘First Choice XI’ အစီအစဉ်က ကြိုဆိုပါတယ်..။ အခုအစီအစဉ်မှာ ချယ်လ်ဆီးအသင်းကို အခုနှစ်ဘောလုံးရာသီမှာ ရောက်ရှိလာတဲ့ ခင်ဗျားတို့တတွေဟာ ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် ကစားသမားတွေထဲက နေရာအလိုက် အကောင်းဆုံးကစားသမားတွေကို အသင်းတစ်သင်းအဖြစ် ကျွန်တော်နဲ့အတူ ဖွဲ့စည်းကြဖို့ ဖြစ်ပါတယ်..။ စည်းကမ်းသတ်မှတ်ချက်တွေအနေနဲ့ နံပါတ်တစ်- အရန်လူတွေ မပါပဲ ပွဲထွက် (၁၁) ယောက်ကိုသာ ရွေးချယ်ပါမယ်..။ နံပါတ် (၂)- ပရီးမီးယားလိဂ်ခေတ်ကာလ ကစားသမားတွေပဲ ပါဝင်ရမှာဖြစ်ပြီး နံပါတ် (၃) - လက်ရှိအသင်းက ကစားသမားတွေ မပါဝင်ရပါဘူး..။
ကဲ.. ပထမဆုံး ဂိုးသမားနေရာက စကြတာပေ့ါ..။ ချယ်လ်ဆီးအသင်းရဲ့ ဂိုးပေါက်ကို စောင့်ကြပ်ခဲ့ကြတဲ့ နာမည်ကျော် ဂိုးသမားတွေ အများကြီးရှိခဲ့ပေမယ့် ကျွန်တော်တို့အားလုံး ‘ပီတာ ချက်’ ကိုပဲ အရင်ဆုံး စဉ်းစားမိခဲ့ကြမှာပါ..။
ကော်နာ ဂါလက်ချာ - မှန်ပါတယ်..။ ချယ်လ်ဆီးအသင်းမှာ ပီတာ ချက် ရဲ့ စွမ်းဆောင်ခဲ့မှုတွေနဲ့ အောင်မြင်မှုတွေအရဆိုရင် သူဟာအသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ဂိုးသမားအဖြစ် အငြင်းပွားစရာရှိမှာ မဟုတ်ပါဘူး..။
ဂျိုး ဖလီမွန်စ် - ပီတာ ချက် ကို ကန့်ကွက်မယ့်သူ မရှိဘူးဆိုရင် နောက်ခံလူနေရာတွေကို ဆက်သွားပါမယ်..။ ကာလီဒူ ရေ.. ‘ဂျွန် တယ်ရီ’ လို့ ခင်ဗျားပြောတယ်နော်..၊ သူဟာတကယ့်ကို အရှိန်အဝါ ကြီးမားတဲ့ ထိပ်တန်းကစားသမားကြီး ဖြစ်ပါတယ်..။ ဒါ့အပြင် သူ့ရဲ့ကျောနံပါတ် ဝတ်ဆင်ခွင့်ရဖို့ သူဆီကနေ ခင်ဗျားခွင့်တောင်း ခဲ့သေးတယ်နော…
ကာလီဒူ ကူလီဘာလီ - မှန်တာပေ့ါ..။ ကျောနံပါတ် (၂၆) ဟာ ကျွန်တော့်အတွက် အရေးကြီးပါတယ်..။ ဒ့ါကြောင့်အဲဒီနံပါတ်ကို တောင်းဆိုတဲ့အချိန် သူဟာလိုလိုချင်ချင်နဲ့ ခွင့်ပြုပေးခဲ့တဲ့အတွက် ကျွန်တော်အရမ်းကို ဝမ်းသာခဲ့ရပါတယ်..။
ဂျိုး ဖလီမွန်စ် - မာ့ခ် ရေ.. ဂျွန် တယ်ရီ ပြီးရင် နောက်တစ်ယောက် ဘယ်သူ့ကိုထည့်မလဲ..? ကျွန်တော်ကတော့ ‘အက်ရှ်လေ ကိုးလ်’ ကို အဆိုပြုပါတယ်..။ သူဟာခင်ဗျားရဲ့ ဘယ်နောက်ခံလူ နေရာမှာ ကစားခဲ့ပါတယ်..။ သူ့ကိုလည်း ခင်ဗျားအားကျခဲ့ရတယ်မလား..?
မာ့ခ် ကူကူရယ်လာ - မှန်တာပေ့ါ..။ သူဟာသိပ်ကိုထူးချွန်တဲ့ ဘယ်နောက်ခံလူ တစ်ယောက်ဖြစ်သလို အင်္ဂလန်လက်ရွေးစင် အသင်းအတွက်ပါ စွမ်းစွမ်းတမံ ကစားပြနိုင်ခဲ့တဲ့ ကစားသမား တစ်ယောက်ပါ..။ ဒ့ါအပြင် ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဆိုရင်လည်း မမှားလောက်ဘူးဗျ..။
ရာဟင်း စတာလင်း - အက်ရှ် ဟာ ကျွန်တော်မြင်ဖူးခဲ့သမျှ ဘယ်နောက်ခံလူတွေမှာ အကောင်းဆုံးပဲဗျ..။ သူ့ရဲ့လျှင်မြန်မှု၊ ဖြတ်ထိုးဉာဏ် ကောင်းမွန်မှု၊ အောင်ပွဲဆာလောင်စိတ်တွေ၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်တွေအပြင် ဒဏ်ရာအနာတရလည်း အင်မတန်မှရခဲတဲ့သူ ဖြစ်ပါတယ်..။ နှစ်စဉ်နှစ်တိုင်း ပုံမှန်ခြေစွမ်းကိုလည်း အာမခံပေးနိုင်ပါတယ်..။ ခြေစွမ်းအရမ်းကို တည်ငြိမ်တဲ့ ကစားသမားပါ..။
ဂျိုး ဖလီမွန်စ် - အက်ရှ် ဟာ အခုဆိုရင် နည်းပြအဖြစ်နဲ့ ပြောင်းလဲတာဝန်ယူနေပါပြီ..။ ကော်နာ ရေ.. ခင်ဗျားတို့လည်း သူနဲ့ဆုံဖူးခဲ့မယ် ထင်တယ်.. ဟုတ်တယ်မလား..?
ကော်နာ ဂါလက်ချာ - Yeah.. အက်ရှ်လေ ကိုးလ် ဟာ အင်္ဂလန်လူငယ် (အသက် ၂၁ နှစ်အောက်) အသင်းရဲ့ နည်းပြအဖွဲ့ထဲမှာ ပါဝင်လာခဲ့တာကြောင့် ကျွန်တော်တို့ဟာ သူ့ဆီက လေ့လာ၊ ဆည်းပူးခွင့် ရခဲ့ပါတယ်..။ သူဟာနည်းပြ တစ်ယောက်အနေနဲ့လည်း သိပ်ကိုထူးချွန်ပါတယ်..။ ဒ့ါအပြင် အခုအချိန်ထိတောင် သူ့ရဲ့ခြေစွမ်းက အတော်လေးကို ကောင်းနေဆဲပဲဗျ..
သူ့ရဲ့အသက်အရွယ်နဲ့ဆိုရင် ခြေစွမ်းဟာ အတော်လေး သံချေးတက်နေလောက်ပြီလို့ ထင်နေခဲ့တာ.. တကယ်တမ်း ယှဉ်ပြီးကစားကြည့်တော့ ခြေစွမ်းထက်မြက်နေဆဲ.. ဆိုတာတွေ့ခဲ့ပါတယ်..။ ဒ့ါကြောင့် တကယ့်ကို ထူးချွန်ခဲ့တဲ့ ထိပ်တန်းကစားသမား တစ်ယောက်ဆိုတာ ဘယ်လိုနည်းနဲ့မှ အငြင်းပွားစရာ မရှိပါဘူး..။
ဂျိုး ဖလီမွန်စ် - ဂျွန် တယ်ရီ နဲ့တွဲမယ့် နောက်ထပ် ဗဟိုနောက်ခံလူအဖြစ် ‘မာဆယ်လ် ဒက်ဆေလီ’ ဆိုရင်ကော..? နောက်ပြီး ‘ဖရန့်ခ် လီဘော့ဖ်’ ရှိသေးတယ်.. ကာလီဒူ ရေ.. နှစ်ယောက်စလုံးက ခင်ဗျားကြီးပြင်းခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ လက်ရွေးစင်ကစားသမားတွေပဲဗျ..
ကာလီဒူ ကူလီဘာလီ - မှန်ပါတယ်..။ သူတို့တွေ အစွမ်းကုန် တောက်ပခဲ့တဲ့ ၁၉၉၈ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကျွန်တော်ဟာ ချာတိတ်ပဲ ရှိပါသေးတယ်..။ ကမ္ဘာ့ဖလားပွဲစဥ်တွေ ကိုယ်တိုင်သွားကြည့်ခဲ့တာကြောင့် သူတို့ရဲ့ကစားပုံကို မျက်ဝါးထင်ထင် မြင်ဖူးခဲ့သလို အားကျ၊ အတုယူချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာခဲ့ပါတယ်..။ သူတို့နှစ်ယောက်စလုံးဟာ ချယ်လ်ဆီးအသင်းမှာလည်း အထူးခြေစွမ်း ပြနိုင်ခဲ့ကြတယ်လို့ ကျွန်တော်သိခဲ့ပါတယ်..။ ဒ့ါကြောင့်သူတို့ထဲက ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်အတွက် အဆင်ပြေပါတယ်…
ဂျိုး ဖလီမွန်စ် - ကစားကွက် အရင်ခင်းကြတာပေ့ါ.. ‘၃- ၄- ၃’ ဆိုရင် အဆင်ပြေမလား..? ‘Ok’.. ဒါဆိုရင် အက်ရှ်လေ ကိုးလ် ရပြီ..၊ ဂျွန် တယ်ရီ ရပြီ.. နောက်တန်းလူတစ်ယောက် ကျွန်တော့်ကို ထပ်ပြီးရွေးပေးပါဦး..။
ကော်နာ ဂါလက်ချာ - အက်ရှ်လေ ကိုးလ်..၊ ဂျွန် တယ်ရီ တို့နဲ့ back three အထိုင် ကစားမယ်ဆိုရင် ကျွန်တော်ကတော့ ‘ရီကာဒို ကာဗာလ်ဟို’ ကို ရွေးမယ်ဗျာ..။ Oh..!! ‘ဘရာနီဆလပ်ဗ် အိုင်ဗန်နိုဗစ်’ လည်း ကျန်နေသေးသဗျ…
ဂျိုး ဖလီမွန်စ် - ဒါဆိုရင် အိုင်ဗန်နိုဗစ်၊ ဒက်ဆေးလီ၊ ကာဗယ်လ်ဟို.. သူတို့သုံးယောက်ထဲက…?? ကော်နာ ရေ.. မင်းပဲစပြောလိုက်ပါလား..
ကော်နာ ဂါလက်ချာ - ‘အိုင်ဗန်နိုဗစ်’ ဗျာ..။ တကယ်တမ်းဆိုရင် ကျွန်တော်က back four မှာ ကာဗယ်လ်ဟို နဲ့ အိုင်ဗန်နိုဗစ် နှစ်ယောက်စလုံးကို ရွေးချင်တာပါ..။
ဂျိုး ဖလီမွန်စ် - Ok… အီဗန်နိုဗစ်… အားလုံးသဘောတူတယ်နော်… ကစားကွက်ပေါ်ကြည့်ပြီး နောက်ထပ် နောက်ခံလူတစ်ယောက် ထပ်ပြီးရွေးချင် ရွေးနေရဦးမှာပါ..။ လောလောဆယ် ကွင်းလယ်ကို တက်ကြရအောင်..။ ကော်နာ ရေ.. ‘ဖရန့် လမ်းပတ်’ ကို ထိပ်ဆုံးကနေ ရွေးမှာပဲမလား..? သွင်းဂိုး (၂၁၁) ဂိုးနဲ့ အသင်းရဲ့သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ရရှိထားတဲ့ ကစားသမား…၊ ဂန္တဝင် ကစားသမား..၊ အသင်းမန်နေဂျာလည်း ဟုတ်ခဲ့ပါတယ်..။ သူ့လို ကစားသမားမျိုးဟာ လူငယ်ကစားသမားတိုင်းအတွက် စံနမူနာပြ အတုယူသင့်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။ မင်းကလည်း သူ့လိုပုံစံအတိုင်း ဖြစ်လာအောင် ကိုယ့်ကိုယ်ကို ပုံသွင်းယူခဲ့တယ်မလား.?
ကော်နာ ဂါလက်ချာ - မှန်ပါတယ်..။ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက် သူ့ကိုအတုယူ အားကျခဲ့တဲ့အကြောင်း အကြိမ်ကြိမ်အခါခါ ပြောခဲ့ပါတယ်..။ သူ့ရဲ့ကစားပုံ၊ နေရာယူ ရွှေ့လျားပုံ၊ ကွင်းလယ်ကနေ ဂိုးဧရိယာထိ အတိအကျဝင်ရောက် ဂိုးသွင်းယူပုံတွေဟာ မယုံနိုင်စရာပါပဲ..။ သူကစားခဲ့တဲ့နေရာနဲ့ဆိုရင် သူရရှိခဲ့တဲ့ သွင်းဂိုး အရေအတွက်ဟာ အံ့သြစရာ ကောင်းလွန်းပါတယ်..။ ဖရန့် ရဲ့အကြောင်း အများကြီးပြောစရာ လိုလိမ့်မယ် မထင်ပါဘူးဗျာ..။ သူဟာကျွန်တော့်အတွက်တော့ ချယ်လ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားပါပဲ..။
ဂျိုး ဖလီမွန်စ် - ဒါဆိုရင် ကွင်းလယ်မှာ ဖရန့် လမ်းပတ် ရဲ့တိုက်စစ်နဲ့ ဟန်ချက်မျှတသွားအောင် ခံစစ်ပိုင်းအားသန်တဲ့သူ ထည့်ရင်ပိုကောင်းမယ်ထင်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကွင်းလယ်အဖျက်နဲ့ ပတ်သက်လာရင် ကမ္ဘာ့အကောင်းဆုံးတွေထဲက အကောင်းဆုံးတစ်ယောက် ဖြစ်ခဲ့တဲ့ ‘ကလော့ဒ် မက်ခလီလီ’ လည်း ရှိနေတယ်လေ…
ကာလီဒူ ကူလီဘာလီ - တကယ့်ကို ထူးချွန်တဲ့ ကစားသမားပါ..။ သူလည်းပြင်သစ် လက်ရွေးစင် အသင်းကပဲဗျ..။ ကျွန်တော်လည်း သူ့ကိုအတော်လေး အားကျခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းကို ကျွန်တော်ရောက်လာပြီး အဝတ်လဲခန်းထဲမှာ သူနဲ့ဆုံတဲ့အချိန် ကျွန်တော်အရမ်းကိုပျော်ရွှင်၊ ကြည်နူးခဲ့ရပါတယ်..။ ကလော့ဒ် ဟာ အင်မတန်မှ ခင်မင်ရင်းနှီးဖို့ ကောင်းတဲ့သူ ဖြစ်သလို သူနဲ့စကားတွေ အများကြီးပြောဖြစ်ခဲ့ပါတယ်..။ တကယ့် ထိပ်တန်းကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်..။ ဒ့ါကြောင့်ကျွန်တော်သူ့ကို ရွေးတယ်ဗျာ..
ရာဟင်း စတာလင်း - ‘မိုက်ကယ် ဘောလက်’ ကိုလည်း ထည့်ပြီးစဉ်းစားသင့်တာပေ့ါ..
ကော်နာ ဂါလက်ချာ - ဟင့်အင်း.. ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ် ဆိုမှတော့.. ‘ကလော့ဒ်’ က ပါကိုပါရမှာပါ..
ဂျိုး ဖလီမွန်စ် - ဒါဆိုရင် ကလော့ဒ် မက်ခလီလီ…. Ok.. ပြီနော်…
ရာဟင်း စတာလင်း - တခြားဘယ်သူ ရှိသေးလဲ..? ‘မိုက်ကယ် အက်ဆီယန်’..?
ကာလီဒူ ကူလီဘာလီ - အေး… ဟုတ်တယ်..။ မိုက်ကယ် အက်ဆီယန်…
ဂျိုး ဖလီမွန်စ် - ကလော့ဒ် မက်ခလီလီ ကို မိုက်ကယ် အက်ဆီယန် နဲ့ လဲမလား..?
ကာလီဒူ ကူလီဘာလီ - No.. ကျွန်တော်ကတော့ ‘မက်ခလီလီ’ ပဲ..။ ခံစစ်ပိုင်းကို ကူညီဖို့ မက်ခလီလီ ပါဝင်သင့်ပါတယ်..။ သူ့ကိုရွေးတာ ပိုကောင်းပါလိမ့်မယ်..။
ကော်နာ ဂါလက်ချာ - ကျွန်တော်တို့ ၄- ၄- ၂ ကို ပြောင်းကစားကြရင် ကောင်းမလား..? (အားလုံး- ဟားဟား…)
ရာဟင်း စတာလင်း - Oh.. No.. ကော်နာ.. လုပ်ချလိုက်ပြီဟ… မင်းသာ မန်နေဂျာ ဖြစ်မယ်ဆိုရင် ငါတို့အားလုံး အတော်လေး အဖြစ်ဆိုးကြမှာ..
ဂျိုး ဖလီမွန်စ် - ကွင်းလယ်မှာ ဘယ်သူတွေထပ်ပြီး ထည့်ချင်သေးတာလဲ..?
ကော်နာ ဂါလက်ချာ - ‘အီဒင် ဟာဇက်’ နဲ့ ‘ဂျိုး ကိုးလ်’.. ဒါဆိုရင် ကျွန်တော့်ရဲ့ ကွင်းလယ်လေးယောက် ပြည့်ပြီ…
ရာဟင်း စတာလင်း - မှန်တာပေ့ါ… ‘ဟာဇက်’ ကတော့ (၁၀၀%) ရာခိုင်နှုန်းပြည့် ပါကိုပါရမှာ…၊ ဟာဇက် ပြီးရင် ရှေ့တန်းမှာ ‘ဒီဒီယာ ဒရော့ဘာ’.. သူနဲ့တွဲမယ့် တိုက်စစ်မှူး တစ်ယောက်ပဲ ထပ်ရှာဖို့လိုမယ်..။ ကျွန်တော်ကတော့ ‘ဂျိုး ကိုးလ်’ နဲ့ ‘အာဂျင် ရော်ဘင်’ တို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရမလားလို့… ဘယ်သူ့ကို ရွေးမလဲ..? ဆိုတာ ကစားကွက်ပေါ် မူတည်သွားပြီ.. ဒါကြောင့် ကစားကွက်.. formation ကို အရင်ရွေးကြစို့လား..
မာ့ခ် ကူကူရယ်လာ - ၄- ၄- ၂ မှ ၄- ၄- ၂ ပဲဗျာ…
ကော်နာ ဂါလက်ချာ - ကျွန်တော်ကတော့ ‘ဒရော့ဘာ’ ရဲ့ တွဲဖက်တိုက်စစ်မှူးကိုတောင် စဉ်းစားနေပြီ…
ရာဟင်း စတာလင်း - အိုးမိုင်ဂေါ့… မင်းပဲ ၄- ၄- ၂ နဲ့ ကစားချင်တယ်ဆို.. ကဲ.. ၄- ၄- ၂ လား..? ၄- ၃- ၃ လား..? ကဲ.. ကဲ… ဂန္တဝင်ကစားသမားကြီးတွေကို အကောင်းဆုံး ရွေးချယ်နိုင်ဖို့..၊ သူတို့ကို ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တယ်.. ဆိုတဲ့ပုံစံမျိုး မရောက်ကြဖို့ ငါတို့တွေ ဒီကနေ ပြန်စကြရအောင်…
ကော်နာ ဂါလက်ချာ - အင်းပါ… ဒရော့ဘာ ရဲ့ တွဲဖက်တိုက်စစ်မှူး ‘ဂီယန် ဖရန်ကို ဇိုလာ’ ဆိုရင် ကောင်းမလား..?
ရာဟင်း စတာလင်း - Yeah..! (၁၀၀%) ရာခိုင်နှုန်းပြည့် သဘောတူပါတယ်..
ကော်နာ ဂါလက်ချာ - ဒါဆိုရင် ဒရော့ဘာ နဲ့ ဇိုလာ တိုက်စစ်အတွဲကို အတည်ယူလိုက်ပြီနော်… ဒါနဲ့ခင်ဗျားတို့တွေရာ.. ‘ဇိုလာ’ ကစားတာ မြင်ဖူးကြလို့လား..?
ကာလီဒူ ကူလီဘာလီ - ‘ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ်’. Yes..
ရာဟင်း စတာလင်း - အာ… ဟားးး.. ‘ဟက်ဆယ်လ်ဘိန့်ခ်’ တဲ့.. လုပ်ချလိုက်ပြန်ပါပြီ…
ကာလီဒူ ကူလီဘာလီ - ဇိုလာ… ဇိုလာ…!!! အာ… ကျွန်တော်က ဟက်ဆယ်လ်ဘိန့်ခ် နဲ့ စကားပြောဖူးတဲ့အကြောင်း သူ့ကိုပြောပြနေတာပါ…။ တကယ်တော့ ဇိုလာ ပါပဲ..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်လည်း သူနဲ့ရင်းနှီးလို့ ဖြစ်ပါတယ်..။ သူလည်း ကျွန်တော့်လို နာပိုလီ က လာတာပဲလေ..။ ကျွန်တော်ကတော့ ဇိုလာ၊ ဂျော်ဂင်ဟို တို့ပြီးရင် နာပိုလီအသင်းက ရောက်လာတဲ့ တတိယမြောက် ကစားသမားပေါ့ဗျာ..။
ဂျိုး ဖလီမွန်စ် - ကဲ. ကာလီဒူ ရေ.. ဇိုလာ နဲ့ ဟက်ဆယ်လ်ဘိန့်ခ် တို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးပါဆိုရင်..
ကာလီဒူ ကူလီဘာလီ - ခင်ဗျားကတော့ ပြဿနာ ရှာနေပြန်ပါပြီ..။ ဇိုလာ ကစားတာ ကျွန်တော်မမှီလိုက်ပါဘူး..။ အဲဒီအချိန်တုန်းက ကျွန်တော်ဆိုရင် တကယ့်ကလေးလေးပဲ ရှိဦးမယ်..။ ဒါပေမယ့် ကျွန်တော့်ရဲ့အစ်ကိုကြောင့် ‘ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ်’ ကိုတော့ ကောင်းကောင်း မှတ်မိနေပါသေးတယ်..။ သူက ဟက်ဆယ်လ်ဘိန့်ခ် ကြောင့်ပဲ ချယ်လ်ဆီးပရိသတ် ဖြစ်နေခဲ့တာ..။ ဟက်ဆယ်လ်ဘိန့်ခ် ဟာ တကယ့်ကို ထူးချွန်တဲ့ တိုက်စစ်မှူးတစ်ယောက်ပါ…။ သူက.. ‘တွေ့လား.. တိုက်စစ်မှူး.. ဆိုတာ ဒါမျိုးမှကွ..’ ဆိုပြီး ကျွန်တော့်ကို အမြဲတမ်းပြောလေ့ ရှိပါတယ်..။ ဒါ့ကြောင့်ကျွန်တော်က ‘ဟက်ဆယ်လ်ဘိန့်ခ်’ ကိုလည်း ထည့်စဉ်းစားသင့်တယ်လို့ ထပြီးပြောတာပါ…
ဂျိုး ဖလီမွန်စ် - Ok.. သူတို့နှစ်ယောက်ရဲ့ ချယ်လ်ဆီးအသင်းက အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်ရအောင်ဗျာ..။ ဇိုလာ က ချယ်လ်ဆီးအတွက် (၂၆၀) ပွဲကစား၊ သွင်းဂိုး (၈၀)၊ ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ် က (၁၅၆) ပွဲကစား၊ သွင်းဂိုး (၈၇) ဂိုး သွင်းယူပေးခဲ့ပါတယ်…။ သူတို့နှစ်ယောက်ရဲ့ ကစားပုံ မတူညီဘူး ထင်ပါတယ်…
ရာဟင်း စတာလင်း - ဇိုလာ က ကိုယ်တိုင်လည်း ဂိုးသွင်းတယ်..၊ ဂိုးတွေဖန်တီး ပေးနိုင်ပါတယ်..။ ဟက်ဆယ်လ်ဘိန့်ခ် ကတော့ ဂိုးသွင်းစက်စစ်စစ်ပဲဗျ..။ ဒ့ါကြောင့်သူတို့နှစ်ယောက်ကို နှိုင်းယှဉ်လို့ မရပါဘူး..။ ကစားကွက် အခင်းအကျင်းမှာ ဘယ်သူနဲ့ပိုပြီး သင့်တော်သလဲ..? လို့ စဉ်းစားပုံ ပြောင်းလိုက်တာ ပိုပြီးကောင်းပါလိမ့်မယ်..။ ကျွန်တော်ကတော့ ‘ဒရော့ဘာ’ ကို ဖန်တီးပေးဖို့၊ လိုအပ်ရင် ဂိုးတွေသွင်းပေးဖို့ ‘ဇိုလာ’ ကိုပဲ ပိုပြီးဦးစားပေးချင်ပါတယ်..။
ဂျိုး ဖလီမွန်စ် - ဒီဒီယာ ဒရော့ဘာ ကိုတော့ ခင်ဗျားတို့အသင်းရဲ့အဓိကတိုက်စစ်မှူးအဖြစ် အားလုံးက သဘောတူကြပါတယ်..။ သူဟာချယ်လ်ဆီးအသင်းအတွက် (၁၆၄) ဂိုးသွင်းယူပေးခဲ့တယ်..၊ အဲဒီအထဲက ဗိုလ်လုပွဲတွေမှာ သွင်းယူပေးခဲ့တာ (၉) ဂိုး ပါဝင်ပါတယ်..။ တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ ကစားသမား တစ်ယောက်ပါ..။ ကာလီဒူ ရေ.. ချယ်လ်ဆီးကို ပြောင်းလာခဲ့ပြီးနောက်ပိုင်း ဒီဒီယာ နဲ့ရော စကားပြောဖြစ်ခဲ့သေးလား..?
ရာဟင်း စတာလင်း - ကာလီဒူ.. ခင်ဗျားဟာလေ... ချယ်လ်ဆီးကိုပြောင်းဖို့ တစ်လောကလုံးနဲ့ ပတ်ပြီးတိုင်ပင်ခဲ့တာလား..? ဟားဟား..
မာ့ခ် ကူကူရယ်လာ - ဟားဟား.. သူကလည်း နာမည်ကြီးပဲကိုးဗျ..၊ လူတိုင်းနဲ့သိတာပေ့ါ.. ဟားဟား..
ကာလီဒူ ကူလီဘာလီ - တစ်နေရာရာကို ပြောင်းရွှေ့တော့မယ်ဆိုရင် အဲဒီနေရာ၊ အဲဒီဒေသအကြောင်း အကုန်ုလုံးကို သိထားသင့်တာပေ့ါဗျာ..ဟားဟား..။ No.. ဒါပေမယ့် ချယ်လ်ဆီးအသင်းနဲ့ စာချုပ်ချုပ်ပြီးနောက်ပိုင်း သူနဲ့မကြာခဏ စကားပြောဖြစ်ပါတယ်..။ ပြီးခဲ့တဲ့ အာဖရိကဖလား ဗိုလ်စွဲတုန်းကလည်း သူဟာအဲဒီမှာ ရှိနေပါတယ်..။ ဒ့ါကြောင့်ချယ်လ်ဆီးအသင်းကို ကျွန်တော်ရောက်လာတော့ သူဟာအင်မတန် ဝမ်းသာမိတဲ့အကြောင်း ကျွန်တော့်ကို သတင်းစကား ပါးခဲ့ပါတယ်..။ ဒီဒီယာ ဟာ တကယ့်ကို ထူးချွန်တဲ့ ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်ပါတယ်..။
ဂျိုး ဖလီမွန်စ် - ဟုတ်ကဲ့ပါ… အခုဆိုရင် ကျွန်တော်တို့ရဲ့ အသင်းဟာ အကြမ်းဖျင်းတော့ ပုံပေါ်လာပါပြီ..။ ဂိုးသမား နေရာမှာ - ပီတာ ချက်၊ နောက်တန်းမှာ လောလောဆယ် back three အထိုင်နဲ့ ဂျွန် တယ်ရီ၊ အက်ရှ်လေ ကိုးလ်၊ အိုင်ဗန်နိုဗစ်.. တို့ ရှိနေတယ်..။ အဲ.. back four လဲ ဖြစ်သွားနိုင်ပါတယ်..။ လိုအပ်နေတဲ့ နေရာလေးတွေကို ဆက်ပြီးဖြည့်ကြတာပေ့ါ..။ ပထမဆုံး back three လား? back four လား..?
အားလုံး - four…!!!
ကော်နာ ဂါလက်ချာ - ၄- ၄- ၂ ဗျာ..။
ဂျိုး ဖလီမွန်စ် - ဒါဆိုရင် နောက်ခံလူတစ်ယောက် ထပ်ပြီးထည့်ပေးပါဦး..
ရာဟင်း စတာလင်း - ‘ရီကာဒို ကာဗယ်လ်ဟို’ ပေ့ါ…
အားလုံး - ကာဗယ်လ်ဟို…!!
ဂျိုး ဖလီမွန်စ် - အိုကေ… ကွင်းလယ်မှာ ဖရန့် လမ်းပတ်၊ မက်ခလီလီ.. ရပြီးပြီ..။ ကျန်တဲ့နှစ်နေရာက နည်းနည်းခက်ပါမယ်..။ ကော်နာ ကတော့ ‘အီဒင် ဟာဇက်’ ကို ရွေးထားတယ်..။ ကျန်တဲ့ တစ်ယောက်က ‘ဂျိုးလ် ကိုးလ်’ လား..? ဒါမှမဟုတ် ရာဟင်း ပြောတဲ့ ‘အာဂျင် ရော်ဘင်’ လား..?
ရာဟင်း စတာလင်း - ဘယ်တောင်ပံမှာ ‘အီဒင် ဟာဇက်’ ကတော့ သေချာပေါက် တစ်နေရာပေ့ါဗျာ..။
ကော်နာ ဂါလက်ချာ - အာဂျင် ရော်ဘင် ဟာ ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ဘေယန် မြူးနစ်အသင်းမှာ ပြသခဲ့တာပါ..။ ဒ့ါကြောင့်ကျွန်တော်ကတော့ ဂျိုး ကိုးလ် ဟာ ချယ်လ်ဆီးအသင်းမှာ အကြာကြီး ပေးဆပ်ခဲ့တဲ့သူ ဖြစ်သလို ချယ်လ်ဆီးအသင်းဘက်က စဉ်းစားမယ်ဆိုရင် ဂျိုး ကိုးလ် က ပိုပြီးသင့်တော်ပါလိမ့်မယ်..။
ဂျိုး ဖလီမွန်စ် - ဟုတ်ကဲ့ပါ… ကျွန်တော်တို့ရဲ့ ‘First Choice XI’ အသင်းကတော့ ပေါ်ထွက်လာပါပြီ..။ ဂိုးသမား နေရာမှာ ပီတာ ချက်၊ နောက်တန်းလေးယောက် နေရာမှာ - ဘရာနီဆလပ်ဗ် အိုင်ဗန်နိုဗစ်၊ အက်ရှ်လေ ကိုးလ်၊ ဂျွန် တယ်ရီ၊ ရီကာဒို ကာဗယ်လ်ဟို..၊ ကွင်းလယ်မှာ ကလော့ဒ် မက်ခလီလီ၊ ဖရန့် လမ်းပတ်၊ အီဒင် ဟာဇက် နဲ့ ဂျိုး ကိုးလ်၊ တိုက်စစ်မှာတော့ ဂျီယန် ဖရန်ကို ဇိုလာ နဲ့ ဒီဒီယာ ဒရော့ဘာ တို့က ဦးဆောင်ပါမယ်..
ကော်နာ ဂါလက်ချာ - လုံးဝပြီးပြည့်စုံပါတယ်..။ သင့်တော်တဲ့ ရွေးချယ်မှုတွေ မှန်မှန်ကန်ကန် ပြုလုပ်ခဲ့တဲ့ အသင်းတစ်သင်းလို့ ကျွန်တော်သဘောတူပါတယ်..။
ကာလီဒူ ကူလီဘာလီ - အိုကေတယ်ဗျာ..။
ဂျိုး ဖလီမွန်စ် - ဟုတ်ကဲ့ပါ..။ ခင်ဗျားတို့အားလုံး တကယ့်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခဲ့ကြတယ်လို့ ပြောရမှာပါ..။ အခုလိုကျွန်တော်တို့ရဲ့ အစီအစဉ်မှာ တက်တက်ကြွကြွနဲ့ ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့အတွက် အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်..။ ကြည့်ရှုအားပေးကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း ကျွန်တော်တို့ ချယ်လ်ဆီးအသင်း Official site ရဲ့ အစီအစဉ်ကောင်းတွေကို ဆက်လက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်…။