feature-image

အပြာရောင်တို့ရဲ့ ‘နံပါတ်တစ် ဂိုးသမား’ နေရာကို ပြန်လည်ရယူနိုင်ခဲ့တဲ့ ဈေးအကြီးဆုံးဂိုးသမား

“ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကစားနေခဲ့ပါတယ်..။ ကိုယ့်ရဲ့လက်စွမ်းအပေါ် အထူးကျေနပ်မိသလို အသင်းအတွက် အကောင်းဆုံး ကူညီပေးနိုင်ခဲ့တဲ့အတွက် အားရမိပါတယ်…။”

ဗုဒ္ဓဟူးနေ့ညက ဘရန့်တ်ဖို့ဒ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီး စပိန်ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ဟာ သူ့ရဲ့လက်ရှိစွမ်းဆောင်ရည်အပေါ် ကျေနပ်အားရစွာနဲ့ ပြောကြားခဲ့ပါတယ်..။ အဲဒီပွဲစဉ်ဟာ ချယ်လ်ဆီးအသင်းအတွက် ငါးပွဲမြောက် ပေးဂိုးမရှိ (clean sheet) ခဲ့တဲ့ပွဲဖြစ်ခဲ့သလို နည်းပြဂရေဟမ် ပေါ်တာ တာဝန်ယူခဲ့အပြီး ခုနှစ်ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး..။ အခုလိုရလဒ်ကောင်းတွေ ပြန်လည်ရရှိခဲ့တဲ့ အသင်းရဲ့စွမ်းဆောင်ရည် အပြောင်းအလဲမှာ ဂိုးသမား ကက်ပါ ဟာ အရေးပါတဲ့ နေရာကနေ ပါဝင်ခွင့်ရနေတာကလည်း သူပြောပြခဲ့တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကောင်းတွေ ရရှိနေရခြင်း အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေခဲ့ပါတယ်..။

အခုနှစ်ဘောလုံးရာသီအစပိုင်း နည်းပြသောမတ်စ် တူခယ်လ် လက်ထက် ပွဲစဉ်တွေမှာ သူဟာအရန် ဂိုးသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရပေမယ့် နည်းပြအပြောင်းအလဲမှာ အသင်းရဲ့နံပါတ်တစ် ဂိုးသမားနေရာကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်..။ ဒါဟာသူ့ရဲ့လက်စွမ်းကြောင့် ဖြစ်သလို ဂိုးသမားအက်ဒ်ဒွပ် မန်ဒီ ရဲ့ ဒဏ်ရာကြောင့်လည်း ပါဝင်ခဲ့ပါတယ်..။

ဘောလုံးလောကဟာ အင်မတန်မှ အပြောင်းအလဲ မြန်ဆန်လှပါတယ်..။ လွန်ခဲ့တဲ့ခုနှစ်ပါတ်ကာလ အပြောင်းအရွှေ့ ရာသီမပိတ်သိမ်းခင်မှာ ဂိုးသမား ကက်ပါ ဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့အထိတောင် စဉ်းစားခဲ့ပါသေးတယ်..။ အခုတော့ အပြောင်းအရွှေ့ဈေးကွက်မှာ ဈေးအကြီးဆုံး ဂိုးသမားအဖြစ် စံချိန်တင်ထားခဲ့တဲ့ စပိန်ဂိုးသမားဟာ အသင်းရဲ့ပွဲထွက်ဂိုးသမားအနေနဲ့ လက်စွမ်းပြခွင့် ရရှိနေခဲ့ပါပြီ..။



အခုနှစ်ဘောလုံးရာသီမှာ ပထမဆုံး ပါဝင်ခွင့်ရခဲ့တဲ့ပွဲစဉ်ကတော့ သောမတ်စ် တူခယ်လ် ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဒိုင်နမို ဇာဂရက်အသင်းကို ၁ဂိုး- ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ပွဲစဉ်ပဲ ဖြစ်ခဲ့ပါတယ်..။ အဲဒီပွဲမှာ သူဟာ ဒုတိယပိုင်းမှာ စတက်ဖန် ရစ်စ်တော့ဗ်စကီး ရဲ့ အဝေးကန်ချက်ကို ကာကွယ်ပေးနိုင်ခဲ့ပြီး ဒုတိယဂိုး ထပ်မံခွင့်ပြုရမယ့်အရေးကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အဲဒီအချိန်တုန်းက အက်ဒ်ဒွပ် မန်ဒီ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့အချိန်မှာ သူဟာပွဲထွက်ဂိုးသမား နေရာကနေ ဖယ်ပေးရမယ်.. ဆိုတဲ့ ယူဆချက် ရှိနေခဲ့ပါတယ်..။

အဲဒီပွဲအပြီးမှာ ဖြစ်လာခဲ့တဲ့ နည်းပြအပြောင်းအလဲနဲ့အတူ ဂိုးသမား ကက်ပါ ဟာ ရရှိလာတဲ့ အခွင့်အရေးကို လက်မလွတ်တမ်း အသုံးချနိုင်ခဲ့ပါတယ်..။ ဒ့ါကြောင့်သူဟာအခုအချိန်ထိ နည်းပြသစ် ဂရေဟမ် ပေါ်တာ ရဲ့လက်ထက် ပွဲစဉ်ခုနှစ်ပွဲစလုံးမှာ ပွဲထွက်နံပါတ်တစ် ဂိုးသမားနေရာ အခိုင်အမာ ရယူထားနေဆဲ ဖြစ်ပါတယ်..။ ဒါ့အပြင် အက်စ်တွန် ဗီလာအသင်းနဲ့ပွဲစဉ်မှာ ဒယ်နီ အင့်ဂ်၊ ဂျက်ဘ်ကော့ဘ် ရမ်ဆေး တို့ရဲ့ အပိုင်ဂိုးသွင်းခွင့်တွေ၊ ဘရန့်တ်ဖို့ဒ် အသင်းနဲ့ပွဲမှာ အိုင်ဗန် တိုနေး ရဲ့ အပိုင်ခေါင်းတိုက်ဂိုးသွင်းခွင့်တွေကို စွမ်းစွမ်းတမံ ကာကွယ်နိုင်ခဲ့မှုတွေကြောင့် သူဟာနည်းပြသစ်ရဲ့ ယုံကြည်အားကိုးမှုကို ဆက်လက်ရရှိနေဦးမှာ ဖြစ်ပါတယ်..။



အခုပြထားတဲ့ ပုံမှာဆိုရင် ဂိုးသမား ကက်ပါ ရဲ့ အခုနှစ်ဘောလုံးရာသီ စွမ်းဆောင်ရည် အချက်အလက်များဟာ အသင်းဖော် မန်ဒီ ထက် သိသိသာသာကြီး သာလွန်နေတယ်ဆိုတာ တွေ့နိုင်ပါလိမ့်မယ်..။ အဲဒီစွမ်းဆောင်ရည် အချက်အလက်တွေထဲမှာ clean sheets ပိုပြီးရရှိတယ်..၊ ပေးဂိုးပိုပြီးနည်းတယ်.. ဆိုတဲ့ အချက်အလက်များဟာ တစ်ဦးချင်း စွမ်းဆောင်ရည်အပြင် နည်းပြဂရေဟမ် ပေါ်တာ ရောက်ရှိလာပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းရဲ့ တိုးတက်လာတဲ့ ခံစစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကြောင့်လည်း ပါဝင်ပါတယ်..။

အောက်မှာပြထားတဲ့ပုံမှာတော့ ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ တာဝန်ယူနေတဲ့ကာလ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်ပိုင်း စွမ်းဆောင်ရည်နဲ့ ဂိုးသမား မန်ဒီ လက်ထက် ရာသီအစပိုင်းကာလ အသင်းရဲ့ ရလဒ်ပိုင်း စွမ်းဆောင်ရည်တွေကို နှိုင်းယှဉ်ပြသထားပါတယ်..။



အထက်ပါအသင်းရဲ့ ရလဒ်ပိုင်း စွမ်းဆောင်ရည် အချက်အလက်တွေထဲက တစ်ပွဲကိုပျမ်းမျှသွင်းဂိုး (goals scored per 90 min) နဲ့ တစ်ပွဲကိုပျမ်းမျှရမှတ် (points per 90 min) ပြောင်းလဲ၊ တိုးတက်မှုတွေမှာတော့ နည်းပြဂရေဟမ် ပေါ်တာ ရဲ့ သက်ရောက်မှုက ပိုပြီးအဓိက ကျပါလိမ့်မယ်..။ ဒါပေမယ့် အသင်းရဲ့ပေးဂိုးတွေနဲ့ ပတ်သက်တဲ့ အချက်အလက် နှိုင်းယှဉ်မှုတွေကို ကြည့်မယ်ဆိုရင် ဂိုးသမား ကက်ပါ နဲ့ ဂိုးသမား မန်ဒီ တို့ကြားက ကွာခြားချက်ကို ထင်ထင်ရှားရှားကြီး တွေ့နိုင်ပါလိမ့်မယ်..။

ဂိုးသမား ကက်ပါ ဟာ တစ်ပွဲကို ပျမ်းမျှခွင့်ပြုသင့်တဲ့ ပေးဂိုး (expected goals conceded per 90 min) (၁.၁၅) ဂိုးထဲကနေ တစ်ပွဲကို (ဝ.၂၅) ဂိုးနှုန်းပဲ ခွင့်ပြု (goals conceded per 90 min) ခဲ့ရပါတယ်..။ ဒ့ါကြောင့်ခြားနားချက် (ဝ.၉) ဂိုးရှိပြီး တစ်ပွဲကိုသေချာပေါက် တစ်ဂိုးနှုန်းနီးပါး ကာကွယ်ပေးနိုင်နေတယ်လို့ အဓိပ္ပါယ် ဖွင့်နိုင်ပါတယ်..။ အက်ဒ်ဒွပ် မန်ဒီ ကတော့ တစ်ပွဲကို ပျမ်းမျှခွင့်ပြုသင့်တဲ့ ပေးဂိုး (expected goals conceded per 90 min) (၁.၄၄) ဂိုရှိခဲ့ပြီး တစ်ပွဲကို ပျမ်းမျ (၁.၅) ဂိုးနှုန်း ခွင့်ပြု (goals conceded per 90 min) နေရတဲ့အတွက် အမှန်တကယ် ခွင့်ပြုသင့်တဲ့ဂိုးထက် တစ်ပွဲကို (ဝ.၆) ဂိုးနှုန်း ပိုပြီးခွင့်ပြုနေရတယ်လို့ ဖွင့်ဆိုနိုင်ပါတယ်..။



အသက် (၂၈) နှစ်အရွယ် စပိန်ဂိုးသမားဟာ လာလီဂါ ပြိုင်ပွဲဝင် အက်တလက်တီကို ဘီလ်ဘာအို အသင်းကနေ ရောက်လာပြီးကတည်းက ချယ်လ်ဆီးအသင်းမှာ ခြောက်ပွဲဆက်တိုက် clean sheet မရရှိခဲ့ဖူးသေးပါဘူး..။ တကယ်လို့ မနက်ဖြန်မှာ ယှဉ်ပြိုင်မယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ပွဲမှာ ပေးဂိုးမရှိခဲ့ဘူးဆိုရင် သူဟာချယ်လ်ဆီးကို ရောက်ခဲ့တဲ့ လေးနှစ်အတွင်းမှာ clean sheet အများဆုံးရရှိတဲ့ စံချိန်သစ် တင်နိုင်ပါလိမ့်မယ်..။

အထက်က ဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ ကက်ပါ ဟာ အသင်းရဲ့နံပါတ်တစ် ဂိုးသမားနေရာနဲ့ ထိုက်တန်တယ်ဆိုတာ တွေ့နိုင်ပါတယ်..။ ဒါပေမယ့် သူဟာအရင်ကထက်ပိုပြီး ဘယ်လိုနေရာတွေမှာ တိုးတက်မှုရှိလာသလဲ..? ဆန်းစစ်ကြည့်ပါမယ်..။ အခုအောက်မှာ ဖော်ပြထားတဲ့ ကက်ပါ ရဲ့ အရင်တုန်းက စွမ်းဆောင်ရည် အချက်အလက်များနဲ့ ယခုလက်ရှိကာလ စွမ်းဆောင်ရည် အချက်အလက်များကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပေးဂိုးတွေ ပိုနည်းသွားတယ်..၊ ကာကွယ်မှုတွေ ပိုမိုပြုလုပ်နိုင်တယ်..၊ အမြင့်ဘောတွေ၊ ဖြတ်တင်ဘောတွေကိုလည်း ပိုပြီးကာကွယ်ပေးနိုင်လာတယ်..ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်..။



ကက်ပါ အရီဇာဘာလာဂါ ဟာ အရပ်အမောင်း (၆) ပေပဲ ရှိတာကြောင့် ဂိုးသမားတစ်ယောက်အနေနဲ့ဆိုရင် အရပ်ရှည်တဲ့အထဲ မပါဝင်ပါဘူး..။ ဒါ့အပြင် ပင်နယ်တီဧရိယာထဲကို ပေးပို့လာတဲ့ အမြင့်ဘောတွေကို ကာကွယ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး သူဟာအမြဲတစေ အဝေဖန်ခံခဲ့ရပါတယ်..။ ဒါပေမယ့် နည်းပြဂရေဟမ် ပေါ်တာ နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်သစ်တွေရဲ့ ညွှန်ကြားမှုအောက်မှာ စပိန်ဂိုးသမားဟာ ယုံကြည်မှုပိုပြီး တိုးတက်လာတယ်..၊ အမြင့်ဘောတွေကို ကြိုတင်ထွက်ဆွဲနိုင်မှု၊ ကာကွယ်နိုင်မှုတွေမှာ ပိုပြီးတိုးတက် ကောင်းမွန်လာတာ တွေ့ရပါတယ်..။

အခုအောက်မှာ ပြသထားတဲ့ အချက်အလက်တွေအရဆိုရင် ဂိုးသမားကက်ပါ ရဲ့ အခုနှစ်ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေက စွမ်းဆောင်ရည်ဟာ လက်ရှိပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဖြစ်နေတာကို တွေ့ရမှာပါ..။ ဒါပေမယ့် နံပါတ်တစ်ဂိုးသမားအဖြစ် သူတာဝန်ယူခဲ့တဲ့ ပရီးမီးယားလိဂ် (၄) ပွဲက စွမ်းဆောင်ရည်ပဲ ဖြစ်နေတာကြောင့် sample size နည်းလွန်းတဲ့ အားနည်းချက်ရှိနေတာကို သတိပြုမိဖို့တော့ လိုအပ်ပါတယ်..။



ကက်ပါ ဟာ ချယ်လ်ဆီးဂိုးပေါက်ကို ကာကွယ်ခဲ့ရတဲ့ ပရီးမီးယားလိဂ် (၄) ပွဲမှာ ပေးဂိုးတစ်ဂိုးသာ ခွင့်ပြုထားရပါတယ်..။ ဒါပေမယ့် တစ်ပွဲမှာ ပျမ်းမျှကာကွယ်နိုင်မှု (saves per 90 min) စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် သူဟာ တစ်ပွဲကို ပျမ်းမျှ (၄) ကြိမ် ကာကွယ်မှု ပြုလုပ်ထားပြီး ပရီးမီးယားလိဂ်က ဂိုးသမားတွေထဲမှာ တတိယနေရာ ရှိနေတာတွေ့ရမှာပါ..။ အဲဒီအချက်အလက်ဟာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကြောင်းဟာ ရေပက်မဝင် ခံစစ်ကြောင်း မဟုတ်ဘူး.. ဆိုတာ ညွှန်ပြနေပါတယ်..။

ပရီးမီးယားလိဂ် ဂိုးသမားတွေထဲမှာ လက်သီးနဲ့ထိုးထုတ်ရတဲ့ ကာကွယ်မှုတွေ (punched clearances) အများဆုံးပြုလုပ်ထားတယ်.. ဆိုတဲ့ စွမ်းဆောင်ရည် အချက်အလက်ကတော့ သူ့ရဲ့တိုးတက်လာတဲ့ အမြင့်ဘော ကာကွယ်မှုကို ပြသနေပါတယ်..။ ဒ့ါအပြင်သူဟာ ဂိုးဧရိယာအပြင်ဘက်ထွက်ပြီး ဘောလုံးအရယူ၊ ဖျက်ထုတ်နိုင်မှု (keeper sweeper regains) အပိုင်းမှာ နယူးကာဆယ် ဂိုးသမား နစ်ခ် ပုပ် ပြီးရင် ဒုတိယမြောက် စွမ်းဆောင်ရည် အကောင်းဆုံး… ဂိုးသမားဖြစ်နေပြီး highline defence နဲ့ ဂိုးသမားတွေရဲ့ လျှင်မြန်မှုနဲ့ ဘောလုံးစွမ်းရည်ကို အားကိုးတဲ့ နည်းပြပေါ်တာ ရဲ့ နည်းစနစ်အခင်းအကျင်းနဲ့ ကိုက်ညီနေတယ်ဆိုတာကို ပြသနေပါတယ်..။

နည်းပြဂရေဟမ် ပေါ်တာ ကတော့ ကက်ပါ အရီဇာဘာလာဂါ နဲ့ အက်ဒ်ဒွပ် မန်ဒီ တို့နှစ်ယောက်မှာ ဘယ်သူကတော့ သူ့ရဲ့နံပါတ်တစ် ဂိုးသမား ဆိုတာ တရားဝင် ထုတ်ဖော်ပြောကြားခဲ့တာ မရှိသေးပဲ အသင်းမှာ ‘နံပါတ်တစ် ဂိုးသမား နှစ်ယောက် (two No. 1s)’ ရှိနေတယ်.. လို့ပဲ ယေဘူယျဆန်ဆန် ပြောကြားသွားပါတယ်..။ ဒါပေမယ့် သူ့ရဲ့ပွဲထွက်လူစာရင်း ထုတ်ပုံတွေကို ကြည့်မယ်ဆိုရင် ကက်ပါ ဟာ ‘နံပါတ်တစ် ဂိုးသမား’ ဖြစ်တယ်ဆိုတာ ထင်ထင်ရှားရှား ပြသနေပါတယ်..။ ဒ့ါကြောင့်စပိန်ဂိုးသမားဟာ လက်ရှိစွမ်းဆောင်ရည်အတိုင်း ဆက်လက်ထိန်းထားနိုင်မယ်ဆိုရင် အသင်းရဲ့ ‘နံပါတ်တစ် ဂိုးသမား’ အဖြစ် ဆက်လက်တည်ရှိနေမှာ အသေအချာပါပဲ..။



ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာ အကောင်းဆုံး လက်စွမ်းပြခဲ့တဲ့ ဂိုးသမား အက်ဒ်ဒွပ် မန်ဒီ ဟာ အခုနောက်ပိုင်းမှာ အမှားအယွင်းတွေ များပြားလာခဲ့ပြီး တဖြည်းဖြည်းနဲ့ စွမ်းဆောင်ရည် ကျဆင်းလာခဲ့ပါတယ်..။ ဒါ့ကြောင့်ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ရဲ့ အချိန်ကိုက် လက်စွမ်းတက်လာခဲ့မှုဟာ နည်းပြသစ်အတွက် အားတက်ဖွယ် ဖြစ်ခဲ့သလို အသင်းပိုင်ရှင် တော့ဒ် ဘိုလေး တို့အတွက်လည်း သတင်းကောင်းတစ်ခုပါပဲ..။ ၂၀၁၈ ခုနှစ်၊ နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေးအမြင့်ဆုံး ဂိုးသမားအဖြစ် စတာလင်ပေါင် (၇၁.၆) သန်းနဲ့ အနောက်လန်ဒန်အသင်းကို ရောက်ရှိလာခဲ့သလို ချယ်လ်ဆီးအသင်းကလည်း အဲဒီဂုဏ်ဒြပ်နဲ့ညီမျှစေမယ့် မြင့်မားတဲ့လစာ၊ နှစ်ရှည်စာချုပ်သက်တမ်းနဲ့ သူ့ကိုပေးချခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်..။

ဒ့ါကြောင့်ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ စပိန်ဂိုးသမားဟာ အရန်ဂိုးသမားအဖြစ်နဲ့သာ နေရာရနေခဲ့တဲ့ အနေအထားဟာ အသင်းအတွက် ကြီးမားတဲ့ဝန်ထုတ်ဝန်ပိုး ဖြစ်ခဲ့ရပါတယ်..။ အသင်းမှာ နေရာမရ ဖြစ်နေတဲ့ ဂိုးသမား ကက်ပါ ကို စိတ်ဝင်စားတဲ့ အသင်းတစ်ချို့ ရှိခဲ့ပေမယ့် ချယ်လ်ဆီးအသင်း ပြုလုပ်ခဲ့ရတဲ့ ရင်းနှီးမြုပ်နှံမှု၊ မြင့်မားတဲ့ လစာပေးချေမှုကို လိုက်မှီနိုင်မယ့် အခြားအသင်းတစ်သင်းကို ရှာဖွေနိုင်ဖို့ အခက်အခဲတွေ ရှိနေခဲ့ပါတယ်..။ ဒ့ါကြောင့်ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ နည်းပြသောမတ်စ် တူခယ်လ် က ဂိုးသမား ကက်ပါ နဲ့ ပတ်သက်ပြီး ‘ဖြစ်နိုင်မယ့် အလားအလာတွေကို စောင့်ကြည့်နေပေမယ့် ကျွန်တော်တို့ လိုချင်တဲ့ ကမ်းလှမ်းမှုမျိုးကို မတွေ့ခဲ့ရသေးဘူး..’ လို့ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်..။

အခုလိုကက်ပါ အရီဇာဘာလာဂါ ရဲ့ တစ်ကျော့ပြန်လက်စွမ်းဟာ အသင်းအတွက် ချိုမြိန်တဲ့ သတင်းကောင်းတစ်ခု ဖြစ်ပေမယ့် နောက်ထပ်ဂိုးသမား တစ်ယောက်ဖြစ်တဲ့ အက်ဒ်ဒွပ် မန်ဒီ ရဲ့ အနေအထားကိုတော့ အခက်အခဲ ဖြစ်လာစေနိုင်ပါတယ်..။ ဆီနီဂေါဂိုးသမားဟာ ၂၀၂၅ ခုနှစ်မှာ အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ်စာချုပ်သက်တမ်းသစ်အတွက် အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုုလုပ်နေပါတယ်..။ သတင်းတွေမှာတော့ အသင်းရဲ့ကနဦးကမ်းလှမ်းမှုကို သူ့ဘက်က ငြင်းပယ်ထားတယ်လို့ သိရပါတယ်..။



ဒ့ါကြောင့်ချယ်လ်ဆီးဘက်က နောက်ထပ်တစ်ကြိမ် ကမ်းလှမ်းမှု ပြုလုပ်မယ့်အချိန်မှာ အရန်ဂိုးသမားအဖြစ်သာ နေရာရနိုင်တော့မယ့် အနေအထားကို ကျေနပ်နိုင်မှာလား..? အသင်းဘက်က ပိုပြီးကောင်းမွန်တဲ့ ကမ်းလှမ်းမှု မရခဲ့ရင် သူ့ဘက်က လက်ခံနိုင်မယ့်အနေအထား ရှိပါ့မလား..? စတဲ့ ဒွိဟစိတ်တွေ ဖြစ်လာနိုင်စရာ ရှိပါတယ်..။

ဒါပေမယ့် နည်းပြဂရေဟမ် ပေါ်တာ ကတော့ အဲဒီလိုအနေအထားတွေကို ထည့်သွင်းစဉ်းစားဦးမှာ မဟုတ်သေးပါဘူး..။ သူ့အနေနဲ့ ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ရဲ့ တောက်ပလာတဲ့ လက်စွမ်း၊ စွမ်းဆောင်ရည်ကို အပြာရောင်အသင်းရဲ့ မာကျောတဲ့ ခံစစ်ကြောင်းကို ပြန်လည်တည်ဆောက်ရာမှာ အခြေခံအုတ်မြစ်အဖြစ် အသုံးချနိုင်ဖို့ကိုသာ ဦးစားပေး၊ အာရုံစိုက်ထားမှာသာ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။

(Sky Sports သတင်းဌာနမှ ဆောင်းပါးရှင် Joe Shread ၏ ‘Kepa Arrizabalaga: Why the most expensive goalkeeper of all time is once again Chelsea's No 1' ဆောင်းပါးကို ပြန်ဆိုပါသည်..။)