ချယ်လ်ဆီး Official website က ယခုနှစ်ဘောလုံးရာသီ၊ နွေအပြောင်းအရွှေ့ရာသီ နောက်ဆုံးရက်တွင် အသင်းကိုရောက်ရှိလာခဲ့သော ဂါဘွန်တိုက်စစ်မှူး ပယ်ရီ အမ်းမ်ရစ်ခ် အူဘားမီးယန်း အား ပြင်သစ်လူငယ် နောက်ခံလူ ဝက်စ်လေ ဖိုဖာနာ နှင့်အတူ ‘Then & Now’ အမည်ရ အစီအစဉ်တစ်ခု တင်ဆက်ပေးခဲ့သည်..။ အဆိုပါအစီအစဉ်တွင် တစ်ချိန်တုန်းက ပြင်သစ်နိုင်ငံ၊ စိန့် အက်တီးယန်းန် အသင်းလေ့ကျင့်ကွင်း အစီအစဉ်တစ်ခုအတွင်း အူဘားမီးယန်း နှင့် ဓါတ်ပုံအတူ တွဲပြီးရိုက်ခွင့်ရရှိရန် ကြိုးပမ်းခဲ့သော လူငယ်လေးတစ်ယောက်မှ ချယ်လ်ဆီးအသင်းတွင် အတူတွဲဖက် ကစားခွင့်ရခဲ့ကြသည့် သူတို့နှစ်ယောက်၏ ကစားသမားဘဝခရီးစဉ်များကို ယခုလိုပြောပြခဲ့ပါသည်..။
AUBA – Hi.. ကျွန်တော်ကတော့ ‘အူဘားမီးယန်း’ ပါ..
WESLEY – Hi.. ကျွန်တော်ကတော့ ‘ဝက်စ်လေ’ ဖြစ်ပါတယ်..
AUBA – ဒီနေ့အစီအစဉ်မှာတော့ ကျွန်တော်တို့နှစ်ယောက်ဟာ အခုအောက်မှာ ပြထားတဲ့ဓါတ်ပုံလေးမှာ အတူတူဆုံတွေ့ခဲ့ကြတဲ့ အချိန်ကနေ ချယ်လ်ဆီးအသင်းမှာ အသင်းဖော်တွေအဖြစ် ပြန်လည်ဆုံစည်းခွင့် ရခဲ့တဲ့အချိန်ထိ ဖြတ်သန်းလာခဲ့ရတဲ့ ဘောလုံးခရီးစဉ်တွေအကြောင်း ပြောပြကြမှာပါ…။
ကဲ… ပထမဆုံးအနေနဲ့ ဝက်စ် ရေ.. မင်းအပေါ်က ဓါတ်ပုံလေးကို ရိုက်ကူးဖြစ်ခဲ့တဲ့အချိန်ကို မှတ်မိသေးလား..? အဲဒီအချိန်တုန်းက မင်းဟာ အသက်ဘယ်လောက်ရှိနေပြီလဲ..? နောက်ပြီးအဲဒီပုံလေးကို ရိုက်ကူးဖြစ်ဖို့ ဘယ်ကနေ လာရောက်ခဲ့တာလဲ..?
WESLEY – မှတ်မိတာပေ့ါ..။ ကျွန်တော်ဟာ ထိပ်တန်းကစားသမားတွေကို မြင်ဖူးချင်လို့ ခင်ဗျားတို့ လေ့ကျင့်နေကြတဲ့ လေ့ကျင့်ကွင်းကို လာရောက်ခဲ့တာပါ..။ ခင်ဗျားတို့တွေ လေ့ကျင့်ခန်း ပြုလုပ်နေကြတာကို စောင့်ကြည့်ရင်း အခွင့်အရေးရခဲ့တာနဲ့ ဓါတ်ပုံတွဲပြီး ရိုက်ခဲ့တာပေ့ါဗျာ..။ အထူးသဖြင့် ခင်ဗျားနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ခွင့် ရချင်တာကြောင့်ဖြစ်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာ ငယ်ငယ်တုန်းက ရှေ့တန်းမှာ ကစားခဲ့တာပါ..။ ဒ့ါကြောင့်ဒီဒီယာ ဒရော့ဘာ နဲ့ ခင်ဗျားကို အရမ်းနှစ်သက်ခဲ့ပါတယ်..။
AUBA – ဒါဆိုရင် ကြီးလာရင် ဂိုးတွေအများကြီး သွင်းယူနိုင်မယ့် ကစားသမား ဖြစ်ရမယ်ဆိုတဲ့ အိပ်မက်ရှိခဲ့တာပေ့ါ.. ဟုတ်လား.? ဒ့ါကြောင့်မင်းဟာ နောက်တန်းကစားသမား. ဆိုပေမယ့် အရမ်းကို လျှင်မြန်နေတာကိုး..
WESLEY – အင်းပေါ့ဗျာ.. ထားပါတော့.. ဘယ်အချိန်ကစပြီး ခင်ဗျားဟာ ကိုယ့်ကိုယ်ကို professional player တစ်ယောက်အနေနဲ့ ခံစား၊ သက်ဝင် ယုံကြည်လာခဲ့တာလဲ..?
AUBA – အေစီ မီလန် အသင်းကနေ စခဲ့မယ်ထင်ပါတယ်..။ အေစီ မီလန် အရန်အသင်းမှာ စပြီးကစားခဲ့ရပါတယ်..။ အရန်အသင်း ဆိုပေမယ့် ငါ့အတွက်တော့ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုပါ…။ အဲဒီအချိန်ကနေစပြီး ဘောလုံးနဲ့ပဲ အသက်ဆက်တော့မယ်..၊ ဘောလုံးသာမားအဖြစ်နဲ့ ရှေ့ဆက်ဖို့ သံဓိဌာန် ချမှတ်ခဲ့ပါတယ်..။ ဒ့ါကြောင့် အဲဒီအချိန်ကစပြီး ငါ့ရဲ့စိတ်တွေ ပြောင်းလဲလာခဲ့တာလို့ပဲ ပြောရမှာပေ့ါ.. မင်းကရော…?
WESLEY – အတူတူပါပဲ..။ ကျွန်တော်လည်း အရန်အသင်းကိုစပြီး ရောက်တဲ့အချိန်မှာ စိတ်တွေပြောင်းလဲသွားခဲ့တာပါ..။ အဲဒီအချိန် ကျွန်တော့်ရဲ့ခေါင်းထဲမှာ အသင်းနဲ့စာချုပ်ချုပ်ခွင့်ရဖို့ ဆိုတဲ့စိတ်တစ်ခုတည်း ရှိခဲ့ပါတယ်..။ အဲဒီရည်မှန်းချက်တစ်ခုတည်းအပေါ်ပဲ အာရုံစိုက်ခဲ့တယ်ပေ့ါဗျာ..။ ဒါနဲ့ခင်ဗျားဟာ ဘယ်အရွယ်မှာ ဘောလုံးစပြီး ကန်ခဲ့တာလဲဗျ..?
AUBA – အရမ်းကိုငယ်သေးတာပေ့ါ..။ လာဗယ်လ် ဆိုတဲ့ ပြင်သစ်နိုင်ငံ အနောက်ပိုင်းက မြို့လေးတစ်မြို့ကနေ စခဲ့ပါတယ်..။ အဲဒီနေရာကို မင်းတော့သိချင်မှသိမှာပေ့ါ..။ (WESLEY – သိတယ်.. သိပါတယ်…) အသက်ငါးနှစ်ကနေစပြီး ဘောလုံးကိုပဲ သေသေချာချာ တစိုက်မတ်မတ် ကန်ခဲ့ပါတယ်..။ မင်းရဲ့အကြောင်း ပြောပြပါဦး…
WESLEY – ကျွန်တော်ကတော့ ပြင်သစ်တောင်ပိုင်း မာဆေးလ်မြို့နားက Vitrolles မြို့လေးကနေ ကစားသမားဘ၀ စတင်ခဲ့ပါတယ်..။ အဲဒီကနေ ကျွန်တော်ဟာ Air Bel (မာဆေးလ် အသင်းလူငယ် U- 19 လေ့ကျင့်ရေးစခန်း) ကို ရောက်သွားပါတယ်..။
AUBA – Okay.. မင်းရဲ့ကစားသမား အခက်အခဲဆုံး အခိုက်အတန့်အကြောင်းကို ပြောပြပါလား..?
WESLEY – မနှစ်ကဘောလုံးရာသီမှာ ခြေထောက်ကျိုးဒဏ်ရာ ရခဲ့တဲ့အချိန်ပဲ ဖြစ်ပါလိမ့်မယ်..။ ဘာဖြစ်လို့လည်းဆိုတော့ အချိန်အကြာကြီး နားခဲ့ရတာလေ..၊ ခုနှစ်လလောက် ဘောလုံးမကစားနိုင်ခဲ့ဘူးဗျ..။ အရမ်းကိုခက်ခဲခဲ့ပါတယ်..။ ခင်ဗျားရဲ့ အခက်အခဲဆုံး အချိန်ကာလတွေကရော..
AUBA – ငါကတော့ ခက်ခဲတဲ့ အခိုက်အတန့်တွေအများကြီး.. မကြာခဏ ဖြတ်ကျော်ခဲ့ရဖူးပါတယ်..။ ဒဏ်ရာမရပဲနဲ့ အခက်ကြုံခဲ့ရတဲ့ ကာလတွေကို ပြောပြတာနော်..။ (WESLEY – သာယာကြည်နူးခဲ့ရတဲ့ အခိုက်အတန့်တွေလည်း ရှိမှာပေ့ါ… ဟားဟား..) ဒဏ်ရာရခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပေမယ့် အဲဒီအတွက် Okay ပါတယ်..။
ဒါပေမယ့် ငါ့ရဲ့ကစားသမားဘဝအစပိုင်းမှာ အားလုံးကငါ့ကို ဘောလုံးပညာမရှိဘူး..၊ အပြေးတစ်လိုင်း.. ပဲရတဲ့ တာတိုအပြေးသမား (sprinter) ဆိုပြီး ဝေဖန်ကြပါတယ်..။ အဲဒီဝေဖန်မှုတွေဟာ ငါ့ကိုနာကျင်စေခဲ့ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ငါတို့တွေဒီလိုအဆင့်ကို ရောက်လာအောင် ဘယ်လောက်ထိ ရုန်းကန်၊ ဖြတ်သန်းခဲ့ရလဲ.. မင်းလည်းသိပါတယ်..။ မင်းတို့ငါတို့အားလုံးဟာ ကိုယ့်ရဲ့အကောင်းဆုံးခြေစွ်း ပြနိုင်အောင် အမြဲတမ်းကြိုးစားခဲ့ကြတာပါ..။ ဒ့ါကြောင့်ကိုယ့်ရဲ့အသင်းက လူတွေကတောင် ဘောလုံးကစားတဲ့နေရာမှာ ပုံမလာဘူး.. လို့ ဝေဖန်လာတဲ့အခါ ယုံကြည်မှုတွေ ကျဆင်းလာပါတယ်..။
အဲဒီမှာ ငါဟာကိုယ့်ရဲ့စိတ်ကို ပြောင်းလဲနိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်..။ ဒီလိုနဲ့ စိန့် အက်တီယန်း အသင်းကို ရောက်သွားတဲ့အခါ အစစအရာရာ အဆင်ပြေ၊ ချောမွေ့သွားခဲ့ပါတယ်..။ အသင်းနည်းပြ ခရစ်စ်တော့ဖ် ဂါတီးယား (လက်ရှိပီအက်စ်ဂျီ အသင်းနည်းပြ) နဲ့ သူ့ရဲ့နည်းပြအဖွဲ့ကြောင့် ငါဟာကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်လည်ရရှိခဲ့သလို သူနဲ့ဆုံတွေ့ခဲ့ရခြင်းဟာ ငါ့ရဲ့ဘဝကို ပြောင်းလဲသွားစေခဲ့ပါတယ်..။ အဲဒီအချိန်ကစပြီး ငါဟာဂိုးတွေအများကြီး စတင်သွင်းယူနိုင်ခဲ့ပါတယ်..။
မင်းကိုတစ်ခုမေးချင်တယ်..။ ပရိသတ်တွေဟာ မင်းနဲ့အတူတူ ဓါတ်ပုံတွဲပြီး ရိုက်ခွင့်ရဖို့ တွန်းလိုက်၊ ဆွဲလိုက်.. အတင်းလုပြီး ကြိုးစားနေတဲ့ အခိုက်အတန့်ကို ပထမဆုံး ကြုံတွေ့ရချိန် မင်းရဲ့စိတ်ထဲမှာ ဘယ်လိုခံစားမိခဲ့လဲ..?
WESLEY – အဲဒီအချိန်က အရမ်းကိုငယ်ပါသေးတယ်..။ လူငယ်အသင်းနဲ့ Gambardella Cup of France ဖလားပွဲကို ဗိုလ်စွဲခဲ့ချိန် ပရိသတ်တွေဟာ ကျွန်တော်နဲ့အတူ ဓါတ်ပုံတွဲရိုက်ကြဖို့ ကြိုးစားခဲ့ကြပါတယ်..။ တကယ့်ကို ရူးသွပ်လောက်တဲ့ ကြည်နူးမှုကို ခံစားခဲ့ရပါတယ်..။ ကျွန်တော်ဟာ အရမ်းကိုငယ်သေးတာပေါ့..။ ဒါပေမယ့် သိပ်ကိုကြည်နူးဖို့ကောင်းပါတယ်..။ ဒီလောက်ပါပဲ..၊ ခင်ဗျားရော…
AUBA – တကယ့်ကို ရူးသွပ်လောက်ပါတယ်..။ အဲဒီအကြောင်းကို ပြောပြမယ်ကွ..။ အရှေ့တောင်အာရှက မလေးရှားနိုင်ငံကို လူငယ်ချန်ပီယံဖလား ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်ဖို့ ငါတို့သွားခဲ့ကြပါတယ်..။ မလေးရှားမှာ လူတစ်ယောက်က ငါ့ဆီကိုလာပြီး အတူတူဓါတ်ပုံတွဲရိုက်ဖို့ ခွင့်တောင်းခဲ့ပါတယ်..။ ‘Okay.. ဓါတ်ပုံရိုက်ကြတာပေ့ါ.’ ဆိုပြီး ပြန်ပြောလိုက်တယ်..၊ နောက်ပြီး ဓါတ်ပုံတွဲရိုက်ကြတာပေ့ါကွာ..
နောက်ထပ် ခြောက်နှစ်လား၊ ရှစ်နှစ်လား.. ကြာတဲ့အခါ မလေးရှားကို နောက်တစ်ကြိမ် ငါတို့ထပ်ပြီး သွားကြပါတယ်..။ အဲဒီအချိန် ဒေါ့မွန်အသင်းကို ရောက်နေပြီထင်တယ်..။ အဲဒီငနဲနဲ့ပြန်တွေ့ခဲ့ပါတယ်..။ သူ့ကိုသတိထားမိတယ်ဆိုတာ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကပုံကို ငါ့ဆီကို ကြိုပြီးပို့ထားပေးတာကိုးကွ..။ သူကငါ့ကို လာတွေ့တဲ့အချိန် ဂါဘွန်နိုင်ငံ အလံကြီးကိုပါ ပတ်ထားတာဆိုတော့ ‘ထင်းကနဲ’ ပေ့ါကွာ..။ အဲဒီအခိုက်အတန့်တွေဟာ ငါ့ရဲ့ဘဝမှာ အမြဲတမ်းအမှတ်တရအဖြစ် ရှိနေမှာပါ..။
WESLEY – လန်ဒန်မြို့ကို ပထမဆုံးစပြီး ရောက်လာခဲ့တဲ့ အတွေ့အကြုံကို ပြောပြပါလား..?
AUBA – လန်ဒန်နဲ့ ပတ်သက်ပြီး ပထမဆုံး အမှတ်တရက တစ်ချိန်လုံး မိုးရွာနေတာပဲကွာ… ဟားဟား..။ ဒီမြို့ကိုပထမဆုံး ရောက်ခဲ့တာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဖြစ်ပါလိမ့်မယ်..။ လန်ဒန်မြို့ကို သဘောကျမိတာက ထိပ်တန်းဘောလုံးအသင်းတွေ အများကြီးရှိနေတာပါပဲ..။ ဒါ့အပြင်တစ်သင်းနဲ့တစ်သင်းကြားမှာ ပြိုင်ဆိုင်မှုတွေ အရမ်းပြင်းထန်ပါတယ်..။
လန်ဒန်မြို့ခံအသင်းအချင်းချင်း ရင်ဆိုင်တွေ့ကြတဲ့ ဒါဘီပွဲစဉ်တွေမှာ ပရိသတ်တွေအချင်းချင်း အပြိုင်အဆိုင် အားပေးကြပုံတွေကို အရမ်းသဘောကျ နှစ်သက်မိပါတယ်..။ မင်းရဲ့ လန်ဒန်မြို့က ပထမဆုံး အတွေ့အကြုံတွေအကြောင်း ပြောပြပါဦး..
WESLEY – ကျွန်တော်ကတော့ အခုမှပထမဆုံး ဒီမြို့မှာ သေသေချာချာ နေဖူးခဲ့တာပါ..။ အခုမှနှစ်ပါတ်လောက်ပဲ ရှိပါဦးမယ်.. ဟားဟား..။ လန်ဒန်မြို့ဟာ တကယ့်ကို လှပပြီး နေချင်စဖွယ် မြို့တော်တစ်ခု ဖြစ်ပါတယ်..။ သိပ်ကိုကောင်းပါတယ်..။ လန်ဒန်မြို့ကလူတွေရဲ့ နေထိုင်၊ လှုပ်ရှားမှုတွေကို ကြည့်ရတာတော့ သွက်သွက်စား၊ သွက်သွက်စား.. မြန်မြန်ဆန်ဆန်ပဲဗျို့..။ (AUBA – နောက်ကျမှ မင်းကိုလန်ဒန်မြို့မှာ သိထားသင့်တဲ့ နေရာတွေကို လိုက်ပို့ပေးဦးမယ်..)
ဒါနဲ့ဖက်ရှင်ဟာ ခင်ဗျားအတွက် ဘယ်လောက်အထိ အရေးပါခဲ့လဲ..? သိပ်ကိုအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါခဲ့လား..?
AUBA – အရေးပါပါတယ်..။ အတိုင်းအတာတစ်ခုထိတော့ အရေးပါတာပေ့ါ..။ မနက်မိုးလင်းတာနဲ့ ဒီနေ့မှာ ဘယ်လိုပုံစံဝတ်ဆင်မယ်ဆိုတာ အမြဲတမ်းတွေးတယ်..၊ စိတ်ကူးနဲ့ဒီဇိုင်းဆင်ပါတယ်..။ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်ဝတ်စား ဆင်ယင်မယ့်စတိုင်၊ ပုံစံ.. ရှိဖို့လိုအပ်တယ်လို့ ထင်တာပဲကွ..။ ကိုယ့်ရဲ့ပုံစံကို လူတိုင်းက ကြိုက်ချင်မှကြိုက်ကြပါလိမ့်မယ်..။ ဒါပေမယ့် ကိုယ့်ရဲ့အဝတ်အစား၊ ကိုယ့်ရဲ့ပုံစံအပေါ် ကိုယ့်ကိုယ်ကို ကျေနပ်မှုရှိရမယ်..၊ သက်တောင့်သက်သာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ရှိနေဖို့က အရေးကြီးပါတယ်..။ ဖက်ရှင်.. ဒါမှမဟုတ် ဝတ်စားဆင်ယင်မှုဟာ မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ တစိတ်တပိုင်းအနေနဲ့ အရေးပါတယ်လို့ ယူဆထားပါတယ်..။
WESLEY – ဂိုးသွင်းအပြီး ခင်ဗျားရဲ့ အောင်ပွဲခံတဲ့ပုံစံကို သင်ပေးပါလား..?
AUBA – ဘယ်ပုံစံကို သင်ချင်တာလဲ..? ရှေ့ဂျွမ်းပစ်တာလား (front flip) ? မင်းအဲဒါကို သင်ချင်ရင် ငါတို့ Gym ထဲ သွားမှရလိမ့်မယ်..
WESLEY – အဲဒီလို ရှေ့ဂျွမ်းပစ်တာက သီးသန့်စပယ်ရှယ် လေ့ကျင့်ယူရတာလားဗျ..?
AUBA – No… No.. အဲဒီလိုသေသေချာချာ မလေ့ကျင့်ဖူးပါဘူး.. Never..။ ငယ်ငယ်တုန်းက ဧည့်ခန်းထဲမှာ ဆော့ရင်း၊ ကစားရင်းနဲ့ပဲ ဂျွမ်းပစ်တတ်သွားတာပဲ..။ အိပ်ယာပေါ်မှာလည်း လေ့ကျင့်ပါတယ်…။ မင်းရော.. ဂိုးသွင်းပြီးရင် ဘယ်လိုပုံစံနဲ့ အောင်ပွဲခံတတ်လဲ..?
WESLEY – ကျွန်တော်လား..? No.. ကျွန်တော်က ဂိုးမှမသွင်းတာဗျာ.. ကိုယ်ပိုင်ဟန်နဲ့ အောင်ပွဲမခံတတ်ပါဘူး.. ဟားဟား.. ဒါပေမယ့် ဘယ်သူနဲ့မှမတူတဲ့ ပုံစံအသစ်နဲ့ အောင်ပွဲခံမှ ဖြစ်မယ်ဗျ… ဟားဟား…
AUBA – Okay.. Okay.. ကောင်းတယ်.. ကောင်းပါတယ်..။ ဒီတစ်ခါ ဂိုးသွင်းပြီးရင် လုပ်လိုက်တော့ဟ.. ဟားဟား..။ ဒါနဲ့မင်းနဲ့တွဲရိုက်ဖူးခဲ့တဲ့ ဓါတ်ပုံဟာ online မှာပြန်ပြီး ပျံ့လာတဲ့အချိန်က မင်းတို့အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲ (အာဆင်နယ်နဲ့ လက်စ်တာပွဲစဉ်) မတိုင်ခင် ဖြစ်လိမ့်ပါမယ်..။ တကယ်တော့ အဲဒီဓါတ်ပုံကို online ပေါ်မှာတွေ့မှ ပထမဆုံးအကြိမ် မြင်ဖူးခဲ့တာ…
WESLEY – အင်းပေါ့.. ကျွန်တော်က အတော်လေးကို ငယ်ပါသေးတယ်..။ အရပ်ချင်းတိုင်းကြည့်ရင် ခင်ဗျားရဲ့ပခုံးလောက်ပဲ ရှိဦးမယ်.. ဟားဟား.။ တခါတလေကျရင် ဘဝမှာ မယုံနိုင်စရာ အဖြစ်အပျက်တွေ ကြုံရတတ်တာပဲဗျ.. (AUBA – အင်းပေါ့… ဘယ်သူက ကြိုပြီးတွေးထားခဲ့မှာလဲ..) အခုဆိုရင် ကျွန်တော်တို့ တစ်သင်းထဲမှာ အတူတူ ကစားခွင့်ရနေပြီလေ…
AUBA – ပြန်လည်ဆုံစည်းခွင့် ရခဲ့ကြတာ အမှန်ပါပဲ..၊ ကဲ.. သူကတော့ ‘Wes’.. ကျွန်တော်ကတော့ ‘Auba’ ပါ..။ ကျွန်တော်တို့ နှစ်ယောက်စလုံး ချယ်လ်ဆီးအသင်းမှာ ရှိနေပါတယ်..။ သွင်းဂိုးတွေ၊ အနိုင်ပွဲတွေအတွက် အကောင်းဆုံး ကြိုးစားသွားကြပါမယ်… Let’s Go..!!!