“ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ ကျရှုံးခဲ့တဲ့ အခိုက်အတန့်တွေ၊ ရုန်းကန်ရတဲ့ အခိုက်အတန့်တွေ ရှိခဲ့လိမ့်မယ်..။ ဒါပေမယ့် အဲဒီကျရှုံးမှုတွေဟာ အကြာကြီးမဖြစ်နေဖို့ လိုတာပေ့ါ..။ ကျရှံးနေတဲ့ အရှိန်ကိုမထိန်းနိုင်ဘူးဆိုရင် ကိုယ့်ရဲ့အလုပ်ကို ထိခိုက်နိုင်ပါတယ်..။ ကျွန်တော်တို့ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ရပါမယ်..။ တစ်ပြိုင်နက်ထဲမှာပဲ ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးစားရမယ်..၊ တိုးတက်နိုင်မယ့် အခွင့်အရေးကိုရှာဖွေပြီး ကိုယ့်ရဲ့အလုပ်ထဲမှာ ဆက်လက်ရှင်သန်နေဖို့ ကြိုးစားရပါတယ်..။
အလုပ်တစ်ခုကို တာဝန်ယူပြီဆိုမှတော့ အဲဒီအလုပ်ထဲမှာ ဘယ်လိုနည်းနဲ့ရှင်သန်၊ နေထိုင်နေနိုင်မလဲ..? အမြဲတမ်း ထည့်သွင်းစဉ်းစားရတာပါပဲ..။ ဒီနေရာမှာ ဘယ်လောက်ထိ ကြာကြာနေနိုင်မှာလဲ..? သက်ဆိုင်တဲ့သူတွေက ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ဘယ်လောက်ထိ နားလည်ပေးနိုင်မှာလဲ..? စတဲ့ အချက်တွေကို စဉ်းစားဖို့ လိုအပ်ပါတယ်..။ နေရာတစ်နေရာကို ရောက်သွားပြီဆိုတာနဲ့ ကိုယ်လုပ်နေကျပုံစံတွေကနေ ကွဲထွက်ပြီး တကယ့်ကို ခြားနားတဲ့စွမ်းဆောင်ရည်၊ ရလဒ်တွေကို မျှော်လင့်နေတာ အဓိပ္ပါယ် မရှိလှပါဘူး..။”
- ဂရေဟမ် ပေါ်တာ
အသက် (၄၇) နှစ်အရွယ် အင်္ဂလိပ်နည်းပြဟာ အခုနှစ်ဘောလုံးရာသီအစပိုင်း ဘရိုက်တန်အသင်း မန်နေဂျာအဖြစ် ရှိနေစဉ်မှာ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ရဲ့ website နဲ့ တွေ့ဆုံခန်းမှာ တိုးတက်မှုကို ရှာဖွေနေတယ်..၊ အသင်းကြီးတစ်သင်းကို ပြောင်းချင်တဲ့အကြောင်း အရိပ်အမြွက် ပြောခဲ့ပါတယ်..။
မနှစ်ကစက်တင်ဘာလ ဘရိုက်တန်အသင်းကနေ ထွက်ခွာလာတဲ့အချိန်မှာ ဂရေဟမ် ပေါ်တာ ဟာ သူကိုင်တွယ်ခဲ့တဲ့ ဘောလုံးရာသီ သုံးရာသီအတွင်း အသင်းကို တဖြည်းဖြည်းချင်း တိုးတက်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့ အသိအမှတ်ပြုခဲ့ကြပါတယ်..။ ချယ်လ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလေး တို့နဲ့ ပထမဆုံးတွေ့ဆုံချိန်မှာလည်း သူတို့ဟာ ဂရေဟမ် ပေါ်တာ ကို သူတို့လိုချင်နေတဲ့ အပြောင်းအလဲတွေကို ယူဆောင်ပေးနိုင်မယ့် နည်းပြတစ်ယောက်အဖြစ် မျှော်လင့်ခဲ့တယ်..၊ အင်္ဂလိပ်နည်းပြဟာ အသင်းရဲ့အစဉ်အလာ၊ ယဉ်ကျေးမှုကို အပြောင်းအလဲ ပြုလုပ်ပေးနိုင်မယ်..၊ အသင်းရဲ့ကစားဟန်၊ ကစားသမားခေါ်ယူမှုတွေကို လူငယ်အကယ်ဒမီကနေ အသင်းကြီးအထိ မြေလှန်ပေးနိုင်မယ့်သူအဖြစ် အားကိုးခဲ့တယ်.. ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်..။
အဲဒီလိုအပြောင်းအလဲတွေကို ဆောင်ယူရင်း တပြိုင်နက်ထဲမှာပဲ လက်ရှိယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ရပါမယ်..။ ဒီလိုတာဝန်ကြီးနှစ်ခုကို တစ်ပြိုင်နက်ထဲ ထမ်းဆောင်နိုင်ဖို့ဆိုတာ ပေါ်တာ အတွက် အသစ်အဆန်း ဖြစ်နေပါတယ်..။ သူဟာ အခုဆိုရင် တကယ့်ကိုကြီးမားတဲ့ စိန်ခေါ်မှုကြီးနဲ့ ရင်ဆိုင်နေရပါပြီ..။
သူ့ရဲ့ဘရိုက်တန်အသင်းနဲ့ ပထမဆုံးဘောလုံးရာသီ ရလဒ်တွေကိုကြည့်မယ်ဆိုရင် တစ်ရာသီလုံးမှာ (၉) ပွဲပဲ အနိုင်ရခဲ့ပါတယ်..။ အဲဒီအနိုင်ပွဲရလဒ်ဟာ အရင်နည်းပြဟောင်း ခရစ်စ် ဟောက်တန် ရဲ့ စွမ်းဆောင်ရည်နဲ့ အတူတူပါပဲ..။ ဒုတိယရာသီမှာလည်း (၉) ပွဲပဲ အနိုင်ရခဲ့ပါတယ်..။ ဒါ့ကြောင့်ဂရေဟမ် ပေါ်တာ ဟာ အထနှေးတဲ့ နည်းပြတစ်ယောက်လို့ ပြောနိုင်ပါတယ်..။
ဒါဆိုရင် သူဟာ ဘရိုက်တန်အသင်းမှာ ဘယ်လိုအပြောင်းအလဲတွေ ပြုလုပ်နိုင်ခဲ့လဲ..? ပေါ်တာ ဟာ တတိယရာသီ အစပိုင်းမှာတင် ချယ်လ်ဆီးအသင်းကို ပြောင်းလာခဲ့တာကြောင့် ရလဒ်ပိုင်းအရ ဘာမှထူးထူးခြားခြား ပြောင်းလဲ၊ တိုးတက်လာတာ မရှိပါဘူး..။ ဒါပေမယ့် ဘရိုက်တန်အသင်းရဲ့ ကစားပုံ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်..။
ဒ့ါကြောင့်အဲဒီနောက်ခံသမိုင်းကြောင်းကို ပြန်ပြီးကြည့်မယ်ဆိုရင် အသင်းပိုင်ရှင်တွေ ဘယ်လိုပဲတွန်းအား ပေးခဲ့သည်ဖြစ်ပါစေ.. ချယ်လ်ဆီးအသင်းမှာ ပေါ်တာ ရဲ့ ခြေရာလက်ရာ ထင်ထင်ရှားရှား မြင်တွေ့ရဖို့ အချိန်အတော်ကြာ စောင့်ရမယ့်အနေအထားပါပဲ..။ ဒါ့အပြင် အသင်းမှာရှိနေတဲ့ ကစားသမားတွေဟာ ‘Potter Ball’ လို့ ခေါ်ကြတဲ့ သူ့ရဲ့ကစားဟန်ကို လွယ်လွယ်ကူကူနဲ့ အသားကျနိုင်မယ့်ပုံ မရှိပါဘူး..။ နောက်ပြီး အရင်နည်းပြအဆက်ဆက် စက်သေနတ်ပစ်သလို ခေါ်ယူခဲ့တဲ့ ကစားသမား အစုအပုံကြီးတစ်ခု အသင်းမှာ ရှိနေပါသေးတယ်..။
ဒ့ါကြောင့်လည်းပြီးခဲ့တဲ့မေလ လီဗာပူးလ်အသင်းနဲ့ FA ဖလား၊ ဗိုလ်လုပွဲအပြီးမှာ နည်းပြသောမတ်စ် တူခယ်လ် က အသင်းဟာ လုံလောက်တဲ့ ကစားသမားအင်အား (squad depth) နဲ့ ဟန်ချက်ညီမှု (balance)အပိုင်းမှာ အားနည်းနေပြီး ရာသီကုန်ချိန်၊ အဓိကကစားသမားတစ်ချို့ ထွက်ခွာသွားခဲ့မယ်ဆိုရင် အခြေအနေ ပိုဆိုးလာနိုင်တယ်ဆိုပြီး အသင်းရဲ့ရှေ့အလားအလာ အခြေအနေအပေါ် အခုလိုမျိုး အရိပ်အမြွက် ပြောကြားခဲ့ပါတယ်..။ ဒါပေမယ့် ဂျာမန်နည်းပြကြီးဟာ ဆောင်းရာသီမရောက်ခင်မှာတင် ရာထူးကနေ အထုတ်ခံလိုက်ရပါတယ်..။ အခုအချိန်မှာတော့ သူ့ရဲ့ပြောကြားချက်ဟာ မှားယွင်းတယ်လို့ သက်သေပြဖို့ ခက်ခဲ့နေတဲ့ အခြေအနေပါပဲ..။
သောမတ်စ် တူခယ်လ် ရဲ့ နေရာကိုဆက်ခံပြီး စတန်းဖို့ဒ် ဘရစ်ခ်ျကွင်းမှာရှိတဲ့ အသင်းမန်နေဂျာရုံးခန်း၊ ထိုင်ခုံပူပေါ်ကို ရောက်လာတဲ့အချိန် ဂရေဟမ် ပေါ်တာ ဟာ အသင်းမှာရှိနေတဲ့ ကစားသမားတွေထဲက လက်တဆုပ်စာလောက် ကစားသမားတွေကိုပဲ ယုံကြည်အားထားလိမ့်မယ်လို့ သူနဲ့ရင်းနှီးပြီး၊ သူ့ရဲ့အကြောင်း ကောင်းကောင်းသိတဲ့ သူတစ်ယောက်က ကြိုတင်ခန့်မှန်းခဲ့ပါတယ်..။
အဲဒီခန့်မှန်းချက်ဟာ အကျိုးအကြောင်းဆီလျော်သလို ရှိပါတယ်..။ ဘရိုက်တန်အသင်းရဲ့ အခုနှစ်ဘောလုံးရာသီ အဖွင့်ပွဲစဉ်အဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ သူ့ရဲ့အသင်းသားအများစုဟာ တက်ကြွပြီး အောင်မြင်မှုဆာလောင်နေတဲ့၊ သူတို့ရဲ့အစွမ်းကို သက်သေပြဖို့ စိတ်အားထက်သန်နေကြတဲ့ တက်သစ်စ ကစားသမားလေးတွေ ဖြစ်ကြပါတယ်..။ သူတို့ဟာ ရဲရင့်တယ်..၊ နည်းပြအပေါ် အပြည့်အဝယုံကြည်ပြီး အစွမ်းကုန် ပေးဆပ်ကြမယ့် အသင်းသားတွေ ဖြစ်ကြပါတယ်..။
ချယ်လ်ဆီးမှာတော့ အဲဒီလိုမဟုတ်ပါဘူး..။ ပေါ်တာ အတွက် ရွေးချယ်စရာ ထိပ်တန်းအဆင့် ကစားသမားကောင်းတွေ အများကြီးရှိနေပါတယ်..။ ဒါပေမယ့် တခြားတစ်ဘက်မှာ အရွယ်လွန်နေတဲ့ သမ္ဘာရင့်၊ ဝါရင့်နောက်ခံလူကြီးတွေ..၊ အရင်နည်းပြနှစ်ဆက်စလုံးမှာ ပုံမှန်နေရာမရယူခဲ့တဲ့ တိုက်စစ်မှူးတွေ ရှိနေပြန်ပါတယ်..။ ဒါ့အပြင် ဂရေဟမ် ပေါ်တာ လိုချင်နေတဲ့ ထုသား၊ ပေသားကျပြီးသား လူငယ်ကစားသမား အစုအဖွဲ့မျိုးတွေ ချယ်လ်ဆီးအသင်းမှာ ရှိမနေပြန်ပါဘူး..။ ဒါ့ကြောင့်ပေါ်တာ အနေနဲ့ ချယ်လ်ဆီးအသင်းကို သူလိုချင်တဲ့ပုံစံ ရရှိဖို့ဆိုရင် အပြောင်းအရွှေ့ရာသီအတော်များများ ကျော်ဖြတ်ပြီး အစကနေအဆုံး ပြန်လည်တည်ဆောက်ရမယ့်ပုံ ဖြစ်နေပါတယ်..။
ပေါ်တာ ရဲ့ လမ်းစဉ်၊ သူ့ရဲ့အနာဂတ်နည်းလမ်းဟာ ‘ခရီးရှည်ချီတက်ခြင်း’ နည်းလမ်းဖြစ်ပါတယ်..။ ဒါပေမယ့် ချယ်လ်ဆီးအသင်းနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ အခြေခံတည်ဆောက်ပုံချင်း ကွဲပြားခြားနားသလို သူတို့နှစ်သင်းရဲ့ ရည်မှန်းချက်ပန်းတိုင်၊ ရင်ဆိုင်တိုက်ပွဲတွေဟာ တူညီမှုမရှိပါဘူး..။ ဒ့ါကြောင့်သူဟာ ထိပ်တန်းအသင်းကြီးတစ်သင်းကို ကိုင်တွယ်ဖို့ သင့်တော်သူ ဖြစ်ပါရဲ့လား..? ဆိုပြီး တစ်ချို့လူတွေ မေးခွန်းထုတ်ခဲ့ကြတာဟာ စဉ်းစားစရာပါ..။ အချိန်တစ်ခု ကျော်ဖြတ်ပြီးသွားရင်တော့ အဲဒီမေးခွန်းရဲ့အဖြေကို ကျွန်တော်တို့တွေ သိကြရပါလိမ့်မယ်..။ ဒါပေမယ့် အဲဒီလိုခရောင်းလမ်းကို ကြံ့ကြံခံဖြတ်ကျော်ပြီး ရည်မှန်းချက်ကို တစိုက်မတ်မတ် တူရှုသင့်တယ်.. ဆိုတာကို ပြသနေတဲ့ အသင်းတစ်သင်းကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ အမှတ်ပေးဇယားထိပ်မှာ ရှိနေပါတယ်..။
အာဆင်နယ်အသင်းဟာ အသင်းရဲ့ကွင်းလယ် ကစားသမားဟောင်း မီခေးလ် အာတီးတာ ကို ၂၀၁၉ ခုနှစ်၊ ခရစ်စ်မတ်ကာလမှာ ခန့်အပ်ခဲ့ပြီး အဲဒီနှစ်ဘောလုံးရာသီကုန်ချိန်မှာ သူတို့အသင်းဟာ ချန်ပီယံလီဗာပူးလ်အသင်းနဲ့ (၄၃) မှတ် ကွာခြားခဲ့ပါတယ်..။ သူ့ရဲ့လက်ထက်မှာ အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယား အဆင့် (၈)၊ အဆင့် (၈)၊ အဆင့် (၅) နဲ့ လက်ရှိမှာ အဆင့် (၁) နေရာကနေ မန်ချက်စတာ စီးတီးအသင်းထက် (၈) မှတ်အသာနဲ့ ဦးဆောင်နေပါတယ်..။ ဒီနေ့ညနယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်မယ့် သူ့ရဲ့ပွဲထွက်လူစာရင်းမှာ လွန်ခဲ့တဲ့သုံးနှစ်က ကစားသမားဆိုလို့ နှစ်ယောက်လောက်ပဲ ပါဝင်နိုင်ပါလိမ့်မယ်..။ (စကားချပ်- ဂရာနစ် ချာကာ နှင့် ဘူကာရို ဆာကာ တို့နှစ်ဦးသာ ပါဝင်လာခဲ့သည်..)
ဂရေဟမ် ပေါ်တာ ဟာ ချယ်လ်ဆီးအသင်းကို အဲဒီလိုပုံစံ တစ်သင်းလုံးမြေလှန်ပစ်လိုက်တဲ့ အပြောင်းအလဲမျိုး ကြံစည်နေတာ ဖြစ်နိုင်ပါတယ်..။ ကစားသမားတွေ၊ ကစားဟန်နဲ့နည်းစနစ်ပိုင်းတွေ..၊ အသင်းရဲ့ယဉ်ကျေးမှု.. အားလုံးကို ပြောင်းလဲရပါမယ်..။ ဒါပေမယ့် စပိန်နည်းပြဟာ သူ့ရဲ့ပြုပြင်ပြောင်းလဲရေး ကာလကို အရှုံးရလဒ်တွေနဲ့ ပေးဆပ်ခဲ့ရပါတယ်..၊ အသင်းဘက်ကလည်း အပြောင်းအလဲကာလ.. အခက်အခဲတွေကို နာလည်းပေးခဲ့ပါတယ်..။ ဒါဟာရာသီအစတုန်းက ဂရေဟမ် ပြောတာ ညွှန်းဆိုခဲ့တဲ့ ‘ကျရှုံးခဲ့တဲ့ အခိုက်အတန့်တွေ (mini-failures)’ ဖြစ်ပါလိမ့်မယ်..။
တကယ်တော့ အဲဒီကာလတွေဟာ ခက်ခဲတယ်..၊ ကြမ်းတမ်းတယ်..၊ နာကျင်ခံစားရပါတယ်..။ ဒီဘက်ပရီးမီးယားလိဂ်ခေတ်.. ချယ်လ်ဆီးအသင်းရဲ့ သမိုင်းကြောင်း.. အစဉ်အလာကို ကြည့်မယ်ဆိုရင် အဲဒီလိုခက်ခဲတဲ့ ကာလရှည်မျိုးကို သည်းခံ၊ ခွင့်ပြုခဲ့ဖူးတာ မရှိပါဘူး..။ ဒါဟာ တော့ဒ် ဘိုလေး တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုပဲ ဖြစ်ပါတယ်..။ ကဲ.. ဘာကိုရွေးမလဲ..?
ရာသီကုန်ချိန်မှာ ချယ်လ်ဆီးအသင်းဟာ အဆင့် (၆)၊ အဆင့် (၇)၊ အဆင့် (၈).. ဒါမှမဟုတ်.. အဲဒီထက် ဆိုးသွားနိုင်ပါတယ်..၊ ဒါပေမယ့် မန်နေဂျာသစ်နဲ့ အသင်းရဲ့ ကစားသမားသစ် ရှာဖွေရေးအဖွဲ့တွေဟာ အပြာရောင် ပြုပြင်၊ ပြောင်းလဲရေး စီမံကိန်းရဲ့ ပထမအဆင့် ပြီးမြောက်၊ အောင်မြင်သွားနိုင်ပါတယ်..။ ဒီလိုမှမဟုတ်ဘူး… အသင်းဟာ ချန်ပီယံလိဂ်နဲ့ ဥရောပဝင်ခွင့်ကို လက်မလွှတ်နိုင်ဘူးး.. ဒါဆိုဆိုရင်တော့ အခုအချိန်မှာ ဂရေဟမ် ပေါ်တာ တို့ကို လက်တွဲဖြုတ်လိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်…
(Daily Mail မှ ဆောင်းပါးရှင် Ian Ladyman ၏ ‘IAN LADYMAN: Graham Potter needs time to work his magic… but will he get it? Chelsea boss could echo what Mikel Arteta has done at Arsenal if Todd Boehly keeps his finger off the trigger' ဆောင်းပါးကို ပြန်ဆိုပါသည်..။)