ချယ်လ်ဆီးအသင်းဟာ နော်ဝေးလိဂ်ပြိုင်ပွဲဝင် မိုလ်ဒီအသင်းက တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖာနား ကို ပြောင်းရွှေ့ကြေး ယူရို (၁၂) သန်းနဲ့ ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီး အသက် (၂၀) နှစ်အရွယ် အိုင်ဗရီကို့စ် လူငယ်တိုက်စစ်မှူးဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့မှာ အသင်းနဲ့ပူးပေါင်းမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်..။
အိုင်ဗရီကို့စ်နိုင်ငံ၊ အနောက်မြောက်အရပ်က အူရာဂါဟီးယိုးမြို့လေးမှာ မွေးဖွားခဲ့တဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေးဟာ ပြင်သစ်လိဂ်နဲ့ ဘယ်လ်ဂျီယမ်လိဂ်ပြိုင်ပွဲဝင် အသင်းတွေရဲ့ သဲကြီးမဲကြီး စိတ်ဝင်စားမှုတွေကြားက နော်ဝေးလိဂ်ပြိုင်ပွဲဝင် မိုလ်ဒီအသင်းကို (၄) နှစ်စာချုပ်နဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရောက်ရှိလာခဲ့ပါတယ်..။ အသက် (၁၈) နှစ်အရွယ်နဲ့ မွေးရပ်မြေကို စွန့်ခွာပြီး ဥရောပကိုခြေချခဲ့တဲ့ လူငယ် ကစားသမားလေးဟာ မိုလ်ဒီအသင်းမှာ မြန်မြန်ဆန် အထိုင်ကျခဲ့သလို အခုလောလောလတ်လတ် ပြီးဆုံးသွားတဲ့ ဘောလုံးရာသီမှာ (၂၄) ပွဲကစား၊ (၁၅) ဂိုးသွင်းယူ၊ ဂိုးဖန်တီးမှု (၃) ကြိမ်နဲ့ အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ခရီးလမ်းမှာ အသင်းရဲ့ဂိုးသွင်းစက်အဖြစ် ခြေစွမ်းနိုင်ခဲ့ပါတယ်..။
နော်ဝေးလိဂ်က မိုလ်ဒီ အသင်းဆိုတာ လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လျှမ်းလျှမ်းတောက်နေတဲ့ ‘အားလင်း ဟာလန်း’ ကို မွေးထုတ်ခဲ့တဲ့ အသင်းဖြစ်တာကြောင့် တိုက်စစ်မှူးတွေ မွေးထုတ်ရာမှာ ရေခံမြေခံကောင်းတဲ့အသင်းပါ..။ ဒ့ါကြောင့်လည်း ချယ်လ်ဆီးအသင်းဟာ တဟုန်ထိုး ခြေစွမ်းတက်နေတဲ့ အာဖရိကဖွား လူငယ်သွေးသစ်လေးကို အခြားဥရောပအသင်းတွေထက်ဦးအောင် အလျှင်အမြန်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်..။
ဒါထရို ဖိုဖာနား ရဲ့ ကစားဟန် (Style of Play)
သူဟာ အသင်းရဲ့ ၃- ၅- ၂ ကစားကွက်မှာ တွဲဖက်တိုက်စစ်မှူးတစ်ယောက်နဲ့အတူ တွဲဖက်ပြီး ဂိုးဧရိယာထဲကို ရောက်လာတဲ့ ဘောလုံးတွေကို ပါးနပ်တဲ့လှုပ်ရှားမှုတွေနဲ့ အရယူ၊ အဆုံးသတ် ဂိုးသွင်းနိုင်တဲ့သူ ဖြစ်ပါတယ်..။ ဒါထရို ဟာ တခါတလေမှာတော့ တောင်ပံတွေကိုထွက်ပြီး ယောင်ပြလှုပ်ရှားလေ့ရှိသလို လျှင်မြန်တဲ့အမြန်နှုန်းနဲ့ လှုပ်ရှားမှုတွေ ဘေးစည်းတစ်လျှောက် ရွှေ့လျား၊ လှုပ်ရှားမှုတွေ ပြုလုပ်တတ်ပါတယ်..။ သူဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှု တောင့်တင်း လျှင်မြန်မှုနဲ့ ခွန်အားသုံး ကစားမှုကို အချိုးညီညီပေါင်းစပ် နိုင်တာကြောင့် အသင်းထွက်သွားတဲ့ နောင်တော်ကြီး အားလင်း ဟာလန်း အတိုင်း ဘောလုံးကို မြဲမြဲကိုင်ထားနိုင်သလို သူ့ကိုဆွဲလှဲဖို့ ကြိုးစားတဲ့ နောက်ခံလူများကို တွန်းတိုက်ပြီး ဘောလုံးကို ဂိုးပေါက်အထိဆွဲယူနိုင်စွမ်း ရှိတဲ့သူလည်း ဖြစ်ပါတယ်..။
ဒါပေမယ့် အားလင်း ဟာလန်း နဲ့မတူတာက ဒါထရို ဟာ ဘောလုံးသယ်ယူရာမှာ (dribbling) ပိုပြီးကောင်းမွန်တယ်လို့ ဆိုပါတယ်..။ သူဟာ ဘေးစည်းတစ်လျှောက် နေရာကျဉ်းကျဉ်းလေးတွေမှာ (tight spaces) ခန္ဂာကိုယ် ကြံ့ခိုင်မှု၊ ဟန်ချက်ကောင်းမွန်မှုတို့ကို အသုံးချပြီး အကောင်းဆုံး ရုန်းထွက်နိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်..။
ဘောလုံးအထိန်းအသိမ်း (ball control) ကောင်းမွန်ပြီး နောက်ခံလူများကို တွန်းတိုက်ပြီး ဘောလုံးနဲ့အတူ ဆွဲထွက်နိုင်စွမ်းရှိသူဖြစ်ပါတယ်..။ ဒါ့ကြောင့် မိုလ်ဒီအသင်းရဲ့ အဝေးဘော အသုံးချကစားဟန်နဲ့ လိုက်ဖက်ညီခဲ့ပါတယ်..။ ဒါပေမယ့် သူဟာ hold-up play ကစားရမှာတော့ သိပ်မကောင်းတာကြောင့် အံ့သြဖို့ကောင်းတယ်.. လို့ ဆိုရမှာပါပဲ..။ ဒ့ါအပြင် တခါတရံမှာ တစ်ကိုယ်ကောင်းဆန်လွန်းပြီး (selfishness) ဘောလုံးယှဉ်လုရာမှာ (ground duels) ဘောလုံးဆုံးရှုံးမှုများတယ်..၊ အထောင်တိုက်စစ်အဖြစ် ကစားရတဲ့အခါ ရုန်းကန်ရလေ့ ရှိပါတယ်..။ သူဟာဂိုးပေါက်နဲ့ အနီးဆုံးနေရာမှာ ဂိုးပေါက်ကိုမျက်နှာမူပြီး ဂိုးသွင်းစက် (target man) အနေနဲ့ ပြိုင်ဘက်အသင်းရဲ့ ဂိုးဧရိယာထဲမှာပဲ အများဆုံးလှုပ်ရှားလေ့ရှိတယ်..၊ ဂိုးပေါက်ကိုခြိမ်းခြောက်ဖို့ တစ်ခုတည်းကိုပဲ အာရုံစိုက်လေ့ ရှိပါတယ်..။
ဒေးဗစ် ဒါထရို ဖိုဖာနား ဟာ မိုလ်ဒီအသင်းမှာ target man တစ်ယောက်အဖြစ် ဂိုးသွင်းဖို့တာဝန် တစ်ခုတည်းကိုပဲ အများဆုံးတာဝန်ပြီး အသင်းရဲ့ကစားကွက် ဖန်တီးမှုအပိုင်း (creativity)၊ ဘောလုံးပြန်လည်အရယူတဲ့အပိုင်း (retention of ball possession) တွေမှာ ပါဝင်မှု သိပ်မရှိတာ တွေ့ရပါတယ်..။ ဒါပေမယ့် ဘောလုံးအထိန်းအသိမ်း ကောင်းမွန်ပြီး နေရာလွတ်တွေကို (spaces) ဘောလုံးသယ်ယူရင်း လျှင်လျှင်မြန်မြန် ထိုးဖောက်နိုင်စွမ်း ရှိတာကြောင့် hold up play ကစားပုံမှာ တိုးတက်လာမယ်ဆိုရင် အထောင်တိုက်စစ်မှူး (focal point/ anchor) ကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်..။
ဒါထရို ဖိုဖာနား ရဲ့ ဘောလုံးနှင့်အတူ လှုပ်ရှားမှုများ.. (In Possession Movements)
အိုင်ဗရီကို့စ် လူငယ်တိုက်စစ်မှူးဟာ ဂိုးဧရိယာထဲမှာပဲ အများဆုံးနေရာယူလေ့ရှိပြီး အသင်းရဲ့ကစားကွက် တည်ဆောက်မှုတွေမှာ (build up play) ပါဝင်လေ့မရှိပါဘူး..။ ဒါ့ကြောင့်သူ့ရဲ့ဘောလုံးလက်ခံရယူတဲ့ (in possession stats) အပိုင်းနဲ့ ပတ်သက်တဲ့ အချက်တွေကိုကြည့်မယ်ဆိုရင် တစ်ပွဲကိုပျမ်းမျှ ဘောလုံးထိချက် (၃၂.၉) ကြိမ် (touches per 90 min) ရှိပြီး တစ်ပွဲကိုပျမ်းမျှ (၁၂) ကြိမ်လောက် တိကျတဲ့ပေးပို့မှု (accurate passes per 90 min) ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်..။ အခြားဥရောပရဲ့ ထိပ်တန်းတိုက်စစ်မှူးတွေရဲ့ in possession stats အချက်အလက်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အိုလီဗီယာ ဂျီရူးဒ် နဲ့ အားလင်း ဟာလန်း တို့ရဲ့ accurate passes per 90 min တွေဟာ (၉.၆) ကြိမ်နဲ့ (၁၀.၃) ကြိမ်စီ အသီးသီး ရှိကြပါတယ်..။
အခွင့်အရေး ဖန်တီးမှုနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ဘောလုံးရာသီ၊ နော်ဝေးလိဂ် ပြိုင်ပွဲတွေမှာ အသင်းဖော်တွေအတွက် အခွင့်အရေးကောင်း (big chances) (၈) ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်..။ ဒါဟာပင်နယ်တီ ဧရိယာထဲမှာပဲ ဦးစားပေးလှုပ်ရှားတတ်တဲ့ တိုက်စစ်မှူး တစ်ယောက်အတွက် မဆိုးလှတဲ့စွမ်းဆောင်ရည် ဖြစ်ပေမယ့် အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ်..။
တိုက်စစ်မှူးကောင်းတစ်ယောက်ဟာ အသင်းအတွက် သွင်းဂိုးတွေပုံမှန် ရယူပေးနေဖို့ လိုအပ်သလို ဒါထရို ဖိုဖာနား ဟာ နော်ဝေးလိဂ် ပြိုင်ပွဲမှာ အသင်းအတွက် ပုံမှန်သွင်းဂိုးတွေ ရယူပေးနိုင်နေခဲ့ပါတယ်..။ ဒ့ါအပြင် ဂိုးဧရိယာဝန်းကျင်မှာ လှုပ်ရှားမှု၊ နေရာယူမှု၊ နေရာလွတ် ဖန်တီးနိုင်မှုတွေမှာ ကောင်းမွန်တဲ့သူ ဖြစ်ပါတယ်..။ သူ့ရဲ့ဂိုးကန်သွင်းယူနိုင်မှု အချက်အလက်တွေကို ကြည့်မယ်ဆိုရင် တစ်ပွဲကိုပျမ်းမျှ ဂိုးကန်သွင်းမှု (shots per 90 min) (၄.၄၅)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး တစ်ပွဲကိုပျမ်းမျှ ဂိုးပေါက်တည့် ကန်သွင်းချက် (shots on target) (၁.ဝ) ကြိမ် ရှိခဲ့ပါတယ်..။
ဒါပေမယ့် နော်ဝေးလိဂ်ပြိုင်ပွဲတွေမှာ သူရရှိခဲ့တဲ့ အခွင့်အရေးတွေနဲ့ တွက်ချက်လိုက်ရင် ဖိုဖာနား အနေနဲ့ အခုထက်ပိုပြီး အဆုံးသတ် (finishing) ကောင်းမွန်သင့်တယ်လို့ ယူဆကြပါတယ်..။ သူဟာပြိုင်ဘက်အသင်း ဂိုးပေါက်ကို အမြဲတမ်းခြိမ်းခြောက်နိုင်သူဖြစ်ပြီး ဂိုးပေါက်တည့် ကန်သွင်းချက်ပေါင်း (shots on target) (၃၉) ကြိမ်နဲ့ နော်ဝေးလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုရှင် တိုက်စစ်မှူးထက်တောင် ဂိုးကန်ချက်ပိုများတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်..။ အဆုံးသတ်ကန်သွင်းတဲ့ နေရာမှာ အားနည်းလို့သာ တစ်ရာသီလုံး (၁၅) ဂိုးနဲ့ ကျေနပ်ခဲ့ရပေမယ့် အသက် (၂၀) နှစ်အရွယ် လူငယ်ကစားသမား တစ်ယောက်အနေနဲ့ အခုထက်ပိုပြီး အဆုံးသတ် သေချာကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာဖို့ အချိန်အများကြီးရှိပါတယ်..။
အဲဒီအချက်အလက်တွေနဲ့ အပေါ်က ပူးတွဲပုံမှာ ပြထားတဲ့ heatmap တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒါထရို ဖိုဖားနား ရဲ့ လှုပ်ရှားမှု၊ နေရာယူမှုတွေနဲ့ ဘောလုံးလက်ခံရယူ၊ ပေးပို့မှုတွေဟာ လိဂ်ပြိုင်ပွဲအဆင့်အတန်း ကွာခြားပေမယ့် အခြားဥရောပ ထိပ်တန်းတိုက်စစ်မှူးတွေနဲ့ မယိုးစွဲရှိနေတာကို တွေ့ရမှာပါ..။ ဒ့ါကြောင့် သူ့အနေနဲ့ အတွေ့အကြုံနဲ့ အဆုံးသတ်ဂိုးသွင်းယူမှုတွေမှာ ပိုမိုတိုးတက်လာခဲ့မယ်ဆိုရင် အပြာရောင်တွေရဲ့ အနာဂတ်ကြယ်ပွင့် တိုက်စစ်မှူးတစ်ယောက် ဖြစ်လာနိုင်ဖို့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ပြောနိုင်ပါတယ်..။
ဒါထရို ဖိုဖာနား ရဲ့ ဘောလုံးခြေထဲမရှိချိန် လှုပ်ရှားမှုများ.. (Out of Possession Movements)
မိုလ်ဒီအသင်းနည်းပြ အားလင်း မိုး မှာ အိုင်ဗရီကို့စ် လူငယ်တိုက်စစ်မှူးအား ခံစစ်ပိုင်းတာဝန်များ ပေးအပ်လေ့မရှိသလို ခံစစ်ပိုင်းဆိုင်ရာ အချက်အလက်များအရ တစ်ပွဲကိုပျမ်းမျှ ဖျက်ထုတ်မှု (tackles per 90 min) (ဝ.၆) ကြိမ်နဲ့ တစ်ပွဲကိုပျမ်းမျှ ဘောလုံးလမ်းကြောင်း ဖျက်တောက်နိုင်မှု (interceptions per 90 min) (ဝ.၁) ကြိမ် ပြုလုပ်ထားနိုင်ပါတယ်..။ ဒါ့အပြင် တစ်ပွဲကိုပျမ်းမျှ အမြင့်ဘော ဖျက်ထုတ်နိုင်မှု (ဝ.၆) ကြိမ်သာ ပြုလုပ်ထားနိုင်ပြီး ခံစစ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ပိုင်းမှာ အတော်လေးကို အားနည်းနေတာ တွေ့ရပါတယ်..။ ဒါပေမယ့်သူဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အမြန်နှုန်း၊ လုပ်အားနှုန်းတွေ ကောင်းမွန်တာကြောင့် နည်းပြ အားလင်း မိုး အနေနဲ့ pressing ကစားပုံကို သေသေချာချာ အားစိုက်ဖို့ တာဝန်ပေးခဲ့မယ်ဆိုရင် ခံစစ်ပိုင်းကူညီရာမှာလည်း အားကိုးရမယ့် ကစားသမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်..။
သုံးသပ်ချက်
ဒေးဗစ် ဒါထရို ဖိုဖာနား ဟာ လျှင်မြန်မှု (speed)၊ အရှိန်တင် ကစားနိုင်မှု (acceleration)၊ ဘောလုံးနဲ့အတူ ကျော်ဖြတ်နိုင်မှု (dribbling)၊ ခွန်အား (strength) နဲ့ သက်လုံ (stamina).. စတဲ့ တိုက်စစ်မှူးကောင်း ဖြစ်လာဖို့ လိုအပ်တဲ့အင်္ဂါရပ်တွေအားလုံးနဲ့ ပြည့်စုံတဲ့ လူငယ်ကစားသမား တစ်ယောက်ဖြစ်ပါတယ်..။ သူ့ရဲ့အဆုံးသတ်ပိုင်း အားနည်းချက်ဟာ စိုးရိမ်စရာ ဖြစ်ပေမယ့် အသက်အရွယ်၊ အတွေ့အကြုံတွေ ရလာတာနဲ့ အခုထက်ပိုပြီး တိုးတက်လာမှာပါ..။ အင်္ဂလန်က ဘောလုံးပွဲတွေမှာ မြန်မြန်ဆန်ဆန် အသားကျလာအောင် ဘယ်လိုပုံစံနဲ့ ကြိုးစားမလဲ..၊ သူ့ရဲ့ခံယူချက်၊ စိတ်ဓါတ်နဲ့ အောင်ပွဲဆာလောင်စိတ်တွေကပဲ သူ့ရဲ့အပြာရောင် အနာဂတ်ကို အဆုံးအဖြတ် ပေးသွားမှာပါ..။
လူငယ်ကစားသမား တစ်ယောက်၊ ကျောက်ရိုင်းလေးတစ်ပွင့်သာ ဖြစ်တာကြောင့် အားနည်းချက်တွေ ရှိနေပေမယ့် သူ့ရဲ့ပင်ကိုယ်ပါရမီ အရည်အသွေးတွေနဲ့ နော်ဝေးလိဂ်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်း၊ အတွေ့အကြုံတွေကြောင့် မှန်ကန်တဲ့ လမ်းညွှန်မှု၊ ပြုစုပျိုးထောင်မှုတွေနဲ့အတူ တကယ့်ကို အားမာန်အပြည့်နဲ့ ခွန်အားသုံး ကစားနိုင်တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်လာနိုင်မယ့် အလားအလာကောင်းတွေ ရှိနေပါတယ်..။
ဒ့ါကြောင့် ဒီဒီယာ ဒရော့ဘာ နဲ့ တစ်မြေထဲမွေးပြီး အပြာရောင် အစဉ်အလာကောင်းတွေ ပေါက်ဖွားခဲ့တဲ့အရပ်ဆီက ဒါထရို ဖိုဖာနား အတွက် ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့ခြင်းဟာ ထိပ်တန်းကစားသမား၊ ထိပ်တန်းတိုက်စစ်မှူးအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်းတစ်ခုလို့ ပြောနိုင်ပါတယ်..။ ဒါ့အပြင် အဲဒီအခွင့်အရေးဟာ အာဖရိက သူရဲကောင်းတွေနဲ့ အစဉ်အလာကောင်းတဲ့ အပြာရောင်တွေရဲ့ သမိုင်းကြောင်းကွက်လပ်ကို ဖြည့်ဆည်းဖို့ အခွင့်အရေး ဖြစ်ရုံသာမက လက်ရှိအချိန်မှာ မျိုးတုန်း၊ ပျောက်ကွယ်လုနီးနီး ဖြစ်နေတဲ့ ‘သမာရိုးကျ တိုက်စစ်မှူးစစ်စစ် (traditional striker)’ တွေ ပြန်လည်ရှင်သန် နိုးထနိုင်မယ့် အခွင့်အရေးလည်း ဖြစ်လာနိုင်ပါကြောင်း တင်ဆက်လိုက်ပါတယ်..။
(Premier League News Now မှ ဆောင်းပါးရှင် Sujay Desai ၏ ‘David Datro Fofana: Molde’s next Erling Haaland?' ဆောင်းပါးကို ပြန်ဆိုပါသည်..။)