feature-image

ပရီးမီးယားလိဂ်ရဲ့ EPPP အစီအစဉ်အတွက် စံနမူနာဖြစ်ခဲ့တဲ့ ချယ်လ်ဆီးလူငယ် အကယ်ဒမီ

ပရီးမီးယားလိဂ် အဖွဲ့ချုပ်မှာ လွန်ခဲ့သော ဆယ်နှစ်အချိန်က စတင်ရေးဆွဲခဲ့သော ‘ကစားသမားများ၏ စွမ်းဆောင်ရည်ကို အကောင်းဆုံးအဆင့်ထိ မြှင့်တင်နိုင်ရေး အစီအစဉ် (ခေါ်) Elite Player Performance Plan (EPPP)’ ၏ တိုးတက်မှုအခြေအနေကို တိုင်းတာနိုင်ရန်အတွက် ချယ်လ်ဆီးအသင်း၏ ကော့ဘ်ဟမ် လူငယ်အကယ်ဒမီ အား စံနမူနာပြ စီမံကိန်းအဖြစ် ရွေးချယ်ခဲ့သည်..။

ချယ်လ်ဆီးအသင်းမှာ ကော့ဘ်ဟမ် ဒေသတွင် အခြေစိုက်သော လူငယ်အကယ်ဒမီ စီမံကိန်းကို ၂၀၀၄ ခုနှစ်မှ စတင်ခဲ့ပြီး လူငယ်ကစားသမား အများအပြားကို ပထမအသင်းကြီးကို စဉ်ဆက်မပြတ် ပံ့ပိုးနိုင်ခဲ့သည်…။ ထို့အပြင် မကြာခင်က ယှဉ်ပြိုင်ခဲ့သော နယူးကာဆယ်အသင်းနှင့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် လူငယ်အကယ်ဒမီထွက် ငယ်မွေးခြံပေါက် ကစားသမား ခြောက်ဦးဖြစ်သော အာမန်ဒို ဘရိုဂျား၊ ကော်နာ ဂါလက်ချာ၊ မေဆန် မောင့်၊ လူးဝစ်စ် ဟောလ်၊ ထရေဗာ ချာလိုဘာ နှင့် ရူဘင် လော့ဖ်တပ်စ် ချိခ် တို့ကို ပွဲထွက်ခွင့် ပေးနိုင်ခဲ့သလို ကော့ဘ်ဟမ် လူငယ်အကယ်ဒမီမှာ ၂၀၂၁/၂၂ ဘောလုံးရာသီအတွက် လူငယ်အကယ်ဒမီများ၏ ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်း (Academy Productivity Ranking) တိုင်းတာမှုတွင်လည်း အင်္ဂလန်နိုင်ငံ၏ အကောင်းဆုံးအကယ်ဒမီအဖြစ် နံပါတ်တစ်အဆင့် ရရှိခဲ့သည်..။



ချယ်လ်ဆီးအသင်း၏ ကော့ဘ်ဟမ် လူငယ်အကယ်ဒမီကို မကြာသေးမီက အသင်း၏ Director of Football Development and Operations အဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရသည့် ‘နီးလ် ဘတ်’ က ဦးဆောင်၊ မောင်းနှင်လျှက်ရှိသည်..။ အသက် (၅၇) နှစ်အရွယ်ရှိ အင်္ဂလိပ်လူမျိုးနည်းပြကြီးမှာ ချယ်လ်ဆီးအသင်းကို ၁၉၉၃ ခုနှစ်တွင် ကျောင်းသားအသင်း နည်းပြတစ်ဦးအဖြစ် စတင်ရောက်ရှိလာခဲ့ပြီး အသင်း၏လူငယ်ကစားသမား ဖွံ့ဖြိုးရေးစီမံကိန်းများကို ‘Vision 2030’ ရည်မှန်းချက်များအတိုင်း မမှိတ်မသုန် ကြိုးစား၊ အကောင်အထည် ဖော်လျှက်ရှိပါသည်..။ အဆိုပါ Vision 2030 ရည်မှန်းချက်ပန်းတိုင်အား နည်းပြဖရန့် လမ်းပတ် တာဝန်ယူနေသည့် ၂၀၁၉ ခုနှစ်တွင် စတင်ချမှတ်၊ အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး စီမံချက်၏ အသီးအပွင့်များကို မနှစ်ကဘောလုံးရာသီမှ စတင်ခံစားနေရပြီဖြစ်ကြောင်း နီးလ် ဘတ် က ပြောပြခဲ့ပါသည်..။



ကော့ဘ်ဟမ် အကယ်ဒမီ လေ့လာရေးခရီးစဉ်…

ပရီးမီးယားလိဂ် အဖွဲ့ချုပ်၏ Director of Football အဖြစ် တာဝန်ထမ်းဆောင်နေသည့် နီးလ် ဆောင်းဒါးစ် ဦးဆောင်သော EPPP အစီအစဉ် ဆန်းစစ်လေ့လာရေး အဖွဲ့မှာ ကော့ဘ်ဟမ် လူငယ်အကယ်ဒမီကို နိုဝင်ဘာလ (၁၈) ရက်နေ့ မနက်ပိုင်းက ရောက်ရှိလာခဲ့သည်..။ အကယ်ဒမီလေ့ကျင့်ကွင်းအတွင်း ဝင်ရောက်လိုက်သည်နှင့် ‘The Arena’ ဟု ခေါ်တွင်သော လိပ်ခုံးသဏ္ဍာန် မိုးလုံလေလုံ လေ့ကျင့်ကွင်းသို့ စတင်ရောက်ရှိခဲ့သည်..။ ဆောင်းဒါးစ် တို့အဖွဲ့ ရောက်ရှိလာချိန် The Arena လေ့ကျင့်ကွင်းအတွင်း ချယ်လ်ဆီးလူငယ် (အသက် ၁၃ နှစ်အောက်) အသင်းသားများမှာ နည်းပြများနှင့်အတူ လေ့ကျင့်ခန်းပြုလုပ်နေကြသည်..။ ကစားသမားနှင့် နည်းပြအချိုးမှာ (၁း၁) အတိုင်းရှိနေပြီး လက်ရှိအချိန်တွင် လူငယ်ကစားသမား (၂၀၀) နီးပါးအတွက် full time နည်းပြ (၂၄) ယောက်က တာဝန်ယူလျှက် ရှိပါသည်..။



ထို့နောက် ကစားသမားများက လေ့လာရေးအဖွဲ့အား လေ့ကျင့်ကွင်းနံရံတွင် ဖော်ပြထားသော ‘High Performance Behaviours’ စံနှုန်းများအတိုင်း ကြိုးစားလေ့ကျင့်လျှက်ရှိကြောင်း ရှင်းပြခဲ့သည်..။ အဆိုပါစံနှုန်း သတ်မှတ်ချက်တွင် the spectator, the moaner, the high performer, the bully and the survivor စသဖြင့် အဆင့် (၅) ဆင့် ခွဲခြားသတ်မှတ်ထားပါသည်..။

နေ့လည်စာ စားသုံးချိန်တွင် လူငယ်အသင်းအဆင့်ဆင့် (အသက် ၁၃ နှစ်အောက်၊ အသက် ၁၄ နှစ်အောက်၊ အသက် ၁၅ နှစ်အောက်၊ အသက် ၂၁ နှစ်အောက်) ကစားသမားများမှာ ချယ်လ်ဆီးလူငယ် (အသက် ၂၁ နှစ်အောက်) အသင်း လက်ထောက်နည်းပြ အဖြစ် ဆောက်ရွက်နေသည့် ချယ်လ်ဆီးအသင်း ဘယ်တောင်ပံ နောက်ခံလူဟောင်း ဂျွန် ဟာလေ အပါအဝင် အကယ်ဒမီ ဝန်ထမ်းများ၊ နည်းပြအဖွဲ့ဝင်များနှင့်အတူ စားသုံးကြပါသည်..။ လေ့လာရေးအဖွဲ့ ရောက်ရှိလာချိန်တွင် နည်းပြတစ်ဦးဖြစ်သော ဘရန့်တ်ဖို့ဒ်အသင်း ကစားသမားဟောင်း ကားလ် ဟတ်ချင်းစ် မှာ လူငယ်ကစားသမား တစ်ယောက်နှင့် စကားလက်ဆုံကျလျှက် ရှိပါသည်..။

အကယ်ဒမီ နည်းပြချုပ် နီးလ် ဘတ် က အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေ နှင့် ဘီဒက် အက်ဘ်ဘာလီ တို့မှာ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ ကဲ့သို့ပင် လူငယ်အကယ်ဒမီ စီမံကိန်းများကို ထပ်မံတိုးချရန် အာသီသ ပြင်းပြလျှက်ရှိနေကြောင်း ပြောပြခဲ့ပါသည်..။



ချယ်လ်ဆီးလူငယ် အကယ်ဒမီ ကစားသမားများမှာ နည်းပြ ဖရန့် လမ်းပတ် ရောက်ရှိလာချိန်တွင် အပြောင်းအရွှေ့ ပိတ်ပင်ခံရသည့် ပြစ်ဒဏ်ကြောင့် အသင်းကြီးတွင် ပါဝင်နိုင်ရန် အခွင့်အရေး ရလာခဲ့သည်..။ သို့သော် ပြီးခဲ့သည့်နောက်ဆုံး နွေရာသီ အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းမှာ စတာလင်ပေါင် (၂၇၄) သန်း သုံးစွဲပြီး ကစားသမားများကို ခေါ်ယူခဲ့သောကြောင့် လူငယ်အကယ်ဒမီ ကစားသမားများအတွက် အခွင့်အရေး ထပ်မံဆုံးရှုံးခဲ့ရသည်..။ ထို့ကြောင့် အသင်းပိုင်ရှင်သစ်များထံမှ လူငယ်အကယ်ဒမီ စီမံကိန်းများအပေါ် ပံ့ပိုးမှုရှိ၊ မရှိ မေးမြန်းခဲ့ရာ နီးလ် ဘတ် က ယခုလို ဖြေကြားခဲ့သည်…။

“Yes.. ၁၀၀ % ရာခိုင်နှုန်းပြည့်ပါပဲ..။ လူငယ်အကယ်ဒမီ စီမံကိန်းတွေဆိုတာ အသင်းမှာရှိနေတဲ့ လူတိုင်းဆီက ပူးပေါင်းပါဝင်မှု (team effort) လိုအပ်ပါတယ်..။ အခုထိလည်း အားလုံးရဲ့ ပူးပေါင်းပါဝင်မှုကို ရရှိနေပါတယ်..။ ဖရန့် လမ်းပတ် ဟာ သူတို့ကို အသင်းကြီးမှာ ထည့်သွင်းပြီး အခွင့်အရေး ပေးခဲ့တယ်..၊ သောမတ်စ် တူခယ်လ် လည်း လူငယ်တွေကို ဆက်ပြီးအခွင့်အရေး ပေးပါတယ်..၊ ဂရေဟမ် ပေါ်တာ လည်း ဒီအတိုင်းပါပဲ..။

အသင်းပိုင်ရှင်သစ်တွေကလည်း အဲဒီအခွင့်အရေးကို ဆက်လက်တည်ရှိနေဖို့ အားပေးနေတယ်လို့ ပြောပါတယ်..။ သူတို့တွေဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် (vision) အတိုင်း အကောင်အထည်ဖော်ဖို့ ဆက်လက်ပံ့ပိုးနေဦးမယ်ဆိုတာ ကျွန်တော်တို့ဘက်က ယုံကြည်မှုအပြည့် ရှိနေပါတယ်..။ သူတို့တွေရဲ့ ထောက်ပံ့မှု၊ အားပေးမှုတွေကို အပြည့်အ၀ ရရှိပါလိမ့်မယ်..။”



ဆယ်စုနှစ်တစ်ခုကို ကျော်ဖြတ်ခဲ့သည့် ပရီးမီးယားလိဂ်၏ EPPP စီမံချက်…

နီးလ် ဆောင်းဒါးစ် ဦးဆောင်သော ပရီးမီးယားလိဂ် အဖွဲ့ချုပ်မှ ကိုယ်စားလှယ်အဖွဲ့မှာ ပရီးမီးယားလိဂ်မှ ၂၀၁၂ ခုနှစ်တွင် စတင်အကောင်အထည် ဖော်ခဲ့သော ‘EPPP’ စီမံချက် ဆယ်နှစ်ပြည့်အထိမ်းအမှတ် အစီအစဉ်ကို ကော့ဘ်ဟမ် လေ့ကျင့်ကွင်း လေ့လာရေး ခရီးစဉ်ဖြင့် အကောင်အထည်ဖော်ခဲ့သည်..။ အဆိုပါ စီမံချက်၏ ရည်မှန်းချက်မှာ ‘အင်္ဂလန်ဘောလုံးလောကတွင် အရည်အသွေး မြင့်မားသော ငယ်မွေးခြံပေါက် ကစားသမားများ (home grown players) ထွက်ပေါ်လာနိုင်ရန်’ ဖြစ်ပါသည်..။

လက်ရှိအချိန်တွင် အင်္ဂလန်ဘောလုံးလောက၏ လူငယ်အကယ်ဒမီများကို အဆင့်လေးဆင့် သတ်မှတ်ထားပြီး ထိပ်ဆုံးအဆင့် (Category one) စာရင်းဝင် အသင်းပေါင်း (၉၀) ခန့် ရှိနေပါသည်..။ ပရီးမီးယားလိဂ် အဖွဲ့ချုပ်၏ ‘EPPP’ စီံမံကိန်း၏ အောင်မြင်မှု၊ အသီးအပွင့်များကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်..။

•    လူငယ်အကယ်ဒမီ နည်းပြများကို ၂၀၁၂ ခုနှစ်တွင် (၂၅၀) ဦးမှ ၂၀၂၂ ခုနှစ်တွင် (၈၀၀) ကျော်အထိ တိုးမြှင့်ခန့်အပ်ထားနိုင်ခဲ့သည်..။
•    ၂၀၁၂/၁၃ ဘောလုံးရာသီမှစတင်ပြီး ပရီးမီးယားလိဂ် အဖွဲ့ချုပ်နှင့် အသင်းများမှာ လူငယ်ကစားသမား ဖွံ့ဖြိုးရေးအတွက် စတာလင်ပေါင် (၁.၉၄) ဘီလီယံ ရင်းနှီးမြုပ်နှံနိုင်ခဲ့သည်..။
•    ပရီးမီးယားလိဂ် နှင့် အင်္ဂလိပ်ဘောလုံး အဖွဲ့ချုပ် (EFL) တွင် ကစားသမားပေါင်း (၃,၁၆၄) ဦး၏ (၇၇%) ရာခိုင်နှုန်းကို ငယ်မွေးခြံပေါက် ကစားသမားများဖြင့် စာချုပ်ချုပ်၊ ပါဝင်စေနိုင်ခဲ့သည်..။
•    ၂၀၁၂/၁၃ ဘောလုံးရာသီနှင့် နှိုင်းယှဉ်ပါက ၂၀၂၁/၂၂ ဘောလုံးရာသီတွင် အင်္ဂလိပ်လူငယ် (အသက် ၂၁ နှစ်အောက်) ကစားသမားများကို နှစ်ဆတိုးပြီး ကစားခွင့်ပေးနိုင်ခဲ့သည်..။
•    EPPP စီမံချက် စတင်၊ အကောင်အထည်ဖော်ပြီးနောက်ပိုင်း ငယ်မွေးခြံပေါက် ကစားသမားပေါင်း (၅၆၆) ဦးကို ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ပွဲထွက်ခွင့် ပေးနိုင်ခဲ့သည်..။
•    ၂၀၁၂/၁၃ ဘောလုံးရာသီနောက်ပိုင်း ပရီးမီးယားလိဂ်တွင် ပါဝင်ကစားခဲ့သော ကစားသမားပေါင်း (၁,၈၆၆) ဦး၏ (၄၇%) ရာခိုင်နှုန်းမှာ ငယ်မွေးခြံပေါက် ကစားသမားများ ဖြစ်ပါသည်..။



၂၀၁၂ ခုနှစ်တွင် EPPP စီမံချက် စတင်ချိန်က ‘အင်္ဂလန်ဘောလုံးလောကတွင် အရည်အသွေး မြင့်မားသော ငယ်မွေးခြံပေါက် ကစားသမားများ (home grown players) ထွက်ပေါ်လာနိုင်ရန်’ဆိုသည့် ရည်မှန်းချက် တစ်ခုထဲသာ ထားရှိခဲ့သော်လည်း နောက်ပိုင်းတွင် ‘ကစားသမားများ၏ ဘဝတစ်လျှောက်လုံးအတွက် အသုံးဝင်မည့် အတွေ့အကြုံများ ဝေဌပေးနိုင်ရန်’..၊ ‘ကျန်းမာ၊ ပျော်ရွှင်သော ပြိုင်ပွဲများ ပေါ်ထွက်လာရန်’ ဆိုသည့် ရည်မှန်းချက်များကို ပါ ဖြည့်စွက်ခဲ့ပါသည်..။

“ကျွန်တော်တို့ ဘောလုံးပွဲတွေ ရေရှည်၊ အဓွန့်ရှည် တည်တန့်နေဖို့ လူငယ်အကယ်ဒမီတွေဟာ ဗဟိုချက်မကနေ အရေးပါနေပါတယ်..။ ဒ့ါကြောင့်လူငယ်အကယ်ဒမီတွေက ပေါက်ဖွားလာတဲ့သူတွေအပြင် လူငယ်အကယ်ဒမီတွေနဲ့ ဆက်စပ်နေသူအားလုံး အကျိုးရှိစေမယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်ရပါမယ်..” ဟူ၍ ပရီးမီးယားလိဂ် အဖွဲ့ချုပ်၏ Director of Football နီးလ် ဆောင်းဒါးစ် က ကော့ဘ်ဟမ် လူငယ်အကယ်ဒမီ လေ့လာရေး ခရီးစဉ်တွင် ပြောကြားခဲ့ပါသည်..။

သို့သော်အခက်အခဲများလည်း ရှိနေဆဲဖြစ်ပါသည်..။ အကြီးမားဆုံးသော အခက်အခဲက လူငယ်အကယ်ဒမီတစ်ခုမှ အခြားလူငယ် အကယ်ဒမီတစ်ခုသို့ ပြောင်းရွှေ့ချိန်တွင် လူငယ်ကစားသမားလေးများ ရရှိသော နစ်နာကြေး (compensation cost) မှာ နည်းပါးနေခြင်းဖြစ်သည်..။ ထို့ကြောင့် နီးလ် ဆောင်းဒါးစ် က အင်္ဂလိပ်ဘောလုံးလောကအတွင်း လူငယ်ကစားသမား အပြောင်းအရွှေ့များတွင် နစ်နာကြေးကို (၇၀%) ရာခိုင်နှုန်း တိုးမြှင့်နိုင်ရန် ကြိုးပမ်းလျှက်ရှိသည်ဟု အသိပေးခဲ့သည်..။



ထို့အပြင် မန်ချက်စတာ စီးတီး လူငယ်အကယ်ဒမီမှ ထွက်ခွာခဲ့ရသည့် ကစားသမား ဂျယ်ရမီ ဝီစတန်း ၏ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည့် ဖြစ်စဉ်အပြီး အသင်းမှထွက်ခွာခဲ့သော လူငယ်ကစားသမားများ (release players) အပေါ် ဂရုစိုက်မှု နည်းပါးလွန်းသည်ဆိုသော စွပ်စွဲချက်များ တသီတတန်းကြီး ပေါ်ထွက်လာခဲ့သည်..။ လူငယ်အကယ်ဒမီများ၏ ကျောင်းပညာရေးကို မြှင့်တင်ပေးရန် တောင်းဆိုမှုများအပြင် အင်္ဂလိပ်ဘောလုံး အသင်းများအနေဖြင့် ဥရောပသမဂ္ဂမှ ခွဲထွက်ခဲ့သည့် ‘Brexit’ အစီအစဉ်ကြောင့် လူငယ်သွေးသစ်များ ခေါ်ယူရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်..။

နီးလ် ဆောင်းဒါးစ် က “Brexit ကြောင့် အသင်းတွေဟာ အသက် (၁၆) နှစ်ကနေ အသက် (၁၈) နှစ်ကြား ပြင်ပကစားသမားတွေကို ခေါ်ယူနိုင်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်ရပါတယ်..။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ရဲ့ သတ်မှတ်ချက်အရ အခုဆိုရင် ကျွန်တော်တို့ဟာ ကစားသမားတစ်ယောက်ကို အသက် (၁၈) နှစ် မတိုင်ခင် ခေါ်ယူလို့ မရနိုင်တော့ပါဘူး..။ အဲဒီစိန်ခေါ်မှုကို ကျွန်တော်တို့တွေ ဘယ်လိုရင်ဆိုင်မလဲ..? လူငယ်ကစားသမားတွေကို တခြားဥရောပ အသင်းကြီးနဲ့အပြိုင် ဆွဲဆောင်နိုင်စွမ်း ရှိလာအောင် ဘယ်လိုပြောင်းလဲ ရမလဲ..? ကျွန်တော်တို့တွေ စဉ်းစားရပါမယ်..” ဟု ထောက်ပြခဲ့ပါသည်..။



ချယ်လ်ဆီးအသင်း၏ Vision 2030 ရည်မှန်းချက်များ..

နိုင်ငံတစ်ဝန်းရှိ လူငယ်အကယ်ဒမီ စီမံကိန်းများ ဖွံ့ဖြိုးရေးအတွက် ပရီးမီးယားလိဂ် အဖွဲ့ချုပ်မှာ ‘EPPP’ စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသလို ချယ်လ်ဆီးအသင်းမှာလည်း အသင်း၏အနာဂတ်ကို ပုံဖော်နိုင်ရန် ‘Vision 2030’ စီမံချက်ဖြင့် ဦးတည်ချက် (၅) ရပ် ထားရှိဆောင်ရွက်လျှက်ရှိပါသည်..။

•    ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ် ပွဲစဉ်များတွင် လူငယ်အကယ်ဒမီထွက် ကစားသမားများ၏ ပါဝင်မှု (၁၅%) ရာခိုင်နှုန်းရရှိရမည်..။
•    ချယ်လ်ဆီးအသင်း၏ ပထမအသင်းကြီးတွင် လူငယ်အကယ်ဒမီထွက် ကစားသမားများ၏ ပါဝင်မှု (၂၅%) ရာခိုင်နှုန်း ရရှိရမည်..။
•    လူငယ်ကစားသမားများမှာ GCSE နှင့် A Level စာမေးပွဲများကို သာမာန်နှင့်အထက် အောင်မြင်ရမည်..။
•    professional ကစားသမားများကို အခြားလူငယ် အကယ်ဒမီများထက်ပိုပြီး မွေးထုတ်နိုင်ရမည်..။
•    ပြည်တွင်းနှင့် ဥရောပပြိုင်ပွဲများကို အခြားလူငယ် အကယ်ဒမီများထက်ပိုပြီး အောင်မြင်မှုရရှိ၊ ဗိုလ်စွဲနိုင်ရမည်..။



နီးလ် ဘတ် မှာ ကစားသမားအပြင် နည်းပြများကို မွေးထုတ်ရန်အတွက်ပါ စိတ်အားထက်သန်သူဖြစ်သည်…။ ကော့ဘ်ဟမ် အကယ်ဒမီထွက် နည်းပြများဖြစ်သော မိုက်ကယ်လ် ဘီးလ် (လက်ရှိ ကျူပီအာ အသင်းနည်းပြ)၊ ဂျိုး အက်ဒ်ဝဒ်၊ ပေါလ် ကလီးမန့်၊ စတိဗ် ဟော်လန်၊ ဘရန်ဒန် ရော်ဂျားစ် တို့မှာ လက်ရှိအချိန်တွင် အင်္ဂလန်ဘောလုံးလောကရှိ အထင်ကရ အသင်းကြီးများတွင် တာဝန်ယူ ကိုင်တွယ်လျှက်ရှိပါသည်..။

နည်းပြများကို လေ့ကျင့်၊ ပျိုးထောင်ရာတွင် သူတို့အား လိုအပ်သလို အနီးကပ်အထောက်အကူ ပေးနိုင်ရန် ‘ကျစ်လျစ်သည့်အဖွဲ့ငယ် (cell)’ တစ်ခု တည်ဆောက်ပေးရန် လိုအပ်ကြောင်း နီးလ် ဘတ် က ရှင်းလင်းပြောပြခဲ့သည်..။ ချယ်လ်ဆီးအသင်း လူငယ်အကယ်ဒမီတွင် နည်းပြအတွေ့အကြုံ ဆည်းပူးလေ့လာနေသော ဂျိုး ကိုးလ် ကလည်း နည်းပြများ၏ တစ်ဦးချင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးပုံ ဥပမာပေး ရှင်းပြရာတွင် ပရိသတ်များအား ‘တင်ဆက်ပုံ နည်းစနစ်များ (presentation skills)’ ပိုမို တိုးတက်လာစေရန် ချယ်လ်ဆီးအကယ်ဒမီတွင် လူငယ်ကစားသမားများအား သင်ခန်းစာ ပေးနေပုံ၊ အခြားပရိသတ်များအား တင်ဆက်ပုံများကို ဗွီဒီယိုမှတ်တမ်းရယူပြီး နည်းပြအဖွဲ့မှ လိုအပ်ချက်များအား သုံးသပ်၊ ဖြည့်ဆည်းပေးသည့် အစီအစဉ်များကို ရှင်းပြခဲ့သည်..။

ထို့အပြင် အခြေခံအဆင့် (foundation phase) မှစတင်ပြီး အကယ်ဒမီ လူငယ်ကစားသမားတိုင်းကို ခြောက်ပါတ်လျှင်တစ်ကြိမ် အသေးစိတ် လေ့လာဆန်းစစ်ပြီး ကစားသမား တစ်ဦးချင်းစီအတွက် သီးခြားစီမံချက် (individual action plan) အတိုင်း ကိုက်ညီမှုရှိ၊ မရှိ ဝိုင်းဝန်းဆွေးနွေးသည့် စနစ်တစ်ခုကို တည်ဆောက်ထားပါသည်..။ ချယ်လ်ဆီးလူငယ် အကယ်ဒမီအနေဖြင့် ‘အနာဂတ် ကစားသမားများ (future players)’ ကို မွေးထုတ်ရာတွင် အချက်လက်များနှင့် အသေးစိတ် သုံးသပ်မှုများကို (data and analysis) အခြေခံပြီး လိုအပ်သည့် ရင်းနှီးမြုပ်နှံမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း နီးလ် ဘတ် က ဆက်လက်ပြောကြားခဲ့သည်..။




“ကျွန်တော်တို့အနေနဲ့ ပြောင်းလဲလာတဲ့ ကစားပွဲတွေရဲ့အခြေအနေပေါ် မူတည်ပြီး နည်းပြတွေအတွက် သင်ခန်းစာတွေ၊ ညွှန်ကြားချက်တွေကို ပြောင်းလဲပေးရပါတယ်..။ သူတို့တွေရဲ့ ညွန်ကြားချက်တွေ၊ သုံးသပ်ချက်တွေ ပိုမိုကောင်းမွန်၊ တိုးတက်လာဖို့ ဗွီဒီယိုသင်ခန်းစာတွေ ထည့်သွင်းအသုံချဖို့ တစ်နေ့ထက်တစ်နေ့ ပိုပြီးလိုအပ်လာပါတယ်..။ အခုဆိုရင် အသက် (၁၂) နှစ်သားအရွယ် ကစားသမားတစ်ယောက်နဲ့ ဆွေးနွေးကြည့်မယ်ဆိုရင်တောင် သူ့ရဲ့မီဒီယာတွေနဲ့ အကျွမ်းတဝင်ရှိပုံတွေ၊ လေ့လာသုံးသပ်ချက်တွေကို နားလည်နိုင်စွမ်းတွေဟာ တကယ့်ကို မယုံနိုင်စရာပါပဲ..။”

လူငယ်အကယ်ဒမီများမှာ ကစားသမား တစ်ယောက်အဖြစ်သာမက လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အဖြစ်ပါ ရင့်ကျက်လာစေရန် တာဝန်ရှိပါသည်..။ ထိုသို့လူငယ်ကစားသမားလေးများ၏ ပညာရေးအစီအစဉ်များကိုလည်း အာရုံစိုက်ရန် လိုအပ်သည့်အတွက် လူငယ်ကစားသမားများ တက်ရောက်သင်ကြားနေသည့် Parkside ကျောင်းသို့ လေ့ကျင့်ကွင်းများမှ တိုက်ရိုက်သွားရောက်နိုင်ရန် စီစဉ်ထားသလို ကစားသမားများ၏ တစ်ဦးချင်း ပညာရေးတိုးတက်မှုများကို အနီးကပ်ကြီးကြပ်နိုင်ရန် လူငယ်အကယ်ဒမီတွင် ကျောင်းဆရာ (၇) ဦး သီးခြားတာဝန်ပေး၊ ခန့်အပ်ထားပါသည်..။



“ဒီနှစ်မှာဆိုရင် ကျွန်တော်တို့ လူငယ်အကယ်ဒမီမှာ အချိန်ပြည့်တက်ရောက်နေတဲ့ ကျောင်းသားတွေထဲက ရှစ်ဦးဟာ GCSE စာမေးပွဲအောင်မြင်ခဲ့ပြီး ဘာသာရပ် အတော်များများမှာလည်း ရမှတ်တွေ ကောင်းမွန်ခဲ့ပါတယ်..။” ဟူ၍ နီးလ် ဘတ် က ကော့ဘ်ဟမ် အကယ်ဒမီ၏ ပညာရေးအစီအစဉ်ကို ရှင်းလင်း ပြောပြခဲ့ပါသည်..။

ထို့အပြင် ကစားသမားလေးများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး (mental health) အတွက်လည်း စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာလျှက်ရှိကြောင်း ဖော်ပြခဲ့သည်..။ Battersea Park ကျောင်းသားအသင်းတွင် အပျော်တမ်း နည်းပြတစ်ယောက်အဖြစ် နည်းပြဘဝကို စတင်ခဲ့သည့် နီးလ် ဘတ် မှာ နည်းပြသက်တမ်း နှစ်ပေါင်း (၃၀) ကျော်သည်အထိ စိတ်အားထက်သန်မှုများ ကုန်ဆုံးသွားခြင်း မရှိသေးသလို ချယ်လ်ဆီးအသင်း၊ ကော့ဘ်ဟမ် အကယ်ဒမီ နှင့် ပရီးမီးယားလိဂ် အဖွဲ့ချုပ်၏ ‘EPPP’ စီမံချက်တို့မှာ နောက်ထပ်ကဏ္ဍသစ်တစ်ရပ်ဆီသို့ တိုးတက်၊ ရွှေ့လျားနေပြီ ဖြစ်ပါကြောင်း တင်ဆက်လိုက်ပါသည်..။

(Training Ground Guru မှ ဆောင်းပါးရှင် Simon Austin ၏ ‘Inside Chelsea's Academy: Standard-bearers for EPPP' ဆောင်းပါးကို ပြန်ဆိုပါသည်..။)