feature-image

‘ဒဏ်ရာမရဖို့ အရေးကြီးဆုံးပဲ..’ လို့ ပြောလိုက်တဲ့ ‘ရိစ် ဂျိမ်းစ်’ နှင့် တွေ့ဆုံခြင်း

ချယ်လ်ဆီးအသင်းနှင့် မကြာသေးမီက (၆) နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သည့် ညာနောက်ခံလူ #ရိစ်_ဂျိမ်းစ် မှာ ချယ်လ်ဆီးအသင်း၏ matchday programme စာစောင်တွင် အသင်းနှင့်ရေတို၊ ရေရှည် အနာဂတ်မျှော်မှန်းချက်များ၊ အသင်းကြီးကို ရောက်ရှိပြီး စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှ အမှတ်တရ အခိုက်အတန့်များကို ယခုလိုပြောပြခဲ့ပါသည်..။

မေး - ရိစ် ရေ.. မကြာသေးခင်ကမှ မင်းဟာအသင်းနဲ့ (၆) နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်..။ အဲဒီလိုစာချုပ် မချုပ်ဖြစ်ခင် မင်းကြုံတွေ့ခဲ့ရတဲ့ အဓိကအခက်အခဲတွေဟာ ဘာတွေဖြစ်မလဲ..?

အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိတာ ကောင်းပါတယ်..။ ကျွန်တော်ဟာ ဒီအသင်းမှာ အချိန်အတော်ကြာကြာ ဆက်ပြီးရှိနေမယ်..၊ အနာဂတ် အတိုင်းအတာတစ်ခုထိ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီးရှိနေမယ်ဆိုတာ သေချာသွားတာပေ့ါ..။

ပြီးခဲ့တဲ့နှစ်တွေမှာလည်း အသင်းနဲ့အတူ အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပြည်တွင်းဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲတွေ တက်ရောက်နိုင်ခဲ့သလို ရှုံးနိမ့်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်..။ ကျွန်တော်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတိုင်းကို အနိုင်ရချင်ပါတယ်..။ တကယ်လို့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီ ဆိုရင်လည်း ဘယ်လိုအကြောင်းနဲ့မှ အဲဒီဖလားတွေကို အရှုံးပေးလိုက်ဖို့၊ စွန့်လွှတ်လိုက်ဖို့ အကြောင်းမရှိပါဘူး..။ ဒ့ါကြောင့်ကျွန်တော်တို့ဟာ အဲဒီအရာတွေကို ပြောင်းလဲပစ်နိုင်ဖို့ လိုအပ်ပါတယ်…။



မေး - အနီးကပ်ဆုံး ရေတိုအနာဂတ်ကာလ အတွက်က ဘာတွေဖြစ်မလဲ..? အခုဒီနှစ်ဘောလုံးရာသီအတွက် မင်းရဲ့တစ်ဦးချင်း ရည်မှန်းချက်ကို ပြောပြနိုင်မလား..?

အဓိကအရေးအကြီးဆုံးက ဒဏ်ရာမရဖို့နဲ့ တစ်ရာသီလုံး ကြံ့ခိုင်မှုအပြည့်နဲ့ ကစားသွားနိုင်ဖို့ ဖြစ်ပါတယ်..။ မနှစ်ကဘောလုံးရာသီမှာဆိုရင် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည် အချက်အလက်တွေ၊ သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ၊ ပေးဂိုးမရှိခဲ့တဲ့ clean sheets ပွဲစဉ်အရေအတွက်တွေအရဆိုရင် ကျွန်တော်တို့ဟာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်..။ ဒါပေမယ့် ကျွန်တော်ဟာ သုံးလ၊ လေးလလောက် ဒဏ်ရာကြောင့် အနားယူခဲ့ရတာဟာ အတော်လေးကို ကြာမြင့်တယ်လို့ ပြောနိုင်ပါတယ်..။ ဒ့ါကြောင့်တကယ်လို့သာ အဲဒီလို ကာလရှည် ဒဏ်ရာမရခဲ့ပဲ အချိန်ပြည့်ကစားနိုင်ခဲ့မယ်ဆိုရင် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ဟာ ဒီထက်မက ကောင်းမွန်ပါလိမ့်မယ်..။

ကစားသမား တစ်ယောက်ဟာ ဒဏ်ရာရခဲ့ပြီဆိုရင် အခက်အခဲ ကြုံရတာပါပဲ..။ ကိုယ်ဘယ်လောက်ကြာကြာ အနားယူရတော့မယ်.. လို့ သေသေချာချာသိရပြီး ပထမဆုံး တစ်ရက်၊ နှစ်ရက်ကာလဟာ အခက်ခဲဆုံး ဖြစ်ပါလိမ့်မယ်..။ အဲဒီနောက်ပိုင်းမှာတော့ ပြန်လည်ကောင်းမွန်အောင် ကြိုးစားရင်း တစ်ရက်ပြီးတစ်ရက် အမှောင်ထုထဲကနေ အလင်းရောင်ကို ရှာဖွေသလို စွမ်းဆောင်ကြရပါတယ်..။ ဘောလုံးရာသီ တစ်ရာသီ စတင်ပြီဆိုရင် ကိုယ့်ရဲ့တစ်ကိုယ်ရည် ရည်မှန်းချက်တွေ ချမှတ်ရပါတယ်.။ မနှစ်ကဘောလုံးရာသီမှာလည်း အဲဒီလို ရည်မှန်းချက်တွေ ချမှတ်ခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် အနှောင့်အယှက် ဖြစ်ခဲ့ရတာပေ့ါဗျာ..။ အဲဒီလို မျှော်လင့်မထားခဲ့တဲ့ အဟန့်အတား၊ အတားအဆီးတွေဟာ စိတ်ပျက်စရာတွေပါ..။ အထူးသဖြင့် ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာအောင် အစွမ်းကုန် ကြိုးစားနေတဲ့ကာလမှာ နောက်ထပ်သုံးပါတ်လောက် ထပ်ပြီးအနားယူခဲ့ရတာမျိုးကို ဘယ်သူကမှ ကြုံတွေ့ချင်မှာ မဟုတ်ပါဘူး..။

မေး - မင်းဟာချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း မတိုးခင်လေးမှာပဲ မင်းရဲ့ညီမ လော်ရန် ဂျိမ်းစ် ဟာ အင်္ဂလန်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး အင်္ဂလန်အမျိုးသား၊ အမျိုးသမီး အသင်းတွေမှာ တပြိုင်နက်ထဲ ကစားခွင့်ရခဲ့တဲ့ ပထမဆုံးသော မောင်နှမ အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်..။ အဲဒီစွမ်းဆောင်မှုဟာ မင်းတို့မိသားစုအတွက် ဂုဏ်ယူစရာ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့မှာပေ့ါ…

ငယ်ငယ်ကတည်းက ကျွန်တော်တို့ မောင်နှမနှစ်ယောက်စလုံးရဲ့ အိပ်မက်တွေဟာ အင်္ဂလန်အသင်းနဲ့ ချယ်လ်ဆီးအသင်းမှာ ကစားခွင့်ရဖို့ ဖြစ်ပါတယ်..။ ဒ့ါကြောင့်အခုအချိန်မှာ အဲဒီမျှော်လင့်ချက်၊ အိပ်မက်အတွက်တော့ ပြည့်စုံခဲ့ပြီပေ့ါဗျာ..။ အဲဒီလိုစွမ်းဆောင်နိုင်ခဲ့မှုဟာ သိပ်ကိုကြီးကျယ်ခမ်းနားလှပါတယ်..။

အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ရွေးချယ်ခံရဖို့ ညီမလေးဟာ ဘယ်လောက်တောင် ကြိုးစား၊ အားထုတ်ခဲ့ရလဲ.. ကျွန်တော်ကောင်းကောင်းသိပါတယ်…။ ကျွန်တော်တို့နှစ်ယောက်စလုံး ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းတွေဟာ ကြမ်းတမ်းခဲ့ပါတယ်..။ သူမဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဒဏ်ရာတွေအကြိမ်ကြိမ် ရရှိခဲ့ပြီး အခုလိုအခွင့်အရေးမျိုး ရရှိနိုင်ဖို့ ကျော်ဖြတ်ခဲ့ရတဲ့အရာတွေဟာ အများကြီးပါပဲ…။



မေး - မင်းရဲ့ချယ်လ်ဆီးအသင်း ကစားသမားဘဝတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့တဲ့ ပွဲစဉ်ဟာ ဘယ်အသင်းနဲ့ပွဲစဉ် ဖြစ်မလဲ..? ဘာကြောင့်လဲ..?

မနှစ်ကဘောလုံးရာသီမှာ ဂျူဗင်တပ်စ်အသင်းကို ၄ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် ဖြစ်ပါမယ်..။ အဲဒီပွဲမှာ ကျွန်တော်တို့တစ်သင်းလုံး တစ်ဦးချင်းရော၊ အသင်းလိုက်ပါ အကောင်းဆုံး စွမ်းဆောင်ရည် ရရှိခဲ့သလို ကျွန်တော့်ရဲ့ ခြေစွမ်းအပေါ်လည်း အထူးကျေနပ်မိခဲ့ပါတယ်..။

အမှားတွေ မလုပ်ခဲ့ဘူး..၊ အသင်းနဲ့ပွဲအပေါ် အများကြီး အကျိုးသက်ရောက်မှု ပေးနိုင်ခဲ့တယ်..၊ ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်ခဲ့တယ်..၊ ပေးဂိုးမရှိခဲ့ဘူး.. ဒ့ါကြောင့်အဲဒီပွဲက စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပြောရတာ ဖြစ်ပါတယ်..။ အဲဒီလို အကောင်းဆုံး စွမ်းဆောင်ရည် ရရှိနိုင်ဖို့ အဘက်ဘက်ကနေ ပံ့ပိုးပေးနေတဲ့ အချက်တွေကတော့ အများကြီးပေ့ါဗျာ..

မေး - မင်းဟာချယ်လ်ဆီးအသင်းအတွက် တကယ့်ကို လှပတဲ့သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်..။ အခုအချိန်ထိ မင်းရဲ့သွင်းဂိုးတွေထဲက အကြိုက်ဆုံးသွင်းဂိုးကို ပြောပြပါလား..?

အိုင်းယက်စ်အသင်းနဲ့ တစ်ဘက်လေးဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်ဟာ ကျွန်တော့်အတွက် အကောင်းဆုံးပွဲစဉ်တစ်ပွဲ ဖြစ်သလို အဲဒီပွဲမှာ ကျွန်တော်သွင်းယူပေးခဲ့တဲ့ဂိုးဟာ ကျွန်တော့်အတွက် ပထမဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲ သွင်းဂိုးဖြစ်ပါတယ်..။ ပြီးတော့ အဲဒီပွဲဟာ တကယ့်ကို ရူးသွပ်လောက်တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ ၁ - ၄ နဲ့ ရှုံးနိမ့်နေရာကနေ သရေကျအောင် ပြန်လည်ပြီး ကြိုးစားနိုင်ခဲ့တာပါ…။ ကျွန်တော်တို့ အရှုံးရလဒ်ကို ချေဖျက်နိုင်ခဲ့လိမ့်မယ်လို့ ဘယ်သူကမှ ထင်ခဲ့မှာ မဟုတ်ပါဘူး..။ ဒါတွေအပြင် ဥရောပပြိုင်ပွဲမှာ ကျွန်တော့်ရဲ့ပထမဆုံးသွင်းဂိုး ဖြစ်ခဲ့ပါတယ်..။ အဲဒီအချိန်က ကျွန်တော်လည်း အရမ်းကိုငယ်ပါသေးတယ်..။

အဲဒီလိုဂိုးတွေကို အောင်ပွဲခံရတာဟာ တကိုယ်လုံးမှာရှိနေတဲ့ အကြာအခြင်တွေ ပွင့်ထွက်ကုန်သလိုပါပဲ..။ ကျွန်တော်ဂိုးသွင်းနိုင်ခဲ့တယ်..၊ ကျွန်တော့်ရဲ့ပျော်ရွှင်မှုအပြင် ပရိသတ်တွေရဲ့အပျော်တွေကိုပါ မျှဝေ၊ ကူးစက်ခွင့်ရခဲ့တာမို့ တကယ့်ကို မမေ့နိုင်လောက်တဲ့ ခံစားမှုလို့ ပြောရမှာပါပဲ..။



မေး - မနှစ်ကဘောလုံးရာသီမှာ မင်းဟာချယ်လ်ဆီးအသင်းအတွက် (၆) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၁၀) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်..။ ဒါဟာအသင်းကြီးကို ရောက်ပြီးကတည်းက မင်းရဲ့အကောင်းဆုံးသော စွမ်းဆောင်ရည်လို့ ပြောနိုင်တာပေ့ါ..။ အဲဒီလိုတိုက်စစ်ပိုင်း စွမ်းဆောင်ရည် ကောင်းမွန်လာခဲ့တာ ဘာကြောင့်လို့ ထင်မိပါလဲ..?

ကျွန်တော့်ရဲ့ခြေစွမ်းနဲ့ ဂိုးသွင်းစွမ်းရည်ကို ကျွန်တော်ကောင်းကောင်းသိပါတယ်..။ ဒ့ါကြောင့်အခွင့်အရေး ရတာနဲ့ ကျွန်တော်ဟာ ဂိုးထဲကိုကန်သွင်းဖို့ အမြဲတမ်းကြိုးစားပါတယ်..။ ကိုယ့်ကိုယ်ကိုလည်း ဂိုးကန်သွင်းလို့ရအောင်၊ အသင်းဖော်တွေအတွက် ဂိုးဖန်တီးပေးလို့ရအောင် အမြဲတမ်းအသင့်ဖြစ်နေဖို့ ပြင်ဆင်ထားပါတယ်..။

ကျွန်တော်တို့ full backs တွေဟာ အရင်တုန်းက full backs လို မဟုတ်တော့ပါဘူး..။ အခုဆိုရင် တိုက်စစ်ပိုင်းမှာ အပိုဆောင်း ပါဝင်ပေးတဲ့ ကစားသမားတွေ (extra player) အဖြစ် ပါဝင်ပေးနေရပါတယ်..။ ဒ့ါကြောင့်ကျွန်တော်တို့ဟာ ဂိုးဧရိယာထဲမှာ နေရာလွတ်တွေ ရရှိတတ်ပြီး ကျွန်တော်တို့အတွက် အခွင့်အရေးတွေ ရလာတတ်ပါတယ်…။

ကျွန်တော်တို့ဟာ တိုက်စစ်ကို အစွမ်းကုန်လိုက်ပါခွင့်ရတာ ကောင်းပေမယ့် တခါတလေမှာ အဲဒီလိုတိုက်စစ်ကို မလိုက်ပါနိုင်ဘူးဆိုရင် ခံစစ်ကြောင်းမှာ ပိုပြီးအားစိုက်၊ အချိန်ကုန်နေရတာ ဖြစ်တဲ့အတွက် ကစားရတာ ပိုပြီးခက်ခဲ လာတတ်ပါတယ်..။ ဘောလုံးပွဲတစ်ပွဲဟာ တခဏအတွင်းမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်..။ တစ်ဘက်အသင်းဟာ ကိုယ့်ဘက်ကို အချိန်မရွေး တန်ပြန်တိုက်စစ် (counter attack) ဆင်လာနိုင်တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ အမြဲတမ်းသတိရှိရှိနဲ့ အငိုက်ဖမ်းမခံရအောင် ဂရုပြုရပါတယ်..။

မေး - အခုနည်းပြသစ် ဂရေဟမ် ပေါ်တာ အပေါ် မင်းရဲ့အမြင်ကို ပြောပြနိုင်မလား..?

ဘောလုံးလောကမှာ အဖြစ်အပျက်တွေဟာ အရမ်းကိုလျှင်မြန်ပါတယ်..။ ကျွန်တော်တို့ဟာ ဂရေဟမ် ပေါ်တာ ကိုင်တွယ်တဲ့ ဘရိုက်တန်အသင်းနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ဖူးသလို အကြိမ်တိုင်းမှာ အခက်တွေ့ခဲ့တာကြောင့် သူဟာနည်းပြကောင်း တစ်ယောက်ဆိုတာ သိသာထင်ရှားပါတယ်..။ ဂရေဟမ် ပေါ်တာ ဟာ အောင်ပွဲဆာလောင်စိတ် အပြည့်ရှိတဲ့ နည်းပြတစ်ယောက် ဖြစ်ပါတယ်..။ ဒ့ါကြောင့်ကျွန်တော်တို့တွေရဲ့ အနာဂတ်ဟာ အင်မတန်မှ စိတ်လှုပ်ရှားစရာ ကောင်းပါလိမ့်မယ်..။