feature-image

ချယ်လ်ဆီးကို ပြန်လည်တည်ငြိမ်မှုစေခဲ့တဲ့ ‘ဂရေဟမ် ပေါ်တာ’ ရဲ့ ဘရိုက်တန်သို့ အပြန်ခရီး…

လွန်ခဲ့တဲ့ခြောက်ပတ်ကထက် ‘ပိုပြီးတောက်ပြောင်၊ ချောမောလာတယ် (glow up)..’ ဆိုပြီး လူပြောများလာတဲ့ ဂရေဟမ် ပေါ်တာ ရဲ့ အသွင်အပြင်ဟာ သတင်းစာရှင်းလင်းပွဲတစ်ချို့မှာ ဖျော်ဖြေမှုပေးစရာ မေးခွန်းတစ်ခု ဖြစ်လာခဲ့ပါတယ်..။ ဒါပေမယ့် သူဟာဒီနေ့ပွဲစဉ်မှာတော့ သုံးနှစ်ကျော် ကျင်လည်ခဲ့တဲ့ ဘရိုက်တန်အသင်းဆီ ပြန်သွားပြီး အိမ်ရှင်အသင်း ပရိသတ်တို့ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ကစားဟန်ကို ချယ်လ်ဆီးအသင်းနဲ့အတူ ပြန်လည်အမှတ်ရစေနိုင်အောင် စွမ်းဆောင်ပေးနိုင်မလား...? စောင့်ကြည့်ရမှာပါ...။

ဆွီဒင်စတုတ္ထတန်း အသင်းကနေ ပရီးမီးယားလိဂ် ရပ်ဝန်းဆီကို တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်လှမ်းခြင်း တက်လှမ်းလာခဲ့တဲ့ အင်္ဂလန်နည်းပြကြီးဟာ South Coast ဒေသရဲ့ အေးချမ်းခြင်း၊ တည်ငြိမ်ခြင်း.. အနှစ်သာရတွေကို စွန့်ခွာလို့ အနောက်လန်ဒန်ဒေသရဲ့ တောက်ပတဲ့ မီးရောင်တွေအောက်၊ ပကာသနတွေအောက်၊ အောင်မြင်မှုတွေရဲ့နောက်ကို ကောက်ကောက်ပါအောင် လိုက်ပါသွားခဲ့ပါပြီ..။ သူကျင်လည်ရတော့မယ့် နေရာသစ်ကတော့ အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေး တို့ရဲ့ စတာလင်ပေါင်သန်း ရာပေါင်းများစွာ ရင်းနှီးမြုပ်နှံထားခဲ့တဲ့ အသင်းတစ်သင်းဖြစ်နေပြီး အဲဒီနေရာမှာ သူ့ရဲ့အောင်မြင်မှု၊ ကျရှုံးမှုတွေကို တိုင်းတာမယ့်အရာက ‘ဆုဖလား’ တွေပဲ ဖြစ်ပါလိမ့်မယ်..။

အခုအချိန်မှာတော့ သူဟာချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာ ရက်သတ္တပါတ် ခြောက်ပတ်ကာလသာ ရှိနေသေးပေမယ့် ဂျာမန်နည်းပြ သောမတ်စ် တူခယ်လ် ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ပျောက်ဆုံးသွားခဲ့တဲ့ အသင်းရဲ့ယုံကြည်မှုကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်..။ အနောက်လန်ဒန်အသင်းနဲ့အတူ နည်းပြဘဝရဲ့ နောက်ထပ်တစ်ဆင့်မြင့် ကဏ္ဍသစ်တစ်ခုကို စတင်လျှောက်လှမ်းနေတဲ့ သူ့အတွက်တော့ ဒီနေ့ပွဲစဉ်ရလဒ်ဟာ သူ့အနေနဲ့ တစ်ဦးချင်းရော၊ အသင်းလိုက်ပါ ဘယ်လောက်တိုးတက်လာပြီလဲ..? ဘယ်လာက် ရင့်ကျက်လာပြီလဲ.. စတဲ့အချက်တွေကို ထပ်မံတိုင်းတာဦးမယ့် ပေတံတစ်ခု ဖြစ်လာပါလိမ့်မယ်..။

“မနက်ဖြန်ပွဲစဉ်ဟာ နောက်ထပ်ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာဦးမှာပါ..။ ကျွန်တော်ဟာ ဘရိုက်တန်အသင်းရဲ့အကြောင်း ကောင်းကောင်းသိပါတယ်..။ သူတို့အသင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိနေပါတယ်..။ အဲဒီကွင်းမှာ ပြန်လည်ခြေချခွင့်ရမယ့်အချိန်ကို မစောင့်နိုင်အောင်ပါပဲ…။” လို့ မနှစ်ကဘောလုံးရာသီမှာ ဘရိုက်တန်အသင်းကို အဆင့် (၉) နေရာအထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂရေဟမ် ပေါ်တာ က ပြောကြားခဲ့ပါတယ်..။



ဂရေဟမ် ပေါ်တာ ဟာ ချယ်လ်ဆီးအသင်းကို ဘာတွေပြောင်းလဲစေခဲ့လဲ..?

သူဟာ RB ဆဲလ်ဘတ် အသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ အိမ်ကွင်းပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို ပထမဆုံးစတင် တာဝန်ယူခဲ့ပြီး တစ်ဘက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်..။ အဖွင့်ပွဲစဉ်မှာ အကောင်းဆုံးရလဒ်နဲ့ တာမထွက်နိုင်ခဲ့ပေမယ့် ရလဒ်တွေတဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီး နောက်ထပ် (၈) ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အချက်အလက်တွေဟာ အသင်းမှာဖြစ်တည်နေဆဲ ပြဿနာတစ်ချို့ကို ဖုံးကွယ်ထားသလို ဖြစ်နေတာကြောင့် တကယ့်အခြေအနေမှန်ကို ညွှန်ပြနေတယ်လို့ မပြောနိုင်ပါဘူး..။ အသင်းရဲ့ ခံစစ်ပိုင်း တောင်းတင်းဖို့နဲ့ တိုက်စစ်ပိုင်းမှာ ထက်မြက်သွက်လက်ဖို့.. လုပ်ဆောင်ရာမှာ တိုးတက်မှုတွေ ရရှိနေပေမယ့် ခံစစ်ပိုင်းနဲ့ တိုက်စစ်ပိုင်းကြားမှာ အကောင်းဆုံးဟန်ချက် (balance) ရရှိနိုင်အောင် ရှာဖွေနေဆဲ ဖြစ်ပါတယ်..။

ယခုနောက်ပိုင်း ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တွေမှာ အသင်းဟာ ယုံကြည်မှုပိုမို ကောင်းမွန်လာခဲ့သလို ဆဲလ်ဘတ်အသင်းကို အဝေးကွင်းမှာ ၁ - ၂ နဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ရှုံးထွက်ပွဲစဉ်အဆင့် တက်ရောက်နိုင်ခဲ့တဲ့ပွဲစဉ်မှာဆိုရင် အသင်းသားများဟာ ပေါ်တာ ရဲ့ နည်းစနစ်အခင်းအကျင်း၊ အယူအဆတွေကို ပိုမိုနားလည်လာခဲ့တာ တွေ့မြင်ခဲ့ရပါတယ်..။ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးပြီး တိုက်စစ်လမ်းကြောင်းစတင်ဖို့ အခွင့်အရေး ပေါ်လာတာနဲ့ ထိုးဖောက်ရမယ့် နေရာလွတ်ဆီကို အမြန်ဆုံးနည်းနဲ့ ပေးပို့ကစားခြင်းဟာ ‘Potter-ball’ အဖြစ် ညွှန်းဆိုနေခဲ့ကြတဲ့ သူ့ရဲ့ကစားဟန်ရဲ့ အဓိကအနှစ်သာရပဲ ဖြစ်ပါတယ်…။

အဲဒီပွဲစဉ်ပထမပိုင်းမှာ ချယ်လ်ဆီးအသင်း ကစားသမားတွေဟာ နည်းပြပေါ်တာ လိုချင်တဲ့ ဒဿနအယူအဆအတိုင်း အပြည့်အ၀ အကောင်အထည်ဖော်နိုင်ခဲ့ပြီး မြန်ဆန်၊ တိကျခဲ့တဲ့ တိုက်စစ်ထိုးဖောက်ပုံ၊ တွဲလုံးတွေကို အင်္ဂလန်အသင်းနဲ့ ချယ်လ်ဆီးနည်းပြဟောင်း ဂလင်း ဟော်ဒယ်လ် က ‘ဂရေဟမ် ပေါ်တာ ရဲ့ ထက်ထက်မှာ ချယ်လ်ဆီးအသင်း အကောင်းဆုံး ကစားသွားခဲ့တဲ့ (၄၅) မိနစ်’ ဆိုပြီး BT Sports သုံးသပ် စကားဝိုင်းမှာ မှတ်ချက်ပေးသွားခဲ့ပါတယ်..။



အင်္ဂလန်အသင်းနှင့် အဲဗာတန်အသင်း ကွင်းလယ်ကစားသမားဟောင်း လီယွန် အော့စ်မန်း ကလည်း ‘ပထမပိုင်းမှာ ကစားသွားခဲ့တဲ့ ထိုးဖောက်ကစားပုံတွေဟာ သိပ်ကိုကောင်းပါတယ်..။ ဘောလုံးပေးပို့မှု၊ ရွှေ့လျားမှုတွေ မြန်ဆန်၊ တိကျခဲ့ပြီး အခွင့်အရေးတွေအများကြီး ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ကျွန်တော်တို့ဟာ ချယ်လ်ဆီးအသင်းကို အဲဒီလိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကစားဟန်အတိုင်း အမြဲတမ်းစွမ်းဆောင်ပေးနိုင်မယ့် အသင်းတစ်သင်းအဖြစ် မျှော်လင့်ထားပါတယ်..’ ဆိုပြီး BBC Radio 5 Live အစီအစဉ်ကနေ ချီးမွမ်း၊ ပြောကြားသွားခဲ့ပါတယ်..။

ဂရေဟမ် ပေါ်တာ ရဲ့ လက်ထက် ချယ်လ်ဆီးအသင်း ဘာတွေတိုးတက်လာခဲ့သလဲ..?

ဆဲလ်ဘတ်အသင်းနဲ့ပွဲစဉ်ရလဒ်နဲ့ အသင်းရဲ့တိုးတက်လာတဲ့ ကစားပုံဟာ နည်းပြပေါ်တာ နဲ့ ချယ်လ်ဆီးအသင်းအတွက် အားတက်စရာ ဖြစ်ပေမယ့် အပိုင်ဂိုးသွင်းခွင့်တွေ ဖြုန်းတီးနေဆဲ ဖြစ်နေတဲ့အချက်ဟာ စိုးရိမ်စရာပါပဲ..။ ရရှိလာခဲ့တဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အဆုံးမသတ်နိုင်ခဲ့သလို ဆဲလ်ဘတ်ဂိုးသမား ဖိလစ်ပ် ကွန်း ရဲ့ ထူးရှယ်လက်စွမ်းပြခဲ့မှုတွေကြောင့် ဂိုးရနိုင်မယ့် အခွင့်အရေးများစွာကို ဆုံးရှုံးခဲ့ရပါတယ်..။ ဒါပေမယ့် အချက်အလက်တွေအရဆိုရင် ယခုနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းဟာ ဂရေဟမ် ပေါ်တာ တာဝန်ယူခဲ့ပြီးနောက်ပိုင်း သောမတ်စ် တူခယ်လ် လက်ထက်ကစာရင် အခွင့်အရေးတွေ ပိုမိုဖန်တီးပေးနိုင်ခဲ့တယ် (creating chances) ဂိုးရရှိနိုင်မယ့် အခွင့်အရေးတွေ ပိုမိုရရှိခဲ့တယ် (expected goals) ဆိုတာ တွေ့ရပါတယ်..။

လီယွန် အော့စ်မန်း ကတော့ "ချယ်လ်ဆီးအသင်းဟာ ရာသီအစတုန်းက ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ပေမယ့် အခုအချိန်မှာ တဖြည်းဖြည်းနဲ့ အရင်လိုယုံကြည်မှုမျိုးကို ပြန်လည်ရရှိလာပါပြီ..။ အခုအချိန်မှာ သူတို့ဟာ နည်းပြပေါ်တာ ဘယ်လိုကစားချင်တယ်ဆိုတာ သင်ယူနေဆဲဖြစ်ပြီး တိုးတက်မှုတွေကို မြင်တွေ့နေရပါပြီ..။ ဆဲလ်ဘတ်အသင်းနဲ့ပွဲက စွမ်းဆောင်ရည်အတိုင်းဆိုရင် သူတို့ဟာ ပေါ်တာ နဲ့အတူ ယုံကြည်မှုအပြည့်အ၀ ပြန်လည်ရရှိနေတဲ့အသင်းလို့ ပြောနိုင်နေပါပြီ..။" လို့ သုံးသပ်ခဲ့ပါတယ်..။



၂၀၂၁ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပြီး မနှစ်ကဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ အဆင့် (၃) နေရာရရှိခဲ့တဲ့ သောမတ်စ် တူခယ်လ် ရဲ့လက်ထက် ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုတွေဟာ ရေပက်မဝင်၊ မာကျော ကျစ်လျစ်တဲ့ ခံစစ်ကြောင်းအပေါ် အခြေခံခဲ့ပါတယ်..။ ဒါပေမယ့် ဂျာမန်နည်းပြကြီးဟာ ဒီနှစ်ဘောလုံးရာသီ ခုနှစ်ပွဲကိုင်တွယ်ခဲ့ရာမှာ သုံးပွဲရှုံးနိမ့်ခဲ့ပြီး ပေးဂိုးမရှိတဲ့ပွဲစဉ် (clean sheet) တစ်ကြိမ်သာ ရရှိခဲ့ပါတယ်..။

နည်းပြပေါ်တာ လက်ထက်မှာ ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ ဟာ ပြန်လည်တောက်ပခဲ့သလို လူငယ်အင်္ဂလန် နောက်ခံလူ ထရေဗာ ချာလိုဘာ လည်း တည်ငြိမ်တဲ့ခြေစွမ်းနဲ့ အခိုင်အမာ တစ်နေရာရလာခဲ့ပါတယ်..။ ဒါ့အပြင်အပြာရောင်တွေဟာ နောက်ဆုံး (၇) ပွဲအတွင်းမှာ (၂) ဂိုးပဲ ခွင့်ပြုရပါသေးတယ်..။

“ဆဲလ်ဘတ်အသင်းနဲ့ ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့မာကျောမှုကို ပြသနိုင်ခဲ့ပါတယ်..။ ပထမပိုင်းမှာ အပိုင်အခွင့်အရေးတွေ အများကြီးလက်လွှတ်ခဲ့ရတဲ့နောက် သူတို့ဟာ ဒုတိယပိုင်းမှာ အနိုင်ရလဒ်ကို ကျားကုတ်ကျားခဲ ကြိုးစားပမ်းစား ရယူခဲ့ရပါတယ်..။ သူ့ရဲ့အသင်းသားတွေဟာ နည်းပြပေါ်တာ ရဲ့ အပြောင်းအလဲတွေအပေါ် လိုက်လျောညီထွေဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်..။

အထူးသဖြင့်သူတို့ရဲ့ ခံစစ်ကစားပုံ ကောင်းမွန်ခဲ့ပါတယ်..။ ဆဲလ်ဘတ်အသင်းက အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် ဂိုးသမားနဲ့ နောက်တန်းလူတွေရဲ့ ကာကွယ်မှု၊ ပိတ်ဆို့ခဲ့မှုတွေ ကောင်းမွန်ခဲ့ပါတယ်..။ အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေတဲ့ အရာတွေတော့ ရှိပါသေးတယ်..။ ဥပမာ- ဖိအားပေးမှုတွေ (pressures) အောက်ကနေ ဘောလုံးကို အရယူ၊ ဖောက်ထွက်နိုင်ဖို့.. စတဲ့အရာတွေပေ့ါဗျာ..။ ဒါပေမယ့်အခုအချိန်ထိ တစ်လခွဲကာလအတွင်း အသင်းရဲ့ တိုးတက်လာမှုအနေအထားအပေါ် ဂရေဟမ် ပေါ်တာ တစ်ယောက် ကျေနပ်ပါလိမ့်မယ်..။”
လို့ ပွဲစဉ်သုံးသပ်သူ လီယွန် အော့စ်မန်း က ဆက်လက် ပြောကြားခဲ့ပါတယ်..။



နည်းပြ ဒီ ဇာဘီ လက်ထက် ဘရိုက်တန်အသင်းရဲ့ အခြေအနေ ဘယ်လိုရှိနေလဲ..?

အီတလီနည်းပြ ရော်ဘတ်တို ဒီ ဇာဘီ တာဝန်ယူခဲ့ပြီးနောက်ပိုင်း ဘရိုက်တန်အသင်းဟာ ယှဉ်ပြိုင်ခဲ့ရတဲ့ ငါးပွဲစလုံးမှာ တစ်ပွဲမှအနိုင်မရခဲ့သေးပါဘူး..။ လီဗာပူးလ်၊ မန်ချက်စတာ စီးတီးအသင်းတို့လို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲတွေမှာ သူတို့ရဲ့ မကြောက်မရွံ့ ရဲရဲဝံ့ဝံ တိုက်စစ်ဆင်ကစားဟန်ကြောင့် တောင်ဘက်ကမ်းခြေက ဇင်ယော်ဌက်များအပေါ် ချီးကျူးဂုဏ်ပြုသံတွေ စီညံခဲ့ပေမယ့် အဲဒီနှစ်ပွဲမှာ လီဗာပူးလ်နဲ့ အန်ဖီးလ်ကွင်းမှာ တစ်ဘက်သုံးဂိုးစီ သရေကျခဲ့တဲ့ပွဲက တစ်မှတ်သာ ရရှိခဲ့ပါတယ်..။



ဘရိုက်တန်အသင်းဟာ အဲဒီနှစ်ပွဲကြားထဲမှာ တော့တင်ဟမ်၊ ဘရန့်တ်ဖို့ဒ်၊ နော့တင်ဟမ် ဖောရက်စ် အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သွင်းဂိုးလုံးဝမရှိခဲ့သလို ရမှတ်တစ်မှတ်သာ ရရှိခဲ့ပါတယ်..။ “ပြီးခဲ့တဲ့ သုံးနှစ်စလုံးမှာ ကျွန်တော်တို့ ဘရိုက်တန်အသင်းဟာ ကိုယ့်ထက်ပိုပြီး အင်အားကြီးမားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရမှာ အကောင်းဆုံးစွမ်းဆောင်ရည်၊ အကောင်းဆုံးရလဒ်တွေ ရရှိခဲ့ပါတယ်..။ ဒါပေမယ့် ခံစစ်အသေထိုင်ပိတ်ပြီး park the bus ပိတ်ဆို့ကစားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ အမြဲတမ်း ရုန်းကန်ခဲ့ရပါတယ်..။

ချယ်လ်ဆီးကို ထွက်မသွားခင်အထိ ပေါ်တာ ဟာ အဲဒီပြဿနာကို ဖြေရှင်းမသွားနိုင်ခဲ့ပါဘူး..။ သူနောက်ဆုံးကိုင်တွယ်ခဲ့တဲ့ (၁၅) ပွဲမှာ ဘရိုက်တန်အသင်းရဲ့ ရလဒ်တွေ ကောင်းမွန်ခဲ့တယ်.. ဆိုပေမယ့် အဲဒီအသင်းတွေဟာ ကျွန်တော်တို့ကို တိုက်စစ်ဖွင့်ကစားတဲ့ attacking football အသင်းတွေ ဖြစ်နေပါတယ်..။ လက်ရှိနည်းပြ ဒီ ဇာဘီ ခံစစ်အသားပေး ကစားတဲ့ အသင်းတွေရဲ့ ခံစစ်ကြောင်းကို ထိုးဖောက်၊ ဖြိုခွင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေနိုင်ဖို့ လိုအပ်နေပါတယ်..”
ဆိုပြီး ဘရိုက်တန်အသင်း အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ စကော့တ် မက်ကာသီ က ဘရိုက်တန်အသင်းပရိသတ်တွေရဲ့ We Are Brighton website မှာ သုံးသပ်၊ ရေးသားခဲ့ပါတယ်..။

ဒ့ါကြောင့်ဒီနေ့မှာ ဘရိုက်တန်အသင်းရဲ့ Amex ကစားကွင်းကို ရောက်လာမယ့် ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းအတွက် သူတို့ရဲ့ကစားကွက် အခင်းအကျင်းနဲ့ ကိုက်ညီနိုင်မယ့် အသင်းဖြစ်နိုင်မယ်..၊ နည်းပြ ဒီ ဇာဘီ အတွက် သူ့ရဲ့ပထမဆုံးအနိုင်ပွဲကို ဆောင်ယူနိုင်လိမ့်မယ်.. လို့ စကော့တ် မက်ကာသီ နဲ့ ဘရိုက်တန်အသင်း ပရိသတ်တွေက မျှော်လင့်နေကြပါတယ်..။



ဒီနေ့ပွဲမှာ ဂရေဟမ် ပေါ်တာ ကို ဘယ်လိုပုံစံ ဧည့်ခံကြမှာလဲ..?

ဆွီဒင်စတုတ္ထတန်းအဆင့်က Ostersunds FK အသင်းနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဆွမ်ဆီအသင်းကနေ ဘရိုက်တန်အသင်းဆီ ရောက်လာတဲ့ နည်းပြဂရေဟမ် ပေါ်တာ အနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ချိန်မှာ ‘သူ့အနေနဲ့ အဲဒီအခွင့်အရေးကို ဘယ်လိုမှငြင်းဆန်နိုင်ဖို့ မဖြစ်နိုင်ဘူး..’ လို့ ပြောခဲ့ပါတယ်..။ ဇင်ယော်တွေကို စွန့်ခွာခဲ့ချိန်မှာ သူဟာဘရိုက်တန်အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၄) နေရာဆီ ပို့ဆောင်ထားပြီး နောက်ဆုံးခြောက်ပွဲမှာ တစ်ပွဲသာ သရေကျခဲ့ပါတယ်..။

ဘရိုက်တန်အသင်းနဲ့ ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမားဟောင်း စတိဗ် ဆစ်ဒ်ဝဲလ် က စတန်းဖို့ဒ် ဘရစ်ခ်ျမှာ တာထွက်ကောင်းထားတဲ့ နည်းပြပေါ်တာ ရဲ့ စွမ်းဆောင်ရည်ကို မအံ့သြမိသလို သူ့ရဲ့အိမ်အပြန်ခရီးကိုလည်း ပရိသတ်အများစုက ကောင်းကောင်းမွန်မွန် ကြိုဆိုကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်လို့ အခုလိုသုံးသပ်၊ ပြောကြားခဲ့ပါကြောင်း တင်ဆက်လိုက်ပါတယ်..

“ဂရေဟမ် ပေါ်တာ အတွက်က ဘရိုက်တန်အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ရတာ အင်မတန်မှ ခက်ခဲခဲ့ပါလိမ့်မယ်..။ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲလို ထိပ်တန်းအဆင့် ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့၊ အင်္ဂလန်ဘောလုံးလောကရဲ့ ထိပ်တန်းအသင်းကြီး တစ်သင်းကို ကိုင်တွယ်ခွင့်ရဖို့ အခွင့်အရေးကို ငြင်းပယ်ဖို့မလွယ်ပါဘူး..။ ဒ့ါကြောင့်သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ဘရိုက်တန်အသင်း ပရိသတ်အများစု လေးစား၊ လက်ခံကြပါလိမ့်မယ်..။

လူတိုင်းဟာ ပိုပြီးကောင်းမွန်တဲ့ ကုမ္ပဏီ၊ ပိုပြီးကောင်းမွန်တဲ့ အခွင့်အရေးတွေ ရလာရင် အလုပ်တွေပြောင်းနေကြတာပါပဲ..။ တခါတလေကျရင် ငွေကြေးရေးကြေး အကျိုးအမြတ် မပါဝင်ရင်တောင်မှ လက်မလွတ်သင့်တဲ့ အခွင့်အရေးတွေ ရှိတတ်ပါတယ်..။”

(BBC Sports သတင်းဌာနမှ ဆောင်းပါးရှင် Jonathan Jurejko ၏ ‘Graham Potter makes Brighton return as Chelsea show style & substance' ဆောင်းပါးကို ပြန်ဆိုပါသည်..။)