ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် အနားပေးခဲ့သည့် ကာလမတိုင်မီ ၂၀၂၂/၂၃ ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်းမှ အဌားချထားသည့် ကစားသမားများ၏ ရာသီတစ်ဝက်ကာလ ခြေစွမ်းပြနေမှု အနေအထားကို အဌားချနှင့် လူငယ်အကယ်ဒမီ ကစားသမားများအား မျက်ခြေမပြတ် စောင့်ကြည့်နေသည့် ဆောင်းပါးရှင် Chelsea Youth က ယခုလိုသုံးသပ်၊ တင်ပြခဲ့ပါသည်..။
အခြေအနေကောင်းနေသူများ.. (On the rise)
လက်ရှိအချိန်ထိ ယခုနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းမှ အဌားချကစားသမားများအတွက် အခြေအနေအထူးကောင်းမွန်သည့် ရာသီတစ်ခုအဖြစ် ခြုံငုံ၊ သတ်မှတ်လို့ မရသေးပေ..။ သို့သော်လည်း တိုးတက်မှုများ ရရှိနေသည့် (သို့မဟုတ်) အဌားသွားရောက်နေသည့် အသင်းများတွင် ပုံမှန်နေရာနှင့် အလားအလာကောင်းများ ပြသနေသည့် ကစားသမားတစ်ချို့ ရှိနေပါသည်..။
ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း - ဘေယာ လေဗာကူဆင် အသင်းသို့ အဌားသွားရောက်နေသည့် အသက် (၂၂) နှစ်အရွယ် တောင်ပံကစားသမားမှာ ဘွန်ဒက်စ်လီဂါနှင့် ချန်ပီယံလိဂ် ပြိုင်ပွဲများတွင် (၉) ပွဲကစား၊ (၅) ပွဲ ပွဲထွက်ခွင့်ရရှိထားပြီး ပုံမှန်ကစားခွင့် ရနေခဲ့သည်..။ လေဗာကူဆင်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ၊ နောက်ဆုံး (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ် တက်ရောက်ရာတွင် အရေးပါသည့်နေရာမှ ပါဝင်၊ ခြေစွမ်းပြကစားနိုင်ခဲ့သည်..။ ချယ်လ်ဆီးအသင်းမှာ ရာသီဝက်ကာလတွင် ကာလန် ဟတ်ဒ်ဆန် အိုဒွိုင်း အား ပြန်လည်ခေါ်ယူနိုင်ခွင့် ရှိသော်လည်း လေဗာကူဆင် အသင်းက သူ့အားဆက်လက် ခေါ်ယူထားလိုကြောင်း တရားဝင်ပြောကြားခဲ့သည်..။
လီဗီုင်း ကော်ဝီးလ် - ဘရိုက်တန်အသင်းသို့ အဌားရောက်ရှိပြီး အချိန်အတော်ကြာ ကစားခွင့်မရခဲ့ပေ..။ နည်းပြသစ် ရော်ဘတ်တို ဒီ ဇာဘီ ရောက်ရှိလာပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် အနားပေးချိန် မတိုင်မီလေးတွင် ယှဉ်ပြိုင်ခဲ့သော အက်စ်တွန် ဗီလာအသင်းအား အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်နင့် အာဆင်နယ်အသင်းအား အနိုင်ရရှိခဲ့သည့် EFL လိဂ်ဖလား ပွဲစဉ်များတွင် လူးဝစ်စ် ဒန့်ခ် နှင့်အတူ တွဲဖက်ပြီး ဗဟိုနောက်ခံလူနေရာ စတင်ပွဲထွက်ခွင့်ရခဲ့သည်..။
အသက် (၁၉) နှစ်အရွယ် လူငယ်နောက်ခံလူမှာ ယခင်အပါတ်က ပြိုင်ပွဲများ ပြန်လည်စတင်ချိန်တွင် ရရှိထားသည့် အရှိန်အဟုန်ကောင်းကို ဆက်လက်သယ်ဆောင်နိုင်ခဲ့ပြီး ချာလ်တန်အသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် EFL လိဂ်ဖလားပွဲစဉ်၊ ဆောက်ပ်သမ်တန်အသင်းအား အနိုင်ရသည့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် ပုံမှန်ပွဲထွက်ခွင့် ရရှိနေပြီဖြစ်သည်..။
အီယန် မတ်ဆန် - အသက် (၂၀) နှစ်အရွယ် ဟော်လန်လူငယ် ဘယ်နောက်ခံလူမှာ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဘန်လေအသင်းတွင် လက်ရှိချန်ပီယံရှစ်ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းအပြနိုင်ဆုံး ကစားသမားများ စာရင်းတွင် ထည့်သွင်း၊ အသိအမှတ်ပြုခံရသည်အထိ ခြေစွမ်းပြသလျှက်ရှိပါသည်..။ ဘန်လေအသင်းမှာ ချန်ပီယံရှစ်ပြိုင်ပွဲ အမှတ်ပေးဇယား ထိပ်ဆုံးမှဦးဆောင်လျှက်ရှိသလို အီယန် မတ်ဆန် မှာ အသင်း၏ဘယ်တောင်ပံတစ်လျှောက်မှ တိုက်စစ်ရော၊ ခံစစ်ပိုင်းတွင်ပါ အကောင်းဆုံးပံ့ပိုးပေးလျှက် ရှိပါသည်..။ ဟော်လန်လူငယ် ကစားသမားလေးမှာ လက်ရှိအချိန်ထိ ဘန်လေအသင်းအတွက် (၁၉) ပွဲကစား၊ (၂) ဂိုးသွင်းယူထားပြီး (၄) ဂိုး ဖန်တီးပေးထားသည်..။ ကစားခွင့်ရခဲ့သည့် (၁၉) ပွဲတွင် (၁၈) ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရခြင်းဖြစ်သည်..။
ဆမ် မက်ခ်လီလန် - လိဂ် (၂) ပြိုင်ပွဲဝင် ဘားရိုး အသင်းသို့ အဌားသွားရောက်နေသည့် အသက် (၂၀) နှစ်အရွယ် လူငယ်နောက်ခံလူမှာ အောက်တိုဘာလတွင် အူကျဝဒေနာကြောင့် အနားယူခဲ့ရသော်လည်း အသင်းအတွက် (၁၀) ပွဲကစား၊ (၁) ဂိုးသွင်း၊ (၁) ဂိုးဖန်တီးထားနိုင်ခဲ့သည်..။ ဘားရိုးအသင်း၏ ခံစစ်ကြောင်းတွင် ပုံမှန်နေရာရနေသော ဆမ် မက်ခ်လီလန် အား လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအကယ်ဒမီမှ ပြန်လည်ခေါ်ယူဖွယ် ရှိသည်ဟု မှန်းဆနေကြသည်..။
ပုံမှန်ကစားခွင့် ရှာဖွေနေသူများ (Finding Their Way)
လူးကပ်စ် ဘာ့ဂ်စထရွန်း - လိဂ်ဝမ်းပြိုင်ပွဲဝင် ပီတာဘရော့ခ် ယူနိုက်တက်အသင်းသို့ အဌားသွားရောက်နေသည့် လူငယ်ဂိုးသမားမှာ ပွဲထွက်နေရာအတွက် အဌားခေါ်ယူထားသည့် နောက်ထပ်ဂိုးသမားတစ်ဦးဖြစ်သူ ဟာဗေး ကာ့ထ်ရိုက် နှင့်အပြိုင် ကြိုးစားယှဉ်ပြိုင်ခဲ့ရသည်..။ အသက် (၂၀) နှစ်အရွယ် လူငယ်ဂိုးသမားမှာ စွမ်းစွမ်းတမံ ကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း အမှားအယွင်းများလွန်းပြီး အသင်းအတွက် (၂၁) ပွဲအတွင်း clean sheet (၅) ပွဲ ရရှိထားသည်..။
ဂျေမီ ကမ်းမင်း - အသက် (၂၃) နှစ်အရွယ် ဂိုးသမားမှာ မနှစ်ကဘောလုံးရာသီတွင် လိဂ်ဝမ်းပြိုင်ပွဲဝင် မီလ်တန် ကိုင်းန်၊ ဂီလင်ဟမ်အသင်းများနှင့်အတူ လက်စွမ်းပြခဲ့သောကြောင့် ယခုနှစ်ဘောလုံးရာသီတွင် မီလ်တန် ကိုင်းန် အသင်းသို့ လူငယ်အကယ်ဒမီ နောက်ခံလူတစ်ယောက်ဖြစ်သော ဟင်နရီ လောရင့်စ် နှင့်အတူ ထပ်မံအဌားသွားရောက်ခဲ့သည်..။ အသက် (၂၂) နှစ်အရွယ်ရှိ လူငယ်နောက်ခံလူမှာ မနှစ်ကဘောလုံးရာသီတွင် လိဂ်ဝမ်းပြိုင်ပွဲမှ ဝင်ဘယ်လ်ဒန်အသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သည်..။
မီလ်တန် ကိုင်းန်အသင်းမှာ မနှစ်ကဘောလုံးရာသီတွင် တန်းတက်ခွင့်ရလုနီးပါး တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် မျှော်လင့်ချက် ကြီးမားခဲ့သော်လည်း လက်ရှိအချိန်တွင် တန်းဆင်းဇုန်တွင် ရုန်းကန်နေရပြီး နည်းပြလီယန် မန်းနင်း အား ခရစ္စမတ်ကာလမတိုင်မီက ထုတ်ပယ်ခဲ့သည်..။ နည်းပြသစ် မာ့ခ် ဂျက်ဆန် နှင့် ပထမဦးဆုံးပွဲဖြစ်သာ လူငယ်အကယ်ဒမီ တိုက်စစ်မှူး ဘရိုင်ယန် ဖီယာဘီးယား အဌားသွားရောက်နေသည့် ဖောရက်စ် ဂရင်း ရိုဗားစ် အသင်းအား ၁ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ဂျေမီ ကမ်းမင်း မှာ ပွဲစဉ်လိုက် အကောင်းဆုံးဆု ရရှိသည်အထိ လက်စွမ်းပြနိုင်ခဲ့သည်..။
ဂျေမီ ကမ်းမင်း မှာ ယခုနှစ်ဘောလုံးရာသီတွင် မီလ်တန် ကိုင်းစ် အသင်းအတွက် (၂၃) ပွဲကစား၊ clean sheet (၅) ပွဲ ရရှိထားပြီး နောက်ခံလူ ဟင်နရီ လောရင့်စ် မှာ (၁၃) ပွဲသာ ပါဝင်ကစားခွင့် ရရှိထားသေးသည်..။ ဖောရက်စ် ဂရင်း ရိုဗားစ် တွင် လူစားဝင်ကစားသမားအဖြစ် ရံဖန်ရံခါ ပါဝင်ခွင့်ရနေသည့် အသက် (၁၉) နှစ်အရွယ် နော်ဝေးတိုက်စစ်မှူး ဘရိုင်ယန် ဖီယာဘီးယား မှာ (၁၂) ပွဲသာ ပါဝင်ကစားခွင့်ရရှိထားပြီး ဂိုးဖန်တီးမှု (၁) ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့သည်..။
ဂျေဒန် ဝဲလ်ဟမ် - လိဂ် (၂) ပြိုင်ပွဲဝင် လေတန် အိုးရီးယန့်အသင်းသို့ အဌားရောက်ရှိနေသည့် အသက် (၁၉) နှစ်အရွယ် လူငယ်တိုက်စစ်မှူးမှာ ဆက်တန်အသင်းအား အနိုင်ရရှိခဲ့သည့် EFL Trophy ဖလားပြိုင်ပွဲတွင် နှစ်ဂိုးသွင်းယူထားနိုင်ခဲ့သော်လည်း အမှတ်ပေးပြိုင်ပွဲများတွင် လူစားဝင် ကစားသမားအဖြစ်နှင့်သာ တခါတရံ ပါဝင်ခွင့်ရရှိထားသည်..။
ဒူဂျွန် စတာလင်း - အသက် (၂၃) နှစ်အရွယ် ညာနောက်ခံလူမှာ ချန်ပီယံရှစ် ပြိုင်ပွဲဝင် စတုတ်အသင်းသို့ အဌားသွားရောက်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီက ဒဏ်ရာရရှိခဲ့သောကြောင့် နိုဝင်ဘာလအထိ (၇) ပွဲသာ ပါဝင်ကစားခွင့် ရရှိထားသေးသည်..။ စတာလင်း မှာ ဒဏ်ရာကုသမှု ခံယူရန်အတွက် ချယ်လ်ဆီးအသင်းသို့ ပြန်လည်ရောက်ရှိနေပါသည်..။
အီသန် အမ်ပါဒူး - အသက် (၂၂) နှစ်အရွယ်ရှိ ဝေးလ်လက်ရွေးစင် နောက်ခံလူမှာ အီတလီ စီးရီးအေပြိုင်ပွဲဝင် စပါးဇီးယားအသင်းသို့ အဌားသွားရောက်ခဲ့ပြီး လက်ရှိအချိန်ထိ စီးရီးအေပြိုင်ပွဲတွင် (၁၀) ပွဲကစား၊ ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ထားနိုင်ခဲ့သည်..။ အမ်ပါဒူး မှာ ကွင်းလက်အဖျက်နှင့် နောက်ခံလူအဖြစ် ပုံမှန်ကစားခွင့် ရနေသော်လည်း စပါးဇီးယားအသင်းမှာ စီးရီးအေပြိုင်ပွဲတွင် အဆင့် (၁၇) နေရာ၌ ရုန်းကန်နေရသည်..။
အခြေအနေ မကောင်းသူများ (Frustrations…)
တီနို အန်ဂျိုရင် - ဒဏ်ရာပြဿနာနှင့် မကြာခဏ ရင်ဆိုင်နေရသည့် တိုက်စစ်အားသန် ကွင်းလယ်ကစားသမားမှာ ယခုနှစ်ဘောလုံးရာသီတွင်လည်း ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဟာဒက်စ်ဖီးလ် တောင်း အသင်းသို့ပင် ထပ်မံအဌားသွားရောက်ခဲ့သည်..။ သြဂုတ်လက ဝက်စ်ဘရွန်းအသင်းနှင့်ပွဲတွင် ခြေစွမ်းပြပြီး နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ပုံမှန်ကစားခွင့် ပျောက်ဆုံးလာခဲ့သည်..။ အသက် (၂၁) နှစ်အရွယ် လူငယ်ကစားသမားမှာ ယခုနှစ်ဘောလုံးရာသီတွင် (၈) ပွဲသာ ကစားခွင့် ရရှိထားပြီး လက်ရှိအချိန်တွင် ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရသည်..။
ဟာဗီ ဗေးလ် - မနှစ်ကဘောလုံးရာသီတွင် ချယ်လ်ဆီအသင်း၏ ‘တစ်နှစ်တာ အကောင်းဆုံး လူငယ်အကယ်ဒမီ ကစားသမားဆု’ ဆွတ်ခူးထားနိုင်ခဲ့သည့် အသက် (၁၉) နှစ်အရွယ် လူငယ်တောင်ပံ ကစားသမားမှာ အင်္ဂလန်လူငယ်အသင်းအတွက် ကစားပေးစဉ် ရရှိခဲ့သော ဒဏ်ရာကြောင့် ချန်ပီယံရှစ် ပြိုင်ပွဲဝင် ဟူးလ် စီးတီး အသင်းတွင် (၂) ပွဲသာ ကစားပေးနိုင်ခဲ့သေးသည်..။ ထို့အပြင် မန်နေဂျာအပြောင်းအလဲကလည်း ဟူးလ် စီးတီးအသင်းမှ သူ၏အနာဂတ်ကို ပိုမိုဝဝေါးစေခဲ့သည်..။
ဇာဗီယား ဆီမွန်စ် - ဟာဗီ ဗေးလ် နှင့်အတူ ဟူးလ် စီးတီးအသင်းသို့ အဌားရောက်ရှိနေသော အသက် (၁၉) နှစ်အရွယ် ကွင်းလယ်ကစားသမားမှာလည်း ဒဏ်ရာပြဿနာကြောင့် ယခုနှစ်ဘောလုံးရာသီတွင် လူစားဝင်ကစားသမားအဖြစ် (၈) မိနစ်သာ ပါဝင်ကစားခွင့် ရရှိထားသေးသည်..။
နေသန် ဘက်စ်တာ - အသက် (၂၄) နှစ်အရွယ် လူငယ်ဂိုးသမားမှာ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဟူးလ် စီးတီးအသင်းသို့ ဒုတိယအကြိမ် ထပ်မံရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ် အဌားစာချုပ်တွင် ဟူးလ်အသင်းမှ အပြီးသတ်ဝယ်ယူခွင့် (option to buy) ပါ ထည့်သွင်းချုပ်ဆိုခဲ့သည်..။ နေသန် ဘက်စ်တာ မှာ စက်တင်ဘာလ၊ ပွဲစဉ် (၁၁) ရောက်ချိန်မှ စတင်ပါဝင်ခွင့် ရရှိခဲ့ပြီး ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားမယူခင်အထိ (၁၂) ပွဲကစား၊ clean sheet (၁) ပွဲ ရရှိထားသည်..။ သို့သော်နည်းပြသစ် လီယန် ရိုစီးနီယား မှာ ချယ်လ်ဆီးအသင်းမှ အဌားခေါ်ယူထားသည့် လူငယ်အကယ်ဒမီ ကစားသမားသုံးဦးစလုံးကို ယုံကြည်အားကိုးမှုရှိပုံမရဟု ယူဆရပါသည်..။
အီသန် ဝါဒီ - ရာသီကုန်ချိန်တွင် အသင်းမှထွက်ခွာဖွယ် ရှိနေသည့်အသက် (၂၀) နှစ်အရွယ် အမေရိကန် လူငယ်ဂိုးသမားမှာ National League ပြိုင်ပွဲ ဝုတ်ကင်းအသင်းတွင် ပါဝင်ကစားခွင့်မရရှိသေးပေ..။
အခြားအဌားချ ကစားသမားများ (The rests…)
ဘယ်လ်ဂျီယမ် တိုက်စစ်မှူး ရိုမီလူ လူကာကူ မှာ ဒဏ်ရာပြဿနာကြောင့် အင်တာ မီလန်အသင်းတွင် ရုန်းကန်နေရပြီး အီတလီ စီးရီးအေပြိုင်ပွဲတွင် (၄) ပွဲကစား၊ (၁) ဂိုးသွင်း၊ (၁) ဂိုးဖန်တီးထားနိုင်ခဲ့သည်..။ အသက် (၂၈) နှစ်အရွယ် ဂါနာလက်ရွေးစင် ဘယ်နောက်ခံလူ ဘာဘာ ရာမန် မှာ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ရက်ဒင်းအသင်းတွင် (၁၃) ပွဲ ပါဝင်ကစားခွင့် ရရှိထားသည်..။
ပြင်သစ်နောက်ခံလူ မာလန် ဆားရ် မှာ ပြင်သစ်လီဂူး (၁) ပြိုင်ပွဲဝင် မိုနာကိုအသင်းတွင် (၇) ပွဲသာ ပါဝင်ကစားခွင့် ရရှိထားပြီး တီမူယီ ဘာကာယိုကို မှာ အေစီ မီလန်အသင်းတွင် ခြေစမ်းပွဲများတွင်သာ ပါဝင်ကစားခွင့် ရရှိထားသည်..။
အနာဂတ်အတွက် မျှော်လင့်ချက်လေးများ (Looking Ahead..)
အမေရိကန် MLS မေဂျာလိဂ်ပြိုင်ပွဲဝင် ချီကာဂို ဖိုင်းယားစ်အသင်းမှ ခေါ်ယူထားခဲ့သည့် အသက် (၁၈) နှစ်အရွယ် အမေရိကန်ဂိုးသမား ဂါဘရီယယ် ဆလိုနီးနား မှာ ပြီးခဲ့သည့် နိုဝင်ဘာလ၊ MLS ပြိုင်ပွဲများ ပြီးဆုံးချိန်တွင် ချယ်လ်ဆီးအသင်း၏ စခန်းသွင်းလေ့ကျင့်ခန်း အစီအစဉ်များသို့ လာရောက်ပူးပေါင်းခဲ့သည်..။ မေဂျာလိဂ်ပြိုင်ပွဲများတွင် ပွဲပေါင်း (၅၀) နီးပါး ပါဝင်ကစားခွင့်ရရှိထာသည့် လူငယ်ဂိုးသမားလေးမှာ ဂိုးသမား အက်ဒ်ဒွပ် မန်ဒီ နှင့် ကက်ပါ အရီဇာဘာလာဂါ တို့၏ အရိုက်အရာကို ဆက်ခံနိုင်ရန် လိုအပ်နေသေးပြီး လာမည့်အပြောင်းအလဲကာလတွင် ဥရောပအတွေ့အကြုံရရှိစေရန် အဌားချထားလိမ့်မည်ဟု မျှော်လင့်ရသည်..။
နော်ဝေးလိဂ်ပြိုင်ပွဲဝင် မိုလ်ဒီအသင်းမှ အိုင်ဗရီကို့စ် လူငယ်တိုက်စစ်မှူး ဒေးဗစ် ဖိုဖာနား နှင့် ဘရာဇီးလ်လိဂ်ပြိုင်ပွဲဝင် ဗက်စ်ကို ဒါ ဂါးမားအသင်းမှ ဘရာဇီးလ် ကွင်းလယ်ကစားသမား အင်ဒရေ ဆန်းတို့စ် တို့မှာ လာမည့်ဇန်နဝါရီလတွင် အသင်းနှင့်ပူးပေါင်းဖွယ်ရှိနေသည်..။
နည်းပြ မာ့ခ် ရော်ဘင်ဆန် ၏ ချယ်လ်ဆီးအရန်အသင်း (Development Squad) မှ လူးဝစ်စ် ဟောလ်၊ ဘာရှား ဟမ်းဖရေး နှင့် အွမ်မ်ရီ ဟတ်ချင်ဆန် တို့ကို ပထမအသင်းကြီးသို့ တရားဝင်ခေါ်ယူ၊ အားဖြည့်ခဲ့ပြီးဖြစ်သည်..။ အဆိုပါ ကစားသမားများနှင့်အတူ ယခုနှစ်ရာသီ အရန်အသင်းနှင့်အတူ ခြေစွမ်းပြနေသောကြောင့် အတွေ့အကြုံသစ်များအတွက် အဌားထွက်ခွာရဖွယ် ရှိနေသည့် ဂျော့ရှ် ဘရုကင်း၊ မေဆန် ဘတ်စ်တိုး၊ ဆီဇာရီ ကာဆာဒီ၊ ဒီယွန် ရန်ကိုင်း နှင့် ဒိုင်လန် ဝီလီယံစ် တို့၏ အနာဂတ်အလားအလာများကို ဂရုတစိုက် စောင့်ကြည့်ရပါဦးမည်..။
(The Chels.net မှ ဆောင်းပါးရှင် Chelsea Youth ၏ ဆောင်းပါးကို ‘Chelsea Loan Report: Mid-Season Review’ ပြန်ဆိုပါသည်..။)