အင်္ဂလန်တိုက်စစ်မှူး ရာဟင်း စတာလင်း ကို မန်ချက်စတာ စီးတီးအသင်းကနေ စတာင်ပေါင် (၄၇.၅) သန်းနဲ့ ခေါ်ယူနိုင်ခဲ့အပြီး ချယ်လ်ဆီးအသင်းရဲ့ အခုနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့မှာ သူဟာအသင်းရဲ့ ‘နံပါတ်တစ် ဦးစားပေးပစ်မှတ်’ ဖြစ်တယ်လို့ အဲဒီအချိန်ကနည်းပြ သောမတ်စ် တူခယ်လ် က ပြောကြားခဲ့ပါတယ်..။ ဒီလိုနဲ့ဂျာမန်နည်းပြ မရှိတော့တဲ့နောက်ပိုင်း နည်းပြဂရေဟမ် ပေါ်တာ ရဲ့ လက်ထက်မှာတော့ အသက် (၂၇) နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းအတွက် ‘နံပါတ်တစ် ဦးစားပေး စိုးရိမ်စရာ’ အဖြစ် ရောက်ရှိသွားခဲ့ပါတော့တယ်..။
နည်းပြသောမတ်စ် တူခယ်လ် က ပရီးမီးယားလိဂ် ချန်ပီယံဆုလေးကြိမ် ဆွတ်ခူးထားခဲ့တဲ့ အတွေ့အကြုံရင့် တိုက်စစ်မှူးတစ်ယောက်ဖြစ်ခဲ့တဲ့ စတာလင် ကို ‘ပြောင်းလွယ်ပြင်လွယ်ရှိတယ်..(flexibility)၊ လှုပ်ရှားမှုနဲ့ ရွေ့လျားမှု ကောင်းမွန်တယ်..(mobility)၊ ရှေ့တန်းတိုက်စစ်မှာ နေရာစုံ ကစားနိုင်တယ်..(attacking options at front)’ လို့ မှတ်ချက်ပေးခဲ့သလို ဂရေဟမ် ပေါ်တာ ကလည်း စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းကို ရောက်ရှိလာချိန်မှာ ‘ပြောင်းလွယ်ပြင်လွယ်ရှိတယ်..၊ နေရာအတော်များများမှာ အကောင်ဆုံး ကစားပေးနိုင်မယ့် အရည်အသွေး၊ အရည်အချင်းတွေနဲ့ ပြည့်စုံတယ်..’ လို့ ချီးမွမ်းခန်းဖွင့်ခဲ့ပါတယ်..။
သောမတ်စ် တူခယ်လ် ဟာ ရာဟင်း စတာလင်း ကို တိုက်စစ်မှူးအဖြစ် ပင်တိုင်သုံးစွဲခဲ့ပေမယ့် ပေါ်တာ ကတော့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးရဲ့ နည်းစနစ်ပိုင်း ပြောင်းလွယ်၊ ပြင်လွယ်ရှိမှုကို အပြည့်အ၀ အသုံးချပြီး wing back နေရာအပါအဝင် နေရာအတော်များများ ပြောင်းရွှေ့ကစားစေခဲ့ပါတယ်..။ နည်းပြ ပေါ်တာ ဟာ သူ့ရဲ့ပထမဆုံးကိုးပွဲမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ရာဟင်း စတာလင်း ကို အသုံးပြုခဲ့တဲ့ပုံစံအပေါ် ဝေဖန်တာတွေ ရှိခဲ့ပါတယ်..။ သူ့ရဲ့လက်ထက်မှာ ရာဟင်း စတာလင်း ဟာ တောင်ပံကစားသမား၊ တိုက်စစ်မှူးနဲ့ wing back နေရာတွေမှာ ကစားခဲ့ပေမယ့် တစ်ဂိုးပဲသွင်း၊ တစ်ဂိုးပဲ ဖန်တီးထားနိုင်ခဲ့ပါတယ်..။
ဒါ့အပြင် မကြာတော့မယ့်အချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် ရာဟင်း စတာလင်း ခြေစွမ်းပျောက်ဆုံးနေတဲ့ ပြဿနာဟာ ချယ်လ်ဆီးအသင်းနဲ့ ဂရေဟမ် ပေါ်တာ တို့အတွက်သာမက နည်းပြဂါရတ် ဆောက်ဂိတ် တို့ရဲ့ အင်္ဂလန်အသင်းနဲ့ပါ သက်ဆိုင်လာပါတော့တယ်..။
စတာလင်း ဟာ wing back မှာ ဘာကြောင့်ကစားနေရတာလဲ..?
မန်ချက်စတာ စီးတီးအသင်းနဲ့ ခုနှစ်ကျော်ကာလအတွင်း တောင်ပံတိုက်စစ်မှူးအဖြစ်နဲ့ အများဆုံးကစားခဲ့ရတဲ့ စတာလင်း ဟာ အသင်းသစ်မှာ အထိုင်ကျအောင် ကြိုးစားနေရတဲ့အပြင် နည်းပြအပြောင်းအလဲနဲ့အတူ နေရာအသစ်၊ နည်းစနစ် ချဉ်းကပ်ပုံ အသစ်တွေနဲ့ပါ အံဝင်ဂွင်ကျဖြစ်အောင် ကြိုးစားနေရပါတယ်..။ ချယ်လ်ဆီးအသင်းကို ရောက်လာခါစမှာ ၃- ၄- ၃ ကစားကွက်ရဲ့ false 9 အဖြစ် စတင်ကစားခဲ့ရပြီး သောမတ်စ် တူခယ်လ် က ၄- ၄- ၂ ကစားကွက်ကို ပြောင်းလဲလိုက်ချိန်မှာ ကိုင် ဟာဗာ့ဇ် ရဲ့ တွဲဖက်တိုက်စစ်မှူး (front two) အဖြစ် ပြောင်းလဲ၊ ကစားခဲ့ရပါတယ်..။ သူဟာ ချယ်လ်ဆီးအသင်းနဲ့ ပထမဆုံးသုံးပွဲမှာ ဂိုးမရပေမယ့် နောက်ပိုင်းနှစ်ပွဲမှာ သုံးဂိုးသွင်းနိုင်ခဲ့တာကြောင့် အဲဒီအပြောင်းအလဲဟာ သူနဲ့အဆင်ပြေခဲ့ပုံပါပဲ..။
ဒါပေမယ့် နည်းပြဂရေဟမ် ပေါ်တာ ဟာ back three အထိုင်ကစားကွက်ကို အဓိကသုံးစွဲခဲ့သလို စတာလင်း ကို ရှေ့တန်းတိုက်စစ် သုံးနေရာစလုံးအပြင် ဘယ်တောင်ပံ wing back..၊ ညာတောင်ပံ wing back တွေအဖြစ်နဲ့ပါ ပြောင်းလဲသုံးစွဲခဲ့ပါတယ်..။ အသက် (၄၇) နှစ်အရွယ် အင်္ဂလိပ်နည်းပြကတော့ စတာလင်း ရဲ့ နည်းစနစ်ပိုင်းအရ ပြောင်းလွယ်၊ ပြင်လွယ်ရှိမှုကို အသုံးချချင်တာကြောင့် ပါဝင်သလို အသင်းမှာကြုံတွေ့နေရတဲ့ ဒဏ်ရာပြဿနာကြောင့်လည်း သူ့ကို wing back အဖြစ် သုံးစွဲခဲ့ရခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်..။ “ကျွန်တော်တို့ဟာ အသင်းရဲ့မှန်ကန်တဲ့ဟန်ချက် (balance) ကို ရှာဖွေနိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်..။ ဒါပေမယ့် ဒဏ်ရာပြဿနာနဲ့ အဓိကကစားသမားတွေ ဆုံးရှုံးနေရလို့ တချို့အရာတွေဟာ လွယ်ကူခဲ့ခြင်းမရှိပါဘူး..။”
ဝက်စ်လေ ဖိုဖားနား၊ အန်ဂိုလို ကန်တေး တို့ဟာ ဒဏ်ရာကိုယ်စီ အသီးသီးနဲ့ အနားယူရဆဲ ဖြစ်သလို ရိစ် ဂျိမ်းစ် ပါ ဒဏ်ရာထပ်မံ ရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းမှာ ညာတောင်ပံ wing back စစ်စစ် တစ်ယောက်ပဲ ကျန်ပါတော့တယ်..။ ဒါဟာနည်းပြအတွက် ခေါင်းကိုက်စရာပါပဲ..။ ဒ့ါကြောင့်ဂရေဟမ် ပေါ်တာ ဟာ အက်စ်တွန် ဗီလာအသင်းနဲ့ပွဲမှာ စတာလင်း ကို ရိစ် ဂျိမ်းစ် ရဲ့ right wing back နေရာမှာ ထည့်သွင်းခဲ့ပေမယ့် အဲဒီစမ်းသပ်မှုဟာ (၄၅) မိနစ်ပဲ ခံခဲ့ပါတယ်..။ အဲဒီနောက်ပိုင်း ယှဉ်ပြိုင်ခဲ့တဲ့လေးပွဲမှာ ရူဘင် လော့ဖ်တပ်စ် ချိခ်၊ ဆီဇာ အက်ဇ်ပီလီကွဲတား တို့ကို right wing back နေရာ ကစားစေခဲ့ပြီး RB ဆဲလ်ဘတ်၊ ဘရိုက်တန်အသင်းတို့နဲ့ ပွဲတွေမှာတော့ ခရစ်စ်တီယန် ပူလီဆစ် ကို ထည့်သွင်းခဲ့ပြန်ပါတယ်..။ ဒ့ါကြောင့်ဂရေဟမ် ပေါ်တာ အနေနဲ့ ရိစ် ဂျိမ်းစ် ရဲ့ နေရာကို အကောင်းဆုံး အစားထိုးနိုင်ဖို့ ရှာဖွေနေဆဲဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်..။
ရာဟင်း စတာလင်း ဟာ ဗီလာ အသင်းနဲ့ပွဲနောက်ပိုင်း ဘယ်တောင်ပံမှာပဲ ကစားခဲ့ရပြီး wing back နေရာ ကစားရပြီဆိုရင်လည်း left wing back အနေနဲ့သာ ကစားရပါတော့တယ်..။ RB ဆဲလ်ဘတ်အသင်းနဲ့ပွဲမှာတော့ သူဟာ left wing back အဖြစ် ကစားခဲ့ရပြီး ရိစ် ဂျိမ်းစ် က ညာတောင်ပံမှာ ကစားခဲ့ရပါတယ်..။ ချယ်လ်ဆီးအသင်းမှာ left wing back နေရာကစားနိုင်တဲ့ ဘင် ချီးဝဲလ်၊ မာ့စ် ကူကူရယ်လာ တို့ ရှိနေပေမယ့် ရာဟင်း စတာလင်း ပွဲထွက်ကစားခဲ့တဲ့ လေးပွဲမှာ သုံးပွဲကို left wing back အဖြစ် ကစားခဲ့ရတာ တွေ့ရမှာဖြစ်ပါတယ်..။
နည်းပြပေါ်တာ ရဲ့ နည်းစနစ်ပိုင်းဒဿနကို ကြည့်မယ်ဆိုရင် ဘရိုက်တန်အသင်းမှာတုန်းကလည်း ဆိုလေ မာ့ခ်ျ၊ လီယန်ဒရို ထရော့ဆာ့ဒ် တို့လို တောင်ပံကစားသမားတွေကို wing back တွေအဖြစ် ပြောင်းလဲသုံးစွဲခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်..။ ချယ်လ်ဆီးအသင်းကို ပထမဆုံးကိုင်တွယ်ခဲ့တဲ့ ဆဲလ်ဘတ်အသင်းနဲ့ပွဲစဉ်မှာ စတာလင်း ကို wing back အဖြစ် သုံးစွဲခဲ့ရာမှာ သြစတြီးယားအသင်းဟာ ‘(ကွင်းလယ်မှာ စိန်ပွင့်ပုံ အထိုင်ချပြီး) အလယ်ကြောကနေ ထိုးဖောက်လာမှုတွေကို အကောင်းဆုံး ပိတ်ဆို့နိုင်တာကြောင့် (block the middle)’ ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်..။ ဒါ့အပြင်ဆဲလ်ဘတ်အသင်းမှာ တောင်ပံကစားသမားစစ်စစ် မပါဝင်တာကြောင့် စတာလင်း အနေနဲ့ တောင်ပံကစားသမားချင်း 1 vs 1 ပိတ်ဆို့တားဆီးပြီး ခံစစ်တာဝန်ယူဖို့ မလိုအပ်တာကလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်..။
ဂရေဟမ် ပေါ်တာ ဟာ တောင်ပံကစားသမားတွေ သုံးစွဲကစားတဲ့ အေစီ မီလန်၊ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ပွဲတွေမှာတော့ စတာလင်း ကို တိုက်စစ်ကစားသမားအဖြစ် ပြန်လည်တာဝန်ပေးပြီး wing back နေရာမှာ ခံစစ်ကစားသမားတွေကို နေရာချထားခဲ့ပါတယ်..။
ပေါ်တာ ရဲ့ စမ်းသပ်မှုတွေ အလုပ်ဖြစ်ခဲ့ရဲ့လား..?
ဂရေဟမ် ပေါ်တာ အနေနဲ့ ဘရိုက်တန်အသင်းကို ၄ဂိုး- ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ စတာလင်း နဲ့ ပူလီဆစ် တို့နှစ်ယောက်ကို wing backs တွေအဖြစ် ပွဲထွက်စေခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် နောင်တရကောင်း၊ ရနိုင်စရာ ရှိပါလိမ့်မယ်..။ ဒါပေမယ့် အဲဒီပွဲမတိုင်ခင် ဆဲလ်ဘတ်အသင်းကို အဝေးကွင်းမှာ ၂ဂိုး- ၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်တုန်းကလည်း အဲဒီနှစ်ယောက်ကိုပဲ wing back တွေအဖြစ် တစ်ပုံစံထဲ သုံးစွဲခဲ့တာကြောင့် သူ့အနေနဲ့ အသင်းဟောင်းနဲ့ ရင်ဆိုင်တွေ့တဲ့ပွဲစဉ်မှာ အရင်ပွဲစဉ် အခင်းအကျင်းအတိုင်း ဆက်လက်ရင်ဆိုင်ဖို့ ယုံကြည်ချက် ရှိသွားခဲ့ပုံရပါတယ်..။
ဒါပေမယ့် ဘရိုက်တန်နည်းပြ ဒီ ဇာဘီ ဟာ ပုံမှန်ကစားနေကျ ၃- ၄- ၃ ကစားကွက်ကိုဖျက်ပြီး ၄- ၂- ၃- ၁ ကစားကွက်နဲ့ ဘယ်၊ ညာတောင်ပံတွေကနေ ဦးစားပေး၊ ထိုးဖောက်ချိန်မှာ ချယ်လ်ဆီးအသင်း အငိုက်မိသွားခဲ့ပါတယ်..။ ဘရိုက်တန်အသင်းနဲ့ပွဲ မတိုင်ခင်အထိ ဂရေဟမ် ပေါ်တာ ဟာ ကိုးပွဲအတွင်းမှာ လေးဂိုးပဲ ခွင့်ပြုထားခဲ့ရပါတယ်..။ ဒ့ါကြောင့်ခံစစ်ပိုင်းစွမ်းဆောင်ရည် အချက်အလက်တွေအရ သူ့ရဲ့နည်းစနစ်ပိုင်း အပြောင်းအလဲများမှာ ဆိုးကျိုးရှိတယ်လို့တော့ မပြောနိုင်ပါဘူး..။ (ဂရေဟမ် ပေါ်တာ တာဝန်ယူပြီး ဂိုးသမား ကက်ပါ အရီဇာဘာလာဂါ မှာ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား ဖြစ်နေသည့် အချက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည် - စကားချပ်) ဒါဆိုရင် စတာလင်း အပေါ်မှာရော ဘယ်လိုသက်ရောက်မှု ရှိပါသလဲ..?
အထက်ပါ ပူးတွဲပုံမှာဆိုရင် တိုက်စစ်ပိုင်းသီးသန့် တာဝန်ယူရတဲ့ ရာဟင်း စတာလင်း နဲ့ wing back အဖြစ် တာဝန်ယူရတဲ့ ရာဟင်း စတာလင်း ရဲ့ တိုက်စစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အချက်အလက်များကို နှိုင်းယှဉ်ပြသထားပါတယ်..။ သူဟာ wing back အဖြစ် တာဝန်ယူရချိန်မှာ တစ်ပွဲကိုပျမ်းမျှ သွင်းဂိုးနှုန်း (goals scored per 90 min)၊ ဂိုးဖန်တီးနိုင်မှုနှုန်း (assists per 90 min)၊ ပြိုင်ဘက်ကစားသမားကို တစ်ဦးချင်း ကျော်ဖြတ်နိုင်မှုနှုန်း တွေ (take-on completed per 90 min) နည်းပါးသွားပါတယ်..။ ဒါပေမယ့် ခြားနားချက်ဟာ မဆိုစလောက်လေးပဲ ဖြစ်နေပါတယ်..။
ဒါ့အပြင် ဂိုးကန်သွင်းနိုင်မှု (shots per 90 min) နဲ့ တိုက်စစ်ဇုန် ပေးပို့မှုတွေ (final-third passes completed) ပိုပြီးပြုလုပ်နိုင်ခဲ့တာကို ကြည့်မယ်ဆိုရင် ပေါ်တာ ရဲ့ wing back နေရာ စမ်းသပ်မှုကြောင့် ရာဟင်း စတာလင်း ရဲ့ တိုက်စစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ပိုင်းကို ထူးထူးခြားခြား ထိခိုက်စေခဲ့တယ်လို့ မပြောနိုင်ပါဘူး..။
အထက်က ပူးတွဲပုံမှာဆိုရင် ရာဟင်း စတာလင်း ရဲ့ wing back အဖြစ် လှုပ်ရှားခဲ့ရတဲ့ ရွှေ့လျားမှုနဲ့ တိုက်စစ်ကစားသမားအဖြစ် ရွှေ့လျားခဲ့ရတဲ့ heat map ကို နှိုင်းယှဉ်ပြသထားပါတယ်..။ နည်းပြပေါ်တာ ဟာ စတာလင်း ကို wing back အဖြစ် တာဝန်ပေးတယ်.. ဆိုပေမယ့် တိုက်စစ်ကိုပဲ အစွမ်းကုန်လိုက်ပါဖို့သာ မှာကြားထားခဲ့တယ်ဆိုတာ တွေ့နိုင်ပါလိမ့်မယ်..။
ဒါပေမယ့် တကယ်တမ်း စိတ်ပူစရာ ကောင်းတာက ချယ်လ်ဆီးအသင်းကို ရောက်ရှိပြီးနောက်ပိုင်း ရာဟင်း စတာလင်း ရဲ့ တိုက်စစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်..။ အခုအောက်က ပူးတွဲပုံမှာဆိုရင် မန်ချက်စတာ စီးတီးအသင်းကနေ ထွက်ခွာလာခဲ့ပြီးနောက်ပိုင်း သူ့ရဲ့တိုက်စစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေဟာ သိသိသာသာ ကျဆင်းနေတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်..။
အင်္ဂလန်အသင်းမှာ တစ်နေရာအတွက် စိုးရိမ်စရာ ဖြစ်နေပြီလား..?
ရိစ် ဂျိမ်းစ်၊ ကိုင်လေ ဝေါ့ကား၊ ကိုင်လေ ဝေါ့ကား ပီတာစ် တို့ရဲ့ ဒဏ်ရာပြဿနာ၊ ကြံ့ခိုင်မှုအနေအထားတို့အပြင် ထရန့် အလက်ဇန်းဒါး အာနိုးလ် ရဲ့ မတည်ငြိမ်နေတဲ့ခြေစွမ်းကြောင့် အင်္ဂလန်နည်းပြ ဂါးရတ် ဆောက်ဂိတ် ဟာလည်း ရာဟင်း စတာလင်း ရဲ့ wing back နေရာက စွမ်းဆောင်ရည်အပေါ် စိတ်ဝင်တစား စောင့်ကြည့်နေပါလိမ့်မယ်..။ ဒါပေမယ့် စတာလင်း ကို wing back နေရာထားပြီး ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းရဲ့ခြေစွမ်း၊ သူ့ရဲ့ခံစစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ပိုင်း အားနည်းမှုတွေ ရှိခဲ့တဲ့အပြင် ထရန့် အလက်ဇန်းဒါး အာနိုးလ် ကို အင်္ဂလန်အသင်းမှာ right wing back အဖြစ် ဦးစားမပေးခဲ့ခြင်းဟာ ‘wing back တစ်ယောက်အနေနဲ့ သူဟာစွယ်စုံရ wing back (all round) မဟုတ်တာကြောင့်’ ဖြစ်ပါတယ်.. လို့ အကြောင်းပြခဲ့တဲ့ အင်္ဂလန်နည်းပြကြီးအတွက်တော့ ပေါ်တာ ရဲ့ နည်းစနစ်ကို အတုယူပြီး တောင်ပံကစားသမားတွေကို wing back အဖြစ် အသုံးပြုလိုမှာ မဟုတ်ပါဘူး..။
ဒါ့အပြင် ရာဟင်း စတာလင်း ဟာ ဂါးရတ် ဆောက်ဂိတ် ရဲ့အသင်းမှာ အဓိကတိုက်စစ် တစ်နေရာကို အခိုင်အမာရရှိထားပြီး လက်ရှိအချိန်ထိ အင်္ဂလန်အသင်းအတွက် (၇၉) ပွဲကစား၊ (၁၉) ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်..။ အဲဒီလိုဝါရင့်တိုက်စစ်မှူးတစ်ယောက်အနေနဲ့ သူ့ရဲ့နိုင်ငံလက်ရွေးစင် အသင်းအတွက် သွင်းဂိုးအများစုကို နည်းပြဆောက်ဂိတ် ရဲ့ လက်ထက်မှာ ရှိခဲ့ခြင်းဖြစ်ပါတယ်..။ ဒါ့အပြင်သူဟာ မနှစ်ကနွေရာသီမှာ ကျင်းပခဲ့တဲ့ Euro 2020 ပြိုင်ပွဲရဲ့ ‘အကောင်းဆုံးအသင်း (UEFA Team of the Tournament)’ မှာ ပါဝင်ခဲ့တဲ့အထိ အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှာ ခြေစွမ်းပြနိုင်ခဲ့သူလည်း ဖြစ်ခဲ့ပါတယ်..။
၂၀၂၁ ခုနှစ်နွေရာသီကာလ၊ ယူရိုပြိုင်ပွဲ မကျင်းပခင် ၂၀၂၀/၂၁ ဘောလုံးရာသီမှာ ရာဟင်း စတာလင်း ရဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ စွမ်းဆောင်ရည်ဟာ ငါးနှစ်အတွင်း သွင်းဂိုး၊ ဂိုးဖန်တီးမှုအနည်းဆုံး ရရှိခဲ့တဲ့ ရာသီဖြစ်ခဲ့သလို အသင်းရဲ့ အရေးကြီးတဲ့ပွဲစဉ်တွေမှာလည်း ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်မရခဲ့တာတွေ ရှိခဲ့ပါတယ်..။ ဒ့ါကြောင့်အခုလက်ရှိ ကမ္ဘာ့ဖလားပွဲကြိုကာလ အခြေအနေဟာ မနှစ်ကတုန်းက အခြေအနေနဲ့ ဆင်တူနေတယ်လို့ ပြောနိုင်ပေမယ့် ချယ်လ်ဆီးအသင်းက သူ့ရဲ့ပွဲထွက်ခွင့်အနေအထားဟာ ခိုင်မာနေဆဲပါပဲ..။ ဒါပေမယ့် သူ့ရဲ့လက်ရှိကာလခြေစွမ်းဟာ ဒီထက်ကောင်းမွန်ဖို့ လိုအပ်နေတယ်.. ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်..။ ဂါးရတ် ဆောက်ဂိတ် ကတော့ ရာဟင်း စတာလင်း ဟာ လွန်ခဲ့တဲ့ (၁၈) လတုန်းက ကျင်းပခဲ့တဲ့ ယူရိုပြိုင်ပွဲတုန်းကအတိုင်း သူ့ရဲ့ကလပ်အသင်းက ခြေစွမ်းကို ချန်ထားခဲ့ပြီး အင်္ဂလန်အသင်းရဲ့ပွဲတွေမှာ အစွမ်းကုန် တောက်ပနိုင်လိမ့်မယ်လို့ မျှော်လင့်ထားမှာပါ..။
ရာဟင်း စတာလင်း ရဲ့ခြေစွမ်း ပြန်လည်နိုးထ၊ တောက်ပလာမှာလား..?
အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ ချယ်လ်ဆီးအသင်းကို ရောက်ရှိပြီးတဲ့နောက်ပိုင်း သူ့ရဲ့စွမ်းဆောင်ရည်ဟာ ကစားရတဲ့နေရာနဲ့ သိပ်ပြီးမသက်ဆိုင်ဘူးလို့ ပြသနေပါတယ်..။ ဒ့ါကြောင့်သူ့ကိုသာ တိုက်စစ်ပိုင်းနေရာမှာ ပြန်လည်ထားရှိပြီး ကစားစေမယ်ဆိုရင် အရင်လိုခြေစွမ်းနဲ့ စွမ်းဆောင်မှုမျိုးကို ပြန်လည်ရရှိမယ်လို့ အတိအကျပြောနိုင်ဖို့ ခက်ခဲပါတယ်..။ ဒါပေမယ့် ဂရေဟမ် ပေါ်တာ အနေနဲ့ သူ့ရဲ့ပွဲထွက်လူစာရင်း ရွေးချယ်မှုနဲ့ ပွဲကိုချဉ်းကပ်ပုံတွေမှာ ပိုပြီးရှင်းလင်း၊ နားလည်ဖို့ လွယ်ကူတဲ့ ပုံစံမျိုးကို ပြောင်းလဲနိုင်ဖို့ လိုအပ်ပါလိမ့်မယ်..။
ရာဟင်း စတာလင်း ကတော့ wing back နေရာမှာ ကစားရတဲ့အပေါ် “ကျေနပ်ပါတယ်..၊ ကစားခွင့် ပိုပြီးရလာခဲ့တာနဲ့အမျှ အဲဒီနေရာနဲ့ ပိုပြီးရင်းနှီး ကျွမ်းဝင်လာပါလိမ့်မယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်..။ ဒါပေမယ့် လီဗာပူးလ်အသင်း ကစားသမားဟောင်းဟာ အခုအချိန်ထိ ကစားခွင့်ရခဲ့တဲ့ ပွဲပေါင်း (၄၅၀) ကျော်ထဲမှာ wing back အဖြစ် ကစားခဲ့ရတဲ့ပွဲပေါင်း လက်ချိုးရေတွက်ကြည့်လို့ ရပါတယ်..။ သူဟာလူငယ် ကစားသမားဘဝ၊ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က နည်းပြဘရန်ဒန် ရော်ဂျားစ် ရဲ့ လက်အောက်မှာ wing back အဖြစ် တစ်ချို့ပွဲတွေ ကစားခဲ့ရပါတယ်..။
ဒါပေမယ့် ၂၀၁၇/၁၈ ဘောလုံးရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာဟင်း စတာလင်း ထက် သွင်းဂိုးပိုမိုများတဲ့ ကစားသမားတွေဆိုလို့ မိုဟာမက် ဆာလာ၊ ဟာရီ ကိန်း နဲ့ ဂျေမီ ဗာဒီ တို့ သုံးဦးသာ ရှိပါတယ်..။ ဒ့ါအပြင်သူဟာ နည်းပြပက်ပ် ဂွာဒီယိုလာ ရဲ့အသင်းမှာ ဘယ်တောင်ပံ တိုက်စစ်မှူး (left winger) အဖြစ် အများဆုံးခြေစွမ်းပြ၊ တောက်ပခဲ့တာ ဖြစ်ပါတယ်..။
ချယ်လ်ဆီးအသင်းမှာ left wing back အဖြစ် အကောင်းဆုံး ကစားပေးနိုင်တဲ့ ဘင် ချီးဝဲလ် နဲ့ မာ့စ် ကူကူရယ်လာ တို့ ရှိနေပြီးဖြစ်တာကြောင့် ရာဟင်း စတာလင်း ကို မူလဘူတ တိုက်စစ်ပိုင်းနေရာမှာ ပြန်လည်ထည့်သွင်းဖို့ အင်မတန်မှ လွယ်ကူပါလိမ့်မယ်..။ ဒ့ါကြောင့်နည်းပြဂရေဟမ် ပေါ်တာ အနေနဲ့ စတာလင်း ကို သူနဲ့ပိုပြီး ရင်းနှီးကျွမ်ဝင်တဲ့၊ ပုံမှန်ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ တိုက်စစ်ပိုင်းနေရာမှာ ကစားစေခြင်းအားဖြင့် ချယ်လ်ဆီးအသင်းအတွက် ပိုပြီးအကျိုးဖြစ်ထွန်းနိုင်မယ်..၊ သူ့အတွက်လည်း အသင်းနဲ့ပိုပြီးအသားကျဖို့ လွယ်ကူအဆင်ပြေနိုင်ပါလိမ့်မယ်.. လို့ ထင်မြင်မိပါတယ်..။
(Sky Sports သတင်းဌာနမှ ဆောင်းပါးရှင် Joe Shread ၏ ‘Chelsea forward since £47.5m transfer from Manchester City?' ဆောင်းပါးကို ပြန်ဆိုပါသည်..။)